မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, January 31, 2015

Student Union ကျောင်းသားသမဂ္ဂ

မြန်မာပြည်မှာ အမည်ခေါ်တာကို အတော်ကြီး နိုင်ငံရေးလုပ်တဲ့ အစဉ်အလာရှိတယ်။ ဦးနေဝင်းက အာဏာသိမ်းကာစမှာ ဝန်ကြီးတွေကိုတောင်မှ တာဝန်ခံဆိုပြီး လုပ်ခဲ့သေးတယ်။ မကြာပါဘူး၊ ဝန်ကြီးပြန်လုပ်ရတယ်။ အလုပ်သမားနဲ့ တောင်သူလယ်သမား အစည်းအရုံး ဆိုပြီး မြန်မာလိုရော အင်္ဂလိပ်လိုပါ လုပ်ခဲ့ပြန်တယ်။ အခုအစိုးရကလည်း နာမည်သာမတူပေမဲ့ လူတွေကအတူတူမို့ ကျောင်းသားသမဂ္ဂဆိုတဲ့ သမိုင်းဝင်နာမည်ကို ခေါ်ခွင့်မပေးဘူးဆိုပဲ။ ကိုယ့်အဖွဲ့ကိုယ် မှည့်ချင်သလိုမှည့်ပေါ့။ ထိုင်းကိုလည်း ယိုးဒယားလုပ်ထားသေးတယ်။ သူများကိုလိုက် သဝန်တိုနေတာ မကောင်းပါဗျာ။

Students' union ကျောင်းသားများသမဂ္ဂတွေကို တိုင်းပြည်အလိုက် နာမည်အမျိုးမျိုးရှိတယ်။ Student government, Free student union, Student Senate, Students' association, Guild of students, Government of student body စသဖြင့် ရှိပါတယ်။ တရုပ်ပြည်မှာ Student body ကို Pinyin Student union နဲ့ Xuéshēng Hùi = Student association လို့ အဓိပ္ပါယ်ရတယ်။ ဟောင်ကောင်မှာတော့ Students' unions လို့ပဲခေါ်တယ်။ အိန္ဒိယမှာလည်း Studens' unions လို့ပဲခေါ်တယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း Student union လို့ခေါ်ပြီး၊ Student activity center ကို ရည်ညွှန်းတယ်။

သမဂ္ဂါနံ တပေါ သုခေါ = ညီညွတ်ကြကုန်သောသူတို့၏လုပ်ငန်းသည် (အောင်မြင်၏) ချမ်းသာ၏ လို့ ဓမ္မပဒမှာပါရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၅

Grammar and Spelling ဆရာတင်မိုး မှတ်ချက်

• ကျွန်တော် မြန်မာစာသတ်ပုံအကြောင်းရေးတာကို အားပေးကြသူတွေရှိတယ်။ အမှန်က ကျွန်တော်လည်း မှားတတ်လို့ ကြိုးစားနေတာပါ။
• ဆယ်တန်းနဲ့ ဆေးကျောင်းဒုတိယနှစ်အထိ မြန်မာစာ သင်ခဲ့ရတယ်။ ကျောင်းမှာသင်တာတွေနဲ့ ဖတ်ခဲ့တဲ့ စာအုပ်တွေကြောင့် အရေးအသား၊ သဒ္ဒါနဲ့ သတ်ပုံ အတော်မှန်ခဲ့သေးတယ်။ ဒါပေမဲ့ ဆေးကျောင်းအတန်းကြီးကစပြီး အပြင်စာအဖတ် နည်းခဲ့ရတယ်။ အလုပ်ထဲရောက်တော့လည်း နည်းတာပဲ။
• နိုင်ငံရေးထဲရောက်တော့ ခဏနဲ့ပြည်ပထွက်ရတယ်။ အပြင်မှာ မြန်မာစာအုပ်ကရှား၊ သူများတွေကို ပြန်ပြောနိုင်အောင် အင်္ဂလိပ်လိုတွေသာဖတ်၊ အင်္ဂလိပ်လိုသာရေးရတော့တာမို့ မြန်မာစာနဲ့ အလှမ်းပိုဝေးလာခဲ့တယ်။ ပြည်ပမှာ မြန်မာလို စာအုပ်တွေထုတ်ကြပါတယ်။ စာအုပ်ထုတ်တော်လှန်ရေးလို့တောင် တင်စားခံရသေးတယ်။
• ဒေလီကို ဆရာတင်မိုးလာတုံးက လူငယ်တယောက်ကနေ မေးတယ်။ ဆရာ့ အပြင်မှာ ထုတ်ဝေနေတဲ့ စာအုပ်တွေကို ဘယ်လိုသဘောရပါသလဲဆရာတဲ့။ ဆရာတင်မိုးက ပြန်ဖြေတယ်။ ကောင်းပါတယ်။ စာရွက်သား၊ မင်ကျမင်န၊ စာပုံနှိပ်တာတွေတဲ့။
• ကျွန်တော်လည်း အဲဒီအထဲကပါ။

• စစ်အစိုးရတွေတက်လာတော့ မူရင်း မြန်မာသတ်ပုံတွေကို ပြောင်းစေလိုက်တယ်။ ကျွန်တော့်ဆေးပညာစာတွေကို စာအုပ်ထုတ်ပေးချင်တဲ့ ထုတ်ဝေသူတယောက်နဲ့ စကားပြောဘူးတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပါ။ အေးဗျာ ကျွန်တော့် နာမည်ရင်းနဲ့ဆို ပုံနှိပ်ခွင့်ရမှာမဟုတ်ဘူး။ ကျွန်တော်က စာရေးဆရာမဟုတ်တော့ ကလောနာမည်လည်းမရှိဘူး။ ဒါနဲ့ နာမည်ဝှက်တခု ရွေးပေးတယ်။ သတ်ပုံတွေကိုလည်း အစိုးရခွင့်ပြုတာနဲ့သာရိုက်မှာလည်းသိပါတယ်။ လုပ်ပေါ့ဗျာ။ ထွက်လာရင် အောင့်သက်သက်နဲ့ဖတ်ရမှာပေါ့လို့ ပြောလိုက်ပါတယ်။ စာအုပ် မထုတ်ဖြစ်လိုက်ပါ။ နောက်ထုတ်ပေးမယ် ဆိုသူတွေကိုလည်း အယ်ဒီတာကောင်းကောင်းနဲ့ စာပြင်ဆရာကောင်းကောင်းကို အရင်မေးပါတယ်။

ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၅

School politics ကျောင်းကပေးတဲ့ နိုင်ငံရေး

• ဖဆပလ အစိုးရခေတ်က၊ စာသင်ကျောင်းရတာ တို့ရွာမှာ၊ ပြည်တော်သာစီမံကိန်းကြောင့်တဲ့ဗျာ၊
• မဆလ ငါးနှစ်စီမံကိန်းတွေခေတ်မှာ၊ ရွာကကျောင်းလေး ပြင်တောင်မပေးနိုင်ပါ။

• အဲသည် ဒီမိုကရေစီခေတ်မှာ သူပုန်ဆိုတာ၊ အဖြူလာလာ အနီလာလာ အိမ်မှာသာတည်းကြ၊
• အစိုးရလာလဲ အိမ်မှာတည်းကြ၊ စာမသင်ရသေးတဲ့အရွယ်ကစ နိုင်ငံရေးဆိုတာ နားရည်ဝ။

• ပုဆိုးစလွယ်သိုင်းအရွယ် ကလေးငယ်ဘဝ၊ ဓါးပြဆိုတာကို ရှောင်ပုန်းခဲ့ရ၊
• တိုက်ပုံဝတ်တဲ့အရွယ်မှာ ဆရာဝန်ဘဝ၊ ထောက်လှမ်းရေးကို ရှောင်ပုန်းခဲ့ရ၊
• ဓါးပြကိုလဲမုန်း၊ ထောက်လှမ်းရေးလဲ ကျဆုံး။

• မူလတန်းကျောင်းသားအရွယ်မှာ၊ အဝါ၊ အနီ၊ အပြာ၊ မဲဆွယ်ကြတာကြား၊
• မဲပြားဆိုတာသိ၊ မဲခိုးတယ်လို့တော့ မကြားခဲ့မိ။

• ခုနစ်တန်းဖြေပြီးစ၊ ဖဆပလ နှစ်ခြမ်းကွဲတာ၊ နွေကျောင်းပိတ်ရက်မှာ၊
• အဝါ နု-တင်၊ အနီ ဆွေ-ငြိမ်း၊ အစိမ်း တသီးပုဂ္ဂလ၊ အပြာက ပမညတ၊
• မဆလ ကြတော့ အပြာနု၊ လူထုကတော့ ဖွဲပြာစု။

• ကျောင်းတက်စ အဆင်ဘလီမှာ၊ သစ္စာအဓိဋ္ဌာန် မှန်မှန်ဆိုကြရ၊
• ဆိုသာဆို ပိုမိုသည့်စကား၊ နားထဲမှာကြား။

• ရှစ်တန်း ကျောင်းခန်းထဲမှာ၊ ဗလာစာရွက်နဲ့ရောက်လာ၊
• ယူနီယံဟောင်းတနေရာ သီချင်းစာသား၊ အလွတ်ကျက်မှတ်ထား။

• ကိုးတန်းအရောက်မှာ အသက်မပြည့်လို့ စာမေးပွဲမဖြေရပါ၊
• ပညာဆိုတာ အိုစာမှတဲ့၊ တကယ့်အစိုးရ တော်လှန်ရေးကောင်စီခေတ်က။

• အမျိုးဘာသာဆိုတာ အခုမှမဟုတ်ပါ၊
• ဆယ်တန်းမှာ သိပ္ပံဘာသာတွေကို အင်္ဂလိပ်လိုသင်၊
• အဲတာမလိုချင်၊ မြန်မာလိုသင်တဲ့၊ တကယ့်အစိုးရ၊ မဆလ ခေတ်က။

• ကောလိပ်ကျောင်းသားများ အထူးအခွင့်အရေးခံစားရတာ ဆိုရှယ်လစ်ခေတ်မှာပါ၊
• ရွှေဝါတဖြတ်၊ ဖိနပ်တရံ၊ ကျောင်းသားမှန်ရင် ကျား-မ မရွေး၊ မွှေးဆပ်ပြာတခဲ၊ သွားတိုက်ဆေးတဗူး၊
• အထူးစပါယ်ရှယ်၊ ကုန်သွယ်ရေးမှာဝယ်ခွင့်ရကြတယ်။

• ဆေးကျောင်းမှာ လူမှုရေးနဲ့ဆေးပညာ၊ ဆင်းရဲလို့ဖြစ်တဲ့ရောဂါလို့ ပြောခွင့်မရှိပါ၊
• မကြာမီမှာ တိုင်းပြည်ဟာ အယ်လ်ဒီစီ လို့ ကြေညာ။

• မဆလ ခေတ်မှာ မဲပုံးပြောင်းထည့်၊
• နဝတ ခေတ်မှာ ကျွန်တော်တို့ကို အမည်းစာရင်းထဲထည့်၊
• ကြိုတင်မဲနဲ့ တက်နေတဲ့အစိုးရ နေပြည်တော်မှာဗျ။     ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂ဝ၁၄

Naypyidaw နေပြည်တော်ကို မျှော်ကြည့်ခြင်း

• အဆောင်ဆောင် နန်းတွေကြငှန်းတွေနှင့်ပျော်၊
• နေပြည်တော်မမြန်းခင်က၊ အောင်ပန်းညှို့ခဲ့မဲ့သဘော။

• လူတွေမှာတော့ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊
• သွေးချောင်းစီးကာ သေရရှာတဲ့ပုံတွေကပေါ။

• အဟောင်းသံသရာ၊ မကောင်းကံကြမ္မာလုပ်လို့၊
• မဟုတ်တရုတ် တေလေတစ္ဆေကိုက်ခံရတယ်လို့ပြော။

• ညီလာခံဗိုလ်ရှုပွဲတွင်မှ၊ ထိုထိုလူခပဲကို မကြည်ညိုတဲ့၊
• ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊
• တနွေးနွေးမူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊
• ဪ့ အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ဘဲမိုက်မပေါ့လို့ ပြောင်ကိုက်တဲ့သဘော။     ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၅
(သခင်ကိုယ်တော်မှိုင်း မဟာလေးချိုးကြီးထဲကစာသားတွေကို ဖြတ်-ညှပ်-ကပ် လုပ်ထားပါတယ်။)

Saya ဆရာလုပ်သူများ

• ပြောတာ၊ ဟောတာ၊ စာရေး၊ ကဗျာရေးတာကို လူအများကလုပ်ကြတယ်။
• ဝေဖန်ထောက်ပြတာ၊ ကဲ့ရဲ့သဂြုင်္ိဟ်ပြုတာ၊ သရော်တာလုပ်ကြသူလည်းမနည်းပါ။
• ဆုံးမတာ၊ လမ်းညွှန်တာ၊ ဆရာလုပ်တာတွေကိုလည်း လုပ်ကြတဲ့သူများလှတယ်။
• နှုတ်ရေးနဲ့ စာရေးတာထက် လက်ပါကြသူကတော့ ရှားပါးတယ်။
• စင်ပေါ်မှာနဲ့ စာမျက်နှာတွေပေါ်မှာ နေရာရသူတွေက လမ်းပေါ်နဲ့ ကွင်းပြင်တွေ၊ မြေပြင်တွေပေါ်မှာ တွေ့ရဘို့ ခက်ကြတယ်။

• စိတ်ပါမှ လက်ပါတယ်ဆိုပေမဲ့ စေတနာပါမှ လက်ရာကောင်းတယ်။ ရသပါရင် စေ့ဆော်မှုအားကောင်းတယ်ဆိုပေမဲ့ စေတနာမှန်မှ ဧကန်အကျိုးဖြစ်စေတယ်။
• ကာယနဲ့ ဥာဏကိုသာခွဲပြော၊ ခွဲလုပ်တတ်ကြတယ်။ ကံဆိုတဲ့ အတွေး၊ အပြော၊ အလုပ် သုံးမျိုးလုံးမစုံသူဟာ ဆရာမည်ပါသလား။
• စေတနာမှန်နဲ့ ပြောလည်းပြော၊ ရေးလည်းရေး၊ လုပ်လည်းလုပ်သူတွေများပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၅

The Mirror ယနေ့ မြန်မာ့ကြေးမုံ

• တူတယောက်က သူ့ကလေးကို သူပုန်မျိုးတဲ့။ သူပုန်နယ်မှာမွေး၊ သူပုန်လေး၊၊ သူပုန်မြေး၊ အားပေးတယ်လို့ ရေးလိုက်တယ်။
• နောက်တူနှစ်ယောက်က ရွေးကောက်ပွဲလေ့လာရေးသင်တန်းအတွက် ရန်ကုန်ဆင်းကြသတဲ့။ ငါလည်း ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားကိုသွားပြီးလေ့လာခဲ့ရဘူးတယ်။ အမှားကိုစောင့်ကြည့်တဲ့အမျိုး၊ တိုးရမှာပေါ့။
• နောက်တူတယောက်ကပြောတယ် သူ့နယ်မှာ အုပ်ချုပ်ရေးအာဏာကို လာမဲ့ရွေးကောက်ပွဲအတွက် နားလှည့်ပါးရိုက် လုပ်နေတယ်တဲ့။ အေ့း့ သူများသိအာင်လုပ်မှ ပါးရိုက်တာကနေ အသားအကိုက်တာမခံရမှာ။
• အသိတယောက်က ဆရာရေ့ အောက်ပြည်မှာတော့ အောက်တန်းစားတွေ များနေတယ်တဲ့။
• အလည်ပြန်သူတယောက်က ဆရာ့ အညာမှာတော့ အညာတွေများနေတယ်တဲ့။
• အောက်အကျေနဲ့ အညာမြေကြားက မြေလတ်သားများကတော့ အားပြနေကြတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၅

Education ပညာရေးလဲ ပြောင်းလဲနေပါပြီ

• နေ့လည်စာ ထမင်းချိုင့်၊ စာရေးရတဲ့လက်ကလေးနဲ့နှိုက်၊
• ဗိုက်ဝရင်တော်လှ၊ စားချင်တာမစားရ နေ့တိုင်းလိုသာပ၊
• မူလတန်းကတည်းကစရတာ ဘဝသင်္ခန်းစာ၊
• ငါကြီးလာရင်ဘာလုပ် ဆရာဝန်ကြီးမဟုတ်၊
• အင်ဂျီအိုကြီး မလုပ်၊ ခရိုနီကြီး မလုပ်။

• လူကြီးတွေပြောနေတာကြား၊ ဟိုဟာပြင်မှာလား သည်ဟာပြင်မှာလား၊
• စစ်သားတဲ့၊ မြစ်များတဲ့၊ နိုင်ငံခြားသားတဲ့၊
• အသားဖြူဖြူ ဗမာစကားမတတ်သူ၊
• ဒီလူတွေက မိုးပေါ်ကကျ၊ ကျွန်တော့်နေ့လည်စာနဲ့ ဆိုင်ပါသလားဗျ။

• ထမင်းကြမ်းဖြူဖြူ၊ ဆီမကူ ဆားမပါ၊
• အမေ့စေတနာ၊ အဖေ့လုပ်စာနဲ့တိကျ၊
• ဒီမိုကရေစီသာရရင်တော့၊ နေ့လည်စာတမင်းမှာ ဟင်းတခွက်ပါစေရမယ်ပေါ့လို့၊
• တို့မူလတန်းကျောင်းသားဂျင်နရေးရှင်း၊ အားခဲလို့သာတင်း။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-ဝ၁၃
- ဓါတ်ပုံ (၁) = Khun San Oo (၂) = April Maung Maung
- စာရေးဖြစ်အောင်စေ့ဆော်သူ = Pauk Sa Jade
- စာကိုပြန်တင်ဖြစ်အောင်စေ့ဆော်သူ = လစ်ဗျယ် ငပျင်း (လက်ပံတန်းမြို့ ၊ ကွမ်းသီးတပင်ရွာ မူလတန်း ကျောင်လေးတဲ့ဗျာ။ ဆန္ဒာရှိရင် ပြည်ပနိုင်ငံတွေကို ထုတ်ကြွားနိုင်အောင် Share ထားလိုက်ပါဦး။ ကာကွယ်ဝန်ကြီးဌာနရဲ့ အသုံးစားရိတ် ဘီလျံ ၂၆ဝဝ ကျော်ကို (ပညာရေး + ကျန်းမာရေး) အသုံးစားရိတ်တွေကမမှီပါဘူး။ ယနေ့ကျောင်းသားတွေ တောင်းဆိုတဲ့ ၁၁ ချက်ထဲမှာ ပညာရေးအသုံးစားရိတ် ၂ဝ% ပေးရမယ်ဆိုတာ လွန်ပါသလား။ မှားပါသလား။ လိုအပ်ပါသလား။)

Friday, January 30, 2015

Spelling Comments (2) သတ်ပုံ ကွန်မင့်များ (၂)

ကွန်မင့် = အကို၊ အမလို့ရေးတာ သဘောမကျပါဆရာ။ သတ်ပုံကျမ်းအတို်င်း အစ်ကို၊ အစ်မလို့ရေးတာပဲ ကြိုက်ပါတယ်။ အကျိုးကို မလိုချင်ရင် အကြောင်းကို ရှင်းမှရမှာမို့ သတ်ပုံကျမ်းကို ပြင်စေချင်ပါတယ်။ ဒါဆိုရင်တော့ လို်က်ပြင်ရေးပါမယ်ခင်ဗျား။ တစ်ယောက်လို့ရေးတာ ဘာဖြစ်လို့မှားတယ်ဆိုတာ အချိန်ရရင်ရှင်းပြပါလားဆရာခင်ဗျား။

- အစ်ကို၊ အစ်မလို့ရေးတာ သဘောမတူတော့မရှိပါ။ နောက်ပိုင်းမှာ အကို-အမလို့လည်း အများကရေးလာနေတယ်။ ရေးတော့အမှန် ဖတ်တော့အသံ။ ဖြစ်နိုင်တာက ကပြားလူမျိုး (ကုလား) တွေက အာ့ကို၊ အာ့ကိုကြီးလို့အသံထွက်တာမို့ မြန်မာစစ်စစ်တွေက အ တလုံးတည်းသံကို ပိုပြောရာကနေ ရေးလာကြတယ်လို့ထင်ပါတယ်။ ကျွန်တော့ အထင်ပါ။

- တ တလုံးတည်းကနေ တစ်ရယ်လို့ဖြစ်လာတာက ဦးနေဝင်းကြောင့်သာဖြစ်ပါတယ်။ ဥပမာ အမျိုးသားပညာရေး လောကတွင် ဦးဖိုးကျားသည် ကျော်ကြားသောခေါင်းဆောင်ကြီးတဦးဖြစ်သည်လို့ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ ရိုက်နှိပ်ထားပါတယ်။ မြန်မာစာပေလောက၌ ထင်ရှားသော ပုဂ္ဂိုလ်တဦးလည်း ဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ စကောကရင်ကျောင်းတွင် ဆက်လက်ပညာသင်ကြားလို့လဲ စွယ်စုံကျမ်းမှာပါတယ်။ မူရင်းစာအုပ်ထဲမှာမို့ ခေါင်းဆောင်ကြီးတစ်ဦး၊ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးလို့မဟုတ်ခဲ့ပါ။ ဒါပေမဲ့ ၂ဝ၁ဝ၊ အောက်တိုဘာလ ထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည်ရေးသားတဲ့ အမျိုးသားပညာဝန် ဦးဖိုးကျား ဆောင်းပါးမှာ ကျောင်းနာမည်ဟာ တိုင်တစ်ရာ ဖြစ်သွားရတော့တယ်။ မြန်မာသစ်ရသစုံမဂ္ဂဇင်းဟာ စာပေတန်ဘိုးအတွက် အားထားရတဲ့အတန်းအစား ဖြစ်တယ်ထင်ပါတယ်။ မလွန်ဆန်နိုင်တဲ့ခေတ်က ထုတ်ဝေတာဖြစ်လို့နေမှာပါ။ မြန်မာ့ပညာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူရဲ့ ကျောင်းနာမည်ကို ပြောင်းခဲ့ကတည်းက အမျိုးသားပညာရေးဟာ ကျဆင်းဆုတ်ယုတ်လာတာဖြစ်တယ်။

- ဦးနေဝင်းလုပ်လိုက်လို့ ဗန်းမော်တင်အောင်ရဲ့ဝတ္ထု ဘုန်းမောင်တယောက်ထဲရယ်ကနေ ဘုန်းမောင် တစ်ယောက်ထဲရယ် ဖြစ်မှသာ ပြန်ထုတ်လို့ရတော့တယ်။ အလားတူ မင်းဆွေရဲ့ ဒါးက ဓါးဖြစ်သွားတယ်။ စစ်ကိုင်းဦးဘိုးသင်း ငမဲက ငမည်း ဖြစ်လာပြီး၊ မြတ်ထန်ရဲ့ နှောင်းတမြေ့မြေ့က နှောင်းတမြည့်မြည့်ဖြစ်လာရတယ်။

- စွယ်စုံကျမ်းမှာ ထိုင်းလင်းနိုင်ငံလို့ ခေါင်းစဉ်တပ်ထားပြီး၊ မြန်မာတို့က ယိုးဒယားနိုင်ငံလို့ခေါ်ကြောင်းရေးထားတယ်။ နှစ်ခုလုံး မှန်တဲ့သဘောပါ။ ကျွန်တော်တို့ အလယ်တန်းကျောင်းသား ပထဝီနဲ့ သမိုင်းစာအုပ်တွေမှာ Siam (ဆိုင်ယမ်) လို့ရေးပါတယ်။ နောက်မှာ Thai/Thailand ဖြစ်လာပါတယ်။ အဲတာကို ဦးနေဝင်းနောက်တက်လာတဲ့ စစ်အစိုးရ လက်ထက်ကစပြီး၊ ယိုးဒယားလို့သာရေးမယ်လို့ အမိန့်နဲ့သတ်မှတ်လာခဲ့တယ်။ နိုင်ငံခြားရေးပေါ်လစီအရဖြစ်တယ်။ ကိုယ့်နိုင်ငံအမည်ကိုသာ ကိုယ်ကသတ်မှတ်နိုင်ပေမဲ့ သူများတိုင်းပြည်ကိုသတ်မှတ်တာ မသင့်ပါ။ ထိုင်းတွေကလည်း ကျွန်တော်တို့နိုင်ငံနဲ့လူမျိုးတို့ကို (ဖါးမ) (ဖါးမား) လို့ခေါ်တယ်။ ဖါမတော့ မဟုတ်လောက်ပါ။

- ကနေ့ထုတ်ဝေခွင့်ရတဲ့ သတ်ပုံစာအုပ်၊ အဘိဓာန်စာအုပ်၊ ပုံနှိပ်စာအုပ်တိုင်းမှာ ပြင်ထားတဲ့သတ်ပုံတွေသာတွေ့ရပါမယ်။ စစ်အစိုးရတွေမတက်ခင်က အစိုးရထုတ်စာအုပ်တွေကိုသာ ကျွန်တော်က မှန်တယ်ထင်နေတယ်။ ကျွန်တော်က မြန်မာစာကို ၁၂ တန်းအထိသာသင်ခဲ့ရသူပါ။

- ကျနော်-ကျမကို ပိုပြီးလူကြိုက်များလာတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့အနေနဲ့ ရေးတာပါ။ ကြာရင် ပြင်ဖြစ်မလားမသိပါ။ ဆြာကိုလည်း ရေးထားပါသေးတယ်။ ရှေးကျတယ်။ ဗေဒင်ဆရာ၊ သိုက်ဆရာကိုသာ သုံးပါတယ်။ မိုဃ်းလို့ရေးတာလည်း မှားတယ်။ (သူမ) ကိုလည်း စောစောလေးက ရေးလိုက်ပါတယ်။ (ရေသူမ) သာရှိတယ်။ အဲတာတောင် စာလိုတော့ရေးတယ်။ တကယ့် (မားမိတ်) ဆိုတာမရှိပါလို့။

- ဆရာ-ဆရာမတွေကို အပြစ်တင်တာ မသင့်လှပါ။ ပညာထက် အာဏာကအစွမ်းထက်တဲ့ခေတ် မကုန်သေးပါဗျာ။ အာဏာနဲ့ အရာရာကို မှားမှားမှန်မှန် အမိန့်နဲ့လုပ်ထားပါတယ်။ ပညာတတ်တွေထဲမှာလည်း အကြံပေးခန့်စာမျှော်သူတွေက မနည်းပါ။ ဥပမာ သမိုင်းမှာ ဒေါက်တာသန်းထွန်းလို့လူမျိုးက ရှားလှတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၅

Spelling Comments (1) သတ်ပုံ ကွန်မင့်များ

• ပေးတဲ့စုနဲ့ပြည့်ပါစေဆိုတဲ့ မှတ်ချက်တခုတွေ့လို့ ရေးလိုက်ရပါတယ်၊ ဆုလို့။ စု = စုစည်း၊ စုတေ၊ စုပုံ၊ စုပြုံ၊ စုဘူး၊ စုရုံး၊ စုလစ်မွမ်းချွန်၊ စုလျားရစ်ပတ်။
• ကလေးအမေဖြစ်တော့မဲ့ တယောက်က မွေးပြီးသောက်သင့်တဲ့ သားဆေးလို့မေးတာကို တားဆေးလို့ ပြင်ပြီး ဖြေလိုက်ရသေးတယ်။ ကလေးကမမွေးရသေးတော့ သူ့သားအတွက်တော့ မဟုတ်လောက်ဘူး ထင်လိုက်ပါတယ်။ မမှားကောင်းပါရဲ့။
• သူများအမှားတွေလိုက်ရှာကာ အခုစာရေးနေချိန်မှာ အားလုံးကမှန်နေကြလို့ ဝမ်းသာတယ်။ ကျွန်တော်မှာလည်း ပြင်ပေးကြပါ။
• ကျွန်တော်တင်တဲ့ ဇာတိရွာအောက်မှာရေးပါတယ်။ အိမ်တိုင်းမှာ ကြက်မွေးထားတယ်ဆိုတော့ ဧည့်သည်အတွက် အဆင်ပြေတာပေါ့ဆရာတဲ့။
• ကျွန်တော်ကပြန်ရေးလိုက်ပါတယ်။ မြို့သွားနေတဲ့ ကျောင်းသားတယောက် ရွာပြန်လာတော့ ဟိုအိမ်သည်အိမ်က ထမင်းဖိတ်ကျွေးကြတာပေါ့။ သူ့အကိုကပြောမယ် မောင့့် ရာ မင်းလည်းပြန်သွားရော တို့ရွာမှာ ကြက်သံကို ဆိတ်သွားတာပဲတဲ့။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၅

The Arts အနုပညာ

• အဆီအငေါ်မတည့်ဘူး ပြောကြမှာပဲ။ အင်္ဂလိပ်စာသင်နေတဲ့ ဆရာမတယောက်ကနေ ဆရာဝန်ကို မေးခွန်းတခုမေးတယ်။ ကျန်းမာရေးမဟုတ်ပါ။
• ဆရာ အနုပညာရဲ့အဓိပ္ပါယ်လေးပြောပြပါလား။
• ဟာ့ ဆရာက အဲဒီနယ်ပယ်မှာ ဆရာမလုပ်နိုင်ဘူးနော်။ ဆေးပညာကိုသာ သိတယ်။
• ဆရာ့ တကယ်သိချင်နေတာ။ တနေ့က နိုဘယ်မြန်မာစာပေဆွေးနွေးပွဲခေါင်းစဉ်က ဘဝအနုပညာတဲ့ ဘုရားဟောတရားတွေကလည်း အနုပညာတရားလို့ ဆိုပါတယ်။
• ညတုံးက အိပ်မပျော်ခင်စဉ်းစားနေခဲ့သေးတယ်။ ပန်းဆယ်မျိုးနဲ့ စာပေတွေကနေ ဘာသာရေးကို အနုပညာနဲ့ ပုံဖေါ်နေတာတချို့ဟာ ကြည်ညိုစိတ်ကဲလွန်စေပြီး၊ အစွန်းမလွတ်တာတွေ၊ သွေဖီတာတွေလည်းဖြစ်စေတယ်လို့ သုံးသပ်မိတယ်။ ဆက်တွေးအုံးမယ်။ ရေးဖြစ်မလားတော့ မပြောတတ်ဘူး။ ဘာသာရေး ရေးရတာမှာ အတော် သတိထားရမယ်။
• ကျမလေအနုပညာရဲ့တိကျတဲ့အဓိပ္ပါယ်ကိုသိချင်လာတယ်။ ကျမမှာက စွယ်စုံကျမ်းမရှိဘူး။
• မြန်မာအဘိဓာန်ကိုကြည့်တော့ စာပေဂီတ၊ ပန်းချီစသော နူးညံသောအရာလို့ပဲပါတယ်။ စွယ်စုံကျမ်းမှာ ၁ဝ မျက်နှာရှိတယ်။ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုကြေးမုံဖြစ်သည်တဲ့။ အနုပညာဆိုတာ လူမျိုးတမျိုးရဲ့ စိတ်နေသဘောထား၊ ကြံရည်ဖန်ရည်၊ ဓလေ့စရိုက်၊ နေထိုင်မှုအဆင့်အတန်း တို့ကို ထင်ဟပ်စေသည်။ လူ့စိတ်ကို လှုပ်ရှားစေနိုင်သောပညာ၊ စေတနာအလျှောက် စိတ်ကူးဥာဏ်ဖြင့် ဖန်တီးရသောပညာ၊ အနုပညာကို ခံစားရသူတို့မှာ ရသကိုဖြစ်ပေါ်လာစေလို့ ရသပညာလို့လည်းခေါ်တယ်။
• ခံစားမှု အကောင်းအဆိုး အားလုံးအကျုံးဝင်မှာပေါ့နော်။
• ဟုတ်။ ဆရာ မုံရွာစတိတ်တူးမှာနေရတုံးက ရုပ်ရှင်မင်သား ထွန်းဝေလာတော့ ပြောသွားတာကြားလိုက်တယ်။ အနုပညာဆိုတာ အတုပညာတဲ့။
• အနုပညာအစွမ်းကြောင့် ဝမ်းမြောက်၊ ဝမ်းနည်း၊ ကရုဏာသက်၊ စက်ဆုပ်၊ အားတက်၊ ထိန့်လန့်၊ အံ့သြ၊ တည်ငြိမ်၊ စတာတွေကိုဖြစ်ပေါ်လာစေနိုင်တယ်။ အဲတာတွေကို အလင်္ကာလို့လည်းခေါ်တယ်။ စိတ်အရသာ (ကိုးပါး) လို့လည်း ခေါ်တယ်။
• သိပ္ပံပညာကနေ အသိတရားကိုဖေါ်ထုတ်ပေးတယ်။ အနုပညာကနေ စေတနာကို လှုံ့ဆော်နှိုးဆွပေးတယ်။ သိပ္ပံပညာက အကြောင်းတရားကို ရှာဖွေပေးပြီး၊ အနုပညာက အကျိုးတရားကို ဖွဲ့ပြတယ်။
• အနုပညာကို ပါဠိလို သုခုမပညာလို့ခေါ်တယ်။ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သဘင်၊ အတီးအမှုတ်ပညာတွေလည်း အကြုံးဝင်တယ်။
• တရားတွေကိုရော အနုပညာလို့ ပြောလို့ရသလားဆရာ။
• ရှေးစကားတခု ထပ်ကိုးကားပါအုံးမယ်။ မုံရွာ စတိတ်တူးကျောင်းကိုပဲ ရန်ကုန်ဘဆွေလာပြီး ပြောဟောတယ်။ သူက လက်ဝဲသမားနဲ့တူပါရဲ့ နတ်ပြည်ဆိုတာ မြင့်မိုတောင်ထိပ်မှာရှိတယ်ဆိုရင် နတ်ဦးရေ ဘယ်လောက် နေနိုင်မှာလဲလို့ ဝေဖန်တယ်။ ကိုးတန်း-ဆယ်တန်းကျောင်းသား စဉ်းစားရတာပေါ့။ မိလိန္ဒပဥှကို ဖတ်မိတဲ့ အရွယ်ရောက်မှ သစ်သားချောင်းတခုထဲကို သံမှိုရိုက်သွင်းတဲ့ဥပမာ တွေ့လာခဲ့တယ်။
• သူဝေဖန်တာကိုလည်း တဖက်သတ်တော့ မမြင်ပါ။ ဘာသာတရားစာပေတွေကို ရေးဖွဲ့ကြသူတချို့ လွန်ကဲတယ်လို့ထင်မိတယ်။ စာပန်းချီလို့တင်စားတာမျိုး။ ဖတ်မိသူ၊ ကြည့်မိသူ၊ နာကြားရသူတွေရဲ့ စိတ်ကို အလွန်အကြူးဆွဲဆောင်မှုရှိစေပြီး ကဲလွန်တဲ့စိတ်လှုပ်ရှားမှုကို ပေးတယ်။ စေတနာတော့ အမှန်ဖြစ်ပါမယ်။ သင့်မှန်တယ်မထင်ပါ။ မြတ်စွာဘုရား ပထမဆုံးဟောခဲ့ရတဲ့တရားတော်ဟာ အစွန်းနှစ်ပါးလွတ်ဖို့ဖြစ်တယ်။ အဘိဓမ္မာနဲ့ နိဗ္ဗာန် ရောက်ကြောင်းတရား မလာသေးဘူး။
• ရန်ကုန်ဘဆွေကပါပဲ သုံးထပ်သားပြားပေါ်မှာ သစ်ပင်ပုံဆွဲပေးပါတယ်။ ပင်စည်မှာ သောက်ရေအိုးတလုံး ထားပေးလိုက်တော့ အားကစားလုပ်ကြလို့ မောပန်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို အမောပြေစေတယ်။ တကယ့်ညောင်ပင်က ရေချမ်းစဉ်မှာသောက်ရသလို ခံစားမှုကိုပေးစွမ်းတယ်မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၅

Thursday, January 29, 2015

February 13 ဗိုလ်ချုပ်မွေးနေ့

• ဖေဖေါ်ဝါရီ (၁၂) ရက်နေ့ဟာ လွတ်လပ်ရေးနေ့နဲ့အတူ အရေးကြီးတဲ့ ပြည်ထောင်စုနေ့ဖြစ်တယ်။ ဖေဖေါ်ဝါရီ (၁၃) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့၊ မြန်မာနိုင်ငံ ကလေးများနေ့ဖြစ်တယ်။
• အဲဒီနေ့ထူးနေ့မြတ်တွေကိုတော့သတိမရကြပဲ ဖေဖေါ်ဝါရီ (၁၄) ရက်နေ့ကိုဘဲ သိနေကြသူတွေကို အဲလိုလူတွေတော့ မကျန်းမာလဲနေပါစေလို့ပြောရင် ပြောတဲ့သူကိုသာ အပြစ်မြင်ကြလိမ့်မယ်။
• ဖေဖေါ်ဝါရီ ၁၄ ရက်ကို စိန့် ဗယ်လင်တိုင်းနေ့လို့ ခရစ်ယန်ဘာသာဝင်တွေက အေဒီ ၅ဝဝ ကတည်းက သတ်မှတ်ခဲ့တယ်။ ၁၉၆၉ မှာ ပုတ်ရဟန်းမင်းကြီးက သူတော်စဉ်ပြက္ခဒိန်ထဲကနေဖျက်လိုက်ပေမဲ့ ကနေ့အထိ အသဲပုံ၊ မြားနတ်မောင်ပုံတွေနဲ့ အချစ်လက်ဆောင်တွေ (ပန်း၊ ကပ်ပြား) အပြန်အလှန်ပေးကြတယ်။
• တနှစ်က ဒီအကြောင်းလေးသတိပေးတော့ လက်ဆောင်ဆိုတာ ချောကလက်ဆရာလို့ ဖေ့စ်ဘွတ် ဖရင်းတယောက်က သင်ပေးပါတယ်။
• ပိုတဲ့သူတွေကပိုပါသေးတယ်။ ဖေဖေါ်ဝါရီ ၁၃ ရက်ကို Happy hug Day ဖက်လဲတကင်းနေ့တဲ့။
• ခုတလော ရိုင်းတဲ့အပြောအဆို ခေတ်စားနေလို့ ခပ်ရိုင်းရိုင်းပဲပြောပါရစေ။ သူများနိုင်ငံတွေမှာ ကိုယ်မွှေးတွေကို ပုံဖေါ်ရင် ယောက်ျားတွေက ဟစ်တလာ နှုတ်ခမ်းမွှေးနဲ့ ချာလီချက်ပလင် နှုတ်ခမ်းမွှေးတွေလုပ်သလို မိန်းကလေးတွေက သူတို့ ကိုယ်မွှေးပေါက်ရာမှာ အသည်းပုံဖေါ်ပြီး၊ ဗယ်လင်တိုင်းနေ့အတွက် စပါယ်ရှယ်လုပ်ကြပါသတဲ့။
• မရိုင်းကြပါနဲ့။ မြန်မာပြည်မှာ ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ အသည်းနှလုံးထဲနဲ့ ဦးနှောက်ကနေ တိုင်းပြည်နဲ့ လူထုအတွက် စပါယ်ရှယ်လုပ်သင့်ကြပါတယ်။

ဓါတ်ပုံ = ၁၃-၂-၂ဝ၁၁ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာကလေးများနေ့)၊ နယူးဒေလီ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၅

U Boke village ညောင်ကန်

(တောသားရွာကိုရေးပြီး တောသူရွာအကြောင်းလေးလည်း ရေးပါရစေ။)

• ကျောင်းပိတ်ရက်တိုင်းအိမ်ပြန်၊ ညောင်ကန်ကိုအခေါက်တိုင်းရောက်၊
• ရောက်တိုင်းလည်းစားစရာ၊ ယာခင်းကခူးဆွတ်ချက်၊
• ချဉ်ပေါင်ရွက်၊ ကုလားပဲရွက်၊ စမြိတ်ရွက်၊
• လျှာရင်းမြက်မြက်၊ ငရုပ်သီးခင်းကထွက်တဲ့ ဖယုံသီးအကင်းကတခွက်၊
• ဆောင်းရာသီထွက် မောင်မခေါ်ပဲကြီးနှပ်ချက်၊
• ချက်ကျွေးတဲ့ဒေါ်လေး လွမ်းမိပါသေး၊
• ဘေးအိမ် အမျိုးအိမ် ခေါ်ကျွေး မှတ်မိသေး၊
• အဝေးကနေ အလည်ပြန်ရင် ကျွေးချင်ကြအုံးမှာလည်းမြင်ယောင်မိသေး၊
• ရွာအဝင်ရေကန်ဘေးမှာ အင်တာနက်ကလေးချိတ်ဘို့ရာ သန်းကောင်အထိလည်းစောင့်နိုင်ပါ။

ကျွန်တော့်ဇနီးဇာတိ ညောင်ကန်ဟာ ဘုတလင်မြို့ အနောက်ဖက် ၄ မိုင်အကွာက ဆရာတော်ဦးဗုဓ်ရဲ့ရွာဖြစ်ပါတယ်။ ဆရာတော်ဦးဗုဓ်ဟာ ဘကြီးတော်နဲ့ နန်းမတော် မယ်နုတို့လက်ထက်မှာ ပေါ်ထွန်းခဲ့ပြီး၊ နန်းမတော်မယ်နု ဆောက်လုပ် လှူဒါန်းတဲ့ အင်းဝက အုတ်ကျောင်းတော်ကြီးမှာ သီတင်းသုံးခဲ့တယ်။ မြန်မာနိုင်ငံ ပရိယတ္တိသမိုင်းမှာ ဗုဓ်အစ၊ ဗုဓ်အလယ်၊ ဗုဓ်အဆုံးဆိုပြီး ဥဒါန်းစကားတွင်ရစ်ခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။ ပညာနဲ့ သမာဓိအရာမှာ လက်ဖျားခါရပေမဲ့ နှုတ်အင်မတန်နည်းတယ်လို့ဆိုပါတယ်။ ဆရာတော်ကို စကားပြောလာအောင်ကြံဆောင်တဲ့ အမတ်ကြီး ဦပေါ်ဦးက လက်မြှောက်ခဲ့တဲ့ သာဓကတခုရှိခဲ့တယ်။

• ကြည့်နေ ကျုပ်နဲ့တွေ့ရင် ဆရာတော် ဦးဗုဓ် ရွန်းရွန်းဝေအောင် စကားပြန်ပြောမှာလို့ဆိုပြီး ဦးဗုဓ်ကျောင်းကိုသွားပါသတဲ့။ ပြောစရာမရှိ ပြောစရာစကားကိုရှာတော့ ရေကန်ကြီးကိုမြင်တာနဲ့ ဟောဒီရေကန်ကြီးဟာ အတော်လေးကောင်းလှပါလား ဘုရား။
• အေး ကောင်းတယ်။
• ရေကလည်း သိပ်ကိုကြည်နေတာပါပဲလားဘုရား။
• အေး ကြည်တယ်။
• ဒီရေကန်ကြီး ဘယ်လောက်များ နက်ပါသလဲဘုရား။
• ငါမသိဘူး။
• ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းဖြစ်လို့ နီးတဲ့အတွက် သိလိမ့်မယ်အထင်နဲ့ လျှောက်ထားမိတာပါ ဘုရား။
• ဒီမှာ ဒကာ၊ နီးတိုင်းသာသိရမယ်ဆိုရင် ဒကာရဲ့နှုတ်ခမ်းမှာပေါက်နေတဲ့ နှုတ်ခမ်းမွေး အပင်ဘယ်နှစ်ပင်ရှိမလဲ။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၅

Rural Doctor တောသားဆရာဝန်

(မြို့သာတုံးက ဓါတ်ပုံဟောင်းတွေကိုတင်တော့ ဖတ်ကြသူများလို့ တဆက်တည်း စာအဟောင်းလေးကိုပါတင်ပါရစေ။)

စစ်ဗိုလ်ဆရာဝန် မလုပ်ချင်တဲ့ကျွန်တော် ငယ်ငယ်က စစ်ဗိုလ်ဖြစ်ဘို့ သွားဖြေရတာက DSA 11 ဖြစ်တယ်။ အတူဖြေသူတွေထဲက ရပ်ဆွေရပ်မျိုးတယောက် (သည်စာရေးတုံး သူနဲ့အမျိုးတော်မှန်း မသိသေးပါ) အောင်ပြီး ပါသွားတယ်။ နောင်တော့ သူဟာ ဝန်ကြီးအစစ်ဖြစ်လာတယ်။ ကျွန်တော်က ပြည်ပအစိုးရမှာတော့ ဝန်ကြီးလို့ အခေါ်ခံရသူဖြစ်လာတယ်။ သူက အတော့်ကို စစ်ထဲဝင်ချင်တဲ့လူ၊ အရင်နှစ်ကလည်းသွားဖြေတာ ကိုယ်အလေးချိန် မပြည့်လို့တဲ့ မပါဘူး။ ဒီနှစ်တော့ အလေးချိန်ပြည့်တဲ့နည်း တွေ့သွားလေရဲ့။ သူက ပုလဲနယ် ကျောက်ဖျာကန်ရွာမျိုး၊ ကျွန်တော့်အမေရဲ့ရွာ မင်းတိုင်ပင်နဲ့ ရေကန်တခုဘဲခြားတာ။ ကျွန်တော်က မင်းတိုင်ပင်နဲ့ ခြောက်မိုင်၊ သုံးတိုင်ဝေးတဲ့ မင်းရွာသား။

မင်းရွာက ရွာသေးသေးလေး။ အဲဒီတုံးက အိမ်ခြေ ၈ဝ လောက်ပဲရှိမယ်။ တောင်ယမားလို့ခေါ်တဲ့ မိုးရာသီ မိုးသည်းမှ ရေရှိတဲ့ သဲချောင်းကမ်းမှာရှိတယ်။ ချောင်းဘေး၊ မြေနိမ့်လို့ ရွာထဲမှာ သုံးတောင်၊ ငါးပေလောက်တူးရင် ရေထွက်ပြီ။ ရေကလဲ ကောင်းလိုက်တာမှ။ အေးလို့၊ ကြည်လို့။ အိမ်တိုင်းမှာ ခြံရှေ့နားတတွင်း၊ သစ်ပင်ရေလောင်းဘို့ ခြံနောက်မှာ တတွင်း၊ ရေတွင်းနှစ်တွင်းတော့ ရှိကြတာချည်းဘဲ။

အဲလို ရေကောင်းလွန်း၊ ရေပေါလွန်းလှတဲ့ မင်းရွာသားတယောက် နောင်နှစ်အစိတ်လောက်ကြာတော့ ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသားရေဆိုးမတွေ့ဆိုတဲ့အရပ်ကို ၆ နှစ် တာဝန်ကျတယ်။ မြို့သာဆိုတာ ရေအင်မတန် မကောင်းတာကလား။ မိုးရေကို နှစ်ပါတ်လည် အသုံးခံအောင် လူတရပ်တဖေါင်နက်တဲ့ ကွန်ကရစ်ကန်နဲ့ စုဆောင်း သိုလှောင်ပြီးသုံးရတာ။ ခေါင်းလျှော်ချင်ရင် မိုးရေလေးတပုံးဆွဲသွားမှဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြို့သာကို ကျွန်တော် အတော်ချစ်ပါတယ်။ မြို့သာအကြောင်းမမေ့စရာတွေတပုံကြီး၊ ကျွန်တော် တောဆရာဝန်၊ ဂျန်ဂယ်လ်ဒေါက်တာ ဖြစ်စေခဲ့တာ မြို့သာ၊ ကလေးအငယ်ဆုံးနှစ်ယောက်ဖွါးမြင်ခဲ့တာ မြို့သာ။ ရေသာမကောင်းတာ အမှတ်ရစေဘို့ ရေစက် ဖြစ်ပါတယ်။

မင်းရွာက ပုလဲမြို့နယ် တောင်ဘက်အစွန်ဆုံးရွာ။ သူ့တောင်ဘက်က ကျောက်တောင်ရွာက မြိုင်နယ်ထဲရောက်သွားပြီ။ တိုင်းကလဲ မကွေးတိုင်းဖြစ်သွားရော။ ပုလဲက စစ်ကိုင်းတိုင်း။ အဲလို မြို့နယ်ရော၊ တိုင်းရော ခြားနေတဲ့နေရာမှာ မွေးခဲ့ရတဲ့ ကျေးဇူးကို နောင်အနှစ် ၄ဝ-၅ဝ ကျမှ သိလာရတာရှိတယ်။ နိုင်ငံရေးသမား ဝရမ်းပြေးပုန်းရတုံးကပါ။ နယ်ကျော်ပြီး ဟိုကူး၊ ဒီပြောင်း လုပ်နေရင် ပုလိပ်မျက်စိလည်တယ်မို့လား။ ရဲတပ်ဖွဲ့တွေ မြို့နယ်အမိန့်၊ တိုင်းအမိန့် တောင်းရ၊ တင်ရတော့ သူတို့ခမျာ အလုပ်များတာပေါ့။ ပြေးရပုန်းရတဲ့ လူအဖို့တော့ နဲနဲချောင်တယ်။

ပုန်းရ-ပြေးရတာ ၁၉၉ဝ နိုဝင်ဘာမှာပါ။ မေလ မကုန်ခင်လေးက ရွေးကောက်ပွဲ နိုင်ခဲ့တယ်။ အဲဒါ ဝရမ်းပြေးဖြစ်ဘို့ ဖန်လာတာဘဲ။ နောင် ၁ဝ နှစ်ကြာတော့ (အိုင်ပီယူ) ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂအစည်းအဝေး၊ ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်ကို သွားပြီး ဗမာပြည်က အမတ်တွေ ခံနေကြရတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အစစ်ခံထွက်ဆိုရတုံးက ရွေးကောက်ခံရခြင်းသည် ရာဇဝတ်မှုမဖြစ်သင့် Being elected should not be a Crime ဆိုတဲ့ ခေါင်းစည်းစာတမ်းရိုက်သွားပြီး (လော်ဘီ) လုပ်ခဲ့ရတယ်။

အမေ့ရွာ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေးတော်တယ်။ အရင်က မုံတိုင်ပင်လို့ ရာဇဝင် စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ၉ တန်း ၁ဝ တန်း ကဗျာလေး-စာလေး စပ်တုံးရေးတုံးက ကင်းဝန်နွယ် ဘာညာဆိုပြီး ကလောင်နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင် ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ်နံရံကပ်စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ဘလော့ခ်တခုကို ပုလဲသွယ်လို့ နာမည် ပေးလိုက်တယ်။

နောင် နှစ် ၄ဝ ကျော်တော့ ကယားလူမျိုး တော်လှန်ရေး-နိုင်ငံရေး မိတ်ဆွေတွေက အသိအမှတ်ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကရင်နီ-ကယား-ကယန်းတွေက သူများတွေထက်သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ် ဆိုတာရော၊ နှစ်ခုလုံးကို အမွေခံရမှာပါပဲ။ ကင်းဝန်မင်းကြီး မွေးနေ့ နှစ် ၁၄ဝ တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

ဓါတ်ပုံ = မြို့သာတုံးက ကျွန်တော့်မိသားစု

Dr. တင့်ဆွေ

Impunity နောက်ကြောင်းပြန်နဲ့ ပီအာ

မနေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဆွေးနွေးပါတယ်။ ၄၃၆ ပြင်နိုင်ဖို့လိုတယ်။ နောက်ကြောင်းပြန်အရေးယူမှုကို စိုးရိမ်သူတွေ စိုးရိမ်မှုမရှိရလေအောင် ပီအာနစ်နဲ့ အစားထိုးသင့်တယ်တဲ့။

• ကျွန်တော် ၅-၁-၂ဝ၁၅ နေ့က Focus မိုးလေဝသခန့်မှန်းချက်ထဲမှာ ရေးခဲ့ဘူးတယ်။ အောက်တိုဘာမတိုင်ခင် ဖြစ်လာနိုင်စရာတွေ အများကြီးရှိတယ်။ ပီအာကို နေရာတကာမှာလုပ်မလာဘူးလို့ မပြောနိုင်ဘူးလို့ ရေးခဲ့ပါတယ်။
• ၂၇-၁-၂ဝ၁၅ နေ့ကလည်း Concise History ခေတ်သမိုင်း သံခိပ်ထဲမှာ ငါလုပ်ထားတာတွေကို နောက်ကြောင်းပြန် တရားစွဲမရဘူးဆိုတာ ထည့်ထားလို့ရေးခဲ့တယ်။
•  (စစ်အစိုးရကျူးလွန်ခဲ့သမျှ ရာဇဝတ်မှုတွေအားလုံးကို) နောက်ကြောင်းပြန် အရေးယူခြင်းမရှိစေရဆိုတဲ့ ချွင်းချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်ထားပြီးသားဖြစ်တယ်။
• ဒါဖြင့်ရင် အခုအစိုးရလက်ထက်မှာ ကျူးလွန်တာတွေကိုပါ နောက်ကြောင်းပြန် အရေးယူမခံချင်တာလား။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၅

Wednesday, January 28, 2015

Billboard politics ဆိုင်းဘုတ်နိုင်ငံရေး (သို့) ကင်ဆာဆိုင်းဘုတ်

သတင်း = ပြည်ခိုင်ဖြိုးကျေးရွာစာရင်းကောက်ယူရေး မန္တလေးတိုင်းတိုင်းမှာ မေတ္တာကင့်ပိန်းက ဆောင်ရွက်နေ

• ပြည်ခိုင်ဖြိုးမြို့၊ ပြည်ခိုင်ဖြိုးကျေးရွာ၊ ပြည်ခိုင်ဖြိုးစံပြကျေးရွာလို့ဆိုင်းဘုတ်တပ်တာ ရွေးကောက်ပွဲဥပဒေနဲ့ မငြိစွန်းဘူးလို့တော့ ဥပဒေသမားတွေကပြောတယ်။ ကျွန်တော်တော့ အဲလိုလုပ်ပိုင်ခွင့်မရှိဘူးလို့ထင်တယ်။
• NLD ကနေ အဲလိုလုပ်ရင် ရွေးကောက်ပွဲကော်မရှင်က သေချာပေါက်ပြောလာမှာပဲ။
• ရွေးကောက်ပွဲနိုင်တဲ့ပါတီနေရာကို အဲဒီပါတီနာမည်တပ်လို့ရမလား။ ပုလဲမြို့နယ်မှာ ၂ဝ၁ဝ တုံးက NLD ကဝင်မပြိုင်လို့ ပြည်ခိုင်ဖြိုးနိုင်တယ်။ ၂ဝ၁၂ မှာ ယှဉ်ပြိုင်ကြတာ NLD က နိုင်တယ်။ နိုင်တဲ့ရွာတွေမှာ NLD ကျေးရွာတွေလို့ ဆိုင်းဘုတ် စိုက်လို့ရမလား။ ရတယ်ဆိုင်ရင်တောင် မလုပ်ချင်ပါ။
• စစ်အစိုးရတွေလက်ထက်မှာ ဆိုင်းဘုတ်အကြီးကြီးတွေ ကြိုက်သလိုရေးပြီး နေရာတကာမှာစိုက်ထူခဲ့တယ်။ အခု အစိုးရက အတူတူပဲလား။ ပိုဆိုးနေသလား။ မြို့သိမ်း-ရွာသိမ်း ကိုယ်ပိုင်လုပ်တာမျိုးဖြစ်နေတယ်။
• ပါတီဆိုင်းဘုတ်တပ်ဘို့ လိုအပ်ချက်ဆိုတာတွေ ဥပဒေမရှိရင်တောင်မှ လမ်းညွှန်ချက်၊ မူဘောင်တော့ရှိရမယ်။ အဲတာတွေက ဘာတွေလဲ။ ဘယ်သူတွေကလုပ်ထားတာလဲ။
• လွှတ်တော်မှာ မေးခွန်းထုတ်သင့်တယ်။ ဆိုင်းဘုတ်ဥပဒေ မလုပ်သင့်ဘူးထား။ ဆိုင်းဘုတ်နဲ့လုပ်စားတဲ့ခေတ်ကုန်သင့်ပြီ။
• ကျန်းမာရေအတွက် ဆေးလိပ်နဲ့အရက်ဆိုင်းဘုတ်တွေကို ဥပဒေနဲ့ကန့်သတ်ထားပါတယ်။ ကင်ဆာဖြစ်မှာစိုးလို့ပါ။ မြန်မာပြည်မှာ နိုင်ငံရေးကင်ဆာဆိုင်းဘုတ်တွေ မရှိသင့်တော့ပါ။

Photo: Hot Dogs cause Butt Cancer ပြုပြင်ထားတဲ့အသားတွေနဲ့လုပ်တဲ့ ဟော့ဒေါ့စားရင် အူမကြီးကင်ဆာ ပိုဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၅

NLD စည်းရုံးရေး (သို့) မေ့ကုန်ကြသူများ

• NLD ထဲကလူတွေ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတာထက် မျက်နှာသာရဘို့ ကပ်နေကြသူတွေရှိတယ်လို့ ဝေဖန်ကြပါတယ်။ ကျွန်တော်ကတော့ အပြစ်တင်လည်းမစောပါ။ ဝေဖန်တာကိုလည်း မငြင်းသာပါ။
• (မဆလ) တုံးကလည်း ဦးနေဝင်းကို အဲလို ကပ်ဖါးယပ်ဖါးတွေရှိတာပါပဲ။ ပါတီတွင်း ပုန်ကန်မှုလည်းရှိခဲ့တယ်။ (ဒီအသုံးက ဒေါသမကင်းပါ။)
• NLD ပါတီညီလာခံတုံးကလည်း ပါတီနေရာအတွက် လုံးပမ်းကြတယ်။ ပြဿနာလည်းရှိခဲ့တယ်။
• ဒေါ်စုလွတ်လာပြီးမှာတော့ အခင်းအကျင်းတမျိုးဖြစ်လာတယ်။ လူဟောင်းတချို့ မြင်ကွင်းကပျောက်သွားတယ်။
• ပြည်ပမှာနေသူတွေ အနှစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာ ဆန္ဒပြရတိုင်း၊ ဟောပြောရတိုင်း၊ ရေးသားရတိုင်း၊ လော်ဘီလုပ်ရတိုင်းမှာ ဒေါ်စုနာမည်မပါတဲ့အခါမရှိပါ။ ဒါပေမဲ့ ဒေါ်စုလွတ်လာတော့ ပြည်ပမှာနေရသူတွေကို ဒေါ်စုက တခွန်းတပါဒမှ ချီးမွန်းစကားမပြောဘူးလို့ ထောက်ပြကြတယ်။ လာပြောသူတွေလည်း မနည်းမနော ရှိတယ်။ ဒါကလှုပ်ရှားမှုကြီးရဲ့ ခေါင်းဆောင်အနေနဲ့ပါ။

• အသင်းအဖွဲ့တခုရဲ့ ထိပ်ဆုံးခေါင်းဆောင်ကို ကပ်ချင်ကြတာ၊ ကိုယ့်ကိုသိစေချင်ကြတာလည်း ဖြစ်ရိုးဖြစ်စဉ်ပါ။ နေရာရချင်တာကတော့ တမျိုးဖြစ်တယ်။ နေရာဆိုတာကို ဝေဖန်ထောက်ပြတာတွေရဲ့ တချို့အပိုင်းကို ကျွန်တော် သဘောမတူပါ။ ကိုယ်ဖြစ်ချင်တာ လုပ်ရဘို့အတွက်နေရာလိုတယ်။ ဒေါ်စုက သမတဖြစ်ချင်တယ်ပြောတာ အဲလိုသဘောဖြစ်တယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေကပြောရင်တော့ တမျိုးဖြစ်တယ်။
• ဒေါ်စု ဒေလီကိုလာတုံးက ကျွန်တော်ဘယ်သူပါဗျာလို့ မပြောလိုက်ပါ။ ဒေါ်စုကတော့ ကချင်တွေကမကျေနပ်ဘူး ဆိုတဲ့အကြောင်းကို သူ့ကစပြောပြီး၊ သဘောမတူတာရှိရင်ဆွေးနွေးသင့်တယ်လို့ ကျွန်တော့်လက်ကို သူ့လက်နှစ်ဖက်နဲ့ကိုင်ပြီး ပြောပါတယ်။ အဲဒီ Prospect Burma ကျောင်းမှာ ကျွန်တော်က ဦးစီးရသူမို့ ဒေါ်စုက အများကိုယ်စားသဘော ပြောတာလို့ပဲထင်ပါတယ်။ ကျွန်တော့်ကို မသိလောက်ပါ။ Oxford School က လူထုနဲ့ တွေ့တဲ့ပွဲမှာတော့ အစပျိုးတာနဲ့ အခြေခံပြင်ဆင်မှုတွေသာ ကျွန်တော် လုပ်ပါတယ်။ နောက်ပိုင်းအစီအစဉ်တွေမှာ ရှေ့ကမနေခဲ့ပါ။ အဲတာနဲ့ ထိုင်စရာနေရာတောင်မှ ချင်းအမျိုးသားတဦးက ဖယ်ပေးလို့ထိုင်ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒေါ်စုကို ချစ်ကြသူတွေ ပိုများတာသဘာဝပါ။ ဝမ်းသာခဲ့ပါတယ်။
• အခုတော့ သူတို့ကလည်း မေ့ကုန်ကြပြီထင်ပါတယ်။

Photo: 16-11-2012 Daw Aung San Suu Kyi visited the Prospect Burma School in New Delhi

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၅

China scorns NY Times on Myanmar

တရုပ်က မြန်မာသတင်းရေးတဲ့ နယူးယော့တိုင်းမ် သတင်းစာကို ပြစ်တင်လိုက်

• ၂၇-၁-၂ဝ၁၅ နေ့ ဆင်ဟွာသတင်းကရေးတာဖြစ်ပါတယ်။ တရုပ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Hua Chunying ဟွာ ချန်ယင်းကနေ နယူးယော့တိုင်းမ် သတင်းစာ The plunder of Myanmar မြန်မာကိုခိုးတဲ့သူ အယ်ဒီတာ့အာဘော်ကိုအဲလိုတုန့်ပြန်လိုက်တာပါ။ အချက်အလက်တွေကို တလွဲဖြစ်အောင် ရေးတာလို့ ချေပပါတယ်။
• နယူးယော့တိုင်းမ်အဆိုအရ တရုပ်ဟာ မြန်မာ့သဘာဝရင်းမြစ်တွေကို အလုံးအရင်းနဲ့ လုယက်ယူငင်နေတယ်လို့ ရေးလိုက်တာဖြစ်ပါတယ်။
• တရုပ်ရဲ့လောဘဟာ ကျားကနေ ကြေးနီအထိရှိတာမို့ သဘာဝဝန်းကျင်နဲ့ နိုင်ငံရေးတည်ငြိမ်မှုကို အန္တရာယ် ပေးနေတယ်။ မြန်မာလူထုက အဲလိုလုယူနေတာကိုရပ်စချေင်နေကြတယ်လို့ရေးထားပါတယ်။
• ကျမတို့က သေအချာသဘောမတူပါ။ ဒီလိုရေးတာဟာ တရုပ်နဲ့ မြန်မာအကြား သဘောထား ကွဲလွဲအောင် လုပ်တာ ဖြစ်တယ်လို့ ဟွာကဆက်ပြောပါတယ်။ တရုပ်က အမြဲပဲတရားမဝင်သစ်ခုတ်တာ၊ တရားမဝင် သတ္ထုတူးဖေါ်တာ၊ တရားမဝင် တောရိုင်းသဘာဝရောင်းဝယ်တာတွေကို ဆန့်ကျင်တယ်။
• ကျမတို့ဟာ မြန်မာနိုင်ငံအပ်အဝင် အိမ်နီးချင်းတွေနဲ့ တရားမဝင်လုပ်ဆောင်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးတွေအတွက် ပူးပေါင်းဆောင်ရွက်ဘို့ရာ ဆုံးဖြတ်ထားပါတယ်။ ကျမတို့ဟာ တခြားနိုင်ငံတွေမှာ နေထိုင်ကြတဲ့ တရုပ်လူမျိုးတွေကို ဒေသခံတရားဥပဒေတွေကို လိုက်နာကြဘို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဘို့နဲ့ ဒေသခံတွေ အကျိုးအမြတ်ရစေဘို့ ပြောထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၅

Stamp glue ကော်သတိထား

• မြန်မာနိုင်ငံမှာ တံဆိပ်ခေါင်းတွေထုတ်တာ အစပိုင်းမှာ ဘုရင့်ပုလ္လင်တော်၊ စေတီပုထိုး၊ နန်းတွင်းပဟိုစည်၊ မြန်မာဝတ်စုံနဲ့ပုံတွေ၊ ဗိုင်းငင်၊ ဆင်သစ်ဆွဲ၊ ကောက်စိုက်၊ လယ်ထွန်၊ ခြင်္သေ့ စတဲ့ပုံတွေပါတယ်။
• ဂျပန်ခေတ်မှာက လယ်ထွန်နေတဲ့ပုံနဲ့ ဆိုရှယ်လစ်ခေတ်မှာတော့ ငှက်မျိုးစုံပုံတွေကိုထုတ်တယ်။
• လူပုဂ္ဂိုလ်အနေနဲ့ကတော့ ကိုလိုနီခေတ်မှာ အင်္ဂလန် ဘုရင်-ဘုရင်မပုံတွေများတယ်။ လွတ်လပ်ရေးရတော့ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ဖြစ်လာတယ်။ ဗခက နေဝင်းနဲ့ စစ်အစိုးရကတော့ လူပုံမထုတ်ပါ။
• အခုအစိုးရသက်တမ်းမကုန်ခင်မှာ တံဆိပ်ခေါင်းသစ်ထုတ်မယ်ဆိုတဲ့သတင်းအပေါ်မှာ ကျွန်တော့်အမြင် ပို့စ်တင်တော့ တယောက်ကမှတ်ချက်ပေးပါတယ်။ တံတွေးဆွတ်ရတာပေါ့တဲ့။
• ဒါနဲ့ ကျွန်တော်စိုးရိမ်တာလေးတခု ရေးလိုက်ပါတယ်။ တံဆိပ်ခေါင်းကပ်ရင် သတိတော့ထားပါ။ ငယ်ငယ်တုံးက စုံထောက်ဝတ္ထုတပုဒ် ဖတ်ဖူးတယ်။ တံဆိပ်ခေါင်းကော်မှာ အဆိပ်ထည့်ထားသတဲ့။
• သူကပဲပြန်ပြောပါတယ်။ မျက်နှာဖက်မှာသာ တံတွေးဆွတ်မှာပါတဲ့။
• ကော်သတိထားပါ။ အကပ်အရပ်သမား များလှတယ်။ ခေတ်တိုင်းမှာ အစုတစုရှိတတ်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၅

Tuesday, January 27, 2015

Infamous Postage Stamps မကောင်းသတင်းနဲ့ကျော်ကြားတဲ့ တံဆိပ်ခေါင်းများ

သတင်း = တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပို့ပေးခဲ့လို့တဲ့ ဗခမက (ငြိမ်း) ပုံနဲ့ တံဆိပ်ခေါင်း ထုတ်မယ်တဲ့။ ဖေ့စ်ဘွတ်သတင်းဆိုတော့ မှန်-မမှန်မသိပါ။

Infamous Postage Stamps မကောင်းသတင်းနဲ့ကျော်ကြားတဲ့ တံဆိပ်ခေါင်းများ
၁။ Elvis Puggy Portrait by Nancy Medina Postage Stamps $28.15
အဲလ်ဗစ် ပက်ဂီ ပုံတူ (ခွေးဘီလူး) တံဆိပ်ခေါင်း
၂။ Dirty Water Dog NYC Postage $25.15
ညစ်ညမ်းတဲ့ ဝါးတာဒေါ့စားစရာ တံဆိပ်ခေါင်း
၃။ Neapolitan Bananas Stamps $24.15
နပိုလီယန် ငှက်ပျောသီး တံဆိပ်ခေါင်း
၎။ Inverted Jenny U.S. Airmail stamp 24¢
မှောက်နေတဲ့သင်္ဘော ယူအက်စ် တံဆိပ်ခေါင်း

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅

Concise History ခေတ်သမိုင်း သံခိပ်

• ရှေ့နေချုပ်လာ၊ ဖွဲ့စည်းပုံရေးစမ်း။ သုံးချက်ပဲကွာ။
• ငါလုပ်ထားတာတွေကို နောက်ကြောင်းပြန်တရားစွဲမရဘူးဆိုတာ ထည့်ထား။
• ဒေါ်စုကို သမတလုပ်မရအောင် ကန့်ထား။
• အခုရေးတာကို ပြင်မရအောင် လုပ်လိုက်။
• အဲတာတွေကို ညောင်နှစ်ပင် ပို့လိုက်။

• မုန်တိုင်းကြီးလာမယ်တဲ့။ ငါ့အိမ်မပါရင်ထားလိုက်။ လုပ်စရာတွေရှိတယ်။
• နာဂစ်မှာ လူတွေအတော်သေနေပြီ။ နိုင်ငံတကာက ကူညီချင်နေပါတယ်။
• ဘယ်သူ့မှလက်မခံနဲ့။ အမေရိကန်ကိုရော။ အနားမကပ်စေနဲ့။
• တရုပ်မုန်တိုင်းမှာ သမတကိုယ်တိုင်သွားကူတယ်။ အမေရိကန်ကူတာလည်း လက်ခံတယ်။
• အမေရိကန်လည်း နည်းနည်းကူပါစေ။
• အိန္ဒိယကလည်းကူချင်သတဲ့။ ယူနီဖေါင်းဝတ်ဆရာဝန်သာလာပါစေ။
• ငါ ဧရာဝတီသွားမယ်။ လူတွေကို ငါ့ကိုရှိခိုးခိုင်း။

• ဆန္ဒခံယူပွဲသာ စီစဉ်ထားတဲ့အတိုင်းလုပ်။
• ၁ဝ-၅-၂ဝဝ၈ နေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ။
• မဲပေးသူပေါင်း = ၂၄,၇၆၄,၁၂၄
• ထောက်ခံမဲပေးသူ = ၉၃့၈၂%။

• မင်းက သမတလုပ်။ မင်းတို့က လွှတ်တော်ကိုအုပ်။ မင်းကပါတီမှာနေ။ မင်းကော်မရှင်။
• မင်းကို တပ်ချုပ်ထားမယ်။ ဟာ မင့်ကို မကြိုက်တော့ဘူး ဂျောင်း။ ဟိုနောက်တယောက်လုပ်၊ ဟုတ်လား။
• လိုအပ်ရင် ၅ နှစ်ပြန်ခေါ်ခွင့်ရှိတယ်လို့ထုတ်ထား။
• အေး ငါနားအုံးမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅

Tun Pale
• မဲဆန္ဒရှင် = 22,496,660
• ထောက်ခံမဲပေးသူ = 20,786,596
• ဆန္ဒမဲပေးခွင့်ရှိသူဦးရေ = 22,708,434
• ထောက်ခံသည့် ရာခိုင်နှုန်း = 92.48 ရာနှုန်းလို့တွေ့မိတယ်ဆရာ။

ကျွန်တော်လည်း တနေရာမှာတွေ့လို့ သိမ်းထားတာ။ အခုဟာလည်းဖြစ်နိုင်တယ်။

Flag robbery အလံတော်အမှု ဘယ်ကတုံးကစသလဲ

ASM: ကျောင်းသားတွေ အလံဖြုတ်ချတာ မှားတယ်။ ကြီးလေးတဲ့အပြစ်ပေးရမယ်။ အလားတူပဲ နိုင်ငံတော်အလံမှာ လက်မှတ်ထိုးခဲ့တဲ့ သမတကြီးနဲ့ ဦးတေဇတို့ပါ နိုင်ငံတော် ပုန်ကန်မှုနဲ့ အရေးယူပေးပါ။
DTS: တို့အလံကို ကော်ပီ-အင်-ပေ့စ် လုပ်တာကြတော့ကော။ ဟက် လုပ်တာလား၊
ASM: အဲဒါ အလံ့ တာ ဆရာရေ။
DTS: ဘုန်းကြီးတပါး တရားဟောသလိုဖြစ်မှာစိုးလို့ အဲလိုမပြောတာ။

ဓါတ်ပုံ = ၇-၁ဝ-၂ဝဝဝ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် ကျင်းပသော MPU ညီလာခံမှ ပြင်ဆင်ဖွဲ့စည်းသည့် NCGUB - ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးများအဖြစ် ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးမောင်မောင်အေး၊ ဦးမြဝင်း၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာစန်းအောင်၊ ဦးသာနိုးတို့ ညီလာခံ သဘာပတိ MPU ဥက္ကဋ္ဌ ဦးခွန်တယ်ဒီဘူးရီ ရှေ့မှောက်တွင် NCGUB အလံတော်ကိုင်လျှက် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅

My assignment in Myotha မြို့သာ






ကျွန်တော် မြို့သာမှာ တိုက်နယ်ဆရာဝန်အဖြစ် ၆ နှစ်တာ (၁၉၇၆-၈၂) တာဝန် ထမ်းဆောင်ရစဉ်မှာ ဆေးရုံ အဆောက်အဦသစ် ဆောက်နိုင်ခဲ့တယ်။

ဆေးရုံကော်မတီလူကြီးတွေနဲ့အတူ ထွန်စက်ပေါ်မှာ ခေါင်းမြီးခြုံနဲ့ ဆီးဖြူသီး လှိမ့်သလိုစီးရပြီး၊ တရွာဝင်တရွာထွက် အလှူခံထွက်ရတယ်။ မြို့သာ-ငါန်းဇွန်-ရွာသစ်ကြီး-မုံရွာအထိ ၃-၄ ခေါက်လာပြီး၊ မုံရွာ သလ္လာဝတီသစ်စက်က သစ်မာတွေ ဝယ်ခဲ့ရတယ်။ (မဆလ) ခေတ်မှာ ဘာပစ္စည်းမဆိုအလွန်ရှားတာ။ သူငယ်ချင်းရှိလို့ တော်သေးတယ်။

အခက်အခဲတွေလည်း အများကြီးရှိခဲ့တယ်။ ဆေးရုံဖွင့်ပွဲရောက်မှ ပါတီ-ကောင်စီကလူကြီးတွေ ဦးစီးတာကို ကျွန်တော်က သဘောမကျခဲ့ဘူး။ ဖွင့်ပွဲမှာသာလာကြတာလို့မြင်တယ်။ ကျွန်တော်ကလည်း ငယ်သေးတယ်။ တောင်းပန်ပါတယ်။

ဆေးရုံဆောက်ပြီးကာလေးမှာ လေပြင်းဒဏ်ကြောင့် ဆေးရုံသွပ်မိုးတွေလှန်ကုန်တယ်။ ခေါင်မိုးတစိတ်တပိုင်း
ပျက်တယ်။ အပျက်အစီးထဲမှာပဲ မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေး မျက်စိခွဲစိတ်ပေးတာတွေ လုပ်ခဲ့သေးတယ်။

အခုပဲ လက်ရှိမြို့သာဆေးရုံဆရာဝန် ဒေါက်တာငြိမ်းငြိမ်းအိကနေ ကျွန်တော့်သမီးဆီကို ဓါတ်ပုံတွေပို့ပေးလို့ အများကြီး ကျေးဇူးတင်ပါတယ်။ ဓါတ်ပုံထဲကလူကြီးတချို့ မရှိကြတော့ပါ။ တချို့လည်း ကျန်းမာရေး အတော်ခြူခြာနေကြပြီ။ မြို့သာကို အလွန်သတိရတယ်။ တနယ်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ဓါတ်ပုံ = ကျွန်တော်၊ ဦးချစ်မောင်၊ ဦးလှသောင်း၊ ဦးဆင်၊ ဦးဘလှိုင်။ ကျွန်တော့် ဂျစ်ကား ဂ/၂ဝ၆၅

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅

Taj Mahal တာ့ခ်ျမဟာ

Taj Mahal တာ့ခ်ျမဟာ ဆိုတာ ပါရှားနဲ့ အာရတ်မင်းဆက်ရဲ့ အထင်ရှားဆုံး ရှေးဟောင်းဗိသုကာလက်ရာ တခုဖြစ်တယ်။ အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်ထဲက Agra အာဂရာမှာ တည်ရှိပါတယ်။ Mughal မူဂေါလ် အင်ပါယာသခင် ဘုရင်ကြီး Shah Jahan ရှားဂျဟန်ကနေ သူ့ရဲ့ကွယ်လွန်သူ မိဖုရား Mumtaz Mahal မွန်မ်တာ့ဇ် မဟာ အတွက် အထိမ်းအမှတ်အနေနဲ့ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ The jewel of Muslim art မွတ်ဆလင် အနုပညာရဲ့ရတနာလို့ တင်စားကြပါတယ်။ UNESCO ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်လည်းဖြစ်ပါတယ်။ Islamic အစ္စလမ်၊ Persian ပါရှန်၊ Ottoman Turkish တူရကီ အော်တိုမန် နဲ့ အိန္ဒိယဗိသုကာလက်ရာတွေ ပေါင်းစပ်ထားတာဖြစ်တယ်။ ၁၆၃၂ ခုနှစ်မှာစတည်ပြီး ၁၆၅၃ မှာ ပြီးစီးခဲ့တယ်။

• ချစ်မေတ္တာလို့လည်း သရုပ်ဖေါ်တယ်။
• အသည်းကွဲတာလို့လည်း တင်စားကြတယ်။
• အနုပညာဗိသုကာလက်ရာလို့လည်း ချီးမွမ်းကြတယ်။
• တန်ခိုးအာဏာရဲ့သက်သေလို့လည်း ထောက်ပြကြတယ်။
• သက်ဦးဆံပိုင်စနစ်ရဲ့ပြရုပ်လို့လည်း ကဲ့ရဲ့ကြတယ်။
• ကမ္ဘာလှည့်ခရီးသွား စီးပွါးရေးလည်းဖြစ်တယ်။

မှတ်ချက်။ နောက်အစိုးရတွေက ထုံးသုတ်တာ၊ ရွှေချတာမလုပ်ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅

Facebook became inaccessible across much of the globe for a time on Tuesday

ဆိုရှယ်ကွန်ယက်တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ဟာ အင်္ဂါနေ့က တကမ္ဘာလုံးမှာ ကိုယ့်အကောင့်ထဲကိုဝင်ဖို့ ခဏတာ ပြတ်တောက်သွားခဲ့ပါတယ်။ တချို့နေရာတွေမှာ မိနစ် ၄ဝ လောက်ပြတ်တောက်ခဲ့ပါတယ်။ အခုပုံမှန်ဖြစ်သွားပါပြီ။ တချို့တိုင်းပြည်တွေမှာ ဓါတ်ပုံမျှဝေခြင်း Instagram app အက်ပ် လုပ်မရခဲ့ပါ။ ဖေ့စ်ဘွတ်ပညာရှင်တွေကတော့ ဟက်လုပ်ခံရတာမဟုတ်ဘူးလို့ဆိုပါတယ်။ ချိန်းတွေခြင်း အက်ပ် Dating app Tinder လဲပြတ်တောက်တာထဲမှာပါတယ်။
ဟက်ကာအုပ်စု Lizard Squad ကတော့ တွစ်တာကနေ သူတို့လက်ချက်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီအုပ်စုကို Sony's PlayStation Network နဲ့ Microsoft's Xbox Live gaming ဝန်ဆောင်မှုတွေမှာ အပြစ်တင်ခံရဘူးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၅

Liver Tonics အသည်းအားဆေး

၁။ ဆရာရှင့် Himalaya Liv. 25 ဆေးအကြောင်းသိချင်ပါတယ်ရှင့်။ C ပိုးအတွက်သောက်လို့ရပါသလားရှင်။ C ပိုးကြောင့် ဖြစ်လာမဲ့ effect တွေအတွက် သိချင်လို့ပါရှင့်။
၂။ ဆရာခင်ဗျား ပုံမှာပြထားသောဆေးသည် ကျွန်တော် ရန်ကုန်မှာ အသဲရောင်အသားဝါ ဘီ ဖြစ်စတုန်က ဆေးခန်း တစ်ခုကပေးလာပြီး မနက်တစ်လုံးညတစ်လုံး အစာစားပြီး သောက်ခိုင်းတယ်။ သောက်ပြီး နှလုံးခုန်အားတွေမြန်လာပြီး ကတုံကရင် စိတ်တွေခြောက်ခြားပြီး အိပ်မပျော်ပဲ ထထိုင်ရလောက်အောင်ဖြစ်ခဲ့တယ်။ အဲဒီဆေးသည် ကောင်းဆိုး ဘယ်လိုရှိပါသလဲဆရာ။ ဆေးကအိန္ဒိယထုတ်ပါ။ အသည်းရောဂါသမာတွေအတွက်ပေါ့။

အသည်းအားဆေးအမျိုးအစားပါ။ အမျိုးမျိုးလာတယ်။ သပ်ကွာမယ်မထင်ပါ။ အကျိုးရှိနိုင်ပါတယ်။ အသည်းရောဂါတွေ (ဥပမာ ဘီ၊ စီ) ကို ကုသတဲ့ဆေးတွေနဲ့ Life style လူနေမှုပုံစံပြုပြင်ဘို့က ပိုပြီးအရေးကြီးတာကိုတော့မမေ့ပါနဲ့။

အသည်းရောဂါတွေက များလာ၊ များတာတွေထဲမှာ ဆိုးတာတွေလဲပါ၊ အရက်သေစာကလဲ မလျှော့ကြတဲ့ပြင် မိန်းကလေးတွေပါ သောက်လာနေကြတယ်။ အရက်မသောက်လဲဖြစ်တဲ့ အသည်းရောဂါတွေလဲရှိတယ်။ လိင်လမ်းနဲ့ သွေးကနေကူးစက်တဲ့ အသည်းရောင်ပိုးတွေက အင်မတန်ဆိုးလှတယ်။ ဒါကြောင့် ဘယ်ကနေဖြစ်ဖြစ် ဖြစ်လာသမျှဟာ အသည်းမှာ နောက်ဆုံးဘူတာ ဆိုက်ပါတယ်။ အသည်းရောင်တာတွေ၊ အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာ၊ အသည်းအလုပ်ကောင်းကောင်းမလုပ်နိုင်တာ၊ အသည်းနာတာရှည်ရောင်တာနဲ့ နောက်ဆုံးအသည်းကင်ဆာအထိ ဖြစ်တယ်။

စိုးရိမ်သူတွေက အသည်းအားဆေးဆိုတာကို အားထားချင်လာကြတယ်။ အသည်းကို ကောင်းစေတဲ့ ဆေးတွေ၊ နည်တွေဆိုရာ ရေးကြပါတယ်။ တချို့ဆိုရင် စနစ်တကျ ရေးထားကြတယ်။ ရောင်းအားလဲ ကောင်းလှပါတယ်။

Liver Tonics အသည်းအားဆေးတွေဆိုတဲ့ ဟာဘယ်နဲ့ အာယုဗေဒဆေးတွေကတော့ အများကြီးရှိပါတယ်။
• Amaladi as Ayurvedic Liver Tonic
• Ayuliv Liver Tonic
• Gayaliv Herbal Liver Tonic
• Hepamits Syrup
• Herbal Capsules for Liver Disorders
• Jaundice Syrup
• Livatone Plus
• Liv.52
• Liver Care Ayurvedic Medicine
• Liver Syrups
• Liver Tonic
• Liver Tonic - Liv 333
• Liver Tonic - V-Liv Syrup
• Milk Thistle 150mg - 40 Softgels
• Multi Vitamin Liver Tonic
• Pharmaceutical Syrup
• Sylimarin Liver Tonic
• Unani Syrup for Liver
• Veliv Syrup
• V-Liv Syrup For Liver Care

• အသည်းအလုပ်တွေကို အားပေးတဲ့ ဆေးမဟုတ်တဲ့နည်းလမ်းတွေထဲမှာ အစားအသောက်က အရင်လာပါတယ်။ သကြားဓါတ် မသင့်ပါ။ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်သွားရည်စာတွေ မသင့်ပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေ သင့်ပါတယ်။
• Amino acids အမိုင်နိုအက်စစ်တွေလိုတယ်။
• Antioxidants အင်တီအောက်ဆီဒင့်ဆေးသင့်တယ်။
• Vitamin C ဗီတာမင် (စီ) ကောင်းပါတယ်။
• Vitamin E ဗီတာမင် (အီး) လဲ ညွှန်းကြတယ်။
• Carotenoids ကာရိုတင်နွိုက်လဲ ညွှန်းကြတယ်။
• ဗီတာမင် (ဘီ) အုပ်စုကတော့ ကောင်းပါတယ်။ (Vitamin B1), (Vitamin B2), (Vitamin B3), (Vitamin B5), (Vitamin B6), (Vitamin B 12), (Vitamin B 9), Biotin နဲ့ Inositol တွေပါတယ်။
• Lecithin နဲ့ Zinc သွပ်ဓါတ်တွေလဲ လိုမယ်။
• Green tea ရေနွေးကြမ်းကိုလဲ ဆေးအဖြစ်ညွှန်းတာလဲရှိပါတယ်။

တကယ်တန်းပြောရရင် အသည်းအားဆေးတွေကို အားကိုးထိုက်တယ်လို့ မပြောနိုင်ပါ။ ဆောရီး။ အသည်းမှာ တခုခုဖြစ်လာရင် အရက်ကတော့ လုံးဝဖြတ်ရပါမယ်။ အသည်းရောဂါမဖြစ်အောင်ရှောင်ပါ။ ဖြစ်လာရင်လဲ စနစ်တကျ ဆေးစစ်၊ ဆေးကုသပါ။

အသည်းရောင် (အေ) ဖြစ်ရင် ဆေးရယ်လို့မရှိပါ။ အနားယူရတာနဲ့ ရေ + အရည် (အရက်မပါ) များများသောက်ရတာဘဲ လုပ်ရတယ်။ ဝါတာတော်တော်နဲ့မကျရင် Drip သွင်းရတယ်။ အဲလိုလူတွေကို အသည်းအားဆေးဆိုတာကို ပေးနေကြသဘောပေးတယ်။ အရက်သောက်လို့ရတဲ့ အသည်းဒဏ်ထိတာကိုတော့ ဘယ်ဆေးကမှ မနိုင်ပါ။ အိတ်ပေါက်နဲ့ ဖါးကောက်သလိုနေမယ်။ ကိုယ့်အိတ်ကို မဖေါက်ကြပါနဲ့။

ဒေါက်တာတင့်ဆွေ

Monday, January 26, 2015

Shield ဒိုင်း

• ဒိုင်းတွေနဲ့၊ လက်နက်တွေနဲ့၊
• လက်နက်မဲ့တွေကို စောင့်နေသတဲ့။ (စန်းစန်းတင်)

အဲလိုဆိုရင်ဗျာ -
• ဒိုင်းတွေနဲ့ကာသူတွေက ဒိုင်းကနည်းပစ်၊ ဒိုင်းသွားမှဖြင့်။

အဲလိုဆိုရင်ဗျာ -
• ၅၉ (စ) နဲ့ကာသူတွေကို၊ ၄၃၆ နဲ့ပစ်၊ ၂ဝဝ၈ ကြီး ဒိုင်းသွားမှဖြင့်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၅

Long walking and health ခရီးရှည်လမ်းလျှောက်သူတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးအခြေအနေများ

ဆေးစာတွေထဲမှာတော့ လမ်းလျှောက်ခြင်းအကျိုး အမျိုးမျိုးသာ ရှိတယ်။ မြန်မာပြည်က လူနာတွေအတွက်သာ ဒီစာကို ရေးရပါတယ်။

ဖြစ်နိုင်တာတွေ -
1. Angle sprain ခြေပွတ်တိုင်လည်ခြင်း၊
2. Blister အပူဖူးပေါက်ခြင်း၊
3. Cramps ကြွက်တက်ခြင်း၊
4. Dehydration ရေ + ဆားဓါတ်ခမ်းခြောက်ခြင်း၊
5. Fainting ရုတ်တရက် မူးဝေမေ့လဲခြင်း၊
6. Foreign body ဆူး၊ သံချွန်၊ မှန်ကွဲစူးခြင်း၊
7. Hypoglycemia သကြားဓါတ်ခမ်းခြောက်ခြင်း၊
8. Joint pain အဆစ်နာခြင်း၊
9. Muscle Pain ကြွက်ာသားနာခြင်း၊
10. Swelling ခြေထောက်ရောင်ခြင်း၊

ဖြစ်လာရင် ဘာလုပ်မလဲ -
• နေပူရင် အပူဒဏ်တွေခံရနိုင်တယ်။ မိုးရွာရင် မိုးကြောင့်ဖြစ်လာမှာတွေ ရှိတယ်။ ဆောင်းရာသီမှာ အအေးဒဏ် ခံရမယ်။ အဝတ်အစားကို ရာသီရာတုနဲ့ သင့်တင့်မျှတတာကို ဝတ်ဆင်ပါ။ ဖိနပ် အနေတော်တာစီးပါ။
• အနာ-အကိုက်သက်သာဆေးတွေဆာင်ထားပါ။ ဥပမ Paracetamol, Ibuprofen ဆေးပြား။ ဒီဆေးမျိုးကို အစာတခုခုနဲ့သောက်ပါ။ တနေ့မှာ ၂-၃-၄ ကြိမ်အထိသောက်နိုင်တယ်။
• ကြွက်တက်တာမဖြစ်ရအောင် ကယ်လ်စီယမ်ဆေးပြား တနေ့တပြားသောက်ပါ။ လိုအပ်ရင် ကယ်လ်စီယမ် ထိုးဆေးထိုးပါ။
• ORS ဓါတ်ဆားရည်သောက်ပါ။ ရေသောက်မနည်းပါစေနဲ့။
• အစားအသောက်ကို ဆန်းပြားတာတွေ မစားပါနဲ့။ အစာအဝလွန်အောင်မစားပါနဲ့။
• ခြေထောက်ရောင်တာ သက်သာအောင် နားနေချိန်မှာ ခြေထောက်ကိုမြှင့်ထားပေးပါ။
• ခြေထောက်မှာ အပူဖူးပေါက်ရင် ရှေးဦးသူနာပြုလုပ်ပေးပါ။ ပိုးသန့်ဆေးရည်လိမ်းပါ။ ပိတ်တီးစည်းပေးပါ။ ATT မေးခိုင်ကာကွယ်ဆေးထိုးထားပါ။ အပူဖူးကို ဖေါက်မပြစ်ပါနဲ့။ ပေါက်သွားရင် ဆေးထည့်ပါ။
• သကြားဓါတ်နည်းရင် သကြားရည်တိုက်ပါ။ သကြားပါသွားရည်စာစားစေပါ။
• ရုတ်တရက်မူးလဲတာဖြစ်ရင် ကြမ်းပေါ် (လမ်းပေါ်) မှာ လှဲချပါ။ လေသန့်ရစေပါ။ အားပေးပါ။ သတိရ-မရ စစ်ဆေးပါ။ သတိမရတာ မကြာပါ။ သတိကောင်းလာရင် ဓါတ်ဆားရေ၊ အချိုရည်တိုက်ပါ။ သက်သာလာရင် လှဲနေရာကနေ ထိုင်၊ ထိုင်ရာကနေ ရပ်၊ နောက်မှ တဆင့်ခြင်း လမ်းလျှောက်စေပါ။
• CPR ခေါ် အသက်ရှူတာ + နှလုံးခုန်တာပြန်လည်ပြုစုနည်း လိုသူကိုလုပ်ပေးပါ။
• ဆီး-ဝမ်းသွားချိန်ပါစေ။ စားချိန်-နားချိန်-အိပ်ချိန် မှန်ပါစေ။ စိတ်ဓါတ်ခွန်အား မွေးပါလေ။

Deep vein thrombosis သွေးပြန်ကြောပိတ်ခြင်း
အသက်ကြီးသူတွေမှာသာ အဖြစ်များတယ်။ ဒီရောဂါမဖြစ်အောင် အကြာကြီးမရပ်ရသလို၊ အိပ်ရာထဲမှာလဲ ရက်အကြာကြီး လှဲမနေရဘူး။ အိပ်ရာက မထနိုင်သူများ ခြေထောက်တွေ လေ့ကျင့်ခန်းလုပ်ပေးရတယ်။ ဝလွန်းရင်လဲ ဒီရောဂါ ဖြစ်နိုင်တယ်။ တောင်ပေါ်အမြင့်မှာ နေရ၊ သွားရရင် သတိထားရတယ်။ လူက ဖက်တီး၊ အသက်ကလည်းကြီးရင် ခရီးမထွက်နဲ့။ ရေ-အရည် အများကြီးသောက်ပါ။ အရည်ထဲမှာ အရက်နဲ့ ကော်ဖီများတာ မပါဘူး။ အဝတ်အစားကို ကြပ်နေတာမျိုး မဝတ်ရဘူး။

Fainting မူးမေ့ခြင်း
လူကောင်းပကတိကနေ ရုတ်တရက်မူးပြီး သတိမေ့တာဟာ Shock ပါဘဲ။ (ရှော့ခ်) တွေက အမျိုးအစားများတယ်။ နှလုံးနဲ့ သွေးကြောတွေက လိုသလောက်အလုပ်မလုပ်နိုင်တာကနေဖြစ်တယ်။ လူ့ကိုယ်က အရေးပါတဲ့အင်္ဂါတွေတွက် မရှိမဖြစ်တဲ့ အောက်စီဂျင် မလုံလောက်လို့ ဖြစ်လာစေတယ်။ အသက်ဆုံးပါးတဲ့အထိ ဖြစ်နိုင်တယ်။

စိုးရိမ်စိတ်တွေဖြစ်လာ၊ ဂနာမငြိမ်ဖြစ်လာ၊ မူးလဲမယ်။ ပျို့ချင်-အန်ချင်လာမယ်။ ရေငတ်လာမယ်။ မျက်စိကဝေဝါး၊ သူငယ်အိမ် ကျယ်လာမယ်။ အသက်ရှူတာ တိမ်-မြန်-မမှန်ဖြစ်မယ်၊ အရေပြား အေးလာ၊ ဖြူရော်လာ၊ စိုထိုင်းလာမယ်၊ လက်ကောက်ဝတ် သွေးခုန်တာ မြန်မယ်၊ စမ်းမရဖြစ်မယ်။

• Hypovolemic Shock သွေးထုထည် နည်းလို့ဖြစ်တဲ့ (ရှော့ခ်)၊ ထိခိုက်ဒဏ်ရာရလို့ အတွင်းထဲဖြစ်ဖြစ် အပြင်ကို ဖြစ်ဖြစ် သွေးယိုထွက်တာ၊ မီးလောင်လို့ အရည်တွေ ခမ်းခြောက်တာ၊ အန်လို့-ဝမ်းလျှောလို့ ရေနဲ့ ဓါတ်ဆားတွေ နည်းတာကြောင့် ဖြစ်တယ်။

• Neurogenic Shock အာရုံကြောကြောင့်ဖြစ်တဲ့ (ရှော့ခ်)၊ သွေးကြောတွေ ပုံမှန်မဟုတ် ဖေါင်းလာလို့ သွေးတွေ လိုရာမရောက် ဖြစ်လာမယ်။ (အော်တိုနောမစ်) အာရုံကြောစနစ်ကို သက်ရောက်လို့ ဖြစ်တယ်။ သွေးဖိအား ကျမယ်၊ တခါတလေ နှလုံးခုန် နှေးတတ်တယ်။ ဦးနှောက်ကို သွေးပြန်ရောက်ရင် ပြန်ကောင်းမယ်။ ဦးနှောက် ထိခိုက်တာ၊ ခါးဆစ်ရိုးထဲက အာရုံကြောစနစ် ထိခိုက်တာတွေ ကြောင့်လဲ ဖြစ်တယ်။ အတွင်း အင်္ဂါတွေကို ထိခိုက်လာမယ်။

Psychogenic Shock စိတ်ကြောင့် ဖြစ်တဲ့ (ရှော့ခ်)၊ ကြောက်စိတ်များ၊ အပျော်လွန်၊ ဒေါသကြီး၊ ပူပန်မှုလွန်ကဲရာကနေ ဖြစ်တယ်။ သွေးကြောတွေ ကျယ်လာတယ်။ ဦးနှောက်ကို သွေးအရောက်နည်းတယ်။ သွေးဖိအားကျမယ်၊ အရေပြား အေးစက်နေမယ်။ ချွေးပြန်မယ်။ နှလုံးခုန်မြန်မယ်။ သတိတဝက်တပျက်မရတာနဲ့ လုံးဝသတိမရတာဖြစ်မယ်။

Anaphylactic Shock (အနာဖလက်တစ်-ရှော့ခ်)၊ မတည့်တာနဲ့ ထိတွေ့ရာကနေဖြစ်တယ်။ ယားယံလာမယ်၊ အနီပိန့်တွေထွက်မယ်၊ အသက်ရှူခက်လာမယ်၊ ဆီးသွားချင်-ဝမ်းသွားချင်ဖြစ်လာမယ်။ ပူလောင်လာသလို ခံစားရမယ်၊ အသံပျောက်မယ်။ ဆေး၊ အဆိပ်၊ အင်းဆက်၊ အမှုံအမွှား၊ အစားအသောက်၊ စတာတွေကနေ ဖြစ်စေတယ်။

Shock ဖြစ်ပြီဆိုရင် ရုတ်တရက် ချက်ချင်းဖြစ်တာမို့ ရှေးဦးသူနာပြု လုပ်ဘို့ အလွန့်အလွန် အရေးကြီးပါတယ်။ အသက်ကို ကယ်နိုင်တယ်။ ဆရာဝန်တွေ၊ ဆေးရုံတွေဆီ ရောက်မှဆိုရင် နောက်ကျတတ်တယ်။ ပြုစုမဲ့သူက တည်ငြိမ်ရမယ်။ တတ်ထားရမယ်။

အသက်ရှူလမ်းစစ်ရ၊ ပြင်ရမယ်။ ပိတ်ဆို့နေတာ မရှိစေနဲ့။ လည်ပင်းဆန့်၊ မေးကိုပင့်ပါ။ သွေးယိုတဲ့နေရာကို သွေးမထွက်အောင်လုပ်ပါ။ ဖိထားပေးပါ။ မြှင့်ထားပေးပါ။ ပတ္တီး-ကြိုးနဲ့ စည်းထားပေးပါ။ Artery forceps သွေးကြောညှပ် ရှိရင်-လိုရင် သုံးပါ။ ခြေထောက်ပိုင်းကို ခေါင်းအထက်မှာ မြှင့်ထားပါ။ အန်နေရင် ခေါင်းတဖက် စောင်းထားပါ။ ခေါင်း-လည်ပင်း ကျိုးရင်-ကျိုးတယ် ထင်ရင် ပက်လက်အနေအထားမှာသာ ထားပါ။ အရိုးကျိုးရင် အမာတခုခုနဲ့ ကြပ်စည်းပါ။ ဆွဲမဆန့်ပါနဲ့။ သက်တောင့်သက်သာ နေပါစေ။ အေးနေရင် စောင်စတာနဲ့ နွေးအောင် ခြုံပေးပါ။ စို-အေး နေတာတွေ ဖယ်ရှားပါ။ သဘာဝမဟုတ်တဲ့ အနွေးပေးတာမျိုး မသုံးပါနဲ့။ လူနာကို စိတ်ငြိမ်အောင် အားပေးနှစ်သိမ့်ပါ။ သူ့အနာဒဏ်ရာကို မမြင်စေပါနဲ့။ အန်နေလျှင်၊ အဆိပ်စတာ မသေခြာလျှင် ပါးစပ်က ဘာမှမတိုက်ပါနဲ့။ အာခေါင်ခြောက်-ရေဆာရင် နှုတ်ခမ်းကိုသာ ရေဆွတ်ပေးပါ။ ဆေးပညာတတ်ကျွမ်းသူ အကူအညီခေါ်ပါ။

If the hill will not come to Mahomet, Mahomet will go to the hill (Francis Bacon)
တောင်ကုန်းက မိုဟာမက်ဆီကိုမလာရင်တော့ တောင်ကုန်းဆီကို မိုဟာမက်သွားရမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၅

Burma is Facebook ဖေ့စ်ဘွတ်နဲ့တူတဲ့တိုင်းပြည်

• ဖေ့စ်ဘွတ်မှာ တယောက်ကနေ နောက်တယောက်ကို ဘလော့ခ်လုပ်ကြရတတ်တယ်။ ကျွန်တော်လည်းပါတယ်။
• မှတ်မှတ်ရရ ၄၃၆ တုံးကတခါ။ နောက်ဂဏန်းသုံးလုံးဟာလည်း အခန့်တခုဖြစ်ခဲ့ပါတယ်။
• အခုထပ်တိုးကတော့ ဆဲရေးတိုင်းထွာတာ။
• FB will be gradually polarized ဖေ့စ်ဘွတ်ဟာ ကြာလေကြာလေ တဖက်သပ်ဖြစ်လာလေတဲ့။ တူသူတွေသာ စုနေကြတော့တယ်။
• The owner and those blocked become poles apart ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်နဲ့ ဘလော့ခ်လုပ်လိုက်သူတွေဟာ ကြာတော့ ဝန်ရိုးစွန်းတွေလို ဝေးကွာသွားကြတယ်တဲ့။
• အဲလိုဖြစ်တာ ကောင်းလည်းကောင်း၊ မကောင်းလည်းမကောင်းပါ။ မရင့်ကျက်သေးတဲ့အသိုင်းအဝိုင်းမှာ မတူတာတွေတွဲနေဘို့ အလွန်မတန်ခက်ခဲတယ်။
• ဗမာပြည်နဲ့ ဖေ့စ်ဘွတ်ဟာ ဒီနေရာမှာ အတူတူဖြစ်နေတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၅

One-man show တယောက်အားနဲ့တားသော်ရ၏

၂ဝ၁၅ ရွေးကောက်ပွဲကို သည်အတိုင်းသာကျင်းပမယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကိုလဲ တပြားသားမှမလျှော့၊ အပြောင်းအလဲ ဆိုတာလဲ တပဲသားထက်မပိုသေး၊ ဒီတော့ အာဏာဆက်လက် ဆုပ်ကိုင်ထားနေခြင်းကို တရွေးသားထက်ပေါ့မဲ့ပုံမရှိပါ။

ကြိုတင်မဲတွေ၊ ဖယောင်းသုတ်ချင်တာတွေ မလုပ်တော့ဘူးလို့ အာမခံမှာပါပဲ။ တရားမျှတပါမယ်လို့ အရင်ကလိုပဲ ထပ်ပြောပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဥပဒေက ထူးပြီးကောင်းလာတာမရှိ၊ ကော်မရှင်ဥက္ကဋ္ဌလည်း အပြောင်းအလဲမရှိပါ။ ဒီလိုထိပ်ဆုံးကနေရာတွေမှာ အပြောင်းအလဲမရှိတဲ့သဘောဟာ အစုံလိုက် တဆင်စာလုပ်ထားတဲ့ပုံစံ ဖြစ်နေတယ်။ လာမဲ့ကာလအတွက် နောက်တဆင်စာအစုံကိုလဲ ပန်းတိမ်အပ်ထားပြီးပုံရတယ်။

အမတ်နေရာ ၇၅% ကိုသာ မဲပေးကြရမဲ့သူတွေအတွက် မျော်လင့်ချက်တွေနည်းစေပါတယ်။ ဒို့ရွေးနိုင်တာက သမတလဲမဟုတ်၊ ဝန်ကြီးတွေလဲမဟုတ်၊ ယိုင်နဲ့နေတဲ့ တရားရေးမဏ္ဍိုင်ထဲက တရားသူကြီးတွေလဲမဟုတ်၊ ဒါကြောင့် ဥပဒေပြုရေးလုပ်ခွင့်ရကြမဲ့ အမတ်တွေကိုတော့ တို့ကြိုက်တာပေးကြမယ်လို့ အားသွန်ခွန်စိုက်ရှိလာနိုင်လို့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ နင်လားငါလား အဖြေရစရာအကြောင်းရှိနိုင်ပါတယ်။

လူထုကမရွေးသူတွေအရေအတွက် အပြောင်းအလဲမရှိသေးလို့ လွှတ်တော်အသံက လူထုကိုရောင်ပြန်မဟပ်သေးတာက ဆက်ပြီးမဟပ်ပဲရှိနေပါမယ်။ ပြီးခဲ့တဲ့ ၃-၄ နှစ်ကိုကြည့်ရင် အသံသာရှိအဆံဆိုတာ ကျည်ဆံသာဖြစ်ပါတယ်။

သူများတိုင်းပြည်တွေမှာ ဖွဲ့စည်းပုံကနေ သမတလုပ်ခွင့်ကို ကန့်သတ်ထားတဲ့အခါ ဆက်လုပ်ချင်သေးတဲ့သမတက အဲဒီဖွဲ့စည်းပုံကို မရရအောင်ပြင်ကြတယ်။ ၁၉၉၅ တုံးက အာဂျင်တီးနာမှာလုပ်ခဲ့တယ်။ ရုရှားသမတ ဗလာဒီမာ ပူတင် ကတော့ တကိုယ်တော်သမား။ သူ့အတွက်ပဲသူကြည့်တဲလူ။ မြန်မာပြည်မှက အုပ်စုလိုက်။ သူ့အုပ်စုအတွက်သူ ကြည့်ကြတယ်။ နောက်လူတက်မလာအောင် ပြင်မဖြစ်အောင်ပိတ်ထားကြတယ်။

သမ္မတက ဖွဲ့စည်းပုံကို လွှတ်တော်ကသာပြင်နိုင်လို့ သမ္မတရော ကာချုပ်တို့မှာပါ ဘာမှလုပ်ပိုင်ခွင့်မရှိဘူးတဲ့။ သမတက စာအုပ်ကြီးအတိုင်းပြောနေတာပါ။ စာအုပ်ကြီးကိုရေးခဲ့တဲ့ရည်ရွယ်ချက် မရိုးသားတာကို မသိချင်ယောင်ဆောင်ထားတယ်။ ကာချုပ်ဟာ ၂၅% ကိုကိုင်ထားသူဖြစ်လို့ ကာချုပ်မှာ ၄ ပုံ ၁ ပုံတာဝန်ရှိတယ်။ အမှန်က ၂၅% သာမကပါ။ ဗီတိုအာဏာကို ထုတ်သုံးလိုက်ပါပြီ။

နိုင်ငံရေးနည်းနဲ့ဖြေရှင်းမရတာမျိုးကို စစ်ရေးနည်းနဲ့ဖြရှင်းရတတ်လို့ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်မှုကဏ္ဍမှာ ဆက်နေသင့်တယ်လို့ ပြောတယ်။ ကနေ့ကမ္ဘာမှာ သူများနိုင်ငံတွေဆီ တခုပြီးတခု စစ်သွားတိုက်နေတဲ့ အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံမှာ စစ်တပ်ဟာ ဖွဲ့စည်းပုံအရကို သူ့နေရာမှန်မှာသာရှိပါတယ်။ မြန်မာ့တပ်မတော်ကတော့ ကိုယ့်နိုင်ငံထဲက နိုင်ငံရေးပြဿနာမှန်သမျှကို စစ်ရေးနည်း၊ စစ်ရေးအမြင်နဲ့သာ ဖြေရှင်းနေခဲ့တာ နှစ်ပေါင်း ၅၂ နှစ်ရှိနေပြီ။ ဘယ်ဟာတွေအောင်မြင်ခဲ့ပါသလဲ။ ပြည်တွင်းစစ်လဲ မရှင်းနိုင်ခဲ့ပါ။ တိုင်းပြည်တိုးတက်လာပါသလား။ စစ်တပ်ပါတာ နည်းနည်းလျှော့တော့ နည်းနည်းကောင်းလာသလိုရှိလာတာ မဟုတ်လား။

ကနေ့အခင်းအကျင်းတွေဟာ စစ်အစိုးရကနေ အကွက်ချထားတဲ့ ပုံစံသာဖြစ်တယ်။ လူတွေက ဒေါ်စု သမ္မတဖြစ်ရဘို့ ပြင်ချင်နေကြတာမဟုတ်ပါ။ အဲလိုဖြစ်ချင်သူတွေလဲ အများကြီးရှိတာတော့ မငြင်းပါ။ နိုင်ငံရေးအသိ ရှိသူတွေကတော့ အဲလိုအကွက်ချစီစဉ်ထားမှုကို ဖျက်ချင်ပြင်ချင်ကြာတာဖြစ်တယ်။ ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံဆိုတာ လူထုကနေ အကွက်ချရတာဖြစ်ရပါတယ်။

သမ္မတကပဲပြောပါတယ်။ လွှတ်တော်နဲ့ ပြည်သူလူထုက အရေးအကြီးဆုံးပဲတဲ့ဗျာ။ ဖွဲ့စည်းပုံပြင်ပါလို့ လက်မှတ်ပေါင်း ၅ သန်းကျော် ထိုးထားတယ်။ ငါးသန်းအားနဲ့ယူသော်မရ ဆိုရိုးစကားသစ်ပေါ်လာပြီပေါ့ဗျာ။ တယောက်အားနဲ့ တားသော်ရ၏လို့ပါ ဆက်ပြောရတော့မယ်။ ဘယ်တယောက်လဲ။ ကာချုပ်က မဟုတ်ပါဘူးငြင်းရင်တော့ ကာချုပ်အထက်ကလူ ဖြစ်မယ်ပေါ့။ သေချာတာတော့အုပ်စုတခု။ စစ်တပ်မဟုတ်ရင် စစ်ထွက်အုပ်စု။

One-man show ဆိုတာ တကိုယ်တော် Solo ဖျော်ဖြေတာပါ။ Comedian လူရွှင်တော်က အသုံးတော်ခံတာမျိုး မြန်မာ့နိုင်ငံရေးမှာတော့ Villain လူကြမ်းကဇာတ်လိုက်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၅

Unknown Soldiers အညတရ နိုင်ငံကြီးသားများအလိုရှိသည်

• ပြောဘို့အကွက်သာလိုက်ရှာနေသူတွေတော့ ပြောကြတယ်။ NLD မပါဘူး၊ ဟိုအဖွဲ့ငြိမ်နေတယ်။ သည်အဖွဲ့က နေရာဝင်ယူတယ်။
• အရွယ်နဲ့ တာဝန်မတူရင် ကိုယ့်နေရာအမှန်ကို ရွေးတတ်ရတယ်။
• ကျောင်းသားတွေပွဲမှာ လူကြီးတွေက ကိုယ်တိုင်ဝင်ပါဘို့ မသင့်တတ်ပါ။ ဒါပေမဲ့ တာဝန်မရှိဘူးမဟုတ်ပါ။
• လူကြီးတွေက ကိုယ်နဲ့အသင့်ဆုံး လုပ်ပေးနိုင်တဲ့နည်းနာကို ရွေးလုပ်နိုင်ပါတယ်။
• အပြော၊ အဟော၊ အရေးနဲ့ အဝေးကနေကူညီနိုင်ကြတယ်။
• အကူအညီတွေ လှမ်းပို့ပေးနိုင်တယ်။ မေတ္တာပို့နိုင်ကြပါတယ်။
• ကျောင်းသားတွေကို ဖြိုခွဲမဲ့လူကြီးဆိုသူတွေကို စည်းရုံး၊ ဖျောင်ဖျ၊ နားချတာမျိုး လုပ်နိုင်ရင်လုပ်ပါ။
• လူသိခံစရာ လိုချင်မှလိုမယ်။ အမည်မဖေါ်စေတနာရှင်တွေ၊ သတင်းမှာမပါတဲ့ အကျိုးဆောင်သူတွေဟာ အညတရစစ်သည်တွေလိုပဲ အလေးပြု၊ သာဓုခေါ်ခံထိုက်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၅
Photo: The Tomb of the Unknown Soldier at the Arc de Triomphe in Paris, France

Sperm count သုက်ပိုးများစေနည်း

Sperm count သုက်ပိုးနည်းစေတဲ့ အကြောင်းရင်းတွေကတော့ Infected semen စိုစွပ်စေတဲ့အရည် ပိုးဝင်ခြင်း၊ အတွင်းခံဘောင်းဘီ တင်းကြပ်ခြင်း၊ အထိုင်များခြင်း၊ ပူလွန်းသည့်ရေချိုးခြင်း၊ အဝလွန်ခြင်း၊ သုက်ရည်ထွက်သည့်အကြိမ် များလွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်များခြင်း၊ စိတ်-ကိုယ် ပင်ပန်းလွန်းခြင်း၊ Zinc deficiency သွပ်ဓါတ်နည်းခြင်း၊ ဆီးကျိတ်ပိုးဝင်ခြင်း၊ မွေးရာပါ လိင်ပိုင်းအင်္ဂါ ချို့ယွင်းခြင်း၊ ကျားဟော်မုန်းသုံးခြင်း။ Varicocele ရောဂါ ရှိရင် ခွဲစိတ်ကုသပါ။

သုက်ပိုးများစေနည်း (၁ဝ) နည်း
1. လိင်ဆက်ဆံတာ နဲ့ (မာစတာဘေးရှင်း) အကြိမ် မများလွန်းစေရ၊
2. ဆေးလိပ်၊ အရက်ဖြတ်ပါ၊
3. ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ၊
4. အဆီနည်းတဲ့ အာဟာရ ပြည့်ဝသည့် အစားအစာများ စားပါ၊
5. ကျားအင်္ဂါနေရာ အပူမများစေရ၊ အတွင်းခံ မတင်းကြပ်စေရ၊ ခြည်ထည်ကိုသာ ဝတ်ဆင်ပါ၊
6. ကိုယ်အလေးချိန် များနေရင် လျှော့ချပါ၊
7. ကိုယ်-စိတ် ပင်ပန်းမှုတွေ ပြုပြင်ပါ၊
8. ရိုးရာ-အဆီနဲ့ အနှိပ်ခံပါ၊
9. ဗီတာမင်၊ ဓါတ်ဆားတွေ သုံးစွဲပါ၊
10. ဆက်ဆံတဲ့အချိန်ဟာ နံနက် နဲ့ နေ့ပိုင်း ပိုဖြစ်သင့်တယ်။

အမျိုးသမီးတိုင်း အရွယ်ရောက်ချိန်ကနေ သွေးဆုံးချိန်အထိ လစဉ် ရာသီလာတယ်။ သားအိမ် အတွင်းဆုံးအလွှာက ပါးရာကနေ ထူထူလာတယ်။ ကိုယ်ဝန် မဆောင်ရင် လအကုန်မှာ အထူဆုံး အဆင့်ကနေ ပျက်စီးပြီး ရာသီသွေးအဖြစ် ဆင်းလာတယ်။ လအလည်ရက်တိတိမှာ မျိုးဥအိမ်ကနေ မျိုးဥ ထွက်တယ်။ တကယ်လို့ ကျားသုက်ပိုး ဝင်လာချိန်ဖြစ်ရင် သူတို့နှစ်ခု တခုကနေ တခုဆီကူးပြီး၊ ပူးပေါင်းတယ်။ မွေးလမ်းက ဝင်လာတဲ့ ကျားသုက်ပိုးက သားအိမ်အဝကနေ သားအိမ်ထဲ၊ ဆက်ပြီး သားအိမ်ပြွန်ထဲ ကူးသန်း ဝင်ရောက်လာတယ်။ မမျိုးဥကလည်း မျိုးဥအိမ်ကထွက် သားအိမ်ပြွန်ထဲ ဝင်လာ၊ ပြွန်တနေရာမှာ သွားဆုံကြတယ်။ ဆုံရာကနေ ပေါင်းစပ်ပြီး၊ နှစ်ကိုယ့်တစိတ်ဖြစ်၊ သားအိမ်ထဲ ပြန်ဆင်းလာ၊ အကောင်းဆုံး တနေရာမှာ မြှုတ်ပြီး၊ ခိုအောင်းလိုက်ရင် ကိုယ်ဝန်ဖြစ်ပြီ။ တချို့မှာ ရာသီသာ ဆင်းပေမဲ့ မျိုးဥထွက်ချင်မှ ထွက်တယ်။ မျိုးဥက သားအိမ်ထဲ ရောက်တာ၊ မရောက်တာနဲ့ ရာသီနဲ့ မဆိုင်ပါ။ ကျားသုက်ပိုးသာ ဝင်မလာရင် မမျိုးဥက မျိုးဥအိမ်ထဲဖြစ်ဖြစ်၊ အနီးအနားဖြစ်ဖြစ်၊ ဗိုက်ခေါင်းထဲဖြစ်ဖြစ်၊ တနေရာရာမှာ သက်တမ်းကုန်ရင် ပျက်စီးသွားတယ်။

ပုံမှန် ယောက်ျား-သုက်ရည်ဟာ အဖြူနဲ့ မီးခိုးရောင်စပ်ကြားမှာ ရှိတယ်။ တခါတလေ နဲနဲဝါတယ်။ ပန်းရောင်ရှိတယ်။ အနီရောင် ဖြစ်နေရင် သွေးပါနေလို့ပါ။ ကျားအင်္ဂါကနေ ထွက်တာနဲ့ သုက်ရည်က ခဲလာတော့ ပြစ်ချွဲလာတယ်။ ၅ မိနစ် ကနေ နာရီဝက်မှာ ပြန်ပြီး အရည်ဖြစ်တယ်။ အဲလိုမဖြစ်ရင် ကလေးရနိုင်စွမ်းကို ထိခိုက်စေတယ်။ ပျမ်းမျှဆိုရင် တခါသုက် ထွက်တာက ၂-၅ စီစီ (မီလီ-လီတာ) ရှိတယ်။ သုက်မလွှတ်တာ ကြာရင် များပြီး၊ ခဏခဏ ထွက်ရရင် နည်းမယ်။ ရောဂါ မဟုတ်ပါ။

ကမ္ဘာ့ ကျန်းမာရေအဖွဲ့ WHO သတ်မှတ်ချက်ကတော့ -
• သုက်ရည် တခါထုတ်တာဟာ အနည်းဆုံး ၂ စီစီ ထုထည်ရှိရတယ်၊
• ၁ စီစီ သုက်ရည်ထဲမှာ Spermatozoa သုက်ပိုးကောင်ရေ သန်း ၂ဝ ပါရတယ်၊
• တခါထုတ်တာမှာ အနည်းဆုံး သုက်ပိုး သန်း ၄ဝ ရှိရမယ်၊
• သုက်ပိုး ၇၅% ရှင်နေတာ ပုံမှန်ဖြစ်ရတယ်၊
• သုက်ပိုး အနည်းဆုံး ၃ဝ% က ပုံမှန် Morphology ပုံသဏ္ဌာန်ရှိနေတာ ပုံမှန်ဖြစ်ရတယ်၊
• သုက်ပိုး အနည်းဆုံး ၂၅% က Motility အလျင်အမြန် ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။
• သုက်ပိုး အနည်းဆုံး ၅ဝ% က ရှေ့ဖက်ဆီကို နှေးချင်နှေးပါစေ ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။

Semen analysis သုက်ပိုး အရေအတွက်နဲ့ အရည်အသွေးကို စမ်းသပ်တာဟာ ကလေး ရနိုင်စွမ်းအတွက် လုပ်တာပါ။ ဒါ ကောင်းနေယုံနဲ့တော့လဲ အသေအခြာ ကလေးရမှာဘဲလို့ မပြောနိုင်သေးပါ။ အထက်က ရေးထားတာတွေအပြင် White blood cells သွေးဖြူဥ၊ Fructose သကြားဓါတ်၊ pH အက်စစ်ဓါတ်၊ Liquefaction time အရည်ပျော်ချိန်တွေကိုပါ စစ်ဆေးတယ်။ တခါထဲနဲ့ မမှန်နိုင်ဘူး။ ၂ ခါ ၃ ခါ၊ ၂ ပါတ်၊ ၃ ပါတ် ခြားပြီး ထပ်စမ်းရတယ်။

သုက်ရည်ရဲ့ အရည်အသွေးကို သက်ရောက်စေတဲ့ အချက်တွေ အများကြီးရှိတယ်။
• တကယ် လိင်ဆက်ဆံလို့ ထွက်တဲ့သုက်က မာစတာဘေးရှင်း လုပ်လို့ ထွက်တာထက် သုက်ပိုးအရေအတွက် ၁၅% ပိုများတယ်။ လှုတ်ရှားမှု နဲ့ ပုံသဏ္ဌာန်ပါ နဲနဲပိုတယ်။ ထုထည်က ၂၅-၄၅% ပိုတယ်။
• သုက်ရည်ဟာ အပူချိန် သိပ်မခံနိုင်ဘူး။ ပူရင်၊ နွေရောက်ရင် နဲတယ်။
• Depo-Provera, Adjudin, Gossypol ဆေးတွေက ယောက်ျားတွေကို မြုံစေတယ်။
• (SSRI) စိတ်ကျဆေးတွေနဲ့ Marijuana ဆေးခြောက်ကလဲ မကောင်းစေဘူး။
• Penicillin and Tetracycline ပိုးသေဆေးတွေကလဲ နည်းစေတယ်။
• Anabolic steroids Hormones ဟော်မုန်းဆေးတွေသုံးရင် အစွမ်းနည်းစေတယ်။
• ကော်ဖီနဲ့ အရက်ကလဲ နည်းစေတယ်။
• Cola ကိုလာအသောက်များတာလဲ အဲလိုဘဲ။
• Soy ပဲပုတ် များတာလဲ အတူတူဘဲ။
• Zinc သွပ်ဓါတ် နည်းရင် နည်းစေတယ်။
• မနက်ခင်း ထွက်တဲ့သုက်ထက် နောက်ပိုင်းထွက်တာက ကလေးရနိုင်စွမ်း ပိုတယ်။ (ကွဲလွဲချက်ကို သတိထားမိပါလိမ့်မယ်။ သုတေသနတခုက မနက်ခင်း ဆက်ဆံတာကို ပိုအမှတ်ပေးထားတယ်။)
• လိင်ဆက်ဆံနေတဲ့အချိန် ကြာရင် ကလေးရနိုင်စွမ်း ပိုတယ်။
• အသက်၊ ၆ဝ ကျော်လဲ ကလေးရနိုင်သေးတယ်။

ကိုယ့်အထင် တခုထဲနဲ့တော့ သုက်အရည်အသွေး၊ အရေအတွက် မကောင်းဘူလို့ သောက မများပါနဲ့။ လူအများတကာ့ အများစုဟာ ပုံမှန်တွေချည်းပါ။ (မာစတာဘေးရှင်း) လုပ်လို့ မစိုးရိမ်ပါနဲ့။ မြန်မာ့အာဟာရ ဓါတ်စာတွေမှာ သုက်ပွါးစာတွေ ရှိတယ်။

Dr. တင့်ဆွေ

Semen Analysis သုက်ရည်ရဲ့ အရည်အသွေး

ဆရာ ကျွန်တော်ဆရာဆီကိုစာရေးခဲ့တာ ၅ လတောင်ရှိသွားပြီ။ ကလေးမရနိုင်သေးချင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ရှိနေတုံးပါပဲ။ ဘာဆေးဝါးမှလည်း မသုံးဖြစ်ပါဘူး။ ဆေးခန်းလည်းပြကြည့်ပြီး ဓာတ်ခွဲခန်းမှာ သုက်ကောင် အရေအတွက်လည်း စစ်ကြည့်ချင်တယ်။ အဲဒီလိုစစ်ကြည့်မယ်ဆိုရင် ဆောင်ရန် ရှောင်ရန်လေးတွေ ဘာတွေ ပြုလုပ်သွားရမလဲဆရာ။ ကျွန်တော်မှာ သုက်ကောင်တွေမရှိလို့ ကလေးမရနိုင်တာလားလို့ တခါတလေ တွေးမိတယ်။ ကျွန်တော်မသိတာလေးကိုပြောပြစေဆရာ။ သုတ်ကောင်ရေနည်းနေတယ်ဆိုရင် များအောင်လုပ်လိုပ်လို့ ရလားဆရာ။ တကယ်လို့သာ လုံးလုံးမရှိဘူးဆိုရင် ကျွန်တော်တို့ဘဝတွေ ဆုံးပြီလားဆရာ။ ကျေးဇူးပြုပြီးပြောပြပေးပါဆရာ။

Semen Analysis ဆိုတာ ယောက်ျားမှာ ကလေးရစေနိုင်တယ်ဆိုတာ သေခြာစေဘို့ အရေးပါတဲ့ စမ်းသပ်နည်းတခု ဖြစ်တယ်။ စမ်းနည်းက ဈေးမကြီးဘူး။ နေရာ အတော်များများမှာ စမ်းရင်ရပေမဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု သိပ်လိုတယ်။ မဟုတ်ရင် အဖြေ ထုတ်တာ မမှန်မကန် ဖြစ်နိုင်တယ်။ ဒီစမ်းသပ်နည်းကို အထူးပြုတဲ့ Andrology laboratory ဓါတ်ခွဲခန်းမျိုးက စိတ်ချရတယ်။ CASA (Computer assisted semen analysis) နည်းကို သုံးနိုင်ရင် ပိုတိကျမယ်။

သုက်ရည်ကို မျက်စိနဲ့ကြည့်လို့ ကောင်း-မကောင်းမသိနိုင်ပါ။ ပျစ်နေမှ ကောင်းမယ်ဆိုတာ မမှန်ပါ။ ကျဲနေတိုင်း မစိုးရိမ်ပါနဲ့။ လူ့ကိုယ်ထဲကနေ ထုတ်ပြီး လတ်လတ် ဆတ်ဆတ် နာရီဝက် အတွင်းရတဲ့ သုက်ရည်ကို စမ်းတာ ကောင်းတယ်။ ပြီးတော့လဲ ဒီရက်မတိုင်ခင်က ၃-၄ ရက် လိင်ဆက်ဆံမှု မပြုဘို့ လိုသေးတယ်။ ဓါတ်ခွဲခန်းကနေပေးတဲ့ ခွက်သန့်ထဲကိုသာ သုက်ရည် ထုတ်ရ-ထည့်ရမယ်။ တချို့ ယောက်ျားတွေ စမ်းသပ်ဘို့ သုက်ထုတ်ပါဆိုရင် အတော်ခက်နေတတ်တယ်။ လွယ်အောင် ဘယ်လိုလုပ်ပါ ဆိုတာတွေ မရေးတော့ပါ။ သုက်ရည်ကို သာမန် အခန်းတွင်း အပူချိန်မှာသာထားပါ။ ရေခဲသေတ္တာထဲ မထားပါနဲ့။ ချက်ချင်း ထုတ်ပေးတာကို စမ်းမဲ့သူက ချက်ချင်း မစမ်းရသေးဘူး။ နာရီဝက် စောင့်ရတယ်။ သုက်ရည် အရေပျော်အောင် စောင့်တာပါ။

Volume သုက်ထုတ်ပမာဏ၊
နည်းတာ ကိစ္စမရှိပါ။ သုက်-ထုတည် နည်းတဲ့ ရောဂါဆိုတာ ရှားပါတယ်။ 2 to 6 ml ရှိရင် ပုံမှန်ဖြစ်တယ်။ သိပ်များတာလဲ စမ်းသပ်တဲ့အခါ မကောင်းပြန်ပါ။

Viscosity အစေး-အပျစ်၊
အစမှာ ပျစ်နေမယ်။ နာရီဝက်အနေမှာ ကျဲလာမယ်။ ဒါမှ အထဲက သုက်ပိုးတွေ ကောင်းကောင်း လှုတ်းရှာတာကို စမ်းနိုင်တယ်။ အရည် ဖြစ်မလာရင် စမ်းလို့ မကောင်းပါ။ သုက်ထုတ်ပေးတဲ့ Seminal vesicles နဲ့ Prostate မှာ ရောဂါပိုး ဝင်နေရင် အဲလို ဖြစ်တတ်တယ်။

pH အက်စစ်ဓါတ်၊
ပုံမှန်က Alkaline ဖြစ်တယ်။ ဆိုလိုတာက အက်စစ်လို မနေဘူး။ အမျိုးသမီးများ ဗဂျိုင်းနားက အက်စစ်ဓါတ် ရှိတယ်။ Seminal vesicle အလုပ်လုပ်တာ မမှန်ရင် သုက်ရည် အက်စစ်လိုနေပြီး၊ ထုထည်နည်းမယ်။ နောက်ပြီး Fructose သကြားဓါတ်လဲ မရှိတာ တွေ့ရမယ်။ ဒီ (ဖရပ်တို့စ်) သကြားဓါတ်ရှိလို့သာ သုက်ပိုးတွေမှာ လှုတ်ရှားနိုင်ဘို့ Energy အားရစေတယ်။ ဒီဓါတ် မရှိဘူးဆိုတာ Ejaculatory duct သုက်ထွက်ပြွန်မှာ တခုခု ဖြစ်နေလို့ပါ။

Microscopic examination အနုကြည့် မှန်ဘီလူးနဲ့ စစ်ဆေးခြင်း၊
အရေးကြီးတယ်။ သုက်ပိုးတွေဟာ ဖါးလောင်းလေးတွေလို အငန်းမရ လှုတ်ရှားနေကြတယ်။ သုက်ပိုးတိုင်းမှာ ခေါင်းရှိရတယ်။ Head ခေါင်းထဲက Nucleus (နူကလီးယပ်စ်) မှာ Genetic material မျိုးဗီဇဆိုတာ ရှိနေတယ်။ Tail အမြီးပိုင်းကနေ ခေါင်းကို ရှေ့တွန်း ပို့ပေးနေတယ်။ Mid-piece အလည်ပိုင်းမှာ Mitochondria ဆိုတာရှိတယ်။ လှုတ်ရှားစေဘို့ အားကိုဖြစ်စေတယ်။

Sperm count သုက်ပိုး အရေအတွက်၊
20 million sperm per ml ထက်နည်းရင် မကောင်းပါ။ WHO 2010 အဆိုအရ 15 million per ml ကျော်ရင် အကောင်းလို့ သတ်မှတ်လိုက်တယ်။ 10 million ထက်နည်းရင် အလွန် နည်းတယ်။ Oligospermia လို့ ခေါ်တယ်။ သုက်ပိုး လုံးဝမရှိတာကို Azoospermic ခေါ်တယ်။ မျက်စိနဲ့ကြည့်တုံးက အကောင်းလို့ မြင်ရ-ထင်ရပေမဲ့၊ မှန်ဘီးလူးနဲ့ကြမှ သိရတာ ဖြစ်တယ်။ Vasectomy ကျား အကြော ဖြတ်ထားသူကို စစ်ရင် Azoospermic သုက်ပိုး ရှာမတွေ့ရင် ဒါမှမဟုတ် 100,000 per ml ထက်နည်းရင် ခွဲစိတ်တာ အောင်မြင်တယ်။

Sperm motility သုက်ပိုး လှုတ်ရှားမှု၊
Motility လှုတ်ရှားမှုကို စစ်တော့ 8 million per ml ကျော်ရင် WebMD က နော်မယ်လ် လို့ သတ်မှတ်တယ်။ 60% ကောင်းနေတာကို ဆိုလိုတယ်။ WHO ကတော့ 50% သတ်မှတ်တယ်။ သုက်ပိုးအရေအတွက်ထက် လှုတ်ရှားမှုက ပိုအရေးပါတယ်။ သုက်ပိုးတွေမှာ လှုတ်ရှားနေတာတွေနဲ့ ငြိမ်နေတာတွေ ဆိုပြီး ၂ မျိုး ရှိတယ်။ ရေကူးတတ်သူနဲ့ မကူးတတ်သူတွေ သဘော ဖြစ်တယ်။ လှုတ်ပြန်တော့လဲ ရှေ့ဆီ မြန်မြန် သွားတတ်တဲ့ အကောင်တွေကသာ မ-မျိုးဥဆီ အရောက်သွားနိုင်တယ်။

WHO အဆိုအရ အဆင့်သတ်မှတ်မှု = Grade A အကောင်းဆုံး၊ ရှေ့ကို တန်းတန်းမတ်မတ် သွားနိုင်တယ်။ Grade B ရှေ့တော့ရှေ့ဘဲ ကွေ့ကွေ့ ကောက်ကောက် သွားတယ်။ Grade C အမြီးပိုင်းက လှုတ်နေပေမဲ့ ရှေ့မရောက်ဘူး။ Grade D လှုတ်ကို မလှုတ်ဘူး။ C နဲ့ D တွေကို အညံ့စားတွေလို့ သတ်မှတ်တယ်။ မလှုတ်တာ ဘာလို့လဲ။ Testis ကျားအစိကနေ အညံ့စားတွေသာ ထုတ်ပေးနေလို့ဘဲ။

Sperm shape သုက်ပိုး ပုံသဏ္ဌာန်၊
Form ဒါမှမဟုတ် Morphology ခေါ်တယ်။ Oval head ခေါင်းက ဘဲဥပုံ၊ Mid-piece အလည်ပိုင်းနဲ့ A long straight tail အမြီးက ရှည်ပြီး ဖြောင့်နေတယ်။ Round heads ခေါင်းလုံးတာ၊ Pin heads ခေါင်းသေးငယ်တာ၊ Very large heads ခေါင်းသိပ်ကြီးနေတာ၊ Double heads ခေါင်းနှစ်လုံးရှိနေတာ၊ Absent tails အမြီးမပါတာတွေ မကောင်းပါ။ Kruger strict criteria အရ Perfect (ပါဖက်) ဖြစ်နေတာကိုမှ (နော်မယ်လ်) သတ်မှတ်တယ်။ ပုံမှန်သုက်ဆိုတာ Normal forms 15% ရှိရတယ်။ အားတက်ဘို့ ကောင်းတာက ၈၅% မကောင်းတာလဲ လက်သင့်ခံတယ်လို့ ဆိုလိုတယ်။

Sperm clumping or agglutination သုက်ခဲနေခြင်း၊
မှန်ဘီလူးနဲ့ကြည့်ရင် သုက်ပိုးတွေ အချင်းချင်း တွယ်ကပ်နေကြတာကို ပြောတာပါ။ မကောင်းပါ။

Pus cells ပြည် (ဆဲလ်) တွေ ရှိ-မရှိ၊
သွေးဖြူဥတွေ နဲနဲပါနေတာ (နော်မယ်လ်) ပါ။ များနေရင် Infection ပိုးဝင်နေလို့။

Sperm Analysis သုက်ရည်စစ်ဆေးတာနဲ့ Fertility ကလေးရနိုင်တာ၊
• Normal sperm report ရရင် နောက်ထပ်လဲ စစ်မနေနဲ့တော့ ယောက်ျားဖြစ်သူလဲ စစ်ဆေးနေဘို့ မလိုတော့ဘူး။
• Sperm test က မကောင်းဘူးဆိုရင် ၃-၆ လအတွင်းမှာ ၃-၄ ခါ ထပ်စစ်ရမယ်။
• Azoospermia သုက်ရည်ထဲမှာ သုက်ပိုး မရှိသူ ကလေးမရသေးတဲ့ ဖခင်တွေထဲမှာ ၁ဝ% ရှိတယ်။
• Hypogonadotropic hypogonadism ဖြစ်နေရင် Testis ကနေ သုက် မထုတ်နိုင်ဘူး။ Testes တွေကောင်းနေပမဲ့ Hormonal stimulation ဟော်မုန်း အလုပ်မကောင်းရင်လဲ မရပြန်ဘူး။ ဒီ နှစ်မျိုးက ကောင်းနေပေမဲ့ Ductal obstruction ပြွန်ပိတ်နေရင်လဲ ကလေးမရ ဖြစ်စေမယ်။
• Azoospermia ဆိုရင် ထပ်စစ်ရမယ်။ Centrifuge လုပ်ပြီး စစ်မယ်။ ၁-၂ နာရီခြားပြီး သုက် ၂ ခါထုတ်ပေးဘို့ လိုနိုင်တယ်။ စာတပုဒ်ရေးထားပါတယ်။
• FSH သွေးထဲက ဟော်မုန်း စစ်ရနိုင်တယ်။ Obstruction ပိတ်နေတာလား၊ Testicular failure အစိကလား သိချင်လို့။ FSH level များနေရင် Testicular failure ဖြစ်မယ်။ ပုံမှန်ဆိုရင် Testis biopsy လုပ်ရအုံးမယ်။ စာတပုဒ်ရေးထားပါတယ်။
• သုက်ရည်စစ်လို့ ကောင်းတယ်ဆိုတိုင်း ကလေးရမယ် အတိအကျ ပြောမရဘူး။ အဲလိုလူ ၃ဝ% လောက်မှာ Sperm function အလုပ်လုပ်တာ မကောင်းတာ တွေ့ရတယ်။ Poor semen analysis ထွက်လာပေမဲ့ ကလေး ရသူတွေ ရှိတယ်။

Normal semen ပုံမှန် သုက်ရည်ဆိုတာ -
• White or grey အဖြူကနေ မီးခိုးရောင်ရှိတယ်။ တခါတလေ Yellowish ဝါတာလဲ ပုံမှန်ဘဲ။ Pink or red ပန်းရောင်-အနီရောင် ဖြစ်နေရင် သွေးပါလို့ဖြစ်မယ်။ စာတပုဒ်ရေးထားပါတယ်။
• Semen (စီမင်) ဟာ ကျားဆီးထွက်ပြွန်ဝကနေ ထွက်လာပြီးနောက်မှာ ချက်ချင်း ခဲသွားရတယ်။ Sticky, jelly-like liquid စေးကပ်-ကျိခွဲနေမယ်။
• Liquefy again ၅-၄ဝ မိနစ်ကြာရင် တခါပြန်အရည်ဖြစ်လာမယ်။
• Jelly-like globules (ဂျယ်လီ) လို အစိုင်အခဲလေးတွေ ဖြစ်နေတာလဲ ရောဂါမဟုတ်ပါ။ နဲနဲ ဝါချင်လဲ ဝါနေနိုင်တယ်။
• Health or Fertility problem မခဲနိုင်တာနဲ့ ပြန်အရည်မဖြစ်နိုင်တာဆိုရင် ကလေးမရစေတဲ့ပြဿနာ ဖြစ်နိုင်တယ်။
• သုက်ပိုးကောင်ရေ 40 million sperm per ml ရှိမယ်၊ အဲဒီထဲမှာ 40% က ရှေ့ဘက်ကို တန်းတန်းမတ်မတ် သွားနေမယ်၊ 60% က ပုံသဏ္ဌာန် မှန်မယ် ဆိုရင် 40 X 0.40 X 0.60 = 9.6 million sperm per ml အကောင်းဖြစ်မယ်။ တကယ်လို့ သုက်ထုထည်က 3 ml ရှိရင်၊ 9.6 X 3 = 28.8 million sperm ကောင်းတယ်လို့ ဆိုလိုနေတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက် ၂ဝ၁ဝ အရ ပုံမှန်ဆိုတာ ဒီလို အရည်အသွေးတွေ ရှိရမယ်။
• Sperm count = 15 million sperm per ml ထက်များရင် ပုံမှန်၊ အရင်က ၂ဝ သတ်မှတ်ထားခဲ့တယ်။ ယေဘုယျအရေအတွက်က 20 - 40 million ရှိတယ်။ Total sperm count စုစုပေါင်း အရေအတွက် တကြိမ်ထုတ်ရင် 39 million per ejaculate ကနေစပြီး နည်းတယ် ပျမ်းမျှ 255 million sperm ရှိသင့်တယ်။
• Motility လှုပ်ရှားနိုင်စွမ်း = ၆ဝ မိနစ်အတွင်းစစ်ဆေးရင် Live spermatozoa သက်ရှိ 60% ရှိရမယ်။ အနည်းဆုံး ၂၅%ဟာ ရှေ့ကို မြန်မြန်သွက်သွက် ကူးသွားနိုင်ရမယ်။ အနည်းဆုံး ၅ဝ%ဟာ နှေးချင်နှေးပါစေ ရှေ့ကို ကူးသွားနိုင်စွမ်း ရှိရမယ်။ အနည်းဆုံး 50% ဟာ Forward progression ရှေ့ကို ဦးတည်သွားလာနိုင်စွမ်း ရှိရမယ်။ အနည်းဆုံး 25% ဟာ သုက်လွှတ်ပြီးနောက် မိနစ် ၆ဝ အတွင်းမှာ Rapid progression သွက်သွက်လက်လက် ရှေ့ဘက်ဆီ လှုတ်ရှားနိုင်ရမယ်။ လူတယောက်မှာ အရေအတွက် 20 million sperm cells per ml ထက်နည်းနေပေမဲ့ လှုပ်ရှားမှုမှာ 60% ထက်များနေရင် ကောင်းတဲ့အခြေအနေ ဖြစ်တယ်။
• Morphology ပုံပန်းသဏ္ဌာန် = >30% ရှိသင့်တယ်။ 4% ထက်ပိုပြီးကောင်းနေရင် ကလေးရနိုင်တယ်။
• Volume ထုထည် = Ejaculation သုက်တခါလွှတ်ရင် 1.0 mL ကနေ 6.5 mL အထိရှိကြတယ်။ 2 mL ထက် မနည်းသင့်ဘူး။ 1.5ml သာရှိရင် Hypospermia နဲ့ 5.5ml ထက် များတာ Hperspermia ပုံမှန်မဟုတ်ပါ။ ဒါပေမဲ့ သုက်လွှတ်တဲ့အကြိမ် ဆက်နေရင် ထုထည်နည်းနိုင်ပြီး၊ မလွှတ်တာ သိပ်ကြာနေရင်လဲ များနိုင်တယ်။
• Fructose level ဖရပ်တို့စ်ပါဝင်မှု = WebMD အလိုအရ 3 mg/mL အနည်းဆုံးရှိရမယ်။
• pH (ပီအိတ်ခ်ျ) WHO အလိုအရ 7.2-7.8 ရှိရမယ်။ (ပီအိတ်ခ်ျ) နည်းရင် (အက်စစ်များရင်) Seminal vesicles ပိတ်နေတာဖြစ်နိုင်ပြီး အက်စစ်ဓါတ်နည်းလွန်းရင် ပိုးဝင်တာဖြစ်နိုင်တယ်။
• Liquefaction အရည်ဖြစ်မှု = 20 min ထက်စောပြီး အရည်ဖြစ်လာသင့်တယ်။ 60 min အထိ ပုံမှန်လို့ သတ်မှတ်တယ်။
• Sperm concentration သုက်ပိုး အနည်းဆုံး 20x106 spermatozoa/ml နဲ့ တခါသုက်လွှတ်ရင် အနည်းဆုံး 40x106 spermatozoa/ml ရှိရမယ်။
• WBC သွေးဖြူဥ = < 1x106/ML
• MOT ဆိုတာ လှုပ်ရှားမှုအားကောင်းတဲ့ သုက်ပိုးအရေတွက် ဘယ်လောက်ပါသလဲကို တွက်ချက်တာ ဖြစ်တယ်။ (Sperm count + Motility) တွဲထားတာဖြစ်တယ်။ Grade a = >25 micrometer per 5 sek. at room temperature နဲ့ Grade b = >25 micrometer per 25 sek. at room temperature  ရှိမယ်။ ဒီတွက်ချက်မှုမျိုးက အတုလုပ်ပြီး ကလေးရအောင်လုပ်ရာမှာသာ သုံးပါတယ်။

ဒေါက်တာတင့်ဆွေ

Semen question သုက်ရည် မေးခွန်း



ကျွန်တော် သုတ်လွတ်တိုင်း သုတ်ရည်ထဲမှာ အဝါရောင် အခဲအရှည်လေးတွေ ပါလာတယ်။ သုတ်လွတ်တဲ့ အကြိမ်ရေ များရင်တော့ အနည်းငယ်သာ ပါလေ့ရှိတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကဖြစ်နေတာပါ။ နိုင်ငံခြားထွက်ဖို့ ဆေးစစ်တော့လည်း ဘာပိုးမှမရှိပါဘူး၊ ဖျားတာနာ မရှိပါဘူး။ ဆီးလည်းကောင်းပါတယ်။ ကျန်းမာရေးကလည်း ကောင်းပါတယ်။ အသက်က ၂၇ နှစ်ပါ။ ဒီကစ္စနဲ့ ပက်သက်လို့ စိတ်အနှောက်အရှက် ဖြစ်နေပါတယ်၊ အကြံပေးပါဦး။
White or grey အဖြူကနေ မီးခိုးရောင်ရှိတယ်။ တခါတလေ Yellowish ဝါတာလဲ ပုံမှန်ဘဲ။ Pink or red ပန်းရောင်-အနီရောင် ဖြစ်နေရင် သွေးပါလို့ဖြစ်မယ်။
Semen (စီမင်) ဟာ ကျားဆီးထွက်ပြွန်ဝကနေ ထွက်လာပြီးနောက်မှာ ချက်ချင်း ခဲသွားရတယ်။ Sticky, jelly-like liquid စေးကပ်-ကျိခွဲနေမယ်။
Liquefy again ၅-၄ဝ မိနစ်ကြာရင် တခါပြန်အရည်ဖြစ်လာမယ်။
Jelly-like globules (ဂျယ်လီ) လို အစိုင်အခဲလေးတွေ ဖြစ်နေတာလဲ ရောဂါမဟုတ်ပါ။ နဲနဲ ဝါချင်လဲ ဝါနေနိုင်တယ်။
Health or Fertility problem ကျန်းမာရေးပြဿနာလဲ မဟုတ်ဘူး။ ကလေးမရစေမဲ့ပြဿနာလဲ မဟုတ်ဘူး။ မခဲနိုင်တာနဲ့ ပြန်အရည်မဖြစ်နိုင်တာဆိုရင် ကလေးမရစေတဲ့ပြဿနာဖြစ်နိုင်တယ်။
Ejaculation သုက်တခါလွှတ်ရင် ပျမ်းမျှ ထုထည် 2 to 5ml ရှိမယ်။
- 1.5ml သာရှိရင် Hypospermia နဲ့
- 5.5ml ထက် များတာ Hperspermia ပုံမှန်မဟုတ်ဘူး။
- ဒါပေမဲ့ သုက်လွှတ်တဲ့အကြိမ် ဆက်နေရင် ထုထည်နည်းနိုင်ပြီး၊ မလွှတ်တာ သိပ်ကြာနေရင်လဲ များနိုင်တယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ပုံမှန်ဆိုတာ ဒီလို အရည်အသွေးတွေ ရှိရမယ်။ Normal sperm count ပုံမှန်-သုက်ရည်-အရေအတွက်ကို ပြောတာဖြစ်တယ်။
- Spermatozoa သုက်ကောင်ရေ 20 million per ml အနည်းဆုံး ရှိရမယ်။
- Semen ထုထည် 2ml အနည်းဆုံး ရှိရမယ်။
- သုက်တခါလွှတ်ရင် Spermatozoa 40 million အနည်းဆုံး ပါနေရမယ်။
- Alive spermatozoa ၇၅% အနည်းဆုံး ရှင်သန်နေရမယ်။
- Spermatozoa ဟာ အနည်းဆုံး ၃ဝ% Normal shape and form ပုံပန်းသဏ္ဌာန် မှန်ရမယ်။
- Spermatozoa ဟာ အနည်းဆုံး ၂၅%ဟာ ရှေ့ကို မြန်မြန်သွက်သွက် ကူးသွားနိုင်ရမယ်။
- Spermatozoa ဟာ အနည်းဆုံး ၅ဝ%ဟာ နှေးချင်နှေးပါစေ ရှေ့ကို ကူးသွားနိုင်စွမ်း ရှိရမယ်။

ဒီအရည်အချင်း၊ အချက်အလက်တွေကလွဲတာကို သုက်-ကျန်းမာရေးပြဿနာလို့ မသတ်မှတ်ပါ။

Dr. တင့်ဆွေ