Surgical sutures ခွဲစိတ်ချုပ်ကြိုးများ

ခွဲစိတ်ကုသမှုသမိုင်းမှာ ချုပ်ကြိုးတွေအမျိုးမျိုးစမ်းသုံးခဲ့ကြတယ်။ ငွေ၊ ကြေး၊ အလူမီနီယမ်၊ သတ္တုကြိုးတွေသုံးခဲ့တယ်။ အပင်တွေကနေထုတ်တာတွေလည်း စမ်းခဲ့သေးတယ်။ မြင်းမြီး၊ ဆံပင်လည်းစမ်းတယ်။ ခြည်ကြိုးနဲ့ ပိုးကြိုးလည်းပါတယ်။ အိုင်အိုဒင်းနဲ့ပိုးသန့်ထားတဲ့ ကက်ဂတ်ကြိုးကိုတော့ ၁၉ဝ၆ မှာ စသုံးတယ်။ တမင်ထုတ်လုပ်ယူတဲ့ကြိုးကိုတော့ ၁၉၃ဝ ကျော်မှသာသုံးလာနိုင်တယ်။ ပေါ်လီယင်စတာကြိုးကို ၁၉၅ဝ ကျော်မှသုံးလာတယ်။ နောက်ပိုင်းမှာ ပေါ်လီမာ အမျိုးအစားတွေကိုသုံးလာတယ်။ Vicryl နဲ့ polydioxanone တွေဖြစ်တယ်။

Catgut suture (ကက်ဂတ်) ခေါ် ကြောင်အူချုပ်ကြိုးကို လူသိများပါတယ်။ အသားဖြစ်ကြိုးလို့ခေါ်ကြတယ်။ သက်ရှိကနေ ထုတ်လုပ်ထားလို့ပါ။ ကိုယ်ထဲမှာရှိတဲ့ proteolytic အင်ဇိုင်းတွေကနေအဲလိုဖြစ်လာအောင်လုပ်ပေးတယ်။ ကက်ဂတ်လို့ ခေါ်တာ ကြောင်အူလို့အဓိပ္ပါယ်ရပေမယ့် သိုးနဲ့ ဆိတ်အူကနေထုတ်တာပါ။ တယော၊ ဂီတာကြိုးတွေလိုပါပဲ။ တင်းနစ်နဲ့ ကြက်တောင်ရက်ကက်ကြိုးတွေလည်း အတူပဲ။ နွားအရွတ်ချောင်းကနေလည်း ထုတ်တယ်။

(ကက်ဂတ်) က ဗိုက်ထဲမှာ ရက် ၉ဝ ကြာရင် အသားလုံးလုံးဖြစ်သွားတယ်။ ကြိုးသဘောသတ္တိကတော့ ၇ ရက်အထိသာ ကြာတယ်။ သွေးအားနည်းနေသူ၊ ကင်ဆာရှိနေသူနဲ့ အာဟာရ ချို့တဲ့နေသူတွေမှာ အသားဖြစ်သွားတာပိုမြန်တယ်။ ပါးစပ်နဲ့ အမျိုးသမီး ဗဂျိုင်းနားမှာ ဗက်တီးရီးယားတွေရှိနေလို့ ပိုမြန်တယ်။

ကြိုးဖြစ်အောင်လုပ်ပြီး glycerol ဂလစ်ဇရောရည်စိမ်တယ်။ ethylene oxide, isopropyl alcohol တွေနဲ့ပိုးသန့်ပေးတယ်။ ကြိုးအရွယ်အစား အမျိုးမျိုးရှိတယ်။ နံပါတ်တွေမှာ သုညနဲ့စံထားတယ်။ သုည များလေလေ ကြိုးသေးလေလေ။ အရေပြားအောက် အဆီကို သုည ၃ လုံး၊ ကြွက်သားကို သုည ၂ လုံး၊ သုညမဟုတ်တဲ့ ၁ ဆိုရင် ကြိုးတုတ်တယ်၊ သားအိမ်ချုပ်ရင် အဲတာနဲ့မှ ကောင်းတယ်။ မျက်စိဆိုရင် သုည ၆ လုံး စသဖြင့်သုံးတယ်။

Chromic catgut suture လို့စာရေးထားရင် chromic acid salts ပါထည့်ပေးထားလို့ဖြစ်တယ်။ ချုပ်ထားတာကို ကြာကြာနေစေဘို့ ရည်ရွယ်တယ်။ ရောင်ရမ်းဖြစ်စဉ်ကိုတော့ ပိုများစေမယ်။ အရောင်ရင့်တယ်။ ၁၈-၂၁ ရက်အထိ ကြာနေမယ်။

Ethicon Sutures အက်သီကွန်ကြိုးတွေခိုင်ချိန်
Vicryl Rapide - ၂ ပတ်၊
Undyed Monocryl – ၃ ပါတ်၊
Dyed Monocryl – ၄ ပါတ်၊
Coated Vicryl – ၄ ပါတ်ခွဲ၊
PDS – ၉ ပါတ်၊
Panacryl – ၇ဝ ပါတ်။

Non-absorbable sutures အသားမဖြစ်ချုပ်ကြိုးတွေထဲမှာ အထူးလုပ်ပိုးကြိုးနဲ့ polypropylene, polyester ကြိုးတွေကို သုံးပါတယ်။ Stainless steel သံမဏိကြိုးကိုအရိုးခွဲစိတ်ရာမှာသုံးရတယ်။ Nylon (Ethilon), Gortex, Fiberwire, Ethibond, Prolene တွေဖြစ်တယ်။ အများဆုံးက အပေါ်ယံအရေပြားကိုချုပ်ရာမှာသုံးတယ်။ ပြန်ဖြုတ်ပေးရတယ်။ အတွင်းထဲမှာ ကြာကြာနေစေချင်တာမှာလည်း ချွင်းချက်အနေနဲ့သုံးရတယ်။ ဥပမာ သွေးကြောခြည်တာ၊ အူအတက် ဖြတ်တာ၊ အစာအိမ်ပေါက်တာ။

ခွဲစိတ်ရာမှာသုံးတဲ့အပ်က အဝတ်ချုပ်အပ်နဲ့မတူပါ။ စက်ဝိုင်းတဝက် (င) ပုံဖြစ်တယ်။ အဖြောင့်သုံးရတာနည်းတယ်။ ကောက်ကွေးမှုက 1/4 circle,3/8 circle, 1/2 circle အမျိုးမျိုး။ အပ်ဖျားကလည်း လုံးနေတာနဲ့ ထိပ်ကနေ ကြည့်ရင် တရိဂံပုံရှိတာ နှစ်မျိုးသုံးတယ်။ အများဆုံးက taper ဆိုတာလုံးတယ်။ cutting တရိဂံထိပ်ဆိုတဲ့ရှတာကို အရေပြားမှာ သုံးတယ်။ reverse cutting, trocar point, blunt points, side cutting မျိုးတွေလည်းရှိပါသေးတယ်။ အပ်နဲ့ကြိုး တွဲထားတာနဲ့ သီးခြားစီလည်းသုံးတယ်။

ခွဲစိတ်ပညာမှာ ပစ္စည်းကိရိယာတွေ ကောင်းလေလေ ရလဒ်ကောင်းလေလေဖြစ်တယ်။ ဘာပစ္စည်းမှမရှိရင်တော့ ရှိတာနဲ့သာ စခန်းသွားကြရပါတယ်။ ခွဲစိတ်တဲ့လက်ဟာ ကညာလက်ဖြစ်ရမယ်လို့အဆိုရှိပါတယ်။ ကိုင်တာတွယ်တာ ညင်သာသိမ်မွေ့ရမယ်။ ဆရာဝန်မတွေ သူနာပြုဆရာမတွေတိုင်းကတော့ ကညာလက်မဟုတ်ကြတာ တွေ့ရတယ်။ ယောက်ျားသားတွေကနေ သင်ယူရင်ရတယ်။

တော်တဲ့ခွဲစိတ်ဆရာဝန်ဆိုတာ ညင်သာတဲ့ ကညာလက်၊ စူးရှတဲ့ သိန်းငှက်မျက်စိနဲ့ ခြင်္သေ့နှလုံးသားရှိအပ်တယ်။ ခြင်္သေ့ဆိုတာ သားကောင်ငယ်ပေမယ့် လုံ့လစိုက်ထုတ်တာမှာ မပေါ့လျှော့ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး