Thai-Myanmar deep relations ထိုင်း-မြန်မာ ပင်လယ်နက်ဆက်ဆံရေး

ထိုင်းနိုင်ငံကလူသတ်မှုနဲ့ဆက်ပြီး မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းဗိုလ်ချုပ်ကြီးဟောင်းတို့ကနေ သဘောထားတွေ ပေးလာကြတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအရေးကိစ္စမှာ မတိကျတဲ့သတင်းတွေ၊ မမှန်တဲ့သတင်းတွေလည်း ပလူပျံနေတယ်။ သတိနဲ့သာဖတ်ကြစေချင်ပါတယ်။

အခုအမှုဟာ ထိုင်း-မြန်မာ နှစ်ခုတည်းသာကြည့်ရမှာ မဟုတ်ပါ။ သေဆုံးသူက ဗြိတိသျှလူမျိုးဖြစ်တယ်။ စဖြစ်ကတည်းက နိုင်ငံရေးတွေပါတယ်။ မြန်မာပြည်က လွှတ်တော်အကြီးအကဲက ထိုင်းအထိသွားတယ်။ သေဒဏ်ချပြီးမှာ ပြည်ခိုင်ဖြိုးက နာမည်ကောင်းယူဘို့ ကြိုးစားလာတယ်။ ဒေါ်စုကဘာမှလုပ်မပေးနိုင်ဘူးဆိုတဲ့ သတင်းအတုက ဖေ့စ်ဘွတ်မှာ ပလူပျံနေတယ်။ အဲဒီသတင်းအတုမှာ ဒီဇင်္ဘာ (၃ဝ) ရက်နေ့စွဲနဲ့လုပ်ထားတယ်။

ထိုင်းဗိုလ်ချုပ်ကြီးဟောင်း (ချောင်ဗာလစ် ယောင်ချာယွတ်) ကို မြန်မာပြည်က လူသိများပါတယ်။ တချို့က အပေါ်ယံသာ သိကြမယ်။ သူက ၁၉၈၆ ကနေ ၁၉၉ဝ အထိ ထိုင်းကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တယ်။ တပ်ကထွက်ပြီး ၁၉၉ဝ ကနေ ၂ဝဝ၂ အထိ New Aspiration Party နိုင်ငံရေးပါတီထူထောင်ခဲ့တယ်။ ၁၉၉၆ ကနေ ၁၉၉၇ အထိ ထိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့တယ်။ (ဆွမ်ချိုင်း) အစိုးရမှာ ဒုဝန်ကြီးချုပ်လုပ်နေတုံး ထိုင်းပါလီမန်မှာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ နှိမ်နင်းရာမှာ တာဝန်ရှိကြောင်းဝန်ခံပြီး ၇-၁ဝ-၂ဝဝ၈ မှာ ရာထူးကထွက်ပါတယ်။ ဒိနောက်မှာ တခြားနိုင်ငံရေးပါတီတခုထဲ ရောက်သွားပြန်တယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း၊ ၂ဝဝ၆ ကတည်းက ပြည်ပြေးဖြစ်နေသူ (တာဆင်) ရဲ့လူရင်းလည်း ဖြစ်တယ်။

(ချောင်ဗာလစ်) ထိုင်းကာကွယ်ရေးဦးစီးချုပ်လုပ်နေချိန်တွေမှာ မြန်မာပြည်မှာ စစ်အစိုးရတက်လာတယ်။ (နဝတ) တက်ကတည်းက တရုပ်ပြီးရင် အများဆုံးအကူအညီကို ထိုင်းကနေရခဲ့ပါတယ်။ မြန်မာ့သစ်တောတွေကို မတရား ခုတ်လှဲယူတယ်။ ရေထွက်ကုန်တွေကိုလည်း အားကောင်းတဲ့သဘောင်္တွေနဲ့ဖမ်းယူတယ်။ ထိုင်းမှာ (တပ်ဆင်) အစိုးရ တက်တော့လည်း စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတွေ အကြီးအကျယ်လုပ်ပါတယ်။ ဦးသိန်းစိန်အစိုးရနဲ့ ယင်းလတ် ရှင်နာဝပ် အစိုးရတွေက ထားဝယ်ပင်လယ်နက်ဆိပ်ကမ်းကြီးလုပ်ဘို့သဘောတာထားတယ်။

(ချောင်ဗာလစ်) နဲ့ ဗခမက မင်းအောင်လှိုင်တို့က သေဒဏ်ချမှတ်တာအတွက် ပြောလာကြတာကိုထောက်ရင် စစ်ဗိုလ်ချုပ်တွေ နိုင်ငံရေးလုပ်ကြတာဖြစ်တယ်။ အဲလို အရပ်သားတွေ ဒုက္ခရောက်တာကို ထောက်ပြကြတာကတော့ ကောင်းပါတယ်။ ထိုင်းလက်ရှိအစိုးရဟာလည်း မြန်မာနိုင်ငံ လက်ရှိအစိုးရလိုပဲ စစ်တပိုင်းအစိုးရ ဖြစ်နေတာလည်း တူနေတယ်။

(ချောင်ဗာလစ်) ဟာ ဗခကမစောမောင်နဲ့ရော ဗခမကသန်းရွှေနဲ့ပါရင်းနှီးတယ်။ ၂ဝ၁၃ မေလထဲမှာ (ချောင်ဗာလစ်) နေပြည်တော်ကိုလာခဲ့ပါတယ်။ သူမလာခင်လေးမှာ (တပ်ဆင်) က မေမြို့အထိရောက်လာသေးတယ်။ ဗခမက မင်းအောင်လှိုင်ကို လာတွေ့တာပါ။ မော်လမြိုင်လေဆိပ်ဆောက်လုပ်နေတာကိုပါ လာကြည့်သေးတယ်။

နှစ်နိုင်ငံကစစ်တပ်ဟာ အတိုင်းအတာတခုထိ ပြောင်းလဲလာပုံရတယ်။ စီးပွါးရေးလုပ်ရာမှာအဂတိနဲ့ အကြီးအကျယ်လုပ်တဲ့ (တပ်ဆင်) အစိုးရနဲ့ သူ့နှမအစိုးရတွေကို ထိုင်းစစ်တပ်ကဖြုချခဲ့တယ်။ (တပ်ဆင်) လက်ရုံး (ချောင်ဗာလစ်) က ဒီကိစ္စမှာ ဝင်လာတယ်။ သူက လက်ရှိထိုင်းအစိုးရလူတော့ မဟုတ်ပါ။ လာမယ့်လပိုင်းတွေမှာ ပိုပြီးစိတ်ဝင်စားစရာတွေကို ဖြစ်လာနိုင်ပါတယ်။ အကောင်းချည်းလို့တော့ မျှော်လို့မရပါ။ စစ်ထွက် စီးပွါးရေးသမား လူလည်ကြီးများဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၅
ဓါတ်ပုံ = ဦးသိန်းစိန်နဲ့ ယင်းလတ်တို့သဘောတူထားခဲ့တဲ့ ထားဝယ်ပင်လယ်နက်ဆိပ်ကမ်းစီမံကိန်းကြီး

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး