The Bestseller Books အဖတ်များခဲ့တဲ့ ဘာသာပြန်စာအုပ်တချို့

မြန်မာလူရွယ်တွေ အဖတ်များလောက်တဲ့ ကျွန်တော်လည်းလက်လှမ်းမီတဲ့ စာအုပ်နမူနာ လေးအုပ်ပေးပါရစေ။

၁။ The End of History and the Last Man စာအုပ်ကို ၁၉၈၉ မှာ Francis Fukuyama (ဖရန့်စစ် ဖူကူယားမား) ကနေ ရေးသား ထုတ်ဝေခဲ့ပါတယ်။ အနောက်တိုင်း လစ်ဘရယ်အယူအဆကနေ လူသားရဲ့ လူမှုယဉ်ကျေးမှု ပြောင်းလဲဖြစ်စဉ်ကို အဆုံးသတ်စေတယ်လို့ ကောက်ချက်ဆွဲထားပြီး၊ ဒါဟာ နောက်ဆုံးပုံစံသာဖြစ်မယ်လို့ ထင်ကြေးပေးထားပါတယ်။ (ဖရန့်စစ် ဖူကူယားမား) ရဲ့သုံးသပ်ချက်ဟာ (ကားလ် မတ်စ်) ရဲ့ အရင်းရှင်ဝါဒကို ကွန်မြူနစ်ဝါဒကနေ အစားထိုးမယ်ဆိုတဲ့ သီအိုရီနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ (ကားလ်မတ်စ်) ကို ကိုးကားတာတွေလုပ်ပေမဲ့ နောက်ဂျာမန်တဦးဖြစ်တဲ့ (ဟေဂယ်) ပြောခဲ့တာတွေကို ပိုပြီးယူထားပါတယ်။

၂။ The Clash of Civilizations ယဉ်ကျးမှုတွေရင်ဆိုင်တွေ့ကြခြင်းစာအုပ်ကို Samuel P. Huntington (ဆယ်မြူရယ် ပီ ဟတ်တင်တန်) ကနေ ၁၉၉၂ မှာ လက်ချာပေးခဲ့တယ်။ သူက သူ့တပည့်ဟောင်းဖြစ်တဲ့ (ဖရန်ဆစ်စ် ဖူကူယားမား) ရဲ့ စာအုပ် သမိုင်း၏နိဂုံးစာအုပ်ကို ပြန်လည်တုန့်ပြန်တဲ့အနေနဲ့ ဟောပြောခဲ့တာဖြစ်ပါတယ်။ ၁၉၉၆ ကြတော့ အကျယ်ချဲ့ပြီး စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။

၃။ The Lexus and the Olive Tree လက်ဆပ်စ်နှင့် သံလွင်ပင်စာအုပ်ကို Thomas L. Friedman (သောမတ်စ် အယ်လ် ဖရီးမင်း) ကပဲ ၁၉၉၉ မှာ ထုတ်ဝေခဲ့တယ်။ ကနေ့ကမ္ဘာမှာ ကြိုးပမ်းမှုကြီးနှစ်ခု ပြိုင်ဖြစ်နေကြတယ်။ ကြီးပွါးချမ်းသာမှုနဲ့ ဖွံ့ဖြိုးမှုကို ဂျပန် တိုယိုတာကုမ္ပဏီထုတ် နောက်ဆုံးပေါ် Lexus (လက်ဆပ်စ်) ကားကနေ ကိုယ်စားပြုဖေါ်ပြထားတယ်။ ကိုယ်ပိုင်သင်္ကေတနဲ့ ရိုးရာယဉ်ကျေးမှုတွေကို သံလွင်ပင်က ကိုယ်စားပြုထားတယ်။ သူဟာ အရှေ့အလယ်ပိုင်း နိုင်ငံတခုမှာရှိတဲ့ (လက်ဆပ်စ်) မော်တော်ကားစက်ရုံကို ရောက်နေရင်း ဂျပန်စာ (ဆူရှီ) နေ့လည်စာစားနေရင်းနဲ့ ဒီစိတ်ကူးအတွေကိုရခဲ့တာလို့ ဆိုပါတယ်။

၎။ The World Is Flat: A Brief History of the Twenty-First Century ကမ္ဘာကြီးပြားပြီ၊ ၂၁ ရာစုသမိုင်းအကျဉ်း စာအုပ်ကို Thomas L. Friedman (သောမတ်စ် အယ်လ် ဖရီးမင်း) က ရေးသားတယ်။ ၂၁ ရာစုကိုသုံးသပ်ထားတာပါ။ ကုန်သွယ်စီးပွါးလုပ်ရာမှာ လယ်ဗယ် တူ ရှိလာတာတယ်လို့ ဆိုပါတယ်။ နယူးယော့ခ်မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ၂ဝဝ၁ ခုနှစ် စက်တင်္ဘာ ၁၁ ရက်မှာ လေယာဉ်နှစ်စီးနဲ့ ဖျက်ဆီးပြစ်တဲ့နောက်မှာ အီရတ်စစ်ကို အမေရိကန်တွေက ဆင်နွှဲအပြီး၊ ၂ဝဝ၅ မှာစထုတ်ပါတယ်။

မြန်မာပြည်မှာ လွတ်လပ်ရေးကြိုးပမ်းမှုကာလကနေ စစ်အစိုးရတွေတက်တဲ့အထိ လက်ဝဲစာတွေသာရှိခဲ့တယ်လို့ပြောရင် မမှားပါ။ မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ သူတို့စာတွေချည်းသာရှိတယ်။ အဲလို တဖက်သတ်ဖြစ်တာနဲ့ ပိတ်ပင်ထားတာဟာ အသိပညာဖွံ့ဖြိုးမှုအတွက် မကောင်းပါ။ ခိုးဝှက်ဖတ်တဲ့သူတွေ၊ ကိုယ်ပိုင်စဉ်းစာသူတွေလည်းရှိခဲ့လို့သာ မြန်မာပြည်မှာ နလပိန်းတုံးတွေ မများတာပါ။

နမူနာစာအုပ်တွေက လက်ဝဲအယူအဆနဲ့ ဆန့်ကျင်တာတွေဖြစ်တယ်။ ရောင်းအားကောင်းဆုံးစာရင်းဝင်ဖြစ်တယ်။ တနည်းအားဖြင့် ဖတ်တဲ့သူများတယ်။ ဒါပေမယ့် အသင့်မှန်ဆုံးလို့တော့ မပြောနိုင်ပါ။ လူငယ်လူရွယ်တွေ စာတွေလည်း ဖတ်ကြပါ။ ကိုယ်ပိုင်သုံးသပ်မှုတွေလည်းလုပ်ကြပါ။ ဖတ်ကောင်းတဲ့စာအုပ်တွေထဲမှာ နစ်မနေပါနဲ့။

စာဖတ်တဲ့သူတွေကိုတွေ့ရင် သဘောကျပါတယ်။ ဒါပေမယ့် စာတွေကိုအသုံးချတဲ့သူတွေ့မှသာ နှစ်ထောင်းအားရ ဖြစ်ရပါတယ်။ တကယ့်ဘဝဆိုတာ လက်ဝဲချည်းလည်းမဟုတ်ပါ။ လက်ျာချည်းလည်း မဟုတ်ပါ။ လူတိုင်းမှာ လက်နှစ်ဖက်စီနဲ့ မွေးလာကြတယ်။ မျက်လုံးတွေကလည်း မျက်မှန်မပါပဲမွေးလာကြတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး