Postpartum Umbilical Hernia ကလေးမွေးပြီး ချက်စူခြင်း

၁။ ဆရာအူကျွံတာကျမကမသိ။ ကလေးက ၁၉ နှစ်ရှိပြီ။ အခုမှအလေးမလိုက်တာ ချုပ်ရိုးကအပေါ်ချုပ်ရိုးကအစထဲက တကြောင်းကျော်နေတာ အခုအဲဒီထဲကိုအူကျွံနေတာ ဘိုက်စည်းတော့စည်းထားတယ်။ ပြန်လုပ်ဖို့လိုလာဆရာ။

၂။ ဆရာရှင့် ကျွန်မအသက်သုံးဆယ် အိမ်ထောင်ရှိပါတယ်  ကလေးနှစ်ယောက်အမေပါ။ ဒုတိယကလေး မွေးထားတာ ရှစ်လရှိပါပြီ။ ဗိုက်အရမ်းပူလာပါတယ်ဆရာ။ ပထမသားလေးမွေးပြီးတုန်းကလဲ ဗိုက်ပူပါတယ်။ ကလေး ဆယ်လသားမှာ gym ဆော့အစားလျှော့လို့ ပုံမှန်ခန္ဓာကိုယ်ပြန်ရပါတယ်။ ဒုတိယကလေးကိုယ်ဝန်ဆောင်တော့ ချက်စူထွက်လာလို့ OG က အူကျွံတယ်ပြောပါတယ်။ ဗိုက်ခွဲမွေးတာမို့ ကလေးမွေးရင်း တခါတည်း ချက်ပြန်ဖာပေးပါတယ်။ ခုဒုတိယကလေး အသက်ရှစ်လရပါပြီ။ ဗိုက်က တအားပူနေတာ လုံးဝမကျပါဘူး။ ဗိုက်အလယ်ချက်နားက ကွက်ပူပါတယ်။ ဆီးစပ်နားက သိပ်မပူပါဘူး။ ကိုယ်ဝန်နဲ့တုန်းကလည်း ဗိုက်ကြွက်သားတွေအရမ်းအားနည်းပြီး ဗိုက်က အောက်ဖက်အရမ်းလျှောပါတယ်။ ခုလည်း ဗိုက်ကအရမ်းပျော့ပြီး ပူနေပါတယ်။ အူကြွံထားတာမို့ GYM ကစားလို့ရပါ့မလားဆရာ ဗိုက်ပြန်ချပ်အောင် အစားအသောက် လေ့ကျင့်ခန်း၊ ဆေး ဘာတွေလုပ်ရမလဲသိချင်ပါတယ်။

၃။ ကျွန်တော့အမျိုးသမီး ရန်ကုန်မှာ ကျောင်းဆရာမလုပ်ပါတယ်။ အသက်က ၄၉ နှစ်ပါ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ချက်နေရာက မခံနိုင်အောင်နာလို့ ဆေးခန်ပြတော့ ဆရာဝန်မက အူကျွံတာလို့ပြောပြီး သောက်ဆေးပေးလိုက်ပါတယ်။ မသက်သာရင် ခွဲစိတ်အထူးကုနဲ့ပြပြီးခွဲပါလို့ပြောပါတယ်။ ကြည့်လိုက်တော့ ချက်မှာ ဇီးစေ့လောက်လေး စူနေပါတယ်။ ဆေးသောက်လိုက်တာ ကောင်းသွားပါတယ်။ ချက်စူကတော့ မပျောက်ပါဘူး။ တနှစ်တခါလောက်တော့ ပြန်နာပေမဲ့ အရင်လောက်မဆိုးဘဲ တရက်နှစ်ရက်လောက်ဆို ပြန်ကောင်းသွားပါတယ်။ ချက်ကတော့ ပိုစူလာတာ အခုဆို ကွမ်းသီးခြမ်းချက်ပေါ်တင်ထားသလိုပါဘဲ။ တချို့က ခွဲဖို့အကြံပေးကြပေမဲ့ တခါတလေမှနာတာရယ် ကုန်ကျစရိတ်ရယ် ရန်ကုန်ကဆေးခန်းတွေရဲ့ ကောလဟာလတချို့ကြောင့် သူက မခွဲချင်ပါဘူး။ အဲဒါ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဆရာ့ကို အကြံတောင်းပါရစေခင်ဗျာ။

အမျိုးသမီးတွေ ချက်စူလာတာက ကိုယ်ဝန်ဆောင်နေတုံးမှာလည်းဖြစ်နိုင်တယ်။ မွေးပြီးမှလည်းဖြစ်နိုင်တယ်။ အူကျွံတာ ဖြစ်တယ်။ သားအိမ်ကျတာကိုလည်း ကျွံတာပဲခေါ်တယ်။ ဝမ်းဗိုက်တွင်းဖိအား (ပရက်ရှာ) များလို့ဖြစ်တယ်။ ဗိုက်ကို ဖိအားပေးတိုင်း ထွက်စရာနေရာရှာတယ်။ အားနည်းတဲ့နေရာကနေ စူထွက်မယ်။ ချက်။ ယောက်ျားတွေအူကျတာလည်း အတူတူပဲ။ ကလေးငယ်လေးတွေချက်ဖေါင်းတာလည်းအတူတူပဲ။ ဗိုက်ထဲမှာ တွယ်ကပ်မနေပဲ လှုပ်ရှားနိုင်တာက အူတွေဖြစ်တယ်။ အူသိမ်ဖြစ်တယ်။ အဲတာက အားနည်းချက်နေရာကနေ စူထွက်တယ်။

မတ်တတ်ရပ်ရင်ထွက်မယ်။ အလေးအပင်မရင်၊ ချောင်းဆိုး၊ နှာခြည်၊ ဝမ်းညှစ်ရရင် သိသိသာသာထွက်မယ်။ ရယ်လိုက်ရတာ အူကိုနှိပ်နေရတာပဲ လုပ်ရင်ထွက်မယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်းထွက်မယ်။ ဗိုက်ခွဲကလေးမွေးသူ တချို့မှာ ချုပ်ရိုးကြောင်းကနေ စူထွက်ပြီးအဲလိုဖြစ်နိုင်တယ်။ ကလေးမွေးရတာများလွန်းသူတွေ၊ လူကဝနေသူ၊ အလေးအပင်မရတာများသူ၊ မွေးပြီးကာစ အနေအထိုင်လိုသူတွေမှာ ပိုဖြစ်နိုင်တယ်။ မဖြစ်စေအောင် ကြွက်သားတွေအားကောင်းအောင် လေ့ကျင့်ခန်းလုပ်နိုင်တယ်။ ဗိုက်က ဗယ်လီကြွက်သားတွေနဲ့ တင်ပါးဆုံထဲကကြွက်သားတွေကို အားကောင်းစေအောင်လုပ်ရမယ်။ နောက်ဟာအတွက်က (ကီဂယ်) လေ့ကျင့်ခန်း ဖြစ်တယ်။

ဖြစ်စေတဲ့အကြောင်းသိအောင်လုပ်ပြီး ဆင်ခြင်ပါ။ ချောင်းဆိုးရင် ဆေးကုသမှုစနစ်ကျပါစေ။ ဆေးလိပ်မသင့်ပါ။ ချောင်းဆိုး၊ နှာခြေရင် ကြွက်သားတွေကို ထိန်းပြီးလုပ်ပါ။ အလေးအပင်မတာမှာလည်း ထိန်းလုပ်လို့ရတယ်။ ဝမ်းချုပ်တာကို အစားအသောက်နဲ့ပြင်ပါ။ အိမ်သာထိုင်ရတာမှာ ဆောင့်ကြောင့်ထိုင် မသင့်ပါ။ ဒူး ၉ဝ ဒီဂရီထားရတာမျိုး ဖြစ်နိုင်ရင်သုံးပါ။ ဝမ်းနုတ်ဆေးခဏခဏမသောက်ပါတဲ့။ ကလေးကို ကောက်မယူတာသတိနဲ့လုပ်ပါ။ ကိုယ်အလေးချိန် ထိန်းပါ။

ကြွက်သားအားကောင်းစေသင့်တယ်။ ပိုဆက်ဆီယမ်လိုမယ်။ ပိုတက်ဆီယမ်ဆေးက ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ ဆေးမှုံ့။ ပိုတက်ဆီယမ်ကြွယ်ဝသည့်အစာတွေစားသောက်ပါ။ လိမ်မော်သီး၊ သရက်သီး၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်းသီး၊ စထောဘယ်ရီ၊ မက်မွန်းသီး၊ ဆလတ်ရွက်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အစေ့အဆံများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ နွားနို့၊ အာလူး။ ဖရဲသီး၊ ပဲသီး၊ အသား၊ စပျစ်သီး၊ ရောဂတ်၊ အသီးခြောက်များ။

ကုသနည်းက နောက်ဆုံးမှာ ခွဲစိတ်ရတယ်။ အူထွက်တာကြီးမှ၊ အနေရခက်မှသာခွဲဘို့လိုမယ်။ ခွဲတဲ့အခါ အပေါ်ပိတ်ပေးတာသာမက ပိုအားကောင်းအောင်ပြင်ရတာလည်းလုပ်ပေးတယ်။ အဲတာတွေကို မရေးတော့ပါ။

ခွါမြင့်ဖိနပ်စီးတာ မသင့်ပါ။ မိန်းကလေးလို ပိပိယိယိထိုင်ပါဆိုတာ ကောင်းတဲ့သွန်သင်မှုဖြစ်တယ်။ လူတွေကြား တအား ရယ်မောတာကိုလည်း လူကြီးတွေကဆုံးမရရင် နားထောင်သင့်တယ်။ ဆောင့်ကြောင့်ထိုင်တာ မသင့်ပါ။ အနေအထိုင်မတတ်တော့ အူကျွံတတ်တယ်။ သားအိမ်ကျတတ်တယ်။ လိပ်ခွေင်းဖြစ်တတ်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၅
၇-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး