မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Saturday, February 28, 2015

Chinese tourists have the money, but not the manners

တရုပ်ခရီးသွားများ ပိုက်ဆံသာရှိပြီး ရိုင်းစိုင်းကြသည်

ပိုက်ဆံချမ်းသာကြသူတွေ တရုပ်ပြည်မကြီးကနေ တိုင်းတပါးကိုခရီးလှည့်လည်ရာမှာ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်လွန်းတယ်ဆိုတဲ့ နာမည်ပျက်မှုကို လူတိုင်းကပြောနေကြပါပြီ။

တရုပ်ကမ္ဘာလှည့်ခရီးသည်တွေကို ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့ကိုရောက်တော့ အဝေးပြေးလမ်းမ ခရီးတဝက်မှာ အလေးအပေါ့သွာဘို့ ဆင်းကြတယ်။ စကားပြန် လင်ဒါလီက ရေအိမ်သာသုံးခ €0.7 (HK$6.62) ပေးရမယ်လို့ ရှင်းပြရတယ်။ ဘတ်စ်ကားပေါ်မှာ တရုပ်တွေ တယောက်တခွန်းပြောကြပါလေရော။ ဟောင်ကောင်မှာဆို ပိုက်ဆံပေးရတဲ့အိမ်သာသုံးရင် 0.5 yuan (HK$0.63) ပဲပေးရတယ်လို့။ တရုပ်ခရီးသွားအများစု အဲတာဆို အဲဒါကို သုံးမနေတော့ဘူး လမ်းဘေးသွားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ လီက ခေါင်းခါပါသေးတယ်။ ဒါပေမဲ့ ကျကျနန ဝတ်ထားတဲ့ တရုပ်အမျိုးသားကြီးတဦးလည်း လမ်းဘေးမှာပဲ သေးပေါက်တာတွေ့လိုက်ရလို့ စကားပြန်မှာ ပိုပြီး အံသြရပါတော့တယ်။ နောက် ၇ နှစ်နေတော့ လီကပြန်တာမှာ အဲဒီ €0.7 မပေးချင်တဲ့တရုပ်ကြီးက အဲဒီခရီးမှာ ယူရိုထောင်နဲ့ချီပြီးသုံးခဲ့တယ်၊ Vacheron Constantin လက်ပတ်နာရီဝယ်သွားတယ်တဲ့။

တရုပ်တွေဟာ ငွေတွေအထပ်လိုက်သာမက အိမ်ရှင်နိုင်ငံတွေဆီကို ပြဿနာတွေ တလှေကြီးပါသယ်လာတယ်လို့ ပြောစမှတ်ဖြစ်လာနေပါတယ်။ ဧည့်တရုပ်တွေဟာ ချွေတာဘို့တော့သိကြပြီး၊ ယဉ်ကျေးမှုတော့ မသိကြဘူး။ သူတို့ သွားလေရာမှာ စိတ်ပျက်ကြရတယ်။ ပျက်စီးမှုတွေဖြစ်ရတယ်။ တချို့ဆိုရင် တရုပ်တွေလာမယ်ဆိုတာနဲ့ လက်မခံချင် ဖြစ်လာကြတယ်။

ပြီးခဲ့တဲ့ နိုဝင်္ဘာအထိ ဒီနှစ်တွင်းမှာ တရုပ်ပြည်မကြီးက တိုးရစ် သန်း ၁ဝဝ ကျော်ထွက်ကြတယ်။ China National
Tourism Administration တရုပ်ခရီးသွားလုပ်ငန်အသင်းအဆိုအရ ဒါဟာစံချိန်ဖြစ်တယ်။ မနှစ်က ၉၈့၂ သန်း နိုင်ငံခြား ထွက်ကြတယ်။ ဟောင်ကောင်၊ မကာအိုကို ၈၅့၎ သန်း သွားကြတယ်။ ဥရောပကို ၃့၎ သန်း ဒုတိယ အများဆုံး သွားကြတယ်။ အာဖရိကကို ၂့၇ သန်းသွားကြတယ်။

တရုပ်တွေဟာ ၂ဝ၁၃ ကတည်းက အမေရိကန်နဲ့ ဂျာမန်တွေခရီးသွားနိုင်တဲ့အဆင့်နေရာကို ဝင်ယူနိုင်လာကြပြီ။ နိုင်ငံတကာခရီးစဉ်တွေအတွက် US$128.6 billion သုံးခဲ့တယ်။ အမေရိကန်တွေက US$104.7 billion နဲ့ ဂျာမန်တွေက US$91.4 billion သုံးနိုင်ကြတယ်။

တရုပ်တွေလာတာ ရုပ်ဆိုးတာသာမက ဆုံးရှုံးမှုတွေပါကြုံရတယ်။ မနှစ်က ၁၅ နှစ်သားတရုပ်ကလေးက နှစ်ပေါင်း ၃၅ဝဝ သက်တမ်းရှိတဲ့ အီဂျစ်ရှေးဟောင်ရုပ်တုတခုရဲ့ မျက်နှာမှာ ဂရက်ဖတီရုပ်ဆွဲသွားလို့ ပျက်စီးစေခဲ့တယ်။ ဟောင်ကောင် လမ်းပေါ်မှာ အခင်းကြီးစွန်တဲ့အဖြစ်အပျက်ကြောင့် ကျယ်ကျယ်လောင်လောင် ဆန္ဒပြတဲ့အထိဖြစ်လာတယ်။

သတင်းခေါင်းကြီးတွေမှာ ဒီသတင်းမျိုး မကြာမကြာဖတ်ရနိုင်တယ်။ ဒီလထဲမှာ တရုပ်ခရီးသည် ၄ ယောက်ကနေ ခေါက်ဆွဲနဲ့ ရေနွေးပူတွေကို ထိုင်းလေယာဉ်မယ်ပေါ်လောင်းခဲ့တယ်။ သူတို့မကျေနပ်ကြတာက လေယာဉ်လက်မှာ ပြောစာမရလို့နဲ့ ထိုင်ခုံနေရာမကြိုက်လို့တဲ့။ CNTA တရုပ်ခရီးသွားလာရေးအသင်း အဲဒီလူတွေကို နာမည်မည်းစာရင်း သွင်းလိုက်ပါတယ်။

အဲလို ရိုင်းစိုင်းတဲ့ဆတရုက်ခရီးသွားတွေသတင်းက တရုပ်ပြည်ထဲမှာလဲ သတင်းဖြစ်ပါတယ်။ တရုပ်အာဏာပိုင်တွေက လက်ချာပေးတာတွေ၊ နားချပြောရတာတွေနဲ့ ဥပဒေပြင်တာတွေလုပ်လာရတယ်။ တရုပ်ရဲ့ ပထမဆုံး ခရီးသွားဥပဒေဟာ မနှစ်က အောက်တိုဘာမှာပြဋ္ဌာန်းခဲ့ပါတယ်။ ယဉ်ကျေးအောင် ဘယ်လို ပြောဆို၊ ပြုမူ၊ သွာလာရတယ်ဆိုတဲ့ လမ်းညွှန်တွေ ထုတ်ထားရတယ်။ ဒိအရင်တလမှာ စာမျက်နှာ ၆၄ မျက်နှာပါတဲ့ ပုံတွေနဲ့ပြထားတဲ့ Guidebook for Civiliဖed Tourism ကို ထုတ်ဝေခဲ့ပါတယ်။ တန်းစီတာမှာ စည်းမချိုးဖေါက်ဖို့နဲ့ ရေအိမ်သာသုံးစွဲနည်းတွေလည်းပါတယ်။

သမတ ဇီ ဂျန်းပင်ကိုယ်တိုင်ကနေ နေရာတကာရေဗူးတွေမပြစ်ကြဖို့၊ သန္တာကျောက်တန်းတွေကို မဖျက်ဆီးဘို့၊ ခေါက်ဆွဲခြောက်ထုပ်မစားပဲ၊ ဒေသထွက်နဲ့ ပင်လယ်စာတွေကိုစားဖို့၊ စက်တင်္ဘာလထဲတုံးက မောလ်ဒိုက်ခရီးစဉ်မှာ လမ်းညွှန်ခဲ့ပါသေးတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅

STD Testing Services

လိင်ကတဆင့်ကူးစက်ရောဂါများ အမြန် စမ်းသပ်ခြင်းနှင့် ဈေးနှုန်း (အင်ဒီယာနာ၊ ယူအက်စ်)

• Comprehensive STD 7 Panel tests for HIV, Hepatitis B, Hepatitis C, Syphilis, Gonorrhea, Herpes  (၇) မျိုးစုံ (အိတ်ခ်ျအိုင်ဗွီ + အသည်းရောင် ဘီ + အသည်းရောင် စီ + ဆစ်ဖလစ် + ဂနိုရီးယား + ရေယုံ + ကာလ်မိုင်ဒီးယား) $229.00
• Comprehensive STD 5 Panel tests for HIV, Syphilis, Gonorrhea, Herpes Simplex Virus (HSV) I/II, and Chlamydia (၅) မျိုးစုံ (အိတ်ခ်ျအိုင်ဗွီ + ဆစ်ဖလစ် + ဂနိုရီးယား + ရေယုံ + ကာလ်မိုင်ဒီးယား) $189.00
• Chlamydia and Gonorrhea (ရေယုံ + ကာလ်မိုင်ဒီးယား) $129.00
• Hepatitis Panel for Hepatitis A, B and C အသည်းရောင် အေ + ဘီ + စီ $129.00
• Herpes Simplex Virus (HSV) I & II, IGG ရေယုံ ၁ + ၂ + အိုင်ဂျီဂျီ $49.00
• HIV အိတ်ခ်ျအိုင်ဗွီ $49.00
• Syphilis ဆစ်ဖလစ် $49.00             

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅

Super-cheap gadget tests for HIV using Smartphone

စမတ်ဖုန်းသုံးပြီး HIV ကို အလွယ်တကူစမ်းနိုင်တော့မယ်

• အမေရိကန် ကိုလမ်ဘီယာတက္ကသိုလ်က သုတေသနလုပ်သူတွေကနေ အသစ်တီထွင်လိုက်တာဖြစ်ပါတယ်။ ၁၅ မိနစ်နဲ့ အဖြေသိပါမယ်။
• စမတ်ဖုန်းမှာ HIV) ဗိုင်းရပ်စ် ရှိ၊ မရှိကို စမ်းသပ်ပေးနိုင်တဲ့ App တခုကို ထည့်သွင်းပေးထားရမှာဖြစ်ပါတယ်။ လက်ဖျားထိပ်ကနေ သွေးဖေါက်ယူပြီး ကိရိယာကနေ HIV နဲ့ဆိုင်တဲ့ အမှတ်အသားသုံးမျိုးကို စစ်ဆေးပါမယ်။ HIV antibodies အင်တီဘော်ဒီ ခေါ်တဲ့ခုခံမှုအရာ၊ (၁) ဆစ်ဖလစ်အတွက် treponemal-specific antibodies ထရီပိုလီ အင်တီဘော်ဒီ နဲ့ (၃) non-treponemal antibodies ဆစ်ဖလစ် လက်ငင်းဖြစ်နေတာနဲ့ လက်ငင်း မဟုတ်တာအတွက် အင်တီဘော်ဒီကို ရှာပါမယ်။
• Dongle တခုကို ၃၄ ဒေါ်လာကုန်ကျမယ်။ ပေါ်နေပြီးဖြစ်တဲ့ အလွယ်ဝယ်ရ HIV စမ်းသပ်နည်းကဒေါ်လာ ၄ဝ ကျတယ်။
• ရဝမ်ဒါမှာ ဒီနည်းနဲ့ ၉၆ ယောက်ကိုစမ်းတော့ သုံးစွဲသူတွေကထောက်ခံချက်ပေးကြတယ်။
• အမေရိကားမှာ လူပေါင်း ၁့၁ သန်း HIV ကူးစက်ခံနေရနိုင်ပေမဲ့ ၆ ပုံ ၁ပုံက ကူးစက်ခံထားရတာကို မသိကြပါ။
• အများအပြား ထုတ်လုပ်ဖို့တော့ စောင့်ရပါအုံးမယ်။ ကျယ်ပြန်တဲ့စမ်းသပ်မှုတွေကို ဆက်လုပ်ဖို့နဲ့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထောက်ခံချက်ရဖို့လည်း လိုပါသေးတယ်။

ဒေါက်တာတင့်ဆွ
၂၈-၂-၂ဝ၁၅

https://www.youtube.com/watch?v=TC9XNqSgj4w

Uniform ယူနီဖေါင်း (သို့) ကြောက်ရောဂါအဆက်

၁။ ယပင့်ကျောက်က ဆေးရှိပြီး၊ ယရစ်ကြောက်က ဘာလို့ဆေးမရှိတာလဲဆရာ။
၂။ ကောင်းလိုက်တဲ့မေးခွန်းဗျ။ ယရစ်ကြောက်က ဆေးမရှိတာလဲ။

• Phobias အကြောက်ရောဂါတွေဟာ စိုးရိမ်စိတ် လွန်ကဲတဲ့ စိတ်ရောဂါတခုဖြစ်တယ်။ ကျား-မ၊ ပျို-အို အကုန်ဖြစ်တယ်။ ကလေးတွေမှာလည်း ဖြစ်ကြတယ်။
• အမေရိကန် National Institute of Mental Health အဆိုအရ အသက် ၂၅ နှစ်အထက်ရှိသူ ၈့၇ ကနေ ၁၈့၁% မှာ ဒီအကြောက်လွန်ရောဂါရှိနေကြတယ်။ ကလေးတွေမှာ ၄% ကနေ ၁ဝ% အထိရှိကြတယ်။
• ဆွီဒင်လေ့လာမှုတခုအရ အမျိုးသမီးတွေမှာ ၂၆့၅% ရှိလို့ပိုဖြစ်ကြတယ်။ ယောက်ျားတွေမှာ ၁၂့၎% ဖြစ်တယ်။ လူကြီးတွေထဲက အမျိုးသမီး ၂၁့၂% နဲ့ အမျိုးသား ၁ဝ့၉% တို့မှာ Specific phobias သတ်သတ်မှတ်မှတ်ကို ကြောက်နေတာရှိကြတယ်။ တိရစ္ဆာန်ကိုကြောက်သူတွေထဲမှာ အမျိုးသမီးတွေက ၄ ဆ ပိုတယ်။
• ကုသနည်းတွေက အမျိုးမျိုးရှိတယ်။ ပျောက်ကင်းဘို့အလားအား ကောင်းပါတယ်။ Specific phobias တခုခုကို သတ်သတ်မှတ်မှတ် ကြောက်နေသူ ၇၅% ဟာ Cognitive-behavioral therapy စိတ်ကုသနည်းနဲ့ ပျောက်ကင်းကြတယ်။ Social phobia ခေါ်တဲ့ လူတောသူတောတိုးရမှာ ကြောက်သူတွေက ဆေးဝါးနဲ့ စိတ်ကုသနည်းလုပ်ပေးရင် ၈ဝ% ပျောက်တယ်။ Panic disorder ခေါ်တဲ့ အလွန်အကျွံထိတ်လန့်မှုဖြစ်ရင် ၃ဝ-၄ဝ% က ဆေးကုရင်ကောင်းလာမယ်။ ၅ဝ% လောက်က နည်းနည်းတော့ကျန်အုံးမယ်။

သတ်သတ်မှတ်မှတ်ကို ကြောက်နေတဲ့ရောဂါထဲမှာ ယူနီဖေါင်းမြင်ရင်ကြောက်နေရတာလည်းပါသလား မပြောတတ်ပါ။ ကိုယ့်တွေ့ပြောရရင် ၁၉၉ဝ အကုန်မှာ မြန်မာပြည်ကနေထွက်ပြီးကတည်းက အခုနေရာကိုမလာခင်အထိ ပတ်စ်ပို့ဆိုတာ မစစ်တစ်ဖြစ်လို့ ခရီးသွားရရင် အင်မီဂရေးရှင်း ကောင်တာရောက်တိုင်း ရင်ခုန်ရတယ်။ အိန္ဒိယကိုရောက်ကာစ ရဲနဲ့စစ် ယူနီဖေါင်းဝတ်တွေမြင်ရင် တမျိုးဖြစ်သေးတယ်။

ကျွန်တော်လိုလူမျိုးတွေ ရောဂါပျောက်သွားစေခဲ့တာကတော့ ဒုတိယနိုင်ငံ၊ တတိယနိုင်ငံတွေမှာ နေရလို့သာဖြစ်တယ်။ တနည်းပြောရရင် နိုင်ငံရေးစနစ်သင့်တဲ့ဝန်းကျင်မှာ နေရလို့ပါ။ မြန်မာနိုင်ငံသားတွေ ကြောက်စိတ်တွေပျောက်ဖို့ဆိုရင် နိုင်ငံရေး တကယ်ကောင်းရပါလိမ့်မယ်။ ယူနီဖေါင်းဝတ်သူတွေကလည်း မဝတ်သူတွေနဲ့ တသားတည်းကျမှဖြစ်မယ်။

Uniform ယူနီဖေါင်းဆိုတဲ့ အင်္ဂလိပ်စကားမှာ တူညီဝတ်စုံဆိုတာနဲ့ တသားတည်းကျတယ်ဆိုတာ နှစ်မျိုးလုံးမှန်တယ်။
1• Uniform = denoting a garment forming part of a person's uniform. e.g. airline pilots uniform; a soldier in uniform တူညီဝတ်စုံ။ ဥပမာ ပိုင်းလော့ဝတ်စုံ၊ စစ်ဝတ်စုံ။
2• Uniform = not changing in form or character; remaining the same in all cases and at all times. ပုံအသွင်သဏ္ဌာန်ရော အနှစ်သာရပါမပြောင်းလဲခြင်း။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅

Giant pox ကြောက်ရောဂါ

ခွန် ဂါမဏိ - ဖုံကျားရှင်းလဲ ကြောက်၊ ဖြိုးဖြိုးအောင်လဲ ကြောက်၊ ဒေါ်တင်လှိုင်လဲ ကြောက့့်

• မုံရွာသားလည်းကြောက်။
• အကြောက်ကြီးတဲ့ရောဂါ မြန်မာပြည်မှာ မပျောက်သေးပါ။

- Smallpox = ကျောက်ကြီးရောဂါ၊ (၁၉၇၉ ကတည်းက ကမ္ဘာမှာပပျောက်သွားပြီ။)
- Chickenpox = Varicella zoster virus ဗိုင်းရပ်စ်ကနေဖြစ်တဲ့ ရေကျောက်ရောဂါ၊
- Monkeypox မျောက်တွေမှာဖြစ်တဲ့ ကျောက်ကြီးရောဂါ၊
- Black pox = Smallpox ဖြစ်ရာကနေ သွေးတွေထွက်ပြီး လူနာဆုံးတော့မဲ့အခြေအနေ၊
- Canarypox = ငှက်တွေမှာဖြစ်တဲ့ ကျောက်ရောဂါ၊
- Plum pox = Potyviridae ဗိုင်းရပ်စ်ကနေ သစ်သီးတွေမှာဖြစ်တဲ့ ကျောက်ရောဂါ၊
- Great pox = ဆစ်ဖလစ်ရောဂါ။
- Rabies (Hydrophobia) = ရေကြောက်ရောဂါ၊

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅

Friday, February 27, 2015

Harvoni အသည်းရောင် (စီ) အတွက်ဆေး

Mylan Soon to Distribute Hepatitis C Drugs in India
by Shirley Johanna on  February 24, 2015 at 11:30 AM Drug News

• အမေရိကန်ဆေးထုတ်လုပ်တဲ့ Mylan ကနေ အသည်းရောဂါကုသဆေး (၂) မျိုးကို အိန္ဒိယမှာ မကြာခင် ရောင်းချပါတော့မယ်။ သူ့လက်အောက်ခံ Mylan Pharmaceuticals Private Limited ကို သီးသန့် ထုတ်လုပ်ရောင်းခွင့်ပြုထားပါတယ်။
• ဆေးတွေကတော့ အသည်းရောင် (စီ) အတွက်ပေးတဲ့ Harvoni (ledipasvir/sofosbuvir) ဆေးနဲ့ အသည်းရောင်ရောဂါတွေအတွက် Sovaldi (sofosbuvir) ဆေးတွေဖြစ်ပါတယ်။
• ဒီ Sovaldi နဲ့ Harvoni ဆေးတွေဟာ အသက်ကယ်ဆေးတွေဖြစ်တယ်လို့ Mylan ကစေီ) ပိုးအတွက်  နောက်ဆေးတမျိုးကိုလည်း လုပ်ဆောင်နေပါပြီ။
• ကနေ့အထိ နာတာရှည်အသည်းရောင် (စီ) ပိုးရှိနေသူပေါင်း တကမ္ဘာလုံးမှာ သန်း ၁၅ဝ ရှိနေပါတယ်။ တနှစ်မှာ အသည်းရောဂါတွေကြောင့် လူနာ ၅ သိန်းသေဆုံးနေရပါတယ်။
• အမေရိကမှာဝယ်ရင် Sovaldi ဆေး ၁ ပြားကို $1,000 ပေးရပါတယ်။ ဆေးပါတ်လည်အောင်ပေးရင် $84,000 ကုန်ကျပါမယ်။ မခုထိတော့ အိန္ဒိယမှာ ဘယ်ဈေးနဲ့ရောင်းမယ်လို့ထုတ်မပြောသေးပါ။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅

Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု

မှတ်ချက်။ ဒီစာမျိုးကို ဖေ့စ်ဘွတ်မှာတင်ဘို့ အကြမိကြိမ်စဉ်းစားခဲ့ပါတယ်။ နားလည်မှုပေးကြစေချင်ပါတယ်။

သမီးက HIV ဝေဒနာရှင်ပါ။ သမီးအမျိုးသားနဲ့ လွန်ခဲ့သော ၆ လက အကာအကွယ်မပါပဲ ၃ ကြိမ်ဆက်ဆံခဲ့မိပါတယ်ဆရာ။ သမီးအမျိုးသားကို ကူးစက်သွားပါပြီလားရှင်သမီးအမျိုးသားက လွန်ခဲ့သော ၁ နှစ်က သွေးစစ်ခဲ့ပါတယ်။ HIVမရှိပါဘူးရှင့်။ ခုပြန်မစစ်ကြည့်ရသေးပါဘူးရှင့်။ ခုလိုဆို သူကူးစက်သွားပြီလား သိချင်ပါတယ်ရှင့်။ အရင်က ကွန်ဒုံးနဲ့ ဆက်ဆံပါတယ်။ ကွန်ဒုံးနဲ့ဆိုရင်ကော ရာခိုင်နှုန်းပြည့်စိတ်ချရပါသလားရှင့်။ သမီးစာကို page ပေါ်တင်ရင် နာမည်လေး ချန်ပေးလို့ရမလားဆရာ။

သံသယဖြစ်စရာအတွေ့အကြုံရှိပြီး ၃ လမှာ ဆေးစစ်လို့ရပါပြီ။ ၆ လမှာမတွေ့ရင် အရင်နေခဲ့တာကနေ မကူးစက်ပါ။ ကွန်ဒွမ်က % ပြည့်တော့မဟုတ်ပေမဲ့ အများဆုံးအကာကွယ်ပေးပါတယ်။ စနစ်ကျရင် အပြည့်အဝကာကွယ်ပါမယ်။

 လိင်ဆက်ဆံမှုပြုတိုင်း (ကွန်ဒွမ်) ကို စနစ်တကျသုံးခြင်းဟာ HIV ကို ကာကွယ်နိုင်တဲ့ တခုထဲသော အကောင်းဆုံးနည်း ဖြစ်တယ်လို့ UNAIDS, WHO, UNFPA ဆိုတဲ့ နိုင်ငံတကာအမြင့်ဆုံး ကျန်းမာရေးအဖွဲ့အစည်းတွေက ထောက်ခံချက် ပေးထားတယ်။

(ကွန်ဒွမ်) ကို ရည်ရွယ်ချက် ၂ ခုအတွက် သုံးရတယ်။ (၁) ကိုယ်ဝန်ရမှာကို တားဘို့နဲ့ (၂) HIV အပါအဝင် STDs ခေါ်တဲ့ လိင်ကတဆင့် ကူးစက်မဲ့ (ဆစ်ဖလစ်၊ လိင်လမ်းရေယုံ၊ ကလာမိုင်ဒီးယား၊ ဂနိုရီးယား၊) စတဲ့ရောဂါမှန်သမျှတွေကို ကူးစက်မလာစေဘို့လဲ ဖြစ်တယ်။ လိင်လမ်းကြွက်နို့ နဲ့ လိင်လမ်းရေယုံတွေကိုတော့ အသေအချာ မကာကွယ်နိုင်ပါ။

(ကွန်ဒွမ်) ကို အသုံးပြုနည်းလဲ မှန်ရမယ်။ စဉ်ဆက် မပြတ်စေရဘူး။ နည်းအမှန်ဆိုတာ ဘာလဲ။ လိင်တခါ ဆက်ဆံတိုင်း (ကွန်ဒွမ်) အသစ်ဖြစ်ရမယ်။ (ဗဂျိုင်းနား)၊ ပါးစပ်၊ စအို ဘာကိုမှ မထိရသေးခင် ကျားအင်္ဂါသန်မာတာနဲ့ စွပ်ပါ။ စွပ်တဲ့အခါ၊ (ကွန်ဒွမ်) ရဲ့ အရင်းကို လက်နဲ့ကိုင်ပြီး၊ လိင်တံတခုလုံးအပေါ် ဖုံးစေပါ၊ လေမခိုအောင်ဂရုစိုက်ပါ၊ အဖျားမှာတော့ ထွက်လာမဲ့ သုတ်ရည်အတွက် နေရာကျန်နေအောင် ဂရုစိုက်ပါ။ ဒီနေရာကလွဲရင် ကျားအင်္ဂါတခုလုံးပေါ်မှာ သပ်သပ်ရပ်ရပ် ကပ်နေပါစေ။

Latex condoms (လေးတက်စ်-ကွန်ဒွမ်) ဆိုရင် ချောဆီ မလိုပါ။ မဟုတ်ရင် ရေအခြေခံ-ချောဆီကိုသာ သုံးပါ။ K-Y Jelly က အကောင်းဆုံးဖြစ်တယ်။ ဆီအခြေခံတွေဖြစ်တဲ့ ဓါတ်ဆီ-ချောဆီ၊ (ဗက်ဆလင်း)၊ Hand lotion လက်-လိုးရှင်း၊ Baby oil ကလေးကိုယ်လိမ်းဆီ၊ တခြားဘယ်ဆီအမျိုးအစားကိုမှ မသုံးရပါ။ Silicone lubricant (စီလီကွန်) ချောဆီက အဝတ်အစားကို စွန်းထင်းစေတယ်။

ဆန္ဒပြည့်ဝလို့ သုက်ရည်ထွက်ပြီးတာနဲ့ ကျားအင်္ဂါ နဂိုအနေ ပြန်မရောက်ခင်မှာ (ကွန်ဒွမ်) ကို ချွတ်ပါ။ ချွတ်တဲ့အခါ အထဲက သုတ်ရည်တွေ တစက်မှဖိတ်မကျစေပါနဲ့။ မ-အင်္ဂါထဲ ကျွတ်ကျန်မနေစေပါနဲ့။ ဒီအခါမှာလဲ တယုတယလုပ်ပါ။

၉၈% ထိရောက်တယ်လို့ ဆိုပါတယ်။ မထိရောက်မှု (ကိုယ်ဝန် မတားနိုင်တာ၊ ရောဂါ မတားနိုင်တာ)၊ ဘယ်လောက် ရှိတယ်ဆိုတာ သုတေသနရလဒ်တွေက မတူကြပါ။ (ကွန်ဒွမ်) အမျိုးအစား၊ အရည်အသွေး၊ စွပ်နည်း-ချွတ်နည်း၊ အချိန်၊ စဉ်ဆက်မပြတ်သုံးတာ ဟုတ်-မဟုတ်၊ (ကွန်ဒွမ်) မသုံးခင်ကတည်းက ရောဂါ-ကိုယ်ဝန် ရှိနေ-မနေ၊ စတာတွေပါ ထည့်စဉ်းစားရလို့ မတူတာဖြစ်ပါတယ်။

ဆေးတွေလိုဘဲ (ကွန်ဒွမ်) သတ်မှတ်ရက် ကုန်နေ-မနေစစ်ပါ။ ဝယ်ထားတုံးက ကောင်းနေအုံးတော့ အပူချိန်များတဲ့နေရာ ထားမိတာ၊ ဥပမာ လက်ကိုင်အိတ်ထဲ အကြာကြီးထားတာမျိုး။ စွပ်-ချွတ်တဲ့အခါ နည်းမှန်ပေမဲ့၊ သွား-လက်သည်း-လက်စွပ် နဲ့ထိပြီး ပေါက်နိုင်တာမျိုး၊ သုံးရမဲ့ဆီမှန်ပေမဲ့ လိုတာထက် အားသုံးမိလို့ ပေါက်ပြဲတာမျိုး စတာတွေ စဉ်းစားရအုံးမယ်။
အရည်အသွေးက အရေးပါတယ်။ ခပ်ညံ့ညံ့ နိုင်ငံတွေမှာ ခပ်ညံ့ညံ့ လူတွေ နဲ့ ခပ်ပေါပေါ ပစ္စည်းတွေသာ များပါတယ်။ အမေရိကားမှာ (FDA) က အသိအမှတ်ပြုမှသာ ရောင်းခွင့်ရှိတယ်။ ဥရောပမှာတော့ CE အမှတ်အသား ပါရတယ်။ တကမ္ဘာလုံးမှာဆိုရင် (ISO) အမှတ်ပါမှ စိတ်ချနိုင်တယ်။ UK မှာ Kitemark, British Standard Kite Mark BS EN 600 ဆိုရင် ကောင်းတယ်။ WHO ကလဲ ဘယ်လို စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိရမယ်ဆိုတာ သတ်မှတ်ပေးထားပါတယ်။
(ကွန်ဒွမ်) ကို အပိုလုပ်ပေးထားတဲ့ အရောင်၊ အနံ့ စတာတွေက ကျန်းမာရေးအတွက် သက်ရောက်မှုမရှိပါ။ (လေးတက်စ်-ကွန်ဒွမ်) နဲ့ မတည့်သူတွေက Polyurethane Condom (ပေါ်လီယူရီသိန်း-ကွန်ဒွမ်) သုံးရတယ်။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) လဲ ရှိပါတယ်။ (ပေါ်လီယူရီသိန်း) နဲ့ လုပ်ထားတာပါ။

ကနေဒါမှာ မမြင်နိုင်တဲ့ (ကွန်ဒွမ်) ထုတ်လုပ်ဘို့ ကြိုးစားနေပါတယ်။ အရည်တမျိုးကနေ အကာအကွယ် (ဂျဲလ်) ဖြစ်လာစေပြီး ကာကွယ်ပေးမယ်။ ဆေးပန်း (ကွန်ဒွမ်) ကို ဂျာမနီမှာ စမ်းနေတယ်။ တချို့ (ကွန်ဒွမ်) တွေမှာ Spermicide သုတ်ပိုးသေဆေးပါတယ်။ Foam အမြှုပ် ဒါမှမဟုတ် Cream (ခရင်မ်) အနေနဲ့ သုတ်ထားပေးတာမျိုး။ ဒါက ကိုယ်ဝန်မရမှာကို ပိုသေခြာအောင် လုပ်တာပါ။ မတည့်ရင်တော့ တချို့မှာ အနာဖြစ်တတ်တယ်။

အဆန်းသမားတွေက လိင်လမ်းတမျိုးမက အသုံးချတယ်။ (ဗဂျိုင်းနား) မှာ သုံးပြီးသားကို နောက်တလမ်း ဥပမာ စအို၊ ပါးစပ်အတွက် (ကွန်ဒွမ်) အသစ်သုံးဘို့လိုတယ်။ အုပ်စုလို အဆန်းအပြား လိင်ကစားကြရာမှာလဲ တယောက်အတွက် သုံးထားတာကို နောက်တယောက်အတွက်ကြ အသစ်ဖြစ်ရပါမယ်။ သုံးပြီးသားကို စွန့်ပြစ်တဲ့အခါ အမှိုက်ပုံးထဲသာ ပြစ်ပါ။ ရေအိမ်သာထဲ မပြစ်ရပါ။ သူများမမြင်စေချင်ရင်တော့ (တစ်ရှူး) လေးနဲ့ထုပ်ပေါ့။

သုံးနေရင်းနဲ့ (ကွန်ဒွမ်) ပေါက်သွားရင် ရောဂါကာကွယ်ဘို့ သုံးသူက အသစ်လဲရမယ်။ ကိုယ်ဝန်တားဘို့ သုံးသူဆိုရင် အရေးပေါ်တားနည်းလုပ်ရမယ်။ ကိုယ်ဝန်တားဆေး တခုခုသုံးနေသူနေပေမဲ့ တကယ်လို့ ကိုယ့်အဖေါ်အကြောင်းကို မသိရင် ရောဂါတွေကာကွယ်ဘို့ရာ (ကွန်ဒွမ်) ကိုပါ သုံးရမယ်။ တကယ်လို့ HIV ပိုးရှိနေသူနဲ့ ဆက်ဆံနေရင်း (ကွန်ဒွမ်) ပေါက်ပြဲသွားရင် Antiviral therapy ဆေးသောက်ရပါမယ်။

ဒေါက်တာတင့်ဆွေ

Condom new generation (ကွန်ဒွမ်) မျိုးဆက်သစ်လာတော့မည်

• ၂၂-၁၁-၂ဝ၁၃ နေ့ ဆေးပညာသတင်းကတော့ ပိုကောင်းမဲ့ (ကွန်ဒွမ်) သစ်တွေ ထုတ်လုပ်နိုင်ဘို့ ရံပုံငွေတွေ ချီးမြှင့်ပေးတာ ဖြစ်ပါတယ်။
• လက်ရှိသုံးနေကြတဲ့ ယောက်ျားသုံး (ကွန်ဒွမ်) ကို (လေးတက်စ်) ပစ္စည်းနဲ့လုပ်ပါတယ်။ အမျိုးသမီးသုံး (ကွန်ဒွမ်) ကိုတော့ ပလပ်စတစ်နဲ့လုပ်ပါတယ်။
• (ဂရက်ဖင်း) နဲ့လုပ်ထားတဲ့ (ကွန်ဒွမ်) သစ်တမျိုးဟာ လူ့ဆံပင်ထက် အဆသန်းနဲ့ချီပါးလွှာပြီး၊ စိန်ထက် ပိုခိုင်မာပါလိမ့်မယ်။
• ဒီ (ကွန်ဒွမ်) က လက်ရှိသုံးနေတာတွေထက် ပါးလွှာရုံသာမက၊ ပိုပြီးခိုင်မယ်၊ ဆန့်နိုင်စွမ်းပိုမယ်၊ စိတ်ကျေနပ်မှုလဲ ပိုကောင်းစေမယ်လို့ ဆိုပါတယ်။
• ဒီ (ဂရက်ဖင်း) ကို ၂ဝဝ၄ မှာ (မန်ချက်စတာ) တက္ကသိုလ်က ရုရှားသိပ္ပံပညာရှင် (ဆာ၊ အင်ဒရီ ဂီယင်( နဲ့ (ဆာ၊ ကော်စီယာ နိုဗိုဆလော့ဖ်) တို့ကနေတွေ့ရှိခဲ့လို့ နိုဗယ်ဆုလဲရရှိခဲ့ကြပါတယ်။
• အခုထုတ်လုပ်မဲ့စီမံချက်ကို (ဘီလ်နဲ့ မယ်လင်ဒါ ဂိတ်) ဖေါင်ဒေးရှင်းကနေ (မန်ချက်စတာ) တက္ကသိုလ်၊ (ဂရက်ဖင်း) ဌာနနဲ့ အိန္ဒိယ (အိတ်ခ်ျအယ်လ်အယ်လ် လိုက်ဖ်ကဲ့ယား) လီမိတက်တို့ကို ငွေကြေးထောက်ပံ့ပါမယ်။
• ဒီဓါတ်ဟာ (ကာဗွန်) တမျိုးဖြစ်ပါတယ်။ အပူဒဏ်လဲခံနိုင်တယ်။ သူ့ထဲကို သာယာမှုအတွက် ဆေးဝါးတွေလဲ ရောထည့်ဘို့ ရှိပါတယ်။
• ဒါ့ပြင် (ကိန်းဘရစ်ခ်ျ) တက္ကသိုလ်၊ (ဘင်ဂျမင် စထောက်) နဲ့အဖွဲ့ကို ယောက်ယေက်ျားသုံး (ကွန်ဒွမ်) နောက်တမျိုး ထုတ်လုပ်ဘို့ပါ ရံပုံငွေထောက်ပံ့ပါအုံးမယ်။ (အင်နီစထောဖစ်) ဓါတ်ပေါင်းပစ္စည်းနဲ့လုပ်မှာ ဖြစ်ပါတယ်။
• နောက်ပြီး (အေးပက်စ်) ဆေးဘက်ဆိုင်ရာနည်းပညာက (မတ်ခ် မက်ဂလိုသလင်) ကနေလဲ နွားအရွတ်ကနေ လုပ်မဲ့ ယောက်ျားသုံး (ကွန်ဒွမ်) သစ်တခုထုတ်လုပ်ဘို့ ရံပုံငွေလဲချီးမြှင့်ခံရပါသေးတယ်။ (ကိုလာဂျင် ဖိုင်ဘာ) အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားက သက်ရှိအရာနဲ့တူလို့ အပူချိန်အပြောင်းအလဲကိုဖြစ်စေပြီး သဘာဝနဲ့ ပိုနီးစပ်ပါမယ်။
• လက်ရှိ တကမ္ဘာလုံးမှာ (ကွန်ဒွမ်) အသုံးပြုမှုဟာ တနှစ်မှာ ၁၅ ဘီလီယန်ရှိပြီး၊ ထုတ်လုပ်မှုရဲ့တဝက် သန်း ၇၅ဝ ကို လက်တွေ့ အသုံးပြုနေပါတယ်။
• (ကွန်ဒွမ်) ကို စနစ်တကျသုံးမယ်ဆိုရင် မလိုချင်တဲ့ကိုယ်ဝန်ကိုသာမက HIV အပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။
• (ကွန်ဒွမ်) ရဲ့အားနည်းချက်တခုကတော့ သဘာဝနဲ့မတူလို့ စိတ်ကျေနပ်မှု အပြည့်အဝမရတာဖြစ်ပါတယ်။
• ဒါကြောင့် ဖေါင်ဒေးရှင်းကနေ (ကွန်ဒွမ်) နောက်မျိုးဆက်သစ်အတွက် ရံပုံငွေတွေထောက်ပံ့ပေးနတယ်လို့ ဆိုပါတယ်။

ဒေါက်တာတင့်ဆွေ

Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ

Condom (ကွန်ဒွမ်) စံနှုန်းကို -
1. Size အရွယ်အစား၊
2. Resistance to breakage ခံနိုင်ရည်၊
3. Freedom from holes အပေါက်အပြဲကင်းမှု၊
4. Packaging ထုပ်ပိုးစနစ်နဲ့
5. Labeling အညွှန်းစာတွေကို ကြည့်ပြီး စစ်ဆေးရပါတယ်။

World Health Organization (WHO), United Nations Population Fund (UNFPA), United States Agency for International Development (USAID) အဖွဲ့ကြီးတွေက (ကွန်ဒွမ်) အများဆုံး ဝယ်ယူ ဖြန့်ဖြူးနေတာမို့ ပစ္စည်း ကောင်း-မကောင်း သတိထားပါတယ်။ တကမ္ဘာလုံးမှာ (ကွန်ဒွမ်) အရည်အသွေး အဓိက ဆန်းစစ်ပေးတဲ့ အဖွဲ့ကြီး ၃ ခု ရှိတယ်။ International Organization for Standardization (ISO), Comit Europen de Normalisation (CEN) နဲ့ American Society for Testing and Materials (ASTM) တွေ ဖြစ်တယ်။ ဒီ သုံးခုကလဲ တခုနဲ့တခုက မတူကြသေးလို့ နီးစပ်အောင်တော့ လုပ်နေကြတယ်။

Condom (ကွန်ဒွမ်) ကို စက်ရုံကနေ အဆင့် ၆ ဆင့် လုပ်ရပါသတဲ့။
1. Natural Rubber Latex Mixing (လေးတက်စ်) ကြက်ပေါင်စေး စပ်ခြင်း၊
2. Dipping ဆေးစိမ်ခြင်း၊
3. Quality Control အရည်အသွေး ထိန်းခြင်း၊
4. Washing and Drying လျှော်ဖွတ် ခြောက်သွေ့စေခြင်း၊
5. Foiling and Packing စည်းပတ်-ထုပ်ပိုးခြင်း၊
6. Storage and Warehousing သိုလှောင်ခြင်း၊

Condom (ကွန်ဒွမ်) အဆင့်ကို ထိန်းကွပ်တာ ကမ္ဘာမှာ National condom standards ၃ဝ လောက် ရှိပါတယ်။ ပညာရှင်တွေ၊ တုတ်လုပ်သူတွေ၊ သုံးစွဲသူ-အဖွဲ့စည်းတွေ၊ အစိုးရတွေကနေ သတ်မှတ်တာပါ။ တချို့နိုင်ငံတွေမှာ သူ့နည်းနာနဲ့သူ လုပ်ကြသေးတယ်။ စစ်ဆေးတဲ့အခါ ထုတ်လုပ်မှု အဆင့်တွေမှာရော သယ်ယူပို့ဆောင်မှု လမ်းကြောင်းကနေ ထိခိုက်နိုင်မှုကိုပါ စစ်ရတယ်။ စစ်ဆေးလို့ ကောင်းနေတာတောင်မှ Ultraviolet light ခရမ်းလွန်-ရောင်ခြည်၊ Heat အပူချိန်၊ Humidity စိုထိုင်းမှု နဲ့ Ozone (အိုဇုန်း) တွေ ကြောင့်လဲ (ကွန်ဒွမ်) ပျက်စီးရတယ်။ Expire date ကြည်ယုံနဲ့ မပြည့်စုံသေးဘူး။

• Condom (ကွန်ဒွမ်) အရွယ်အစား ၂ မျိုးရှိတယ်။ အများဆုံးက 150 ကနေ 190 mm အရှည်နဲ့ 44 ကနေ 56 mm အကျယ် ရှိရတယ်။ အထူ-အပါးလဲ US ASTM standard က (.03 mm) နဲ့ British Standards Institute standards က (.04 mm) ရှိရတယ်။
• Resistance to breakage ပေါက်ပြဲနိုင်ခြေကို Tensile test စမ်းနည်း နဲ့ Air burst test စမ်းနည်း၊ ၂ နည်းနဲ့ စမ်းတယ်။
• Holes အပေါက် ပါ-မပါကို Electronically tested လုပ်ရတယ်။
• Leakage ယိုထွက်နိုင်သလား ဆိုတာကို ရေ ၃ဝဝ စီစီထည့်ပြီး၊ ၃ မိနစ်ထား စမ်းတယ်။ တချို့နိုင်ငံတွေမှာ 1% Saline solution ဆားရည် 100 ml နဲ့ စမ်းတယ်။

(ပါဖက်) မဖြစ်သူတွေထဲမှာ Condom manufacture (ကွန်ဒွမ်) ထုတ်လုပ်သူတွေလဲ ပါတယ်။ ဒီတော့ ရာနုန်းပြည့် ကောင်းပါမှလို့ စမ်းသပ်သူတွေက မလုပ်ရပါ။ ဥပမာ ISO standard permits ကနေ (ကွန်ဒွမ်) ၂ဝဝ ကို စစ်ရင် ၇ ခုလောက် ပေါက်တာ၊ ၂ ခုလောက် ယိုတာအထိ ခွင့်ပြုတယ်။ ၁၃ ခုမှာ ၁ ခုက အရွယ်မမှန်တာ ရှိနိုင်တယ်။ ၂ဝ မှာ ၁ ခုက Tensile test ကျနိုင်တယ်။ ဒါ့ကြောင့် ဝယ်လို့ရတာ၊ အလကားဝေတာထဲက 1.5% လောက်နီးနီး အားပြော့မယ်။ 0.4% နီးနီး ယိုနိုင်တယ်။ 2.5% နီးနီး Latex မကောင်းဘူး။ 4% နီးနီး အရွယ်မမှန်တာ ရှိပါမယ်။

• ရာဘာကနေ ပြုပြင်ထားတဲ့ Latex ဟာ ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကွယ်ဘို့ရာ အကောင်းဆုံး ဖြစ်ပါတယ်။
• ဒါပေမဲ့ Water-based lubes ရေနဲ့လုပ်တဲ့ ချောဆီကိုသာ သုံးရပါမယ်။
• Latex နဲ့ မတည့်သူတွေက Polyurethane ဆိုတဲ့ ပလပ်စတစ် တမျိုးနဲ့လုပ်တာကို သုံးနိုင်တယ်။
• Durex Avanti and Trojan Supra ဆိုတာ Polyurethane ကနေ လုပ်ထားတယ်။ ခိုင်ပြီး ပါးလွှာလို့ ပိုပြီး အဆင်ပြေတယ် ပြောကြတယ်။ ဒါပေမဲ့ သူက အပူနဲနဲ ထုတ်ပေးတယ်။ ဆန့်နိုင်စွမ်း မရှိလို့ သုံးနေရင်း ကျွတ်ထွက်စေနိုင်တယ်။
• Lambskin condoms အမျိုးအစားက Natural skin သဘာဝဖြစ်တယ်။ ခွဲစိတ်ရာမှာ သုံးတဲ့ ချုပ်ကြိုးတွေလို သိုး-ဆိတ်ရဲ့ အူကနေ ထုတ်လုပ်ထားတာပါ။ အပေါက် ငယ်လေးတွေ ရှိပေမဲ့ သုက်ပိုးကို မဝင်စေဘူး။ သူ့ထက်ငယ်တဲ့ ဗက်တီးရီးယားတွေက ဖြတ်ဝင်နိုင်တယ်။ ကိုယ်ဝန်ကိုသာ တားနိုင်ပြီး၊ STDs နဲ့ HIV တွေကို မတားနိုင်ပါ။
• Spermicide Nonoxynol-9 အမျိုးအစားက သုက်ပိုးသေဆေးပါ ထည့်ထားတယ်။ မတည့်သူ-မကြိုက်သူတွေ ရှိတယ်။
• Pleasure added Condom အပိုအဆာ ပါတာမျိုးလဲ ရောင်းကြတယ်။ အစက်အပျောက်၊ အနံ့၊ ဒီဇိုင်းပုံစတာတွေ ပါတယ်။ ထိပ်ဖျားကိုလဲ ပုံအမျိုးမျိုး လုပ်ထားတာတွေ ရှိသေးတယ်။
• Novelty Condoms ဆိုတာက အရောင်အသွေး အဆန်းတကျယ် လုပ်ထားတယ်။ ကိုယ်ဝန်နဲ့ ကူးစက်ရောဂါ ကာကွယ်ဘို့ မဟုတ်ဘူး။ (အိုရယ်လ်) သုံးဘို့ ဖြစ်တယ်။ Foreplay ကနဦးအဆင့်တွက်သာ သုံးရတယ်။
• Female condom အမျိုးသမီးသုံး (ကွန်ဒွမ်) ကို Polyurethane နဲ့ လုပ်တယ်၊ Spermicide သုက်ပိုးသေဆး မပါဘူး။ 95% စိတ်ချရတယ်။ အဖေါ်ယောက်ျား စကားနားမထောင်ရင် သုံးနိုင်တယ်။ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်သူ အမျိုးသမီးများ သုံးနိုင်တယ်။ မိတ်ကပ်ဘူးလေးလို အိတ်ထဲ ဆောင်ထားယုံဘဲ။ ဒါပေမဲ့ သုံးနေတုံးမှာ အသံတခုခု ထွက်တတ်လို့ တချို့က မကြိုက်ဘူး။

Condom (ကွန်ဒွမ်) မှာ ဒီလို အမှတ်တံဆိပ်တွေပါရင် စိတ်ချရတယ်။
• ISO (International Organization for Standardization),
• WHO (World Health Organization Tender Standard),
• EN (European Prophylactic Standard),
• ASTM D (United States ASTM Standard),
• US FDA 510 (K) Permit US Center for Devices and Radiological Health (CDRH),
• TPD Canada Therapeutic Products Directorate (Health Canada Medical Devices Bureau),
• TGA Australia Therapeutic Goods Administration,
• MEDSAFE New Zealand Medicines and Medical Devices Safety Authority,
• MS (Malaysia SIRIM Standard),
• GB (China Standard),
• SABS (South African Bureau of Standards),
• NF (French Standard),
• Russia MCH Russia Ministry of Health

Dr. တင့်ဆွေ

Condom Size Chart ကွန်ဒွမ် အရွယ်အစား

ဆရာ condoms တွေမှာ ကိုယ်လိုချင်တဲ့ size ကိုရွေးဝယ်လို့ရပါသလားဆရာ။ ကျေးဇူးပါ။

Brand     Style     Length (mm)     Width (max/min in mm)
Durex     Close Fit     178     49
      Sensation     178     52
      Ribbed     178     53
      Pleasuremax     195     66/54
      Elite, Extra Safe, Featherlite, Performa, Select Flavors, Tingle     205     63/52
      Avanti Ultima     205     63/52
      Comfort XL     251     63/54
                 
Lifestyles     Straight, Flared/Baggy, Studded, Ribbed, Flared     150-200     52
      Contoured     160-200     49
      Extra Large     195-200     56
                 
Kimono     MicroThin (Ultra Lubricated/Ultra Thin), Thin, Textured     190     52
      MicroThin Large, MAXX     195     59.5/52
                 
They Fit     Custom Fit condoms, 95 sizes     77 to 232     41 to 69
                 
Glyde (vegan)     ULTRA (regular/medium)           53
      MAXI (large/xl)           56
      SLIMFIT (snug/slim)           49

ဒေါက်တာတင့်ဆွေ

Condom ယောက်ျားသုံး (ကွန်ဒွမ်)

ကိုယ်ဝန်တားနည်း အများကြီးရှိတဲ့အထဲက ပေါ်ပြူလာ အဖြစ်ဆုံးဟာ ယောက်ျားသုံး-ကွန်ဒွမ် ဖြစ်တယ်။ ဈေးလဲမကြီး၊ ရှာလို့လဲ လွယ်တယ်။ ကိုယ်ဝန်တားဘို့သာ မဟုတ်ပါ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ဥပမာ AIDS and herpes ခုခံအားကျဆင်းရောဂါ နဲ့ လိင်လမ်း-ရေယုံ။ ဒီရည်ရွယ်ချက် ၂ ခုအတွက် အသေအခြာတော့ သုံးတတ်ဘို့ လိုပါမယ်။ တခုကို တခါတည်းအတွက်သာ သုံးရမယ်။ Latex (လေးတက်စ်) ရာဘာနဲ့ လုပ်တာကိုသာ သုံးပါ။

• Before Sex ဆက်ဆံတာမတိုင်ခင်
ကိုယ့်အဖေါ်ကို ကြိုတင်ပြောထားပါ။ (ကွန်ဒွမ်) အပိုဆောင်ထားပါ။ ကာရံမသင့်ရင် (ကွန်ဒွမ်) ပေါက်ပြဲတာ ဖြစ်တတ်တယ်။ တကြိမ်ထဲမကတဲ့ ဆက်ဆံမှုအတွက်လဲ (ကွန်ဒွမ်) အပို လိုသေးတယ်။ တခါမှ မသုံးဘူးရင် မတည့်ဖြစ်တတ်တာလဲ သတိထားပါ။

• Preparing for Sex ပြင်ဆင်မှု
ယောက်ျားရဲ့ လိင်အင်္ဂါက မိန်းမရဲ့ လိင်အင်္ဂါနဲ့ လုံးဝမထိတွေ့မီကတည်းက (ကွန်ဒွမ်) ကို စွပ်ရမယ်။ (ကွန်ဒွမ်) အသစ် အထုပ်ကို ဖေါက်ပါ။ အထဲက(ကွန်ဒွမ်) ကို စုပ်ပြဲမသွားအောင် အောက်မကျအောင် သတိထားပါ။ အရင်းပိုင်း စက်ဝိုင်းကွင်းလေးကနေစပြီး စွပ်ပါ။ ထိပ်ဖျားနေရာမှာ အသီးလေးလိုရှိတာ တွေ့ပါမယ်။ ဒါကိုထိကိုင်စရာ မလိုပါ။ ပုံစံပေါ်အောင် မစွပ်ခင် ဆွဲဆန့်ဘို့ လုပ်ချင် လုပ်နိုင်တယ်။ အရင်းက ကွင်းကိုသာ လက်ချောင်းသုံးပြီး သန်မာမှု အတိုင်းအတာတခုထိရှိနေမဲ့ ကျားလိင်အင်္ဂါကို အပေါ်ကနေ ဖုံးအုပ်ပေးသလို အရင်းဘက်ဆီ ဆွဲပြီးစွပ်ပါ။ ထိပ်ဖျားမှာ လေအောင်းမနေတာ ကောင်းတယ်။ အတွင်း-အပြင် မှန်မှသာ အဆင်ပြေပြေ ဆွဲဖုံးနိုင်တယ်။ တကယ်လို့ ပိုးရှိနေနိုင်သူ ယောက်ျားဟာ အတွင်း-အပြင်မှားစွပ်တာဆိုရင် နောက် အသစ်တခုလဲပြီး မှန်မှန်ကန်ကန်စွပ်ပါ။ စွပ်ပြီးချိန်မှာ ထိပ်ဖျားက အသီးလေးဖြစ်နေပါစေ။ ဒါမှ ထွက်လာမဲ့ သုက်ရည် နေစရာရမယ်။ တကယ်လို့ ပန်းအဖျားဖြတ်ဘို့လိုသူက မဖြတ်ရသေးရင် ပန်းအဖျားက အရေပြားကို ဆွဲလှန်ပြီးမှ (ကွန်ဒွမ်) စွပ်ပါ။ (ကွန်ဒွမ်) ကို ဆက်ဆံမှုပြုနေချိန်တလျှောက်လုံး မချွတ်ပါနဲ့။ သုက်ရည်ထွက်လို့ ကိစ္ဓပြီးမှသာ ချွတ်ရမယ်။

• During Sex ဆက်ဆံနေချိန်
ဘယ်သူအတွက်သုံးတာဖြစ်ဖြစ် ချောဆီလိုမယ်ဆိုရင် Water-based lubricants အမျိုးအစားကိုသာသုံးပါ။ ဥပမာ KY Jelly နဲ့ Astroglide တွေဖြစ်တယ်။ တခြားဆီတွေက ဥပမာ ဆီ-ဓါတ်ဆီပါတဲ့ Creams, Mineral oil, Vaseline petroleum jelly, Baby oil, Body and Massage lotions တွေက (ကွန်ဒွမ်) ပေါက်သွားစေနိုင်တယ်။ Plastic condoms အမျိုးအစား သုံးတာဆိုရင်တော့ ဘယ်ချောဆီဖြစ်ဖြစ် သုံးလို့ရတယ်။ ဆက်ဆံနေတုံး (ကွန်ဒွမ်) ပေါက်ပြဲတာ၊ ကျွတ်သွားတာဖြစ်ရင် (ကွန်ဒွမ်) အသစ်တခုသုံးပါ။ ဆက်ဆံနည်းလမ်း တမျိုးအတွက် တခုသုံးပါ။ ဥပမာ (ဗဂျိုင်းနား) လမ်း၊ စအိုလမ်း။ ဆက်ဆံတာပြီးရင် (ကွန်ဒွမ်) ကို အသေအခြာ ချွတ်ပါ။ အရင်းနေရာကနေကိုင်ပါ။ ကျား-လိင်အင်္ဂါ လုံးဝပျော့ မသွားခင်မှာ ချွတ်ပါ။ အထဲက သုက်ရည် လုံးဝထွက်မကျစေပါနဲ့။

• After Sex ဆက်ဆံအပြီး
သုံးလိုက်တဲ့ (ကွန်ဒွမ်) ပေါက်ပြဲတာရှိ-မရှိစစ်ဆေးပါ။ အချိန်တခုခုမှာ ကျွတ်တာ၊ ပြဲတာ၊ အသစ်လဲရတာ စသဖြင့်ရှိခဲ့ရင် ကိုယ်ဝန်အတွက် နဲ့ ရောဂါအတွက် ဖြစ်နိုင်ခြေကို အဖေါ်နဲ့ တိုင်ပင်ပါ။ လိုအပ်ရင် ဆရာဝန်မေးပါ။ ကိုယ်ဝန်အတွက်ဆို အရေးပေါ်တားနည်း လိုချင်လိုမယ်။ ဥပမာ Emergency pills အရေးပေါ်တားဆေး၊ Spermicide သုက်ပိုးသေဆေး။ ရောဂါကာကွယ်ရေးအတွက် လိင်လမ်းနေရာတွေကို ဆပ်ပြာနဲ့ဆေးပါ။ သုံးပြီးသား (ကွန်ဒွမ်) ကို (တစ်ရှူး) နဲ့ဖြစ်ဖြစ် (ပလပ်စတစ်) အိတ်နဲ့ဖြစ်ဖြစ် ထည့်-ကိုင်ပါ။ ကလေးတွေ တိရစ္ဆာန်တွေ မရောက်နိုင်တဲ့နေရာမှာသာ စွန့်ပြစ်ပါ။ ရေအိမ်သာခွက်မှာ မစွန့်ပါနဲ့။

• Storing Condoms ဘယ်လို ထားသိုမလဲ
(ကွန်ဒွမ်) တွေကို အေးပြီး ခြောက်သွေ့ရာမှာ သိမ်းထားပါ။ ပိုက်ဆံအိပ်ထဲ၊ ကားထဲက ပူနိုင်တာသတိပြုပါ။ ပိုက်ဆံအိပ်က အဆင်ပြေတတ်တော့ အသုံးများတယ်။ အကြာကြီး ထည့်မထားပါနဲ့။ လေသလပ်ပေးပါ။ (ကွန်ဒွမ်) သက်တမ်းကုန်နေ့စွဲ သတိထားပါ။

• Effectiveness ထိရောက်မှု
စနစ်တကျ၊ မပြတ်တမ်းသုံးကြတဲ့ အတွဲတွေမှာ လေ့လာတော့ ပဌမတနှစ်အတွင်း ထိရောက်မှု မရှိတဲ့နှုန်း ၃% အထိရှိတယ်။ တကယ်တန်းဆိုရင် ၁၄% အထိရှိနိုင်တယ်။ ၆့၇% ပေါက်ပြဲနိုင်တယ်။ ၁၂% ဆက်ဆံနေရင်း ကျွတ်သွားနိုင်တယ်။

Dr. တင့်ဆွေ

Condom question မေးခွန်းတခု

စောစာကပဲ မေးခွန်းတခုလာတယ်။ မကြာခင်လက်ထပ်မဲ့ သတို့သားလောင်းကမေးတာပါ။ သူယူမဲ့ အမျိုးသမီးက အသက်မငယ်တာမို့ ယူပြီးရင် ကလေးမရဖြစ်မလား၊ ကိုယ်ဝန်ဆောင်ရင် ကလေးကိုထိခိုက်မလား။ ကိုယ်ဝန်တားနည်းက ဘယ်နည်းကောင်းသလဲလို့ မေးပါတယ်။

ဒီလိုဖြေလိုက်ပါတယ်။ “သည်အတိုင်းတော့ ပြောမရသေးပါ။ အမျိုးသမီးတွေဟာ သွေးမဆုံးမချင်း ကိုယ်ဝန်ရနိုင်ပါတယ်။ အသက်ကြီးသူဆိုရင် ကလေးမယူသေးပဲမစောင့်တာ ပိုသင့်ပါမယ်။ မရသေးတာကြာလာရင်တော့ ဆေးစစ်ရပါမယ်။ ကိုယ်ဝန်ဆောင်ရင်တော့ မိခင်အသက်ကြောင့် ကလေးမှာ ဘာမှမဖြစ်စေပါ။ (ကွန်ဒွမ်) မှာ ဟော်မုန်းမပါလို့ ကိုယ်ဝန်ကို ဘာမှ မထိခိုက်စေနိုင်ပါ။”

ပြန်မေးလာပါတယ်။ “ကွန်ဒွမ်ဆိုတာ ဆေးလားဆရာ။ သူက စွဲသောက်ရမှာလားခင်ဗျာ။”

ပြန်ဖြေမလို့ စာရိုက်ပြီးသားကို ဖျက်လိုက်ပါတယ်။ “ရီစရာပြန်ပြောတာလားမသိပါ။ မဟုတ်ရင်တော့ ပြန်မေးပါ” လို့သာ ရေးလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ

Condom and STDs (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ

လိင်ဆက်ဆံတာနဲ့ ပါတ်သက်ပြီး ရောဂါကူးမကူး သိချင်လို့ပါ။ Condom သုံးပေမယ့် ယောက်ျားမှာ ပွေးတို့ ဝဲတို့ ပေါက်နေမယ်ဆိုရင် မိန်းမမှာ ရာသီလာနေရင် ကူးနိုင်လားသိချင်ပါတယ်။ STDs ကို နာမလည်လို့ ရှင်းပြစေချင်ပါတယ်။ ဒီမေးခွန်းလေးကိုပဲ ထပ်ပြီး ပိုနားလည်အောင် ထပ်ရှင်းပြစေလိုပါတယ်။ ဆက်ဆံတဲ့ မိန်းကလေးက ရာသီလာနေမယ်၊ ဆက်ဆံတဲ့ ယောက်ျားလေးက Condom သုံးပေမယ့် ကွန်ဒွမ် မဖုံးတဲ့နေရာ (ဥပမာ ဝှေးစေ့၊ ဆီးစပ်) တို့မှာ ပွေး၊ ဝဲ၊ ညင်းတို့ ပေါက်နေမယ်ဆိုရင် ကူးနိင်မလား ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။

1. အမျိုးသမီးမှာ ရာသီလာနေတာကြောင့် ထူးပြီး ရောဂါကူးတာမျိုး မဖြစ်နိုင်ပါ။ ရာသီလာနေတယ်ဆိုတာ သူ့သားအိမ် အထဲက အတွင်းဆုံးအလွှာ ပျက်စီးလို့ ထွက်ကျလာနေတဲ့ သွေးသာဖြစ်တယ်။ ဒီအချိန်မို့ ထူးပြီးကူးစရာမရှိပါ။ တခုတော့ရှိတယ် ဒီအချိန်မျိုးမှာသုံးတဲ့ အခုအခံ Diaper က သန့်ရှင်းမှု နည်းရင်တော့ ပိုးဝင်လာနိုင်တယ်။

2. Condom (ကွန်ဒွမ်) က လိင်ဆက်ဆံချိန်မှာထွက်တဲ့ အရည်တွေထဲမှာပါနေမဲ့ လိင်ကတဆင့် ကူးစက်နိုင်ကြတဲ့ ရောဂါတွေကိုသာ အကာအကွယ်ပေးနိုင်တယ်။

3. (ကွန်ဒွမ်) က ကျားလိင်တံကိုသာ ဖုံးတာမို့၊ ကျားကနေမ၊ မကနေကျား၊ ကျားကနေကျား၊ STDs လိင်ကတဆင့် ကူးစက် ရောဂါတွေကို မကူးစေနိုင်ပါ။ ဒါပေမဲ့ (ကွန်ဒွမ်) ဖုံးမထားတဲ့ နေရာတွေမှာ တခြား ကူးစက်ရောဂါ ရှိနေရင်တော့ အကာအကွယ် မပေးနိုင်ပါ။

4. ယောက်ျားတွေရော မိန်းမတွေမှာပါ ရှိနေနိုင်တဲ့ STDs တွေ -
• HIV/AIDS အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်၊
• Genital warts လိင်လမ်း-ကြွက်နို့၊
• Gonorrhea ဂနိုရီးယား၊
• Hepatitis B အသဲရောင် ဘီ၊
• Syphilis ဆစ်ဖလစ်၊
• Herpes ရေယုံရောဂါ။

5. အမျိုးသမီးမှာသာ ရှိနေနိုင်တဲ့ STDs တွေ -
• Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်) ကြောင့် မွေးလမ်းကြောင်းရောင်ရင် အဖြူရောင် ပြစ်တဲ့ (ချိစ်) လို ဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။
• Cervicitis သားအိမ်အဝ ရောင်နေရင် ဆီးစပ်နာမယ်။ ခပ်ချွဲချွဲ နှင့် ပြည်လိုဆင်းမယ်။ သားအိမ်အဝ ထိရင် လိင်ဆက်ဆံရင် နာမယ်။
• Chancroid (ရှိန်ကာရွိုက်) သားအိမ်အဝမှာ အနာဖြစ်ရင် ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကြိတ် ပေါ်မယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။
• Chlamydial infection (ကလင်ဒါမိုင်စင်) မွေးလမ်းကြောင်း ရောင်နေရင် လိင်အင်္ဂါတွေမှာ အနာဖြစ်မယ်။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။
• Bacterial Vaginosis (Hemophilus, Gardnerella) ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်း ရောင်ခြင်း ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။
• Gonorrhea ဂနိုးရီးယား ဖြစ်နေရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။
• Pelvic Inflammatory Disease (PID) တင်ပါးဆုံအတွင်း အင်္ဂါတွေရောင်နေရင် နဲနဲဖျားမယ်။ ပြည် ဒါမှမဟုတ် ခပ်ချွဲချွဲဆင်းမယ်။ လိင်ဆက်ဆံရင် နာမယ်။ ဗိုက်အောက်ပိုင်းနေရာ နာမယ်။
• Trichomoniasis (ထွိုင်ကိုမိုးနပ်) မွေးလမ်းကြောင်း ရောင်နေရင် အနေအထိုင်ခက်ပြီး၊ အဖြူ (အမြှုတ်) ဆင်းမယ်။ မွေးလမ်း၊ မိန်းမကိုယ် နီမယ်။ စိမ်းဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းမယ်၊ ယားတယ်။

6. လိင်ဆက်ဆံတာကို လိင်အင်္ဂါတွေကိုသာမက စဉ်းစားရမှာတွေ အများကြီး ရှိပါသေးတယ်။ ကူးစက်ရောဂါ အမျိုးစုံဟာ ကူးစက်နိုင်တဲ့ လမ်းတွေကလဲ အမျိုးမျိုးရှိတယ်။ အတူတူ ထိကပ်၊ ပွေ့ဖက်စသဖြင့် နီးစပ်မှုတွေ ကြောင့် ကူးစက်ရောဂါတွေ အများကြီးရှိတယ်။
• Transmission by direct contact ကိုယ်အင်္ဂါ တိုက်ရိုက် ထိတွေ့မှုကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ။
- Yeast infections အမျိုးသမီးတွေရဲ့ (ဗဂျိုင်းနား) ဟာ မှိုရောဂါအတွက် နေရာကောင်း ဖြစ်တယ်။ ယောက်ျားတွေရဲ့ ကပ်ပဲ့အိတ် နဲ့ လိင်တံ တွေမှာလဲ ဖြစ်တယ်။ Tinea Corporis or Tinea Circinata (Ringworm) ပွေး၊ Tinea Cruris (Jock Itch) ပွေးတမျိုး၊ Tinea Versicolor (Pityriasis Versicolor) ညှင်း။ Tinea Manuum & Tinea Pedis (Athlete's Foot) အားကစားသမား ခြေထောက်၊
- အရေပြားမှာ ဗက်တီးရီးယားကြောင့် ဖြစ်ရတဲ့အနာ အမျိုးမျိုးရှိတယ်။ Impetigo, Folliculitis, Furunculosis, Carbunculosis, Ecthyma, Erysipelas, Cellulitis, Necrotizing Fasciitis
- Syphilis ဆစ်ဖလစ် (ဒီနည်းက ရှားတယ်)၊
- Warts ကြွက်နို့၊
- Leprosy လက်ပရိုစီ-အနာကြီးရောဂါ။

• Oral Sexual Transmission ပါးစပ်သုံး လိင်ဆက်ဆံရာကနေ Herpes simplex virus 1 ရေယုံ ဗိုင်းရပ်စ် အမျိုးအစား (၁) ကူးစက်နိုင်တယ်။

• Droplet contact သေးငယ်လှတဲ့ အမှုံအမွှားလေးတွေကနေ ကူးတဲ့ရောဂါတွေ၊ Bacterial Meningitis ဗက်တီးရီးယား-ဦးနှောက်မြှေးရောင်၊ Chickenpox ရေကျောက်၊ Common cold အအေးမိ၊ Influenza တုပ်ကွေး၊ Mumps ပသိရောင်၊ Strep throat လည်ချောင်းနာ၊ Tuberculosis တီဘီ၊ Measles ဝက်သက်၊ Rubella ဂျာမန်-ဝက်သက်၊ Whooping cough ကြက်ညှာ-ချောင်းဆိုး။

• Airborne transmission လေကတဆင့် ကူးစက်ရောဂါတွေ၊ Anthrax ဒေါင့်သန်းရောဂါ၊ Chickenpox ရေကျောက်၊ Influenza တုပ်ကွေး၊ Measles ဝက်သက်၊ Pertussis ကြက်ညှာ-ချောင်းဆိုး၊ Smallpox ကျောက်ကြီး၊ Tuberculosis တီဘီ။

• Fecal-oral transmission စအို-ပါးစပ်လမ်းက ကူးစက်ရောဂါတွေ၊ Giardiasis ဝမ်းပျက်ရောဂါ၊ Hepatitis A အသဲရောင် အသားဝါ အေ၊ Hepatitis E အသဲရောင် အီး၊ Rotavirus ဝမ်းပျက်ရောဂါ၊ Shigellosis ဝမ်းကိုက်ရောဂါ၊ Typhoid fever တိုက်ဖွိုက်၊ Vibri- parahaemolyticus infections ဝမ်းပျက်ရောဂါ၊ Poliomyelitis ပိုလီယို၊ Cholera ကာလဝမ်း၊ Clostridium difficile ဝမ်းပျက်ရောဂါ၊ Cryptosporidiosis ဝမ်းပျက်ရောဂါ၊ Ascariasis သန်ကောင်။

• Vector borne transmission ခြင်စတဲ့ ကြားခံ-အကောင်တွေကတဆင့် ကူးစက်တဲ့ ရောဂါတွေ။
- Chikungunya ခြင် ကတဆင့်ကူးစက်တဲ့ (ဗိုင်းရပ်စ်) ရောဂါ၊ ဆင်ဖြူတော်တုပ်ကွေး၊
- Dengue fever သွေးလွန်တုပ်ကွေး၊
- Eastern Equine Encephalitis (EEE) ခြင် ကတဆင့် ကူးစက်တဲ့ ဦးနှောက် (ဗိုင်းရပ်စ်) ရောဂါတမျိုး၊
- Epidemic polyarthritis ကပ်ရောဂါဖြစ်တဲ့ အဆစ်နာရောဂါတမျိုး၊
- Japanese encephalitis စပါးခင်းခြင် ကတဆင့်ကူးစက်တဲ့ ဂျပန်-ဦးနှောက်ရောင်ရောဂါ၊
- Kyasanur Forest disease သစ်တောရှိ မျောက် ကတဆင့် ကူးစက်တဲ့ ရောဂါ၊
- La Crosse encephalitis ခြင် ကတဆင့် ကူးစက်တဲ့ ဦးနှောက်ရောင် (ဗိုင်းရပ်စ်) ရောဂါ၊
- Leishmaniasis သဲခြင်မ ကတဆင့် ကူးစက်တဲ့ အရေပြား အနာရောဂါ၊
- Loaiasis သရက်ပိုး ကတဆင့် ကူးစက်တဲ့ရောဂါ၊
- Lyme disease သမင်ခြင်ကောင် ကတဆင့် ကူးစက်တဲ့ရောဂါ၊
- Malaria ငှက်ဖျား၊
- Onchocerciasis ခြင်နက် ကတဆင့် ကူးစက်တဲ့ မျက်စိရောဂါ၊
- Plague ကြွက်သန်းကတဆင့် ကူးစက်တဲ့ ပလိပ်ကပ်ရောဂါ၊
- Relapsing Fever သန်း၊ မှက် ကတဆင့် ကူးစက်တဲ့ရောဂါ၊
- St. Louis encephalitis ခြင်ကတဆင့် ကူးစက်တဲ့ ဂျပန်-ဦးနှောက်ရောင်နဲ့ ဆင်တဲ့ရောဂါ၊
- Venezuelan equine encephalitis ခြင် ကတဆင့်ကူးစက်တဲ့ (ဗိုင်းရပ်စ်) ဦးနှောက်ရောင်ရောဂါ တမျိုး၊
- West Nile fever ခြင် ကတဆင့်ကူးစက်တဲ့ ဂျပန်-ဦးနှောက်ရောင်နှင့် ဆင်တဲ့ရောဂါ၊
- Western equine encephalitis ခြင်ကတဆင့်ကူးစက်တဲ့ ဦးနှောက်ရောင်ရောဂါ၊
- Yellow fever ခြင် ကတဆင့်ကူးစက်တဲ့ (ဗိုင်းရပ်စ်) အဖျားရောဂါတမျိုး၊

အစိုးရိမ်မကြီးစေလိုပါ။ ဆေးစာမှာ ပြည့်စုံအောင် ရေးတာပါ။ သတိထားဆင်ခြင်၊ ကြိုတင်ကာကွယ် နိုင်တာတွေသာ ဖြစ်တယ်။ ရောဂါ အများဆုံးကလည်း ဖြစ်လာရင် ကုသလို့ရတာတွေများတယ်။

Dr. တင့်ဆွေ

(ကွန်ဒွမ်) ရေးတယ်

(ကွန်ဒွမ်) ရေးတယ်

ကျွန်တော်လည်း တရားစွဲခံရမလား မသိဘူး။ ဒီစာတွေကို ဖေ့စ်ဘွတ်မှာတင်လို့။ ကျွန်တော်လည်း မုံရွာကပဲ။

1. Condom and STDs (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ http://doctortintswe.blogspot.com/2014/12/stds-and-condom_13.html
2. Condom မေးခွန်းတခု http://doctortintswe.blogspot.com/2015/02/condom-question.html
3. Condom ယောက်ျားသုံး (ကွန်ဒွမ်) http://doctortintswe.blogspot.com/2015/02/condom.html
4. Condom Size Chart ကွန်ဒွမ် အရွယ်အစား http://doctortintswe.blogspot.com/2015/02/condom-size-chart.html
5. Condom Standards စိတ်ချရတဲ့ (ကွန်ဒွမ်) ဆိုတာ http://doctortintswe.blogspot.com/2015/02/condom-standards.html
6. Condom new generation (ကွန်ဒွမ်) မျိုးဆက်သစ်လာတော့မည် http://doctortintswe.blogspot.com/2015/02/blog-post_99.html
7. Condoms Safety and Effectiveness (ကွန်ဒွမ်) ရဲ့ ထိရောက်မှု နဲ့ စိတ်ချရမှု http://doctortintswe.blogspot.com/2015/02/condoms-safety-and-effectiveness.html
ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၅

Cut music to an hour a day

သီချင်း တနေ့မှာ တနာရီသာနားထောင်ပါ

• WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုလိုက်တဲ့ နောက်ဆုံးရ ကျန်းမာရေးသတင်းပါ။ နားအကြားကို မထိခိုက်စေဘို့ဖြစ်ပါတယ်။
• သီချင်း တေးဂီတတွေကို ကျယ်ကျယ်လောင်လောင်၊ အကြာကြီး နားထောင်ကြတဲ့ လူငယ်လူရွယ်ပေါင်း ၁့၁ ဘီလီယန်မှာ ရာသက်ပန်သောတအာရုံပျက်စီးဘို့ အန္တရာယ်ရှိနေကြပါတယ်။
• အသက် ၁၂ နှစ်ကနေ ၃၅ နှစ်ကြားရှိသူပေါင်း ၄၃ သန်းတို့ဟာ အဲလိုကနေ နားပျက်စီးသွားခဲ့ကြတယ်။ ကိန်းဂဏန်းတွေက တိုးလာနေတယ်လို့လည်းဆိုပါတယ်။
• ကလပ်တွေ၊ ဘားတွေမှာ တေးဂီတကို ကျယ်ကျယ်လောင်လောင်ဖွင့်ထားလည်း ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။
• အမေရိကားမှာ ဆယ်ကျော်သက်တွေ ၁၉၉၄ ကနေ ၂ဝဝ၆ အတွင်းမှာ နားမကြားတော့တာ ၃့၅% ကနေ ၅့၃% တိုးလာခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၅

Duties of Government အစိုးရကျင့်ဝတ်ငါးပါး

• သွေးခွဲဖြိုခွဲ၊
• အရေခွံလဲ၊
• ရသမျှအိတ်ထဲ၊
• အချုပ်အခြာအာဏာ သိက္ခာနဲ့လဲ၊
• မိုးထဲရေထဲ မုန်တိုင်းထဲ ဖွဲ့စည်းပုံအတည်ပြုဖို့ပဲ။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၅

Quality Education again

ယုံရမှာတောင်အားနာရတဲ့ ပညာရေး၊ ရင်လေးစရာ ကျောင်းမေးခွန်းမှာ သက်သေပေး။

အထက (၁) သာယာဝတီ ပထမတန်း လပတ်စစ်ဆေးခြင်း၊ မြန်မာစာမေးခွန်း
အောက်ပါကဗျာကို လက်ရေးလှကူးရေးပါ။
မိဘဝတ်
- မကောင်းမြစ်တာ၊
- ကောင်းရာညွှန်လတ်၊
- အတတ်သင်စေ၊
- ပေးဝေနှီးရင်း၊
- ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

တပည့်ဝတ်
• ညီညာထကြွ၊
• ဆုံးမနာယူ၊
• လာမူကြိုဆီး၊
• ထံနီးလုပ်ကျွေး၊
• သင်ထွေးအံရွှတ်၊
• တပည့်ဝတ်၊ မချွတ်ငါးခုသာ။

ဆရာဝတ်
• အတတ်လည်းသင်၊
• ပဲ့ပြင်ဆုံးမ၊
• သိပ္ပမချန်၊
• ဘေးရန်ဆီးကာ၊
• သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ခါးဖြာ။

မိတ်ဆွေဝတ်
• ပေးကမ်းချီးမြှင့်၊
• ကိုယ်နှင့်ယှဉ်ထား၊
• စီးပွားဆောင်ရွက်၊
• နှုတ်မြွတ်ချိုသာ၊
• သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။

မယားကျင့်ဝတ်
• အိမ်တွင်းမှုလုပ်၊
• သိမ်းထုတ်သေချာ၊
• မိစ္ဆာကြည့်ရှောင်၊
• လျော်အောင်ဖြန့်ချိ၊
• ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

လင့်ကျင့်ဝတ်
• မထေမဲ့ကင်း၊
• အပ်နှင့်ဥစ္စာ၊
• မိစ္ဆာမမှား၊
• ဝတ်စားဆင်ယင်၊
• မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။

အကြီးအကဲဝတ်
• ထကြွ၊ နိုးကြား၊
• သနား၊ သည်းခံ၊
• ဝေဖန်၊ ထောက်ရှူ၊ ဤခြောက်ခု၊ ကြီးသူ့နာယက ဂုဏ်ခြောက်ဝ။

အစိုးရကျင့်ဝတ်
• ဖြိုခွဲသွေးခွဲ၊
• အရေခွံလဲ၊
• ရသမျှအိတ်ထဲ၊
• အချုပ်အခြာအာဏာ သိက္ခာနဲ့လဲ၊
• မိုးထဲရေထဲမုန်တိုင်းထဲ ဖွဲ့စည်းပုံအတည်ပြုဘို့ပဲ။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၅
Photo from Zayar Phyo

Counteraction မြန်မာပြည်မှာ တန်ပြန်တွေကများ

• တန်ပြန်ထိုးစစ် မြန်မာ့တပ်မတော် ဆင်နွှဲ၏။ သဘောထားအမျိုးမျိုး ကွဲပြားနေကြ၏။
• တန်ပြန်ထောက်လှမ်းရေး မြန်မာ့ရဲတပ်ဖွဲ့ ဖွဲ့စီး၏။ စိုးရိမ်စိတ်တွေ ကဲနေကြ၏။
• တန်ပြန်သပိတ် ပြည်ခိုင်ဖြိုး ဦးစီး၏။ ရွေးကောက်ပွဲကော်မရှင် နှာစေးနေ၏။
• လယ်သိမ်း မြေသိမ်းခံသူတွေ အလုပ်အကိုင်မရှိဖြစ်ကြ၏။ တန်ပြန်နေ့စားတွေ အလုပ်ရကြ၏။

Synonyms for counteraction တန်ပြန်လုပ်ဆောင်မှု၏ သံတူကြောင်းကွဲဝေါဟာရများ
- Counterattack တန်ပြန်တိုက်ခိုက်မှု၊
- Counterbalance ချိန်ညှိခြင်း၊
- Counterblow တန်ပြန်ထိုးနှက်ချက်၊
- Countermove တန်ပြန်အလုပ်၊
- Counteroffensive တန်ပြန်ထိုးစစ်ဆင်ခြင်း၊
- Counterstrike တန်ပြန် ပြန်ချခြင်း၊
- Countermeasure တန်ပြန်အစီအမံ၊
- Neutralization အာနိသင်ပြက်ပျယ်စေခြင်း။
- Reciprocation အလားတူပြောင်းပြန်ပြုခြင်း၊
- Reprisal ရန်တုံ့နှင်းခြင်း၊
- Retribution ဝဋ်လည်ခြင်း၊
- Revenge လက်စားချေခြင်း၊
- Vengeance လက်တုန့်ပြန်ခြင်း၊
- An eye for an eye ဘေဘီလုံဥပဒေသ၊

ကနေ့အဖြစ်အပျက်တွေမှာ သုံးနိုင်တဲ့ဝေါဟာရများ
- Counter insurgency သောင်းကျန်းမှု ချေမှုန်းရေး။
- Counterfeit = အတုအပပြုလုပ်ခြင်း၊ အယောင်ဆောင်လုပ်ခြင်း။
- Countermand = ထုတ်ပြီးသားအမိန့်ကို အမိန်သစ်ဖြင့်အစားထိုးခြင်း။
- Counterproductive = ဖြစ်စေချင်တာနှင့်တခြားစီခြစ်ခြင်း။ အကျိုးလိုလို့ညောင်ရေလောင်း ပတ်ထမ်းနဲ့တွေ့။

ဒေါက်တာတင့်ဆွေ
၂၇-၂-၂ဝ၁၅

Thursday, February 26, 2015

Reform

• ယူနီဖေါင်းပြောင်းထားတဲ့လှည်း၊
• နေပြည်တော်အထိဆွဲလို့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

Photo from San Nyo Aung

Counter protest

ဒို့အရေး ဒို့အရေး
၂၇ ၂ ၂ဝ၁၅ (တံတားဦး)
Innwa Gonyi

Tint Swe အသွားငုံ့ငုံ့၊ အပြန်ငေါ့ငေါ့။

R ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

Mysterious disease ဘာရောဂါလည်း

• ဗိုလ်ချုပ်အောင်ဆန်း ဘွဲ့ရတာမသိတာ ပါချုပ်တဲ့။
• တန်ပြန်သပိတ်ဖန်တီးနေတာလည်း ပါချုပ်တွေတဲ့။
• ပညာရေးဝန်ကြီးဌာနသဘောထားဆိုတဲ့စာကိုရကြတာ ပါချုပ်တွေပဲတဲ့။
• နောက်လွှတ်တော်မှာ ပါချုပ်တွေတက်ဘို့ နိမိတ်တွေပဲလားမသိ။
• ကျန်းမာရေးမှာတော့ ပါလည်းပါ၊ ချုပ်လည်းချုပ်ဆိုရင် ဆရာဝန်နားရှုပ်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

Secret Letters အစိုးရပြုတ်ကျအောင် အစပျိုးပေးတဲ့စာ

• အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းအပေါ် ပညာရေးဝန်ကြီးဌာနရဲ့သဘောထားဆိုတဲ့ စာမျက်နှာ ၄၂ မျက်နှာပါစာကို ပါမောက္ခချုပ်တွေနဲ့ ဒုတိယပါမောက္ခချုပ်တွေဆီကို လွန်ခဲ့တဲ့တစ်ပတ်ကျော်က လျှို့ဝှက်ဖြန့်ခဲ့တယ်။

• ဦးအောင်ကြီးကနေ ဦးနေဝင်းဆီဦးတည်တဲ့ အိပ်ဖွင့်ပေးစာတွေကို ၁၉၈၇ ခုနှစ် ဇူလိုင်လမှာတစောင်၊ ၁၉၈၈ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာတစောင်နဲ့ မေလ ၉ ရက်နေ့မှာ စာမျက်နှာ ၄ဝ ပါစာတစောင် ရေးခဲ့တယ်။ ဒီစာတွေဟာ ၁၉၈၈ အရေးအခင်ကြီး (သို့) ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ မဆလအစိုးရပြုတ်ကျစေတဲ့ လူထုလှုပ်ရှားမှုကြီး ဖြစ်ပေါ်စေအောင် အစပျိုးပေးခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

Obsolete ရှင်ခန်းဖြတ်ပါ

• ကနေ့ မနက်ခင်းမှာ ထွက်လာတဲ့သတင်း၊ တနေအကုန်မှာ စုံတဲ့သတင်း၊ တလနှစ်အတွင်း သတင်းလောက်နဲ့ အဆိုးအကောင်း၊ အလားအလာကို မတွက်ကြပါနဲ့။ အားမပျက်ကြပါနဲ့။ အားမတက်ကြပါနဲ့။ စိတ်မကွက်ကြပါနဲ့။
• နောက် ၇ လ၊ ၈လမှာ လုပ်စရာတွေက များလှတယ်။
• အခင်းအကျင်းတွေ သတင်းတွေကို သုံးသပ်တဲ့အခါ၊ ၁၉၆၂ ကနေစလည်းမလုံလောက်ပါ။ ၁၉၄၈ အထိပါ ပြန်စဉ်းစားပြီး ပုံဖေါ်ယူသင့်ကြပါတယ်။
• ဖဲဝိုင်းဖဲခိုးနည်း၊ ဘောလုံးပွဲညစ်နည်း၊ ကစားနည်းပေါင်စုံမှာ ပြိုင်ဖက်နဲ့ ဒိုင်တွေရဲ့ ညစ်ပတ်နည်းအဖုံဖုံကို အားလုံးစုံက တာဝန်ခွဲပြီးလုပ်နေကြတယ်။ ဘေးတီးတွေ အလံရှူးတွေကလည်း များများလာနေပြီ။
• အရင်က အထင်ကရတွေ၊ အမြင်အရ အထင်ကြီးထားခဲ့သူတွေ၊ နဂိုတုံးက ဖုံးထားသူတွေလည်း လောင်းတဲ့အထဲမှာ ပါနေတယ်။
• ရွေးကောက်ပွဲသာဖြစ်လာရင် ကနေ့ ခံနေရသူတွေ၊ အားပျက်နေရသူတွေအတွက် အကွက်ပါ။ ၇-၈ လအတွင်းမှာ နားမယောင်မိကြဘို့သာလိုတယ်။
• အကွေ့တိုင်းမှာ ဟိုဖက်ပါသွားသူမျိုးရှိစမြဲမို့ အရင်က အထင်ဘယ်လောက်ကြီးခဲ့ကြီးခဲ့ပါ၊ ရှင်ခန်းသာဖြစ်ကြပါ။ အားမနာပါနဲ့။ ဒါမှသာ အာဏာရှင်ကို ရှင်ခန်းဖြတ်နိုင်ကြမှာပါ။
• အချိုတွေလည်း ကျွေးပါလိမ့်မယ်။ ဆီးချိုမရှိရင် စားသာစားပါ။ ထမင်းစားလက်မှတ်ရတာ ထမင်းဘိုးပေးဘို့မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

Village life အုန်း ထန်း ငှက်ပျော၊ လက်ပံပေါ၊ ကျွန်တော်မွေးခဲ့တဲ့တော

ကွန်မင့်တခု = ဆရာကြီးတင်မိုးပြီးတော့ ဆရာတင့်ဆွေပေါ့။

• ဟာဗျာ့ ဆရာတင်မိုးနဲ့တော့ မနှိုင်းစေချင်ပါဗျာ။
• ကျွန်တော်က ကာရံပါတာလေးတွေရေးပေမဲ့ ကဗျာတန်းမဝင်ပါ။
• ဆရာတင်မိုး ဒေလီကိုလာတုံးကပေါ့။ သူနဲ့ လူငယ် ၄ ယောက် ဓါတ်ပုံ တွဲရိုက်ကြတယ်။ ပြောမနာဆိုမနာတွေမို့ ကျွန်တော်က စာသမားတယောက်နဲ့ ပေသမားလေးယောက်လို့ နောက်လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅
Photo sent from Konanda Nandarom

Sweet dreams အိပ်မက်ချိုချိုမက်ပါစေ

• ဆေးကျောင်းမှာ ၇ နှစ်လုံးလုံးအတူနေခဲတဲ့ သူငယ်ချင်း ဆရာဝန်မတယောက်ကနေ လှမ်းနှုပ်ဆက်တယ်။ သူငယ်ချင်း စာရေးနေတုံးလား။ ဒီမှာတော့ ည ၁ဝ နာရီကျော်ပြီ။ Good night!
• အေ့း့ ဒီမှာက မနက် ၁၁ နာရီ ၇ မိနစ်။ Sweet dream!
• အေးလေ အရှေ့နဲ့အနောက် ကွာခြားနေပြီပဲ။
• အေ့း့ ငါကအဲလိုပြောပြီးရင် စာသင်ပေးရတဲ့ဆရာမလေးတွေကို Check urine sugar လို့ ဆက်ပြောတယ်။ (ဆီးချိုစစ်ပါလို့ ပြောတာပါ။)
• Smile!

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

Rural beauty တောလား

• ရေကန်နဲ့ လက်ပံ၊ ဆက်ရက်သံညံ၊ ရွာပြန်အမှတ်ရတယ်။
• ထန်းတောနဲ့ယာ၊ အဝေးမှာခင်တန်း၊ ရွာကိုလွမ်းတယ်။
• သစ်ပင်နဲ့ ခြုံပုပ်၊ နတ်လုပ်တဲ့တောနယ် ရွာအလည်ပြန်ချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅
Photo sent from Myat Noe

Ocean of Fire race မီးပင်လယ်ဖြတ်ကျော်တဲ့အမျိုး

ဆရာဒေါက်တင့်လည်း ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကို ချော့မွေ့စွာဖြတ်သန်းနိုင်ပါစေ။

• ချင်းတောင်ကိုကျော် အနောက်ဖက်မြေပေါ်မှာနေခဲ့တာ အနှစ် ၂ဝ မကပါ၊
• မီးပင်လယ်အထိတော့ တင်စားလိုခြင်းမရှိပါ၊
• နိုင်ငံရေးသမုဒ္ဒရာမှာ လက်ယက်ခပ်ပြီးသာ သွားနေခဲ့ရတာ၊
• လှေကလေးတစင်းမှာ မာလိမ်မှူးမဟုတ်ပေမဲ့ နောက်ဆုံးမှသာထွက်ခွါလာ၊
• လှေခွက်သာကျန် အလံမလှဲသူတွေက ဒုနဲ့ဒေးပါ၊
• ကိုယ်ကမှ အသက်ဝဝရှူနိုင်တာ၊
• ဒုက္ဒပင်လယ်အစစ်မှာ လူဖြစ်နေကြရသူတွေဟာ သန်း ၅ဝ ကျော်သတဲ့ဗျာ။     ။

Hidalgo ဆိုတဲ့ရုပ်ရှင်ကားရှိတယ်။ အမေရိကန် မြင်းစီးသမားဇာတ်လမ်းပါ။ တကယ့်အဖြစ်နဲ့ စိတ်ကူးယဉ်ရောထားတယ်။ အာရေဗီယန်သွေးအစစ်ပါတဲ့မြင်းမျိုးကို လိုက်ရှာတဲ့ဇာတ်လမ်း။ အဲဒီမြင်းမျိုးကို Ocean of Fire race လို့ ခေါ်ပါတယ်။ မြန်မာပြည်မှာတော့ မီးပင်လယ်ဖြတ်ကျော်တဲ့အမျိုးဆိုတာ တကယ်ရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

Video proof ပုလဲသက်သေ (သို့) ၃ ဆတိုးကြိုးပမ်းနေ

• မနေ့ကလွှတ်တော်မှာ တရုပ်ကနေ ဒေါ်လာ သန်း ၃ဝဝ ထပ်ချေးယူဘို့ သမဝန်ကြီးဦးကျော်ဆန်းရဲ့အဆိုကို ဒေါ်ခင်စန်းလှိုင်က ကန့်ကန်တယ်။ ဒါပေမဲ့ မဲအများနဲ့ အတည်ပြုသွားခဲ့တယ်။
• မဲအများစုမရရအောင် ဖန်တီးလုပ်ယူထားလို့ သက်သေတွေ လက်ဆုပ်လက်ကိုင်ရှိပေမဲ့ လွှတ်တော်ဟာ အများအတွက် အားကိုးစရာမဟုတ်ဘူးဆိုတဲ့ နောက်ထပ်သက်သေခံချက်ဖြစ်တယ်။
• ဦးကျော်ဆန်းက ပုလဲလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဝန်ကြီးဖြစ်လို့လစ်လပ်သွားတဲ့နေရာကို ကြားဖြတ် ရွေးကောက်ပွဲလုပ်တော့ NLD က ဒေါ်ခင်စန်းလှိုင် အရွေးခံရတယ်။
• ကနေ့မနက်မှာ ပြည်ခိုင်ဖြိုးလှုပ်ရှားမှု - လက်တွေ့ငွေချေးမပေးပဲ မလိမ့်တပတ် ပါတီဝင်စုဆောင်းဆိုတဲ့ ဗီဒီယို ဖိုင်တခုကို ပုလဲက ၁၉၉ဝ အမတ်ဟောင်းဆီကို ပုလဲကနေပို့လာတယ်။
• ဦးကျော်ဆန်းဟာ ၂ဝ၁၂ ကြားဖြတ်မှာ သူ့အမျိုးကို အမတ်အရွေးခံဘို့ရာ တရုပ်ဆီက အရင်ချေးယူထားတဲ့ ဒေါ်လာ သန်း ၁ဝဝ ထဲကနေ ပုလဲသားတွေကို ငွေချေးပေးခဲ့တယ်။ အခု သန်း ၃ဝဝ ဟာလည်း လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ချေးယူတာဖြစ်တယ်။ ၃ ဆတိုးကြိုးပမ်းမဲ့သဘောဖြစ်တယ်။
• ကျွန်တော်တို့က ၅ ဆတိုးကြိုးပမ်းကြရပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

Wednesday, February 25, 2015

FAQs H5N1 influenza လူတွေမှာဖြစ်တဲ့ ကြက်ငှက်တုပ်ကွေး အမေး-အဖြေများ

1. What is H5N1 ဆိုတာဘာလည်း
Avian influenza လို့လည်းခေါ်တယ်။ Bird flu လို့လည်းခေါ်တယ်။ ကြက်ငှက်တွေမှာ သက်ရှူလမ်းကို အလွန်ကူးစက်လွယ်တယ်။ လူကိုကူးစက်တာ တခါတလေမှသာဖြစ်တယ်။ ဒါပေမဲ့ လူကိုကူးစက်ရင် ၆ဝ% သေဆုံးနိုင်တယ်။ 

2. How H5N1 influenza spread to people လူကိုဘယ်လိုကူးစက်သလည်း
ပိုးရှိနေတဲ့ ကြက်ငှက်ရဲ့ အသည်း နဲ့ အသားကို ထိကိုင်မိရာကနေ ကူးစက်တယ်။ ပိုးရှိပတ်ဝန်းကျင်ကနေလည်း ကူးစက်လာနိုင်သေးတယ်။ လူကနေလူကိုကူးစက်တာ အင်မန်ဖြစ်ခဲတယ်။

3. Symptoms of H5N1 avian influenza in humans လူတွေဖြစ်ရင် ခံစားရမဲ့ရောဂါလက္ခဏာတွေ
၁။ Fever ဖျား၊ အဖျားကြီးမြင့်နိုင်တယ်။ မအီမသာဖြစ်မယ်။ လည်ချောင်းနာမယ်။
၂။ Acute respiratory distress ချက်ချင်းဖြစ်တဲ့ အသက်ရှူလမ်း ကူးစက်ရောဂါ၊ ချောင်းဆိုး၊ နူမိုးနီးယား။
၃။ Shortness of breath/difficulty breathing အသက်ရှူ တို-ခက်ခဲ၊ ရင်ပတ်အောင့်မယ်။
၎။ Abdominal pain ဗိုက်အောင့်၊
၅။ Diarrhea ဝမ်းပျက်။
၆။ စိတ်မူပြောင်း၊ တက်။

4. H5N1 avian influenza in humans treatment လူမှာဖြစ်ရင် ဘယ်လို ကုသမလည်း
အမြန်ကုသမှုခံယူရမယ်။ ဆေးရုံတင်ရမယ်။ အထူးခန်းမှာထားရနိုင်တယ်။ Oseltamivir (Tamiflu) ဆေးကိုသုံးရင် ခံစားရတာတွေ သက်သာစေတယ်။

5. Chicken, poultry products and other wild game birds ကြက်သားစားလို့ရလား
သေသေချာချာ ချက်ပြုကျော်လှော်ထားတဲ့ ကြက်သားဟင်စားနိုင်ပါတယ်။ ဗိုင်းရပ်စ်က အပူချိန်ကို မခံနိုင်ပါ။ ၇ဝ ဒီဂရီ (စီ) အထိပူရင် စိတ်ချရပါတယ်။ အသားကိုင်တာမှာ စနစ်တကျ သန့်ရှင်းရမယ်။

6. Oseltamivir (Tamiflu) တမီဖလူးဆေး

ဘေးထွက်ဆိုးကျိုးများ = ပျို့၊ အန်။ ဝမ်းပျက်၊ ဗိုက်နာ။

လူကြီး ၁၂ နှစ်အထက်
• ကုသရန် = 75 mg တနေ့ ၂ ကြိမ်၊ ၅ ရက်။ HIV ရှိနေသူတွေ ၆-၁၂ ပါတ်။
• ကာကွယ်ရန် = 75 mg တနေ့ ၁ ကြိမ်၊ ၁ဝ ရက်။
ကလေး
• ၂ ပါတ်မှ ၁ နှစ် 3 mg/kg တနေ့ ၂ ကြိမ်။
• ၁ နှစ်မှ ၁၂ နှစ်အထိ အလေးချိန် 15 kg အထိ = 30 mg တနေ့ ၂ ကြိမ်။ 15.1 မှ 23 kg = 45 mg တနေ့ ၂ ကြိမ်။ 23.1 မှ 40 kg = 60 mg တနေ့ ၂ ကြိမ်။ 40.1 kg အထက် = 75 mg တနေ့ ၂ ကြိမ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၅

Renal Dialysis ကျောက်ကပ်ဆေးခြင်း

အခုစာတင်နေချိန်မှာ ကျွန်တော် IU Health University Hospital ဆေးရုံမှာရောက်နေပါတယ်။ ဆရာဝန်လုပ်ဘို့မဟုတ်၊ လူနာဖြစ်လို့လည်း မဟုတ်ပါ။ စကားပြန်ကူညီနေတာဖြစ်ပါတယ်။ မြန်မာပြည်က လူနာတယောက် ကျောက်ကပ်လဲဘို့ ဆေးစစ်နေတာပါ။ သူ့ကို အာလ်ထွာဆောင်း၊ ခံနိုင်ရည်အားစစ်တာတွေလုပ်နေတုံး ၁ဝ-၁၅ မိနစ် အားနေချိန်မှာ မေးတာ-ဖြေတာနဲ့ စာတင်တဲ့အလုပ်လုပ်နိုင်ပါတယ်။ Wi-Fi ကလည်းလွယ်လို့ပါ။

ကျောက်ကပ်ဆိုတာ လူ့သွေးထဲက မလိုတော့တာတွေကို စစ်ပြီးထုတ်ပေးနေတဲ့ စက်တခုနဲ့တူတယ်။ ရေစစ် ပြောင်းပြန် ဖြစ်တယ်။ ရေစစ်က လိုချင်တာကို အောက်ကျစေပြီး၊ ကျောက်ကပ်က မလိုချင်တာကို ထွက်သွားစေတယ်။

ကျောက်ကပ်က သူ့အလုပ်သူမနိုင်လို့ လုပ်ပေးရတဲ့ဆေးကုသနည်းကို Renal Dialysis ကျောက်ကပ်ဆေးခြင်းလို့ ခေါ်တယ်။ ကျောက်ကပ်ကနေ ပိုတဲ့ရေနဲ့ ဓါတ်ဆားတွေကို စွန့်ထုတ်ပေးနေတယ်။ ဓါတ်ဆားတွေဆိုတာ Sodium, Potassium, Chloride, Calcium, Phosphorus, Magnesium, Sulfate တွေဖြစ်တယ်။ အသက်ရှူထုတ်ရာမှာလဲ မလိုတာတွေ စွန့်ထုတ်တယ်။ အဲဒီကနေမလုပ်နိုင်တာကို ကျောက်ကပ်ကနေလုပ်ပေးတယ်။

Dialysis လုပ်တယ်ဆိုတာ (၁) Diffusion of solutes နဲ့ (၂) Ultrafiltration of fluid အလုပ် ၂ မျိုးကို Semi-permeable membrane တဝက်တပျက် စိမ့်ထွက်နိုင်တဲ့အလွှာကနေ လုပ်ပေးတယ်။ Dialyzer စက်လို့ခေါ်တယ်။ သေးမွှားတာလေးတွေကို စစ်ထုတ်ပြီး ပိုကြီးတာတွေကို ချန်ထားပေးတယ်။
Dialysis မှာ ပင်မနည်း ၃ မျိုးရှိတယ်။ ပင်မနည်း (၁) Hemodialysis နဲ့ ပင်မနည်း (၂) Peritoneal dialysis အပြင် ပင်မနည်း (၃) Hemofiltration ဖြစ်တယ်။ ဒုတိယနည်း (၂) နည်းထဲမှာ Hemodiafiltration နည်းနဲ့ Intestinal dialysis နည်းတွေဖြစ်တယ်။ Hemodialysis ဆိုတာ သွေးထဲက Wastes အညစ်အကြေးနဲ့ Excess water ပိုတဲ့ရေကို စွန့်ထုတ်တာ ဖြစ်တယ်။ ဓါတုဗေဒဆိုင်ရာ အသေးစိတ် ဥပဒေသတွေကို အားကိုးပြီးလုပ်ရတာ ဖြစ်တယ်။

ကျောက်ကပ်စစ်တာ ဘယ်တော့လိုအပ်သလဲဆိုတဲ့ အဆုံးအဖြတ်ကို သေချာချရတယ်။
ရက်တိုရောဂါတွေ -
• Metabolic acidosis ကြောင့် Acidemia ဖြစ်လာရင်လုပ်ရမယ်။
• Electrolyte abnormality ဖြစ်ရင် ဆိုးဆိုးဝါးဝါး Hyperkalemia ဖြစ်လို့လုပ်ရတယ်။
• Intoxication ဆိုတာ အဆပ်သင့်တာမျိုး။ Salicylic acid, Lithium, Isopropanol, Magnesium-containing laxatives နဲ့ Ethylene glycol ဖြစ်ရင်လုပ်ရတယ်။
• Overload of fluid ဆိုတာ Diuretics ဆီးသွားစေတဲ့ဆေးတွေနဲ့ မနိုင်ရင် လုပ်ရတယ်။
• Uremia complications ဆိုတာ Pericarditis, Encephalopathy, Gastrointestinal bleeding ကနေ ဆက်ဖြစ်လာမျိုး ဖြစ်ရင် လုပ်ရတယ်။

ရက်ရှည်ရောဂါတွေ -
• Symptomatic renal failure ကျောက်ကပ်အလုပ်မလုပ်နိုင်လို့ ရောဂါလကဏာတွေခံစားနေရသူ၊
• Low glomerular filtration rate (GFR) စစ်ထုတ်နှုန်း 10-15 mls/min/1.73m2 ထက် နည်းနေသူ၊
• GFR ကလဲနည်းပြီး Serum potassium, and/or Serum phosphorus တွေကများနေသူတွေ။
ကျောက်ကပ်ကနေ ဟော်မုန်းအလုပ်တချို့ကိုလဲလုပ်ပေးတယ်။ Erythropoietin နဲ့ Calcitriol တွေကိုလဲ သူက ထုတ်လုပ်ပေးနေတယ်။ Erythropoietin ဆိုတာ သွေးနီဥထုတ်လုပ်ရာမှာ အသုံးကျပြီး၊ Calcitriol ကတော့ အရိုးအတွက် လိုအပ်တယ်။ ကျောက်ကပ်ဆေးရာမှာ ဒီတာဝန်ကို လုပ်မပေးနိုင်ပါ။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၅

Betel chewing tradition ကွမ်းဓလေ့

• ကွမ်းစားတာကို ကျန်းမာရေးအရ ကောင်းကျို-ဆိုးကျိုးတွေရေးပါတယ်။ မြန်မာပြည်မှာ ကွမ်းစားတဲ့ဓလေ့ကို ပပျောက်အောက်အထိလုပ်ဘို့ မရနိုင် (သေး) ပါ။
• သူများတိုင်းပြည်တွေမှာ ဝိုင်သောက်တာနဲ့ဆင်တူတယ်။ အဲတော့ ဝိုင်အနီသောက်ရင် (မများရင်) နှလုံးအတွက် ကောင်းတယ်လို့ သူတို့ဆရာဝန်တွေကရေးကြတယ်။
• ကျွန်တော်က မဖြစ်နိုင်လောက်တာကို အတင်းမခိုင်းတတ်ပါ။
• Betel nut with Tobacco ဆေး-ကွမ်းယာနဲ့ ကျန်းမာရေးနိဂုံးမှာ မဖြစ်နိုင်တာကို မလုပ်ပါနဲ့လို့အကြံပေးတာဟာ အချည်းအနှီးသာဖြစ်လို့ ဆေးနဲ့ကွမ်းယာ ကျန်းမာအောင် စားတတ်ကြပါစေလို့ အဆုံးသတ်ထားပါတယ်။
http://dts-medicaleducation.blogspot.com/…/betel-nut-with-t…
http://doctortintswe.blogspot.com/search…

ဒေါက်တာတင့်ဆွေ
၂၅-၂-၂ဝ၁၅

Tuesday, February 24, 2015

Snow land wishes နှင်းထုဆုတောင်း

• နေတဲ့နေရာ နေဝင်တဲ့အခါ၊
• နှင်းပြင်လွှာဖြူဖွေးဖွေးက အေးအေးခဲခဲ၊ ဣနြေ္ဒတခွဲသားနဲ့ ဖုံးထားသာ၊
• ညအခါ လရောင်ဟာ နှင်းလွာမှာ ကျလာမဲ့သစ်ပင်ရိပ်ကို ထွေးသိပ်စေမှာ၊
• မွေးတဲ့အရပ်မှာ အရုဏ်လင်းလာ၊
• မြေဆီလွှာမှာ၊ နေခြည်ဖြာမှာ၊ စိတ်ကောင်းစေတနာပါပါ ဝမ်းစာရှာ၊
• တယောက်မကျန်ပါ၊ ကျန်းမာချမ်းသာကြစေဗျာ။     ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၄
ည ၈ နာရီ၊ ၁၇ မိနစ်။
Photo by Myo Myint

Jail proof jacket သတင်းထောက်သတင်း

• ငယ်ငယ်တုံးက ဇာတိဖြစ်တဲ့ ပုလဲမြို့နယ်မှာ သူပုန်တွေကပေါတယ်။ အဲဒီ ၃-၄ နှစ်သားကတည်းက သူပုန်ဆိုတာ နားရည်ဝနေခဲ့တယ်။ ဘာသူပုန်လည်းတော့ နည်းနည်းကြီးလာမှသာ စဉ်းစားလာနိုင်တယ်။ ချင်းတွင်းမြစ် အနောက်ဖက်ဆိုတော့ အလံနီကြီးစိုးခဲ့တဲ့နေရာ။
• မင်းရွာက ကျွန်တော့်မိဘများအိမ်ဟာ အိမ်ကြီးရခိုင်ဆိုတော့ အစိုးရလာလည်း အိမ်မှာစခန်းချတယ်။ သူပုန်လာလည်း အိမ်မှာစတည်းချတယ်။
• မုံရွာကို ပြောင်းနေရတော့ အိမ်ကိုလာလည်နေကျ ရွာကလူကြီးတယောက် ထောင်ကျသွားတယ်။ သူပုန် အားပေးလို့တဲ့။ ရွာမှာက သူပုန်ကဆက်ကြေးတောင်းရင် ဘယ်နေသာမှာလည်း။ အသက်မသေချင်ရင်၊ ရွာကို မီးရှို့မခံချင်ရင်၊ တောင်းတဲ့ ဆက်ကြေး ပေးကြရတယ်။ အဲဒီလူကြီးက ဆက်ကြေးသွားပေးရတဲ့တာဝန်ကျလို့ပါ။

• အခုတိုက်ပွဲတွေဖြစ်နေတဲ့နေရာကို သတင်းထောက်တွေသွားတဲ့သတင်းက တကယ့်သတင်းဖြစ်နေတယ်။ သူတို့ တင်ဆက်တဲ့သတင်းတွေကတော့ တယောက်တမျိုး။ တယောက်တမျိုးဆိုတာ မတိကျပါ။ တဘက်တမျိုး။
• တချို့သတင်းထောက်တွေကတော့ မသွားခင်ကတည်းက သတင်းရေးထားပြီးသားဖြစ်ပုံရတယ်။ ကျန်တဲ့ သတင်းထောက်တွေအဖို့တော့ ကျွန်တော့်ရွာ ထောင်ကျတဲ့လူကြီးအဖြစ်မရောက်အောင် ရေးကြရပုံကြတယ်။
• Bulletproof vest ကျည်ကာအင်္ကျီနဲ့သတင်းထောက်တွေပုံတော့ မျက်စရှန်လို့လားမပြောတတ်ပါ မတွေ့သေးဘူး။ Jail proof jacket ထောင်ကာအင်္ကျီဝတ်ထားကြဘို့ အကြံပေးပါရစေ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၅

Civics ပေါ်လက်တစ်အစ စစ်ဗစ်က

အင်္ဂလိပ်စာလုံးလေးတွေထည့်ရေးတာကို နားလည်မှုပေးစေလိုပါတယ်။

အိန္ဒိယမှာ နိုင်ငံရေးကို စာသင်ကျောင်းကနေစတယ်။ Politics ပေါ်လက်တစ်လို့ မခေါ်သေးဘဲ၊ Civics စစ်ဗစ်ကို စသင်ပေးတယ်။ စစ်ဗစ်ဆိုတာ ပညာရှင်တွေက အဓိပ္ပါယ်ဖွင့်ထားတာတွေတော့ရှိတယ်။ ပညာရှင်တွေ၊ ပညာစကားတွေ ပါလာတိုင်းတော့ နေရာတကာမှာ ကောင်းတာမဟုတ်ပါ။ စာမတတ်လဲ နိုင်ငံရေးလုပ်လို့ရတယ် မဟုတ်လား။ ပညာ မတတ်တတတ်တွေလဲ လွှတ်တော်ထဲရောက်နိုင်တယ်။ ဒါက နိုင်ငံအတော်များများမှာ ရှိတာပါ။ မြန်မာပြည်မှာတော့ ပညာတန်ဘိုး မသိသူတွေက အာဏာယူထားစဉ်ကာလ ပညာဆိုတာကို ရစရာမရှိအောင်နှိမ်တယ်။ လွတ်လပ်ရေး မရခင်က ပစ္စည်းမဲ့ဆိုမှ နိုင်ငံရေးလို့ ထင်မှတ်စေခဲ့ရာကနေ (မဆလ) ခေတ်ကြတော့ ပညာမဲ့မှဆိုရှယ်လစ် ဖြစ်ခဲ့ရပြန်တယ်။ ဒိနောက်မှာတော့ ပညာရပ်တခုတည်းသာ တတ်မှတဲ့။ စစ်ပညာတဲ့။ ကျွန်တော်တို့နိုင်ငံမှာ ပညာနဲ့ ဒုက္ခရောက်နေခဲ့တာ ကြာပါပကော။

စစ်ဗစ်ဆိုတာ နိုင်ငံသားတိုင်းအတွက် ရပိုင်ခွင့်တွေနဲ့ ဝတ္တရားတွေအကြောင်း သင်တဲ့ဘာသာရပ်ဖြစ်တယ်။ Rights and Duties လို့လဲရေးပါတယ်။ ပိုသင့်တော်တာက Privileges and Obligations ဖြစ်ပါတယ်။ ခေတ်စားလာတဲ့ (ရိုက်) အခွင့်အရေးများ မဟုတ်ပါ။ (ပရစ်ဗလေ့ခ်ျ) ရပိုင်ခွင့်များကိုဆိုလိုတယ်။ (ရိုက်) လို့ဆိုလိုက်ရင် ခေတ်ရှေ့ သိပ်ရောက်နေတဲ့ တိုင်းပြည်တွေဆီက အခွင့်အရေးတွေရော၊ ယဉ်ကျေးမှုတွေကိုပါ ကူးချချင်နေကြတာတွေ တွေ့ရတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ၂ဝ၁၃ ကာလအနေအထားနဲ့ဆိုရင် မအပ်စပ်တာတွေ အများကြီးရှိနေသေးပါတယ်။ အပြင်ကနေ ရတိုင်းမယူကြဘို့ သတိပေးပါရစေ။ ဂျူတီ ဆိုတဲ့တာဝန်လဲမဟုတ်ဘဲ၊ Obligation (အော်ဘလီဂေးရှင်း) ဝတ္တရား ဖြစ်ပါတယ်။ Duty (ဂျူတီ) သဘောက လုပ်ကိုလုပ်ရမယ်လို့ Order, Rules အမိန့်စည်းမျဉ်းနဲ့တူပြန်သေးလို့ မအပ်စပ်ပါ။

ဒီပညာရပ်သမိုင်းကို ပြန်လှန်သူတွေက ဂရိက ပလေတိုနဲ့ တရုတ်က ကွန်ဖြူးရှပ်စ်လို့ မှတ်ယူကြတယ်။ စစ်ဗစ်ထဲမှာ Citizens နိုင်ငံသားတွေအတွက်တင်မကဘူး Political body နိုင်ငံရေးအသင်းအဖွဲ့တွေနဲ့ Government အစိုးရ အတွက်လဲပါတယ်။ Civil law တရားမဥပဒေ နဲ့ Civil code ကိုဓဥပဒေတွေလဲ မိတ်ဆက်ပေးပါတယ်။ အစိုးရလို့ ဆိုတာမှာ အစိုးရနဲ့ လူထုကြားဆက်ဆံရေးနဲ့ အုပ်ချုပ်ရေးသာပါပြီး၊ Foreign relations နိုင်ငံတကာအရေး မပါသေးဘူး။

အသေးစားနိုင်ငံရေး ခေါင်းစဉ်အောက်မှာ မြို့ပြစီးပွါးရေး၊ ကျေးလက်စီးပွါးရေး ဆိုတာတွေ၊ လူသူမနေတဲ့ ဒေသသဘာဝ၊ သက်ရှိသက်မဲ့လောကဆိုတာတွေလဲ ထည့်တွက်ရတယ်။ ဒါပေမဲ့ Extreme decentralization အစွန်းတဖက်ရောက် အာဏာဖြန့်ကျက်ခြင်းအထိတော့ ထောက်ခံတဲ့သူ အင်မတန်နည်းတာ တွေ့ရတယ်။

အစိုးရပိုင်းကို သင်ပေးတဲ့အခါ ရွေးကောက်ပွဲစနစ်၊ ရွေးချယ်နည်းတွေပါမယ်။ မဲပေးစနစ်တွေကို နှိုင်းယှဉ်လေ့လာမှုအပြင် ဓနဥစ္စာဖြန့်ဝေမှုလဲပါတယ်။ နိုင်ငံရေးအာဏာနဲ့ တရားဥပဒေအာဏာတွေကို ခွဲဝေသုံးစွဲနည်းလဲပါတယ်။ ဒီလိုလုပ်ရတာက Social dystrophy လူမှုရေးကြုံလှီမှု ဖြစ်မလာစေဘို့ ရည်ရွယ်တာဖြစ်တယ်။ တနည်းပြောရရင် လူထုကလုပ်နိုင်ကိုင်နိုင် စွမ်းတွေ နည်းပါးပြီး၊ အစိုးရက Dictator ဒစ်တေတာ နဲ့ Theocracy သီယိုကရေစီ ဖြစ်လာမှာကိုတားဘို့ဖြစ်ပါတယ်။

စစ်ဗစ်ရဲ့အချုပ်က အစိုးရ၊ နိုင်ငံရေးနဲ့ စီးပွါးရေးတွေကို ဘယ်လိုဘယ်ပုံစီမံမလဲဆိုတာ ဖြစ်ပါတယ်။ ဒီပညာ သင်ထားသူတွေဟာ ကြီမားပြီး တွန်းတွန်းတိုက်တိုက်လုပ်တဲ့ အစိုးရမျိုးနဲ့ ခပ်သေးသေးနဲ့ ကန့်သတ်မှုရှိတဲ့ အစိုးရမျိုးမှာ ဘယ်ဟာနဲ့ သင့်တော်သလဲဆိုတာကို ကောင်းကောင်းအကဲဖြတ်နိုင်ကြပါမယ်။ နောက်ပြီး နိုင်ငံကို ထူထောင်ခဲ့သူ တိုင်းပြည်ဖခင်လို ခေါင်းဆောင်တွေက ဘာဖြစ်စေချင်ခဲ့သလဲဆိုတာကိုပါ မမေ့စေဘူး။ ပေါ်ပေါက်လာမဲ့ အရေးအရာ (အစ်ရှူး) တိုင်းမှာလဲ အကောင်းဆုံးကို ရွေးချယ်တတ်စေမယ်။

သတိမူဘို့ကောင်းတဲ့တချက်က ဒီလိုစနစ်တကျလုပ်ခြင်းဟာ ပဋိညာဉ်နဲ့အညီ၊ စည်းမျဉ်းနဲ့အညီ၊ နိုင်ငံရေးစနစ်နဲ့အညီ၊ ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရမင်းအတွက် အာဏာပါဝါအာဏာဆိုတာ ရလာစေဘို့ မဟုတ်ပါ။ ဘယ်နည်း ဘယ်ပုံ ရွေးချယ်မှုပြုသလဲ၊ ဘာတွေကိုလိုက်နာရမလဲ၊ ဘယ်လိုကျင့်သုံးရမလဲဆိုတဲ့ ပြဋ္ဌာန်းချက်တွေသာဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အာဏာရတိုင်း လက်မ မထောင်ရသလို မရသေးသူကလဲ ဝမ်းနည်းပက်လက်မဖြစ်ရပါ။ အဲလို ဖြစ်နေရသေးရင် ဒီမိုကရေစီမဟုတ်ဘူး။ ကနေ့ကာလက ဒီအဆင့်မှာသာရှိပါသေးတယ်။

အိန္ဒိယစာသင်ကျောင်းတွေမှာ အလယ်တန်းကတည်းက စစ်ဗစ်သင်ရပြီ။ နိုင်ငံရေးပါတီတခုကို ဘယ်လိုထောင်မလဲ။ ရွေးကောက်ပွဲ (ကင့်ပိန်း) ဘယ်လိုလုပ်မလည်းစတာတွေဟာ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေရဲ့ (အဆိုင်းမင့်) ခေါ်တဲ့ ကိုယ်ပိုင်အိမ်စာ ဖြစ်ပါတယ်။

၂၁ ရာစုထဲမှာ အယူအဆတခု တင်လာတာရှိတယ်။ Concept of global civics တကမ္ဘာလုံးအတွက် စစ်ဗစ်တဲ့။ ဘယ်အရာမှာမဆို အမြင်မတူတာ ရှိစမြဲပါ။ စစ်ဗစ်ကိုသင်စရာမလိုဆိုသူတွေလဲ ရှိတာဘဲ။ အရစ္စတိုတယ်ကလည်း ဘာမဆိုလုပ်ကြည့်ပြီးမှ သင်္ခန်းစာယူရမယ်တဲ့။

ဒါပေမဲ့ဗျာ တပါတီစနစ်လုပ်ကြည့်တာ ၂၆ နှစ်ကြာ နာခဲ့ပြီးပြီ။ စစ်အုပ်ချုပ်ရေးလုပ်ခဲ့တာလဲ အနှစ်နှစ်ဆယ်ကျော်ကြာ အတော်ကိုနာခဲ့တယ်။ အခုလဲ တဝက်တပျက် ဒီမိုကရေစီ စမ်းနေပြန်ပြီ။ ကျွန်တော်အမြင်ကတော့ စစ်ဗစ်ကိုသင်ပါ။ ဒါမှ လူတိုင်း ပေါ်လက်တစ်လုပ်တတ်လာကြမယ်။ သမိုင်းကို မအအောင်သင်ရတယ်ဆိုသလို၊ စစ်ဗစ်မတတ်ရင် လည်မျိုညှစ်ခံရမယ်လို့ ပြောပါရစေ။

ဒေါက်တာတင့်ဆွေ
၂ဝ-၁-၂ဝ၁၃

Bi Midday News Journal 20-1-2014 Interview

သူပုန်တွေကြားမှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရတဲ့ ဆရာဝန်နိုင်ငံရေးသမားနဲ့ ၉ဝ အမတ် (သို့) ဒေါက်တာတင့်ဆွေ

ဝေစန္ဒာ၊ မွန်းတည့်နေ Bi Midday News Journal 20-1-2014 Interview

၁၉၈၈ လူထု အရေးတော်ပုံကြီးအပြီး အာဏာသိမ်း စစ်အစိုးရက ရွေးကောက်ပွဲလုပ်ပေးမည်ဟုဆိုချိန်က ပြည်သူတွေ ပျော်ခဲ့ရသည်။ ထိုအချိန်က တိုင်းပြည်တွင်း အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အားအကောင်းဆုံးအချိန်ဟု ပြောနိုင်သည်။ အဖွဲချုပ်ကို ကိုယ်စားပြုပြီး ၁၉၉ဝ ရွေးကောက်ပွဲဝင်သော အမတ်များထဲတွင် သူလည်း တစ်ယောက် အပါအဝင်ဖြစ်သည်။ သူ့၏ ဇာတိဖြစ်သော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ဆိုသောနေရာမှာ ၁၉၉ဝ NLD အမတ်အဖြစ် ရွေးချယ်ခံဖို့ ရဲရဲဆုံးဖြတ်ပြီး ရွေးကောက်ပွဲဝင်ခဲ့သည်။ အချိန်သည် အရာရာကို ပြောင်းလဲသည် ဆိုသော စကားအရ ထိုအချိန်က ၉ဝ ရွေးကောက်ပွဲ နိုင် NLD အမတ်များသည် လွတ်တော်ထဲ မရောက်ဘဲ အချို့က ထောင်ထဲရောက်သွားသည်။ အချို့တော့ နယ်စပ်ဒေသကနေတဆင့် ပြည်ပနိုင်ငံများ ရောက်သူကရောက်နှင့် အင်အားကြီး ပါတီကြီးမှာ စစ်အစိုးရ၏ တစ်စစီခြေမွခြင်းကို ခံခဲ့ရသည်။ ပြည်ပရောက် ရွေးကောက်ပွဲနိုင် ၉ဝ အမတ်များထဲတွင် သူလည်း ပါဝင်ခဲ့သည်။ သူကတော့ တောနယ်လေး တစ်ခုတွင် လက်နက်ကိုင် သူပုန်များအကြား အသက်ရှင်ခဲ့ရပြီး အစိုးရဝန်ထမ်းဘဝမှ ဘဝဇာတ်ခုံ၏ အလှည့်အပြောင်းများကြား နိုင်ငံရေးသမားအဖြစ်နှင့် ၉ဝ ရွေးကောက်ပွဲဝင်ခဲ့သူ လက်ရှိအချိန်တွင် ခွဲစိတ်ဓားတစ်ဖက်ကကိုင်ရင်း အိန္ဒိယနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူး မြန်မာဒုက္ခများအတွက် ဆေးခန်း ဖွင့်လှစ်ပေးနေသော ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေ ဖြစ်သည်။ ဒေါက်တာ တင့်ဆွေ၏ ငယ်ဘဝက စိတ်ဝင်စားစရာ ကောင်းလှသည်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းရွာဆိုသော တောနယ်လေးတွင် သူ့ငယ်ဘဝ ဖြတ်သန်းခဲ့ရပုံကို အခုလို ပြန်ပြောင်းပြောပြသည်။

“ငယ်ဘဝ ဖြတ်သန်းမှု ကျွန်တော့်ငယ်ဘဝက သူလိုကိုယ်လိုပါပဲ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းရွာဆိုတဲ့ ရွာလေးမှာ မွေးတယ်။ အမေ့ရွာက မင်းတိုင်ပင်။ ကျွန်တော်က မင်းဘေးသင့်လို့ ‘မင်းပြေး’။ မင်းရွာမှာ (၅) နှစ်သားအထိနေခဲ့တယ်။ အဲဒီကာလက တောနယ်တွေမှာ လက်နက်ကိုင်အဖွဲ့ အရောင်စုံတွေဟာ နေ့ရောညပါ လှုပ်ရှားနေခဲ့တာကို ကလေးမျက်စိနဲ့ မြင်ခဲ့ရတယ်။ အိမ်မှာ သေနတ်မျိုးစုံကို စပါးကျီမှာ ခြင်းတောင်းနဲ့ အပြည့်ရှိတာလဲ မှတ်မိတယ်။ သူပုန်တဖွဲ့ဝင်လာလိုက်၊ နောက်တဖွဲ့ဝင်လာလိုက်၊ အစိုးရတပ်တွေလာလိုက်။ အားလုံးက ကျွန်တော်တို့ မိဘအိမ်မှာပဲ တည်းခိုကြတယ်။ ဒါ့ပြင် ညဆိုရင် ဓါးပြတွေရွာဝင်လို့ ပုန်းခဲ့ရဘူးတယ်။ ဒီအခြေအနေတွေကြောင့် မိဘတွေက ကျွန်တော် ငါးနှစ်သားမှာ နွားလှည်းတစီးနဲ့ မုံရွာကိုအပြီးအပိုင် ပြောင်းခဲ့ကြရတယ်။ မုံရွာမှာပဲ (၁ဝ) တန်းအထိကျောင်းနေခဲ့တယ်။” ဟု ဆိုသည်။

လက်ရှိအချိန်တွင် ဆရာဝန်ကြီးဖြစ်နေသော သူ၏ ငယ်ဘဝ ပညာရေး ဖြတ်သန်းမှုကတော့ လွယ်ကူခဲ့ခြင်း မရှိချေ။ ထိုအချိန်က ပြည်သူများကို အကြီးအကျယ် ခြောက်လှန့်သော မီးဘေးကြောင့် သူ့ မွေးသက္ကရာဇ် အမှန်ကိုပင် သူ မသိနိုင်ခဲ့ချေ။ မွေးသက္ကရာဇ်ကြောင့်ပင် အတန်းတတန်းတွင် ၂ နှစ်တောင် နေခဲ့ရသည်ဟု ဖွင့်ဟသည်။

“မုံရွာမှာ မီးကြီးလောင်တဲ့အထဲမှာ ဇာတာတွေပါသွားလို့ ကျောင်းအပ်တဲ့အခါ အဖေက သူမှတ်မိတဲ့မွေးနေ့ကို ပေးတယ်။ အမေမှတ်ထားတဲ့ မြန်မာသက္ကရာဇ်မွေးနေ့နဲ့က မတူဘူး။ အဲဒီခေတ်က (၄) တန်၊ (၇) တန်း၊ (၉) တန်းနဲ့ (၁ဝ) တန်းတွေ အားလုံး အစိုးရစစ်လို့ခေါ်တာကိုဖြေရတယ်။ မွေးနေ့ကို တောက်လျှောက် အတည်ယူရတာမို့ ဘွဲလက်မှတ်မှာရော ရွေးကောက်ပွဲမှတ်ပုံတင်တာရောပါ ဒီမွေးရက်ဘဲ။ ကျွန်တော် (၉) တန်းရောက်တော့ အသက်က (၁၅) နှစ်မပြည့်လို့ စာမေးပွဲမဖြေရဘူး။ ဇာတာအသစ်လုပ်၊ တရားရုံးမှာ ကြမ်းကျိန်တာလဲမရလို့ စာမေးပွဲမကျဘဲ အတန်းတတန်းကို နှစ်နှစ်နေခဲ့ရတယ်။ နောင်မှာလဲ ဖြေတာတွေ အကုန်အောင်ပြီး၊ မဖြေတာမှာကျတဲ့ အတွေ့အကြုံတစ်ခု ထပ်ရပြန်တယ်။” ဟု ဆိုသည်။

ဆန်းကြယ်လှသော ဘဝကံကြမ္မာကို သူကို ကြည်စားခဲ့သေးသည်။ ထိုအချိန်က တပ်မတော်က သူ့ကို စစ်သားတစ်ဦး အဖြစ်လက်ခံခဲ့ပါက လက်ရှိအချိန်တွင် သူ့ဘဝ တဆစ်ချိုးမှ အတိုက်အခံ နိုင်ငံရေးသမားတဦး ဖြစ်နေမည် မဟုတ်ပဲ စစ်ဗိုလ်ချုပ်ကြီးတစ်ဦး အဖြစ်နှင့် မြင်တွေ့ကောင်း မြင်တွေ့နိုင်ရသည်။ ထိုသို့မဟုတ်ပဲ့

“စစ်တက္ကသိုလ် DSA 11 ကိုသွားဖြေတော့၊ ကိုယ်လက်ကြံ့ခိုင်ရေး စစ်တာ၊ ဉာဏ်ရည်စစ်တာ၊ စိတ်ပိုင်းစစ်တာ၊ စစ်မြေပုံဖတ်ရတာ စတဲ့အဆင့်တွေအားလုံး အောင်တယ်။ ဒုတိယအဆင့် ဆေးစစ်တာလဲ အောင်ပြန်တယ်။ ဘာမှ ထပ်မစစ်တော့ဘဲ အဖြေစောင့်တာမှာ ပါမလာဘူး။ ဒါကြောင့်လည်း စစ်ဗိုလ်မဖြစ်လိုက်ဘဲ ဆရာဝန် ဖြစ်လာတာပါ။ ကံတရားဆိုတာ ဆန်းကြယ်လှပါတယ်။” ဟု ဆိုသည်။

သူ့ဘဝအတွက် နိုင်ငံရေးဆိုသော် စကားလုံးကို စတင်မိတ်ဆက်ပေးလိုက်သည့် ပထမဆုံး အတွေ့အကြုံက ဆိုရှယ်လစ်စနစ်၊ ကျောင်းသင်ခန်းစာများထဲမှ ၈ တန်းသမိုင်း ဖြစ်သည်ဟု ဆိုသည်။

“(၈) တန်းသမိုင်းထဲမှာ ဆိုရှစ်လစ်စနစ်ဆိုတာ စသင်ရတော့ နိုင်ငံရေးနဲ့ မိတ်ဆက်ဖြစ်လာတော့တယ်။ မြန်မာစာမှာ ကဗျာတွေ၊ လင်္ကာတွေပါတာကို အလွတ်ကျက်တယ်။ နားနဲ့နှုပ်မှာ စွဲနေတော့တယ်။ ပြည်သူ့နီတိကိုလည်း စွဲနေတယ်။ ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အစဉ်အလာ ဆွဲနည်းပါ။ မျဉ်းဖြောင့်၊ အချိုးကျတဲ့ မျဉ်းကွေး၊ (ပါစပက်တစ်) တွေကို လက်ခံတယ်။ ညစ်ပေတာမျိုး မကြိုက်ဘူး။ နိုင်ငံရေး လုပ်တဲ့အခါမှာလည်း ဖြောင့်နေတာ၊ ညီညာနေတာ၊ သန့်နေတာမျိုး ဖြစ်ချင်စိတ်က အမြဲလွှမ်းမိုးနေတော့ အဆင်မပြေတာတွေ ဖြစ်ရတော့တယ်။ ဒီအဲအသိအတိုင်း နောင်မှာ ဒီမိုကရေစီကိုဘဲ ‘စည်းကမ်းပြည့်ဝသော’ စတဲ့ ‘နာမဝိသေသန’ ထည့်လာတာကို တွေ့ကတည်းက သဘောမကျပါ။” ဟု ပွင့်ပွင့်လင်းလင်း ပြန်ပြောင်း ပြောပြသည်။

နိုင်ငံရေးသမားတယောက်ဖြစ်လာဖို့အတွက် သူ၏ မျိုးရိုးထဲတွင်လည်း နိုင်ငံရေးသမား မရှိခဲ့ဟု သူက ပြောသည်။ ၁၉၈၈ အရေးတော်ပုံကြီးအတွင်း ဝန်ထမ်းဘဝနှင့်သာ အလုပ်လုပ်နေသော် သူ့အတွက် ကံကြမ္မာနတ်သမီးက နောက်တကြိမ် ကျီစားခဲ့ပြန်သည်။ အရေးတော်ပုံကြီးအပြီး ပုလဲမြို့တွင် NLD ပါတီ ထောင်ဖြစ်ခဲ့ပုံကို၊ ရွေးကောက်ပွဲ ဝင်ဖို့မည်သို့မည်ပုံ ဖြစ်လာသည်ကို ဒေါက်တာတင့်ဆွေက အခုလို ပြောသည်။

“၁၉၈၈ အရေးအခင်းမှာတော့ အစိုးရဆရာဝန်လုပ်နေတုံးပါ။ ဝန်ထမ်းမှန်သမျှ နိုင်ငံရေးနဲ့ ကင်းရမယ်ဆိုတဲ့ (မဆလ) မူအတိုင်း ကင်းအောင်နေနိုင်သလောက်နေပါတယ်။ ပုလဲမှာဆန္ဒပြသူတွေကို ကြက်ခြေနီတပ်ဖွဲ့ လုပ်ပြီး ကူညီ အားပေးတယ်။ ထားဝယ်မှာ အလှူငွေထည့်ပေးတယ်။ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဆရာမောင်သော်က ပုလဲကိုလာတော့ ဆွေးနွေးပွဲကို မတက်ဘဲနေခဲ့ရတယ်။ ကံအကြောင်းသင့်လာပြန်တော့ တပြည်လုံးကဆန္ဒပြသူတွေထဲမှာ အစိုးရအမှုထမ်းပေါင်းစုံပါနေတာ ထင်ရှားတော့ နိုင်ငံရေးလုပ်ချင်ရင် အလုပ်ကထွက်ဘို့ ဖြစ်တာတယ်။ အရင်က ဆရာဝန်တွေဟာ အလုပ်ရဘို့မလွယ်သလို ထွက်ဘို့လည်း ခက်တယ်။ ထွက်နိုင်တယ်ဆိုတာနဲ့ ရန်ကုန်ဆင်းပြီး ထွက်စာတင်တာ တပါတ်နဲ့ထွက်ခွင့်ရပါတယ်။ လုပ်သက် (၁၅) နှစ်အတွက် ပင်စင်တွေ၊ ခံစားခွင့်တွေ ဘာမှမသိပါ။

NLD ပါတီကို ပုလဲမှာ စည်းရုံးရေးမှူးတွေနဲ့တွဲပြီး ထူထောင်လိုက်ကြပါတယ်။ ရွေးကောက်ပွဲ ဝင်မဲ့သူရွေးကြပါဆိုတော့ တာဝန်က ပခုံးပေါ် ရောက်လာပါတော့တယ် ဆိုသည်။ စည်းရုံးရေးမှူးတွေက အိမ်ကိုလာပြောတဲ့ညအထိ ‘ငါအမတ်လုပ်ချင်တယ်၊ လုပ်ချင်လုပ်ရလိမ့်မယ်၊ ငါပြင်ဆင်ထားမယ်’ ဆိုတာ မရှိသေးခဲ့တာအမှန်ပါ။ ပုလဲ NLD ပါတီဟာ ဖွဲ့စည်းတာရော၊ လွှတ်တော်ကိုယ်စားလှယ် ရွေးတာပါ၊ နယ်သူနယ်သားတွေချည်း သက်သက်ဖြစ်လို့ ဗဟိုကနေ ဦးစီးဆောင်လုပ်ပေးစရာမလိုခဲ့တာ မှတ်တမ်း တင်ရစ်ပါတယ်။” ဟု အတိတ်ကို သတိတရ ပြန်ပြောင်းပြောပြသည်။

သူ့ဘဝ၏ မုန်တိုင်း အထန်ဆုံးကာလတွေကတော့ ၁၉၉ဝ ရွေးကောက်ပွဲအပြီး မွေးရပ်မြေကို ကျောခိုင်း စွန့်ခွာခဲ့ရပြီး ပြည်ပနိုင်ငံသို့ ထွက်ခဲ့ရသည်အချိန်က ဖြစ်သည်။

“အခက်ခဲဆုံးကာလ ပြည်ပထွက်ကာစ ပထမ (၆) လာဟာ အခက်ခဲဆုံးပါ။ ဒါကလည်း နေထိုင်စားသောက်ရေး အခက်အခဲသာ ဖြစ်ပါတယ်။ အတူလာသူတွေက ရရာအလုပ်ထွက်လုပ်ကြရတယ်။ (၉) တန်းကျောင်းသား ကျွန်တော့်သားလည်းပါတယ်။ (၆) လ နောက်မှာ အိမ်ကဆေးတွေမှာယူ၊ ဆေးကုပြီး ဝင်ငွေရှာပါတယ်။ နောက် (၆) လ နေတော့ ဒေလီကို တက်နိုင်လာပါတယ်။” ဟု ဆိုသည်။

နိုင်ငံရေးသမားဘဝတွင် ဆရာဝန်ဘဝက ရှာဖွေခဲ့ရသည်များကို စိုက်ထုတ် သုံးခဲ့ရပုံကို သူက အခုလို ပြန်ပြောပြသည်။

“ကျွန်တော် နိုင်ငံရေးလုပ်ရတာ ‘အစအဆုံးအားလုံး အိပ်စိုက်ပါပဲ’ ။ ၁၉၉ဝ ကာလတွေတုံးက ဆရာဝန်ဖြစ်ခဲ့လို့ ဝင်ငွေ ရှိခဲ့ပါတယ်။ ပြည်ပရောက်ပြီး (၂-၃) နှစ်လောက်ကစပြီး တာဝန်ပေးတဲ့ စဉ်ပြိုင်အစိုးရကနေပေးတဲ့ အထောက်အပံ့ ရပါတယ်။ နေဖြစ်ယုံပါ။ ၁၄-၉-၂ဝ၁၂ နေ့မှာ NCGUB အစိုးရအဖွဲ့ဖျက်ပြီးကတည်းကနေ အခုထိ အထောက်အပံ့ဆိုတာ လုံးဝ မရှိတော့ပါ။ နိုင်ငံရေးလုပ်သူတွေအဖို့ နေထိုင်စားသောက်ရေးအခက်အခဲကို မညီးညူကြရပါ။” ဟု ဆိုသည်။ (မှတ်ချက်။ ဂျာနယ်ကိုဖြေပြီးမှ အမှတ်ရတဲ့အချက်ကတော့ NCGUB ကို မဖျက်မီ တနှစ်အလို ၂ဝဝ၉ ကတည်းက အထောက်အပံ့မရတော့ပါ။)

နိုင်ငံရေးသမား ဖြစ်ခဲ့တဲ့ သူ့အတွက်တော့ မိသားစုပါ သူ့နိုင်ငံရေးသမားဘဝကြောင့် ထိခိုက်ခဲ့ရတာတွေ တောင်ရှိတယ်လို့ ပြောပါတယ်။

“ ‘နိုင်ငံရေးသမား’ ဆိုတဲ့ဝေါဟာရကို အတော်ကြာအထိ အစာမကျေဖြစ်ခဲ့ပါတယ်။ (မဆလ) ခေတ်မှာ ပါတီ၊ ကောင်စီက လူကြီးဆိုသူတွေရယ် (ဖဆပလ) ခေတ်က နိုင်ငံရေးသမားတွေရယ်ဟာ နာမည်ကောင်းမရကြပါ။ ကျွန်တော် လွှတ်တော် ကိုယ်စားလှယ် အရွေးခံရတဲ့အထိ ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားရယ်လို့ ထင်မထားမိခဲ့ပါ။ (နဝတ/အအဖ) ခေတ်တွေမှာလည်း နိုင်ငံရေးပါတီတွေကို ရစရာမရှိအောင် ပုတ်ခတ်ဆဲရေးပြီး သူတို့ကမှ ‘အမျိုးသားနိုင်ငံရေး’ ဆိုပြီး သူတို့ကိုယ်သူတို့ အမွှန်းတင်ခဲ့တယ်။ နောက်ထပ် ‘နာမဝိသသန’ တခု ထပ်တိုးလာတာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်သင့်တဲ့ တာဝန်တခု၊ လူမှုရေးအလုပ်တခုလို့သာ အခုထိ သဘောထားမိတယ်။

ဆုံရှုံးမှု ဆုံးရှုံးတယ်လို့ ပြောချင်လည်း ပြောပေါ့။ မိသားစုတာဝန်မကျေခဲ့ပါ။ နိုင်ငံရေး အလုပ်ထဲမှာ အချိန်ကုန်နေခဲ့ရတယ်။ မကြာခင် တိုင်းပြည်ကနေ ထွက်ပြေးရတယ်။ သားသမီးတွေက ကျောင်းသားတွေချည်းဘဲ။ သူတို့အမေခမျာ တာဝန် နှစ်ဆထက် လေးတာကိုထမ်းရတယ်။ ကလေးတွေလည်း အတန်းပညာရော အသိပညာပါ ရသင့်ကြတာထက် နည်းသွားကြတော့တယ်။ မြန်မာပြည်ကဘွဲ့ တယောက်မှ မရကြပါ။ ပြည်ပြေးအမတ်သားသမီးဆိုပြီး ခွဲခြားဆက်ဆံတာ နှိမ်တာလည်း ခံကြရသေးတယ်။ မုံရွာမှာ စစ်တပ်ဘောလုံးပွဲ လုပ်ရင် သမီးကို ပန်းစည်းဆက်ဘို့ လူရွေးတယ်။ ကွမ်းတောင်ကိုင်လို ရုပ်ရေအတွက် မဟုတ်ဘဲ၊ ‘နာမ်နှိမ်ဘို့သက်သက်အတွက်’ ပါ။ အဲလိုနေ့များမှာ သမီးကျောင်းမသွားတော့ပါ။” ဟု ဆိုသည်။

ပြည်တွင်းက မိသားစုနှင့် ပြည်ပတွင် ပြန်လည် ဆုံစည်းလာနိုင်သော်လည်း အခက်အခဲမျိုးစုံ ကြုံတွေခဲ့ရပုံကို အခုလို ဖွင့်ဟသည်။

“ပြည်ပမှာ မိသားစုအတူနေနိုင်လာကြပြန်တော့လဲ နည်းတမျိုးနဲ့ သားသမီးတွေ ခံကြရပါသေးတယ်။ ကျွန်တော်က NLD မို့ NLD မလိုလားသူတွေက မကြိုက်ပါ။ ဖအေက ဝန်ကြီးဆိုတဲ့နာမည်နဲ့လုပ်နေရလို့ ‘လူကြီးသားသမီး’ ကို မျက်စိဆံပင်မွှေး စူးကြတာလည်း ရှိတယ်။ သားတွေကိုတော့ အမျိုးသမီး ဦးစားပေးသူတွေက ဖယ်ကြဉ်ထားတယ်။ မိသားတစုလုံးက ဗမာတွေမို့ တိုင်းရင်းသားလူနည်းစု မဟုတ်ပြန်လို့ အနှိမ်ခံရတာလည်း တကယ်ရှိပါတယ်။ ဒါတွေအားလုံးဟာ ကျွန်တော့် နိုင်ငံရေးကြောင့်ပါ။ မိဘကြောင့် သားသမီးတွေပါနစ်နာတယ်ဆိုတာ ‘ဆွေစဉ်မျိုးဆက် ဆုံးရှုံးမှု’ ဖြစ်ပါတယ်။

လူထုအတွက်ပြောရရင် ပြည်ပကို ထွက်လာရပြီးနောက် တတ်နိုင်တာလုပ်တာပါပဲ။ ဒါပေမဲ့ အနှစ် ၂ဝ ကြာတော့ ပြန်စဉ်းစားမိရာကနေ ‘မဲပေးတာယူ၊ မဲပေးသူထားခဲ့၊ ငါ တာဝန်မဲ့ခဲ့သလား’ ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိလာပါတယ်။

မျှော်လင့်မထားတဲ့ အဖြစ်အပျက်
လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ရော နိုင်ငံရေးအယူအဆအရ မနီးစပ်သူတွေနဲ့က ပဋိပက္ခရယ်လို့ မရှိပါ။ အနီးကပ်ဆုံးနေကြပြီး၊ ကျွန်တော်က လူယုံလို့၊ လူရင်းလို့ ပုံထားတဲ့ သူတွေကနေ ရန်သူလို ဖြစ်သွားခဲ့တာ ရှိပါတယ်။ ကိုယ်နဲ့ (၁၅) နှစ်မက တွဲလုပ်လာသူတွေ တချို့နဲ့ လမ်းခွဲရခြင်းပါ။ စစ်ထောက်လှမ်းရေး လက်ကနေ လွတ်မြောက်နိုင်ခဲ့ပေမဲ့ ‘အနီးကပ် စက်ကွင်း’ က မလွတ်ကင်းခဲ့ပါ။ နိုင်ငံရေးမှာ ကိုယ်နဲ့ အမြင်မတူသူတွေ ရှိတာက ပုံမှန်သဘောမို့ မထောင်းတာပေမဲ့ မဟုတ်တမ်းတရား စွပ်စွဲတာ၊ စော်ကားတာ၊ အသေရဖျက်တာ၊ ပိုဆိုးတာက ဖအေမနိုင်ရင် မိသားစုကိုပါ ဖျက်ဆီးဘို့ ကြိုးပမ်းတာတွေကိုပါ ကြုံခဲ့ရပါတယ်။ ဘယ်လိုမှ မထင်မှတ်တာတွေ ကြုံရတတ်သလို ဘယ်လိုမှ ထင်မထားသူတွေကနေ ယုတ်မာကောက်ကျစ်တာ၊ ဂုံးတိုက် ချောပြစ်တာမျိုးလဲ ရှိခဲ့ပါတယ်။ တယောက်ကနေ ကျွန်တော့်မှာ အိုမင်း ပျက်ယွင်းနေတဲ့ ပုလဲကအိမ်ကလေးသာ ကျန်တော့ပေမဲ့၊ ‘ဘယ်မှာ အိမ်-တိုက် ဘယ်နှစ်လုံး၊ ပါတီကငွေ ဘယ်နှစ်သိန်း ဘုံးထားတယ်’ စသဖြင့် ပြောတာခံရပါတယ်။” ဟု ဆိုသည်။

သူ့ ဘဝအတွက် ယူကြုံးမရ ဖြစ်ခဲ့ရဆုံး အခြေအနေမျာကို ဒေါက်တာတင့်ဆွေ က အခုလို ပြန်ပြောပြသည်။

“ယူကြုံးမရအဖြစ် ကျွန်တော်ရေးထားတဲ့ မှတ်တမ်းလေးတခုရှိတယ်။
‘ဆရာဝန်ဖြစ် ၁၅ နှစ်အကြာ၊ မြန်မာပြည်မှာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးတစင်း ပေါ်ထွန်းလာ၊ နိုင်ငံရေးပင်လယ်မှာ ခုန်ချမိ၊ ကနေ့အထိ။
ယမုန်နာမြစ် စ်ီးဆင်းရာ ဒေလီမှာသာ၊ အနှစ်နှစ်ဆယ်ကျော်ကြာ၊
မိသားစုထဲမှာ စစ်ထောက်လှမ်းရေး စစ်ဆေးတာ ပဌမဆုံးခံရတဲ့ သားအကြီးရဲ့ အရိုးပြာကို မျှောလိုက်ရတာ ဂင်္ဂါမြစ်ထဲမှာ။
ဒုက္ခရစရိယာ ကျင့်ရာအနားက သုဇာတာ ရွှေခွက်မျောရာ နာရဉ္ဇရာမြစ်ကိုရောက်တာ ဘယ်နှစ်ခေါက်မှန်းမသိပါ၊ သာဝတ္ထိအနားမှာ မပဒါ ပရိဒေဝမီး လောင်မြိုက်တဲ့မြစ်အနား၊ သံဝေဂပွါးခဲ့ဘူးပါသည်’ လို့ ရေးမှတ်ခဲ့ဘူးပါတယ်။

အမေဆုံးတော့ရော အဖဆုံးတော့ပါ ကျွန်တော်ပြည်ပမှမှာပဲ။ အမေဆုံးတာကို နောက် လေးလလောက် နေမှသိရတယ်။ ထောက်လှမ်းရေးက ပြည်တွင်း-ပြည်ပအဆက်အသွယ်ကို လုံးဝပိတ်ပင်ထားလို့ပါ။ အခုတော့ အဲလို မဟုတ်တော့လို့ ‘နာရေးသတင်း စောသိနိုင်ခြင်းသည် အပြောင်းအလဲဖြစ်သည်’ လို့ ဆိုချင်ပါတယ်။

ဆုံးရှုံးမှု သို့မဟုတ် နောင်တ မရှိဘူးထင်ပါတယ်။ လေးလေးနက်နက်စဉ်းစားတာမျိုး မရှိသေးပါ။ မရှိသေးတာကိုက စစ်စစ်ပေါက်ပေါက် လိုက်ရှာနေရတာမျိုးမို့ ရှိအုံးတော့ မဖြစ်စလောက်နေမှာပါ။ နိုင်ငံရေးထဲဝင်ပါတာကို မိဘတွေက သဘောမကျကြပါ။ ကိုယ့်မိသားစုတာဝန်တွေ ပျက်ခဲ့တယ်။ ဆရာဝန်လုပ်တုံးက ‘ဆရာ’ ဆိုပြီး လေးစား အားကိုးမှု သက်သက် ရခဲ့တယ်။ နိုင်ငံရေးထဲမှာ ပြိုင်ဘက်လို၊ ဆန့်ကျင်ဘက်လို၊ ရှားရှားပါးပါးက ရန်သူလိုသဘောထားခံရတယ်။ စစ်အစိုးရကတော့ သူပုန်၊ ဝရမ်းပြေး၊ ပြည်ပြေးလို့ သတ်မှတ်တာခံရတယ်။” ဟု ဆိုသည်။

ပြည်ပြေးဘဝကို သူမနှစ်မြို့ဟု ဆိုသည်။ အချိန်တိုင်း ကိုယ့်မြန်မာပြည်ကို သတိတရ ရှိသည်ဟုလည်း ဖွင့်ဟသည်။ မြန်မာနိုင်ငံသားတဦး ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ဘဝတွေကိုပါ ပေးဆပ်ခဲ့ရသော သူ့အတွက် တိုင်းပြည်အတွက် သူ အားတက်ချင်သည်ဟု ဆိုသည်။

“မြန်မာနိုင်ငံအတွက် ဘာတွေမှန်းထားလဲ။ လူသားတွေဟာ အရိုင်းအစိုင်းဘဝကနေ တဖြေဖြေး ယဉ်ကျေးလာတယ်။ အသားစိမ်းတော့ မစားတော့ဘူး၊ စည်းကမ်း ကလနား ထားတဲ့နေရာမှာ ထားလာကြတယ်။ ခွန်အားကြီးသူအုပ်ချုပ်နည်း ကနေ၊ ဘရားသခင်ပေးတဲ့ အခွင့်အာဏာဆိုတာ ဖန်တီးပြီး အုပ်ချုပ်ခဲ့တာ ရာစုနှစ်နဲ့ကြာတယ်။ အများအကြိုက် ရွေးချယ် အုပ်ချုပ်တဲ့နည်းကို အများစုက လက်ခံလာကြပြီ။ ကျွန်တော်တို့ဆီမှာတော့ ခွန်အားကြီးသူကနေ အုပ်ချုပ်တာ ဆက်ရှိသေးတယ်။ ‘စစ်တပ်ကပေးတဲ့ အုပ်ခွင့်အာဏာ’ ဆိုတာကို စမ်းသပ်ကာစသာ ရှိသေးတယ်။

တိုင်းပြည်အတွက် မျှော်မှန်းချက်ပြောရရင် အားတက်စေချင်ပါတယ်။ ရင်ဆိုင်နေရတာကို လျှော့မတွက်စေချင်ပါ။ လားရာတော့ ကောင်းနေပါပြီ။ သွားစရာခရီး ဝေးလွန်းပါသေးတယ်။ အားလိုတယ်။ သေနတ် မဟုတ်ပါ၊ ညီညွတ်ခြင်းသည်သာ အား ဖြစ်ပါတယ်။ ပြောပြီးသားအချက်တွေက နိုင်ငံရေးစကားတွေသာ ဖြစ်တယ်။” ဟု ပြောလာသည်။

လူတဦးနှင့်တဦး လောဘဇောတွေ၊ နိုင်လိုမင်းထက် ပြုမှုတွေ ရှိနေတဲ့ ကမ္ဘာကြီးမှာ ဘာသာရေးနဲ့ လောကနီတီတွေက ထိန်းကျောင်းပေးနိုင်တဲ့ တစ်နေ့ကို မျှော်လင့်နေတယ်လို့ သူက စိတ်အားထက်သန်စွာ အခုလို ပြောဆိုခဲ့ပါတယ်။

“တကယ်တန်း လူ့ဘဝဆိုတာ လောဘဇောတွေ၊ နိုင်လိုမင်းထက်ပြုမှုတွေက ဒင်းကြမ်းပြည့်နေတယ်။ မြန်မာပြည်မှာ နိုင်ငံရေးသာမက လူတွေရဲ့ ဘာသာရေး အထိန်းအကွပ်နဲ့ နီတိတရားတွေကိုပါ ပြောင်းလဲ ပြုပြင်နိုင်လာတဲ့နေ့ကို ကျွန်တော် မျှော်မှန်းပါတယ်။” ဟု ဆိုသည်။

Salaries of MPs အမတ်လစာ

U Nyi Nyi Aung · I would like to know how much are their salaries.

• ယူကေပါလီမန်အမတ်များ = ၁-၄-၂ဝ၁၃ မှစပြီး တနှစ်လစာ ပေါင် ၆၇ဝ၆ဝ။
• အီတလီ အမတ်များ၏လစာသည် ပုံမှန်အလုပ်သမားလစာထက် ၅ ဆပိုသည်။
• ရုရှား ဒူးမားလွှတ်တော်အမတ်လစာ = ၄၂ဝဝဝဝ ရုဘယ် (၆၇ဝဝ ဒေါ်လာ)။
• ကင်ညာအမတ်များ တနှစ်စာ = ဒေါ်လာ ၇၅ဝဝဝ + ကားဝယ်ရန် ဒေါ်လာ ၅၉ဝဝ ဂရန့်။
• အိန္ဒိယအမတ်များလစာ = ၃ဝဝ% တက်လာ။ ရူးပီး ၅ဝဝဝဝ + ၃ လတကြိမ် လိုက်ကာလျှော်ခွင့် + လွှတ်တော်တက်စဉ်နေ့တွက် ၂ဝဝဝ + မဲဆန္ဒနယ်မြေတွက် ၄၅ဝဝဝ + ရုံးစရိတ် = ၄ဝဝဝဝ + စာရေးကရိယာနှင့် စာပို့ ၁၅ဝဝဝ + အတွင်းရေးမှူးများတွက် ၃ဝဝဝဝ။ စုစုပေါင်း ၁့၎ သိန်း။
• ယူအက်စ် ဆီးနိတ်အမတ် (၂ဝ၁၃) = တနှစ် ဒေါ်လာ ၁၇၄ဝဝ။ ပါတီခေါင်းဆောင် = ၁၉၃ဝဝဝ ဒေါ်လာ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၅

Colors of your nails လက်သည်းအရောင်

၁။ ခြေသည်းအရောင်တွေမည်းသွားတာ ကောင်းအောင် ဘယ်လိုလုပ်ရပါ့မလဲဆရာ။
၂။ ဆရာရှင့် သိချင်တာလေးတခုရှိလို့ ဖြေပေးစေချင်ပါတယ်။ အမှားပါရင်ခွင့် လွတ်ပါနော်။ လက်သည်း ပါးပြီး၊ အရောင် ညိုနေရင် ဘယ်လိုလုပ်ရမှာပါလဲရှင့်။

လက်သည်းတွေကနေ သင့်ကျန်းမာရေးကို ပြောပြနေတယ်လို့ ဆေးပညာမှာရှိတယ်။

၁။ Pale Nails အရောင်ဖျော့တော့နေရင်
• Anemia သွေးအားနည်း၊
• Congestive heart failure နှလုံးအလုပ်မနိုင်တော့ခြင်း၊
• Liver disease အသည်းရောဂါ၊
• Malnutrition အာဟာရချို့တဲ့ခြင်း၊

၂။ White Nails လက်သည်းဖြူနေရင်
• Hepatitis အသဲရောင်ခြင်း၊
• Jaundice အသားဝါရောဂါ၊

၃။ Yellow Nails လက်သည်းဝါနေရင်
• Fungal infection ဖန်းဂတ်းစ် (မှို) ပိုးဝင်နေခြင်း၊ ပိုဆိုးလာရင် လက်သည်းအခြေကဖုတ်ယုတ်ပြီး လက်သည်းတွေ ကြွတ်ဆတ်လာမယ်။
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Lung disease အသဲရောဂါ၊
• Diabetes ဆီးချို၊
• Psoriasis ဆိုရီယေးဆစ်ရောဂါ။

၎။ Bluish Nails လက်သည်းပြာနေရင်
• Oxygen အသက်ရှူလေထဲက အောက်စီဂျင်နည်းနေလို့၊ အဆုပ်ရောဂါ၊ ဥပမာ နူမိုးနီးယား၊
• Heart problems နှလုံးရောဂါ၊

၅။ Rippled Nails လက်သည်းတွေ ဖေါင်းရောင်နေရင်
• Psoriasis ဆိုရီယေးဆစ်ရောဂါ၊ အပေါက်လေးတွေလဲရှိနိုင်တယ်။
• Inflammatory arthritis အဆစ်ရောင်ရောဂါ၊

၆။ Cracked or split nails လက်သည်းကွဲအက်နေရင်
• Thyroid disease  လည်ပင်းကြီးရောဂါရှိနေရင် ခြောက်ပြီး ကြွတ်ဆတ်မယ်။
• Fungal infection ဖန်းဂတ်စ် (မှို) ပိုးဝင်နေရင် ခပ်ဝါဝါလဲနေမယ်။

၇။ Puffy Nail Fold လက်သည်းနားကအရေပြးနေရာဖေါင်းမေယ်ဆိုရင်
• Inflammation of the nail fold အဲဒီနေရာရောင်လို့၊
• Lupus လူးပတ်စ်ရောဂါ၊
• Connective tissue disorder တွယ်ဆက်တစ်ရှူးရောဂါ၊

၈။ Dark lines beneath the nail လက်သည်းအောက်မှာ အပြာရောင်အစဉ်းတွေရှိနေရင်
• Melanoma အရေပြားကင်ဆာ၊

၉။ Gnawed Nails လက်သည်းကိုက်တဲ့အကျင့်ရှိရင်
• Persistent anxiety စိုးရိမ်စိတ်တဲနေလို့၊
• Obsessive-compulsive disorder စိတ်ရောဂါနဲ့ဆက်စပ်နေနိုင်တယ်။

၁ဝ။ Nails are only part of the puzzle လက်သည်းဟာ ကျန်းမာရေးပဟေဠိဖြစ်နိုင်တယ်
• Dermatologist မသေချာရင် အရေပြားအထူးကုဆရာဝန်ကိုပြပါ။

ဒေါက်တာတင့်ဆွေ

Youth empowerment လူငယ်တွေအတွက်သင်တန်း

Hein Heinaung သင်တန်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးခန့်ထားရေးကို ရှင်းပြရတယ်။

• နောက်တခါ သမတခန့်ထားရေးသင်တန်း တက်ကြပေါ့။ သိပ်လွယ်သတဲ့။ စက်ခလုတ်လေးတွေနှိပ်လိုက်ရုံပဲတဲ့။
• တနေ့ကတော့ နောက်ဖေးလမ်းကြားနဲ့တန်တဲ့အမတ်လို့ ရေးတယ်။ အခုတခါ ရပ်ကွက်လောက်နဲ့သာတန်တဲ့ အရပ်သားလို့ ပြောလိုက်မယ်။ အဲတာလည်း အရွေးခံဘို့မဟုတ်ဘူးနော် စောင့်ကြည့်ဘို့ပဲ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၅

Monday, February 23, 2015

My dear friends သူငယ်ချင်းတို့ရေ

• ဆရာဝန်သူငယ်ချင်းတွေ ကျန်းမာရေးမကောင်းတဲ့သတင်းတို့ နာရေးသတင်းတို့ သိရတိုင်း သံဝေဂပွါးတာတို့ ဆုမွန်ကောင်းတောင်းတာတို့ကတော့ ထုံးစံပေါ့ကွာ။
• ငါကတော့ ဒီလိုစဉ်းစားတယ်။ မင်းတို့ငါတို့ နေကောင်းနေကြတုံးက ဘာတွေလုပ်ခဲ့သလည်း။ ဆေးပညာတွေ ဆက်သင်ယူကြတယ်။ လူနာဆေးကုပေးတယ်။ ဘယ်မှာ ဘာတာဝန်တွေထမ်းခဲ့တယ်ဆိုတာတွေတော့ ထားပါတော့။ ဘာဆန်းလို့လည်း။ ဆန်းတာလေးများ ရှိကြသလား။
• ငါတော့ကွာ မင်းတို့သိတဲ့အတိုင်း ဆရာဝန်လုပ်နေရင်း နိုင်ငံထဲရောက်သွားရတယ်။ ဒါလည်းသိပ်မဆန်းပါဘူး။ ၁၉၉ဝ မှာ ဆရာဝန်တွေ အများကြီးပါတယ်။ နောက် ပြည်ပြေးဖြစ်တယ်။ အဲတာလည်း ဆန်းလှတာတော့ မဟုတ်ဘူး။ ဆန်းတာ ရှိသေးလား။
• ငါတော့ နိုင်သလောက်လေး (ခေတ်ဟောင်းနိုင်ငံရေးစကားနဲ့ ပြောရရင်) အလုပ်အကြွေးပြုတယ်ပေါ့ကွာ။ ဆရာဝန် စဖြစ်ကတည်းက ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေကို အခမဲ့ကုပေးတယ်။ စစ်ကိုင်းတုံးကဆို ဘယ်နည်းမလည်း။
• နောက် အိန္ဒိယဖက်ထွက်ပြီးတော့ ဒုက္ခသည်တွေကို ဆေးအလကားကုပေးဖြစ်တယ်။ ၁၂ နှစ်တင်းတင်းပေါ့။ အင့်း့ အဲတာလည်းကွာ တိုင်းပြည်ကထွက်ပြီး ၁ဝ နှစ်လောက်ကြာမှသာ ကုပေးနိုင်တာပါ။
• နောက်ပြီး ဆေးခန်းမှာကူမဲ့သူတွေကို ဆေးပညာလေးတွေကို သင်ပေးတယ်။ အင်ဂျီအို ပရောဂျက်တော့ မဟုတ်ဘူး။
• အခြေခံနည်းတဲ့သူတွေကို သင်ဘို့ရာ စာတွေပြန်ဖတ်၊ ဘာသာပြန်တာတွေ လုပ်ရတယ်။ အဲတော့ စာတွေဖြစ်လာရော။
• တိုက်ဆိုင်ချင်တော့ ဘလော့ခ်ပေါ်လာရော။ အဲတာနဲ့ ဘလော့ခ်လုပ်ပြီး ဆေးစာရေးတင်တဲ့ဆရာဝန် ဖြစ်လာပါရောကွာ။
• အီးမေးလ်က အရင်ဆိုတော့ မေးလာတဲ့ ကျန်းမာရေးမေးခွန်းတွေ ဖြေဘို့လုပ်ဖြစ်လာတယ်။
• မကြာဘူး ဖေ့စ်ဘွတ်ပေါ်လာပြန်ရော။ တင်ပြန်ရော။ မေးတာတွေ များများဖြေဖြစ်တာပေါ့။
• ခုဆို စာပုဒ်ရေ ထောင်ကျော်နေပြီ။ အမေး-အဖြေကတော့ မရေတွက်နိုင်ပါဘူး။ များလွန်းတာကို ပြောချင်တာတော့ မဟုတ်ဘူးနော်။ အချိန်မရလို့ မရေအားတာ။
• ဒါပေမဲ့ကွာ့ အခု ဆေးကုမပေးနိုင်တော့တာကို ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေတယ်။
• အဲတော့ကွာ့ သင်ခန်းစာပဲယူရတော့မှာပေါ့။ ထိုက်မှစံရတယ်တဲ့။ ကိုယ်ကလည်းမထိုက်လို့၊ လူနာတွေကလည်း ကိုယ်နဲ့မထိုက်နေမှာပေါ့။
• ငါ့လက်တွေက မတုန်သေးဘူး။ မျက်စိလည်းဖြစ်မယ်ထင်၊ မှတ်ဥာဏ်လည်း မထုံထိုင်းလောက်သေးဘူး ထင်တာပဲ။ စိတ်ကတော့ မလျှော့ဘူး သူငယ်ချင်းတို့ရေ။ ဒါလည်း ကွေးသောလက် မဆန့်မီပေါ့။     ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂ဝ၁၅
နံနက် ဝဝ နာရီ၊ ၁၁ မိနစ်။
(သူငယ်ချင်း ဒေါက်တာအောင်ကျော်ညွန့် ကွယ်လွန်တဲ့နေ့ကရေးပါတယ်။)

Ovarian Cyst ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး

သတင်း = ဓနုဖြူတွင် လူဥ ဥသည်တဲ့။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လူဥခွဲစိတ်မွေးဖွာ့း။ မနက်ဆယ်နာရီလောက်၊ ဓနုဖြူ၊ ကျွဲလမ်းကုန်းရွာက့။

ဒီသတင်းကိုတွေ့ဘူးလို့ ပြန်ရှာတော့တွေ့ပါတယ်။ သူနာပြုဆရာမတယောက်ကနေ အလွန်ကြီးမားတဲ့ အလုံးတခုကို ခွဲစိတ်ခန်း နောက်ခံထားပြီးရိုက်တဲ့ ဓါတ်ပုံနဲ့အတူလူဥဆိုတဲ့ ခေါင်းစဉ်နဲ့တွေ့လို့ လူဥမဟုတ်၊ မျိုးဥအိမ် အကျိတ်ပါလို့ ရေးလိုက်ပါတယ်။

အမျိုးသမီးတိုင်းမှာ မျိုးဥအိမ်ဘယ်နဲ့ညာ တခုစီရှိတယ်။ သားအိတ်ဘေးက ချိုလိုထွက်နေတဲ့ သားအိတ်ပြွန် နှစ်ဘက်ရဲ့ အဖျားဘက် အောင်နားမှာ တွဲလောင်းလေး ရှိနေတယ်။ အရွယ်ရောက် အမျိုးသမီး တဦးရဲ့ မျိုးဥအိတ်က ၃ x ၁့၅ x ၁့၅ စင်တီမီတာ အရွယ်ရှိတာပါ။ ဒီဟာလေးကနေ ကိုယ်ဝန်ရင့်မာအရွယ်လောက်ထိ ကြီးလာနိုင်တယ်။

အရွယ်ရောက် အမျိုးသမီးတိုင်း မျိုးဥအိတ်မှာ အလုံးဆိုတာတွေ ဖြစ်ကြပါတယ်။ ကုစရာမလိုဘဲ ပျောက်သွားတာက များပါတယ်။ ကုစရာလိုတဲ့ မျိုးဥအိမ်အကျိတ်ဆိုတာကလည်း အဖြစ်များတဲ့ ရောဂါတခုပါ။ အရွယ်မရွေး ပြောရမလားဘဲ။ အပျိုလေးတွေရော အဖွါးကြီးတွေကိုပါ ခွဲပေးရဘူးတယ်။ ကျူးမားခေါ်တဲ့ အလုံး-အကျိတ်တွေဟာ ကင်ဆာ မဟုတ်တာရော ဟုတ်တာပါရှိတယ်။ ဘာလို့ဖြစ်သလည်း အတိအကျပြောမရတဲ့ အမျိုးအစားပါ။ ကံတရားကိုသာ လွှဲချကြရအောင်။

အလုံးဖြစ်လာတာကို အတော်များများ သတိမထားမိတတ်ပါ။ ရာသီလာတာလည်း ပုံမှန်။ နာတာကလည်း မသိမသာ။ ကိုယ်ဝန်ဆောင်သလို ဗိုက်ကလေး ပူလို့ စူလာမှ သိရတာများတယ်။ အလုံးက ဗိုက်ထဲမှာ (အမှန်က ဗိုက်အောက် တင်ပါးဆုံရိုးကွင်းထဲမှာပါ) သူနဲ့ တွယ်နေတဲ့ သားအိတ်ပြွန်က နောက်တို့ဘေးတို့မှာ ကပ်နေတာမဟုတ်လို့ ခပ်လွယ်လွယ် ရွေ့ရှားလှုတ်ရှားနိုင်တယ်။ လှုတ်ရင်း၊ ရွေ့ရင်းနဲ့ အညှာနဲ့တူတဲ့နေရာက လိမ်ပြီး၊ သူ့ဟာသူ ချည်သလို ဖြစ်တတ်သေးတယ်။ အဲလိုဖြစ်ရင် နာတာခံစားရတော့မယ်။ မခွဲရင် သွေးထွက်၊ ပေါက်ထွက်ဖြစ်နိုင်တယ်။

ကုသနည်းတွေရှိတာမှာ အသက်၊ အကျိတ်အမျိုးအစား၊ အရွယ်အစားနဲ့ ခံစားနေရတာတွေအပေါ်မူတည်ပြီး ရွေးချယ်ရတယ်။
(က) တချို့သေးတာလေးတွေက အလိုလိုလည်းပျောက်နိုင်လို့ စောင့်ကြည့်နိုင်တယ်။ သေးမယ်၊ အရည်သာပါမယ်ဆိုရင် ဖြစ်နိုင်တယ်။
(ခ) ကိုယ်ဝန်တားဆေးပေးနည်း။
(ဂ) ခွဲစိတ်ကုသနည်းကို နောက်ဆုံးမှာ ရွေးရတာများတယ်။ ခွဲတာမှာလည်း Ovarian cystectomy အကျိတ်ကိုသာ သပ်သပ်ထုတ်နည်းလုပ်လို့ရရင် အကောင်းဆုံးဖြစ်တယ်။ အားလုံးကရတာတော့မဟုတ်ပါ။ Oophorectomy မျိုးဥအိမ်တခုလုံး ထုတ်နည်းလည်းလုပ်ရတာရှိတယ်။ တကယ်လို့ ကင်ဆာဖြစ်နေရင် မျိုးဥအိမ် နှစ်ခုလုံး + သားအိမ်ပြွန် + သားအိမ်တွေအားလုံးထုတ်ရမယ်။ ဆက်ပြီးလည်းကုသရမယ်။

မျိုးဥအိတ်တဖက်နဲ့ ပြွန်တဖက်မရှိရင် သားသမီးရဘို့ တဝက်တော့ အခွင့်အလမ်း နည်းသွားစေတယ်။ မျိုးဥအိတ်နဲ့ ပြွန်၊ နှစ်စုံလုံးရှိနေပါမှ အမျိုးသမီးပီသစေနိုင်လို့ပါ။ မ-ဟော်မုန်းတွေ ပုံမှန်ထွက်၊ လင်ယူ-သားမွေး၊ ကလေးယူဘို့ရာ စိတ်ချရမယ်။

တခါဖြစ်ဘူးရင် နောက်ထပ် မဖြစ်နိုင်တော့ဘူးလို့ မပြောနိုင်ပါ။ ရာသီမမှန်ရင်။ သိပ်ငယ်ငယ်ကတည်းက ၁၁-၁၂ နှစ် သမီးကစ ရာသီကလာရင်၊ ကလေးမရတဲ့သူ၊ လည်ပင်းကြီးဟော်မုန်းနည်းသူ၊ ကိုယ်အပေါ်ပိုင်း အဆီများသူတွေမှာ ဖြစ်တတ်လေ့ရှိတယ်။

အဲလိုခွဲထားခံရသူအတွက် စိတ်မပျက်ပါနဲ့။ ကင်ဆာကို မပြောင်းစေတတ်ပါ။ ကလေးရဘို့ ၅ဝ% ဆိုတာ နည်းတဲ့ အခွင့်အလမ်း မဟုတ်ပါ။ သေခြာပါတယ်ဆိုတဲ့ တားဆေးတွေက ၉၉% စိတ်ချပါဆိုတဲ့ အထဲကနေ ကိုယ်ဝန်ဆောင်သူ ရှိတယ်။ အစားရှောင်စရာမလိုပါ။ ကျန်းမာအောင်သာ မျှတတဲ့အစာစားပါ။ ဆေးလည်း ပုံမှန်အားဆေးသာ လိုပါတယ်။

အိတ်ထဲမှာရှိနေတာက အမျိုးမျိုး။ အများအားဖြင့် ခပ်ဝါဝါအရည်။ ချွေးထွက်အိတ်ထဲက အရည်မျိုးပါရင် ခပ်မြစ်ပြစ် ဖြစ်မယ်။၊ အဆီတွေပါနိုင်တယ်။ တချို့ကြ ထူးဆန်းတာတွေပါနေတတ်တယ်။ ဆံပင်လို အမွှေး၊ အရိုးလို၊ သွားလို၊ အရိုးနုလို စတာတွေ။ တောမှာ အပင်းထည့်တယ်လို့ ပြောတတ်ကြတာမျိုးပေါ့။ Dermoid cyst ဒါးမွိုက်-ဆစ် ခေါ်တယ်။ အမှန်က လူ့ကိုယ်ခန္ဓာမှာရှိနေတဲ့ (တစ်ရှူး) အမျိုးအားလုံးက ပါနေနိုင်တယ်။ မျိုးဥအိတ်သာ မဟုတ်ပါ အရေပြားမှာလည်း ဒါမျိုးဖြစ်တတ်တယ်။ အဲလိုပုံသာတင်ရင် ဖေ့စ်ဘွတ်မှာ လိုက်ခ်တွေများမှာသေချာတယ်။

- Chocolate cyst ချောကလက် ဆစ် http://doctortintswe.blogspot.com/2014/11/chocolate-cyst.html
- Endometriosis (1) သားအိမ်ရောဂါ (၁) http://doctortintswe.blogspot.com/2014/11/endometriosis-1.html
- Endometriosis (2) သားအိမ်ရောဂါ (၂) http://doctortintswe.blogspot.com/2014/11/endometriosis-2.html
- Endometriosis (3) သားအိမ်ရောဂါ (၃) http://doctortintswe.blogspot.com/2015/03/endometriosis-3.html
- Ovarian Cyst ကိုယ်ဝန်မဟုတ်တဲ့ ဗိုက်ထဲကအလုံး http://doctortintswe.blogspot.com/2015/02/ovarian-cyst.html
- PCOS and Ovarian cyst http://doctortintswe.blogspot.com/2015/05/pcos-and-ovarian-cyst.html
- Polycystic Ovarian Syndrome (PCOS) ရာသီမမှန်ရင် ဖတ်ပါ http://doctortintswe.blogspot.com/2014/10/polycystic-ovarian-syndrome-pcos.html

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၄
၂၈-၈-၂ဝ၁၄

United Wa State Army ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်

ဝလူမျိုးကို တရုပ်တွေက Pinyin လို့ခေါ်တယ်။ United Wa State Army (UWSA) ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ကို ၁၇-၄-၁၉၈၉ မှာ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီးနောက် ဖွဲ့ခဲ့တယ်။ United Wa State Party (UWSP) ပါတီက နိုင်ငံရေးလက်တံ ဖြစ်တယ်။ စစ်အစိုးရလက်ထက် ၉-၅-၁၉၈၉ မှာ အပစ်အခတ်ရပ်စဲပြီး။ သူတို့ဒေသကို အထူးဒေသ (၂) လို့ သတ်မှတ်ပေးထားတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံဥပေးအရ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ၆ မြို့နယ်ပါထားတယ်။ Mongmao, Pangwaun, Namphan, Pangsang, Hopang နဲ့ Matman တွေဖြစ်ကြတယ်။ Mong Yang မြို့နယ်ထဲမှာ Mong Pawk ထားတာကို ဝတွေမကျေနပ်ဘူး။ Mongla မှာနေတဲ့ သူ့မဟာမိတ်ဖြစ်တဲ့ (NDAA) ကိုးကန့်နဲ့ဆက်သွယ်ရေးကို ဖြတ်ထားသလို ဖြစ်နေလို့။

Chao Ngi Lai က စထူထောင်ပြီး၊ Bao Youxiang ကဆက်ခံတယ်။ တရုပ်ပြည်က အားပေးထောက်ကူတယ်။ ဒုစစ်ဦးစီးချုပ်က Zhao Zhongdang ဖြစ်ပြီး ဦးအောင်မြင့်ကပြောရေးဆိုခွင့်ရှိသူဖြစ်တယ်။ Xuexian Ai က တွဲဖက် ထူထောင်သူဖြစ်ပြီး၊ Wa National Council (WNC) နာမည်နဲ့စထူထောင်တယ်။ ၂၉-၁ဝ-၂ဝ၁၁ နေ့က မန္တလေးမှာ ကွယ်လွန်တယ်။

UWSA ဟာ ဘိန်းဘုရင် ခွန်ဆာရဲ့ Shan Mong Tai Army နဲ့မသင့်ဘူး။ ကျိုင်းတုန် တောင်ဖက် ထိုင်းနယ်စပ်က နယ်တွေကနေ ခွန်ဆာကို တိုက်ထုတ်ခဲ့တယ်။ ၂ဝဝ၉ ကိုးကန့်အရေးအခင်းမှာ UWSA လည်းပါခဲ့တယ်။ အိန္ဒိယအစိုးရကို ပုန်ကန်နေတဲ့ အာသန်လက်နက်ကိုင်အဖွဲ့ ULFA-ATF အဖွဲ့ကို မြန်မာ့မြေပေါ်မှာ နေနိုင်အောင် အကူအညီပေးထားတယ်။

UWSA ဟာ မူးယစ်ဆေးလုပ်ငန်းနဲ့ ဆက်စပ်နေတယ်။ အပစ်ရပ်စဲရေးကြောင့် ဘိန်းလုပ်ငန်းကို လွတ်လွတ်လပ်လပ် လုပ်နိုင်လာတယ်။ အမေရိကန် DEA ကနေ ၂၉-၅-၂ဝဝ၅ မှာ မူးယစ်စာရင်းထဲ သွင်းလိုက်တယ်။ ၃-၁၁-၂ဝဝ၅ မှာ အမေရိကန်အစိုးရက ကုမ္ပဏီပေါင်း ၁၆ ခုကို UWSA နဲ့ Wei Hsueh-kang ကို ဆန်ရှင်လုပ်လိုက်တယ်။ လူပေါင်း ၁၁ ယောက်ပါဝင်တယ်။ အရှေ့တောင်အာရှမှာ အကြီးဆုံးဆေးဝါးထုတ်လုပ်တဲ့အဖွဲ့ဖြစ်တယ်။ ထိုင်းနယ်စပ်နားမှာ ရာဘ (ယာဘ) ထုတ်လုပ်တဲ့စက်ရုံပေါင်း ၄ဝ-၅ဝ ရှိတယ်။

Wei Hsueh-kang က ၁၉၉၈ မှာ ထောက်လှမ်းရေး ဗခ ခင်ညွန့်ခွင့်ပြုချက်နဲ့ Hong Pang Group စီးပွါးရေးလုပ်ငန်း ထူထောင်ပြီး အပစ်ရပ်ရေးနဲ့လဲတယ်။ Hong Pang Group ကို Panghsang ပန်ဆန်းမှာ ဌာနချုပ်ထားတယ်။ ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ တာချီလိတ်၊ မော်လမြိုင်မှာ ရုံးတွေရှိတယ်။ Ho Chun Ting (Aik Haw aka Hsiao Haw) ဟာ Yangon Airways ရန်ကုန်လေကြောင်းဥက္ကဋ္ဌဖြစ်တယ်။ Tetkham Co Ltd နာမည်နဲ့ ဟော်တယ်တွေဆောက်တယ်။ ကျောက်မြက် လေလံဆွဲတာ၊ ရန်ကုန်မြူနီစပါယ် ပရောဂျက်တွေလုပ်နိုင်ခဲ့တယ်။ စီးပွါးလုပ်ရာမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရယ်၊ မြန်မာစစ်တပ်ရယ်၊ UWSA ရယ်က အလွန်နီးစပ်ကြတယ်။

စစ်သားအင်အား ၃ဝဝဝဝ ရှိတယ်။ အရံအင်အား ၁ဝဝဝဝ ရှိတယ်။ ၂ဝဝ၈ Jane Intelligence Review အစီရင်ခံစာအရ တရုပ်ဟာ အဓိကလက်နက်ထောက်ပံ့ပေးနေသူဖြစ်တယ်။ ၂ဝဝ၁ အစီရင်ခံစာအရ တရုပ်ကနေ HN-5N Surface-to-air missile (SAMs) မြေပြင်မှဝေဟင်ပြစ်ဒုံပျံ ဝယ်ထားတယ်။ ၂ဝ၁၄ အစီရင်ခံစာအရ FN-6 Surface-to-air missile ကိုပါ ဝယ်ထားပြီးပြီ။ ၂၉-၄-၂ဝ၁၃ အစီရင်ခံစာအရ Mil Mi-17 ဟယ်လီကော်ပတာတွေ ဝယ်ထားတယ်။ TY-90 air-to-air missiles လေယျာဉ်မှဝေဟင်ပြစ် ဒုံပျံတွေလည်း တရုပ်ဆီကဝယ်ထားတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၅

Laogai (Laukkal) လောက်ကိုင်ကို ဘာကြောင့်ထိုးကျွေးလည်း

(ကျွန်တော်ရေးတာမဟုတ်ပါ။ Aung Hein ရေးတင်ထားတဲ့ အချုပ်အချာအာဏာကို အထိပါးမခံ မြန်မာ့မြေကို တလက္မ အထိမခံဆိုသူများအတွက် ဖြစ်ပါတယ်ကို ယူထားသာဖြစ်ပါတယ်။)

လောက်ကိုင်ကို ဘာကြောင့်ထိုးကျွေးလဲဆိုတာ မြေပုံကြည့်ရင် သဘောပေါက်မှာပါ။ အစိမ်းရောင်က ကိုးကန့် လိမ္မော်ရောင်က ဝအထူးဒေသ။ ဖုန်ကြားရှင်၊ တရုတ်နဲ့ မြန်မာအာဏာရှင်တို့ရဲ့ ထိုးဇာတ်လေးထဲမှာ မျောပါသူတွေက အများသား။

လောက်ကိုင်တိုက်ပွဲမစမီ တရက်အလိုမှာ စီအစဉ်မရှိဘဲ ဝအထူးဒေသ ပန်ဆန်းကို အလုပ်တခုနဲ့ ရောက်သွားပါတယ်။ လားရှိုး-တန့်ယန်းလမ်းကနေ သံလွင်မြစ်တံတားကျော်ပြီး မကြာခင် မြန်မာစစ်တပ်ဂိတ်ကိုရောက်တယ်။ ဘာမှ သိပ်မစစ်ဘူး။ အလှူငွေထည့်ပါဆိုလို့ ငါးထောင်ပေးခဲ့တယ်။ ခဏဆက်သွားတော့ မြန်မာရဲဂိတ်ရောက်တယ်။ ပြတ်ပြတ်ဘဲ ငါးထောင်ပေးပါတဲ့ ဘယ်ရမလဲ ပေးလိုက်တာပေါ့။

နဲနဲဆက်သွားတော့ ဝလုံခြုံရေးဂိတ်။ ကားပေါ်က တယောက်မကျန် အောက်ဆင်းခိုင်းတယ်။ ဂိတ်နောက်မှာ ဘန်ကာထဲက စက်သေနတ်ကြီးက အသင့်ချိန်ထားတယ်။ ဝလိုမေးတယ် ဘယ်ဖြေတတ်မှာလဲ။ တရုတ်လိုမေးတယ်။ အတူပါသူတွေက ဖြေပေးတယ်။ မရဘူး မဝင်ရဘူးတဲ့။ တော်သေးတယ် ပန်းဆန်းက ဖုန်းဆက်ပြီး ကားနံပါတ်ပေးထားလို့ အရာရှိ တယောက်လာပြီး ဝင်ခွင့်ပေးလိုက်တယ်။ နယ်စပ်ဝင်ကထဲက MPT Oredoo ဘာမှမရတော့ဘူး တရုတ်ဖုန်းရတယ်။ Telenol တချက်တချက်ရတယ်။ ဒါပေမယ့် Oversea charge ပေးရမယ်။

ဝနယ်ထဲဝင်ကာစ မြေလမ်းကြီး ဖုန်တထောင်းထောင်းနဲ့။ ဆက်သွားတော့ ကျောက်လမ်း။ ပြီးတော့ ကွန်ကရိလမ်း။ ပြီးတော့ နိုင်လွန်ကတ္တရာလမ်း။ တောင်ပေါ်လမ်းတွေက နေပြည်တော်လမ်းထင် ပိုကျယ် ပိုကောင်းနေတယ်။ မေးကြည့်တော့ တရုတ်ကလာဖောက်တာတဲ့။

နေရာတိုင်းမှာ လျပ်စစ်မီးနဲ့ မေးကြည့်တော့ စစ်သားအငယ်တွေက ရေအားလျှပ်စစ် ကိုယ်ပိုင်ထုတ်တာတဲ့။ နောက်တော့ အဲဒီ ရေအားလျပ်စစ်နေရာကို ဖြတ်သွားတယ်။ သိပ်လဲမကြီးဘူး။ တကယ်အလုပ်လုပ်ပုံလဲမရဘူး။ သူ့တို့အရာရှိတွေကို ထပ်မေးတော့ ရီပြီး တရုတ်ပြည်က လိုသလောက်ပေးတယ်တဲ့။

လမ်းဘေးတလျောက် ရော်ဘာခြံတွေ မျက်စိတဆုံး အပင်တွေကြီးပြီ။ အသေအချာ ကြည့်တော့ တပင်မှ အစေး ခြစ်မထားဘူး။ လက်ဘက်ခြံတွေလဲရှိတယ်။ အားလုံးဖေါ်ရှိုးတွေ။

ပန်ဆန်းမရောက်မီ မြင်ကွင်းထဲမှာ ဘာမှမသုံးတဲ့ ကွန်ကရိကွင်းကျယ်ကြီးတွေ တွေ့တယ်။ တိုက်လေယာဉ်တွေ ကောင်းကောင်း ဆင်းလို့ရတယ်။ ဘာအတွက်လဲမေးတော့ ပုခုန်းတွန့်ပြတယ်။

တောင်တွေကို ဧရာမစက်ကြီးတွေနဲ့ ဖြိုပြီး Tipper ကားအကြီးစားတွေနဲ့ မြေကြီးတွေတင်ပြီး တရုတ်ပြည်ဘက် တတန်းကြီး မောင်းထွက်နေတယ်။ ဘာပါလို့လဲ မေးတော့ ခဲသတ္တုလို့ပြောတယ်။ ခဲလောက်နဲ့ မြေရိုင်းတွေကို သယ်ရတာ ကိုက်သလား Geologists တွေတော့သိမှာ။ နောက် ကျွန်းသစ်တင်တဲ့ကားတွေ သစ်လုံးမဟုတ်ဘူး။ လေးထောင့် ပါးပုတ်ထားပြီးသား။ လမ်းဘေးမှာ တန်းစီရပ်ထားတာ အစီး ၄၂ နောက်ပိုင်း ဆက်မရေဖြစ်တော့ဘူး။

ပန်ဆန်းရောက်ပြီ။ မြန်မာရဲ၊ စစ်သား၊ ရဲစခန်း၊ စစ်တပ်။ လဝက၊ ထွေအုပ်ရုံ၊း အခွန်ဦးစီး၊ ဆေးရုံ၊ ကျောင်၊း ဘာမှမတွေ့။ မြန်မာပြည်လို့ ပြောနိုင်တဲ့ အထောက်အထားတခုမှမရှိ။ တရုတ်စာဆိုင်းဘုတ်၊ တရုတ်စကား၊ တရုတ်ငွေ၊ တရုတ် TV လိုင်း၊ မေးကြည့်တော့ မြန်မာမှတ်ပုံတင်မသုံး ဝကိုယ်ပိုင်မှတ်ပုံတင်တဲ့။ လူငယ်အားလုံး စစ်ဝတ်စုံနဲ့ Pistol ခါးချိတ်လို့် ဝတ်စုံ၊ လက်နက်အားလုံး သစ်သစ်လွင်လွင်ပဲ။ ရာထူးအဆင့် တံဆိပ်မရှိဘူး။

မြို့ထဲမှာ ကားအများစုက Lexus 570 တွေ Hummer တွေများတယ် စက်သေနတ်တင်ထားတဲ့ 4x4 pickup တွေလဲ တွေ့တယ်။ ဓာတ်ဆီထည့်တုံး ဘေးကဆိုင်းဘုတ်ကိုကြည့်ပြီး တရုတ်စာတတ်သူတွေ ရီနေလို့ မေးကြည့်တော့ ကျည်ဆန်၊ ယမ်း၊ လက်ပစ်ဗုံး၊ မိုင်း၊ လက္ကားရောင်းတာတဲ့။

နှစ်ညအိပ်နေခဲ့တယ်။ မြန်မာ့အချုပ်အချာအာဏာကို တစိမှမတွေ့ခဲ့ဘူး။ ထပ်သိချင်လို Googling လုပ်တော့ ဝအထူး အုပ်ချုပ်ခွင့်ရဒေသက 17,000 sq. km. တဲ့ Singapore က 718 sq. km. Singapore ထက် ၂၃ ဆပိုကျယ်ပြီး၊ ဘာသယံဇာတတွေ ရှိနေမှန်းမသိတဲ့ နယ်မြေတခုကို တရုတ်က သေနတ်တချက်မဖောက်ဘဲ ယူသွားပါပြီ။

ကိုးကန့်ကို မီးမောင်းစွတ်ထိုးထားတော့ ဝအထူးဒေသ လက်ပံတောင်းတောင်နဲ့ တခြားသယံဖာတတွေ၊ စစ်ရေး၊ စီးပွားရေးအရ အရမ်းအရေးပါတဲ့ အန္ဒိယသမုဒ္ဒရာထွက်ပေါက် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြန်မာပြည်ကို ခါးဖြတ်တဲ့ ရေနံဓာတ်ငွေ့ပိုက်လိုင်း၊ ဒါတွေအားလုံး မှေးမှိန်သွားရပြီပေါ့။

အပိုဆုအနေနဲ့ စစ်အုပ်ချုပ်ရေးနယ်မြေတခု စပေါ်လာပြီ။ ရွေးကောက်ပွဲမတိုင်မီ ဘယ်နှစ်ခုထပ်ဖေါ်ဦးမှာလဲ။ အားလုံးရဲ့ Master Mind က China ပါ အာဏာရှင်တွေကတော့ ကိုယ်ကျိုးစီးပွားပေါ့။ အားလုံးမြင်ကြဘို့ ဘက်တဘက်ထဲမှာ ရပ်ကြဘို့ အရေးတကြီးလိုနေပါပြီ။     ။

ကျွန်တော့်သုံးသပ်ချက်
• သတင်းတိုင်းကို ဒေါင်စုံအောင်လေ့လာသင့်တယ်။ အရာတိုင်းမှာ သမိုင်းရှိတယ်။ မျက်စိတဆုံးမကြည့်နိုင်ရင် အညာခံရမယ်။
• ဝနယ်မြေ၊ ကိုးကန့်နယ်မြေနဲ့ တရုပ်နယ်စပ်ကပ်နေတဲ့နေရာဒေသတွေကို လူအများစုက မသိကြပါ။ အပ်ကျတာကအစ သိတယ်လို့ နိုင်ငံရေးလုပ်သူတွေအပေါ်မှာ ကြွားလုံးထုတ်ခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေးက ဒီအခြေအနေနဲ့ အဖြစ်အပျက်တွေ မသိမရှိပါ။ ၁၉၈၉ အပစ်ရပ်စဲရေး (တနည်း) လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတယ်ဆိုတာရဲ့ အောက်မှာနဲ့ နောက်မှာ ဒါတွေ ဒီလိုဖြစ်လာတာပါ။
• ဒါပေမဲ့ ဘိန်းနဲ့ မူးယစ်လုပ်ငန်းကတော့ အပစ်မရပ်လဲ တနည်းနည်းနဲ့ ရှင်သန်နေမှာဖြစ်တယ်။
• တရုပ်နိုင်ငံဟာ မြန်မာ့ စစ်အာဏာရှင်စနစ်နဲ့ ဘိန်းခင်းတွေကနေ ကောင်းကောင်းကြီး အမြတ်ထုနေတာတော့ ထင်ရှားလွန်းလှပါတယ်။
• ဒါပေမဲ့ ခုချိန်မှာ (၁) တရုပ်မုန်းတီးရေး။ ကိုးကန့် မုန်းတီးရေး၊ ဝ မုန်းတီးရေးတွေ အောာ်တာနဲ့ (၂) ကိုးကန့်တိုက်ပွဲကို တရုပ်နဲ့ပေးစားနည်း နှစ်ခုလုံးနဲ့တော့ မြန်မာပြည်ဟာ ရှုံးပြီးရင်းရှုံးနေရအုံးမှာသာဖြစ်ပါတယ်။ စစ်တပ်မုန်းတီးရေးလည်း မလုပ်သင့်ပါ။ စစ်အာဏာရှင်စနစ်ကိုတော့ မုန်းတာသမက ဖြုတ်ချကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၅