မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, July 31, 2015

HIV flushed out by cancer drug

HIV ပိုးတွေ ပုန်းအောင်နေရာကနေ ထွက်လာအောင် ကင်ဆာဆေးနဲ့လုပ်နိုင်တယ်လို့ ၃၁-၇-၂ဝ၁၅ နေ့ ဆေးသုတေသန သတင်းကဆိုပါတယ်။

Anti-retroviral therapy (ART) ဆေးကနေ ပိုးတွေကို သေစေနိုင်တယ်။ ဒါပေမယ့် ဆေးနဲ့မတွေ့နိုင်တဲ့ ပိုးတွေကိုတော့ ဘာမှမတတ်နိုင်ပါ။ Mississippi baby မစ်စစ်စပီကလေးမလေးကိုကြည့်ရင် ပိုးအားခိုအောင်းနေနိုင်စွမ်းရှိတာသိသာတယ်။

UC Davis School of Medicine ဆေးကျောင်းမှာ PEP005 ဆေးနဲ့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆေးကို နေလောင်ရာကနေဖြစ်တဲ့ကင်ဆာအတွက်သုံးပါတယ်။ လူနာ ၁၃ ယောက်ဆီကနေယူထားတဲ့ ဓါတ်ခွဲခန်းထဲမှာ ဆဲလ်တွေကို ဆေးနဲ့တွေ့စေခဲ့ပါတယ်။

အခုတွေ့ရှိချက်ဟာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ လူနာအတွက်စိတ်ချရမှုကိုတော့ လေ့လာရပါအုံးမယ်။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၅

Broken windows ကွဲနေသောပြူတင်းပေါက်များ

စက်တင်္ဘာ-အလဲဗင်းခေါ်တဲ့ နယူးယောက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာတာဝါကြီးနှစ်ခုကို ဘင်လာဒင်ကနေ စီစဉ်စေခိုင်းသူ အကြမ်းဖက်သမားတွေကနေ ၂ဝဝ၁ စက်တင်္ဘာ (၁၁) ရက်နေ့မှာ လေယာဉ်နဲ့တိုက်ပြီး ဖြိုချဖျက်ဆီးခဲ့တယ်။ ဒီအဖြစ်အပျက်နဲ့ နောက်ဆက်တွဲဖြစ်ပျက်တာတွေကို ကမ္ဘာသူကမ္ဘာသားအများစုက မမေ့နိုင်ကြသေးပါ။

အဲလိုကမ္ဘာကြီးတခုလုံးကို တုန်လှုတ်သွားအောင်ဖြစ်တဲ့အကြမ်းဖက်မှုဒဏ်ခံလိုက်ရတဲ့ နယူးယောက်မြို့ကြီးကို အရေးပေါ် စီမံခန့်ခွဲမှုတွေကို စနစ်တကျအောင်အောင်မြင်မြင် လုပ်ပေးနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်ဟာ နယူးယောက်မြို့တော်ဝန် Rudy Giuliani ရူဒီ ဂီလာနီဖြစ်ပါတယ်။

သူ့မြို့တော်ဝန်ပထမသက်တမ်းအတွင်းမှာ William Bratton ကို ရဲချုပ်သစ်အဖြစ်ခန့်ခဲ့တယ်။ Broken windows theory of urban decay အိုမင်းနေသောမြို့များ၏ ကွဲနေသောပြူတင်းပေါက်များခေါ်တဲ့ သီအိုရီကို ကိုးကားသူဖြစ်တယ်။ အသေးအဖွဲအမြင်အတော်မှုတွေ၊ ဥပဒေချိုးဖေါက်မှုတွေကနေ ကြီးမားဆိုးဝါးလှတဲ့ ရာဇဝတ်မှုကြီးတွေဖြစ်လာစေနိုင်တယ် ဆိုတာဖြစ်တယ်။

(ဂီလာနီ) ဟာ နယူးယောက်မြို့တော်နေလူတွေရဲ့ နေထိုင်မှုအရည်အသွေးကို တိုးတက်လာအောင်ကြိုးပမ်းနိုင်ခဲ့သူအဖြစ် နာမည်ရတယ်။ ရာဇဝတ်မှုလည်း ကျဆင်းလာစေနိုင်ခဲ့တယ်။ တိုင်းမဂ္ဂဇင်းကနေ ၂ဝဝ၁ အတွက် Person of the Year အဖြစ်ရွေးချယ်ခဲ့တယ်။ ၂ဝဝ၂ ခုနှစ်မှာ အဲလိဇဗက်ဘုရင်မကြီးကလည်း ဂုဏ်ထူးဆောင် (နိုက်) ဘွဲ့ချီးမြှင့်သေးတယ်။

ကျွန်တော်တို့တိုင်းပြည်က ကွဲနေတဲ့အဝင်တံခါးမကြီး၊ အထွက်တံခါးမကြီးတွေနဲ့ ပြူတင်းတွေကို မွမ်းမံပြုပြင်နိုင်စွမ်းမရှိတဲ့ ဂီလာနခေါင်းဆောင်တွေ အလွန်မတန်များပြားလှပါတယ်။

(ရူးဒေါ့ ဂီလာနီ) ရေးတဲ့ Leadership through the ages ခေါင်းဆောင်မှုစာအုပ်ကို ဖတ်ဖူးတယ်။ ဖတ်ပြီးတော့ မုံရွာက အမျိုးဆီလှမ်းပို့လိုက်တယ်ထင်တယ်။ တက်နေတဲ့မြစ်ရေတွေကို ခဏနေပါအုံးပြောပြီး အဲဒီစာအုပ်မျိုးဖတ်ကြပါလို့ နေပြည်တော်က ခေါင်းဆောင်ကြီးတွေဆီကို ကော်ပီပို့ခိုင်းရမလားမသိပါ။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၅

ရွေးကောက်ပွဲ ကမ်ပိန်း

ရွေးကောက်ပွဲကမ်ပိန်းခေါ်တဲ့ ရွေးကောက်ပွဲနိုင်အောင် စည်းရုံးရေး ဘယ်လိုလုပ်မလဲကို စာတွေ့ ရေးရမလား၊ ကိုယ်တွေ့ ရေးရမလား။ နှစ်မျိုးလုံးပါမှရမယ် ထင်တယ်။ ဒါပေမယ့် ၁၉၉ဝ ပြည့်နှစ်တုန်းက မဲဆွယ်ခဲ့ရတာက ၂ဝ၁၅ နဲ့ မတူပါ။ အရင်တုန်းက အဖြူနဲ့ အမည်း။ အခုဟာက တက်ကနီကာလာ။ တက်ကနော်လော်ဂျီပါမှ ရမယ်။ အရင်က ရိုးစဉ်းတယ်။ အခုက ဆန်းပြားတယ်။ စိတ်မချရတာကတော့ သိပ်မကွာလှဖူး။ ယုံကြည်မှုဆိုတာ ဖွဲ့စည်းပုံအသစ်ရေးရုံနဲ့ မရပါ။

ရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲစည်းရုံးရေးကာလ သတ်မှတ်ပေးပေမယ့် အမှန်ကတော့ ကမ်ပိန်း လုပ်ငန်းတွေက လပေါင်းများစွာကတည်းကနေ စရတယ်။ အာဏာရပါတီ ကတော့ အခု အစိုးရတက်ကတည်းက ရွေးကောက်ပွဲ ကမ်ပိန်းကို အုံနဲ့ကျင်းနဲ့ စထားပြီးသား တွေ့ရတယ်။ (ကမ်ပိန်း) လို့ မပြောချင်နေပါ၊ အနိုင်ရရေး (ပလင်) အရ လုပ်နေတာ ဖြစ်တယ်။

ရွေးကောက်ပွဲကမ်ပိန်းဆိုတာ ရွေးကောက်ပွဲမတိုင်ခင် ခွင့်ပြုကာကလတိုအတွင်းမှာ ကိုယ့်ပါတီကို၊ ကိုယ့်ကို၊ ကိုယ့်အမတ်လောင်းကို မဲပေးမဲ့သူတွေက မဲပေးချင်လာအောင် စည်းရုံးသိမ်းသွင်းရတဲ့ အလုပ်တွေ ဖြစ်ပါတယ်။ အုပ်စုတခုကို ပစ်မှတ်ထားပြီး လုပ်ကြရတယ်။ အရွေးခံမယ်လို့ ဆုံးဖြတ်ချက်က အရင်ဆုံး ချရတယ်။ အလားအလာ တွက်ချက်ရမယ်။ တိုင်ပင်သင့်သူ မှန်သမျှကိုတိုင်ပင်ပြီး အတွက်အချက် လုပ်ကြရတယ်။ ကိုယ့်အားကိုယ်တွက်ဆ နိုင်ရမယ်။ လူသိရှင်ကြား ကြေညာရမယ်။ ခရီးတွေ ထွက်ရမယ်။ စကားတွေ ပြောရမယ်။ မေးတာတွေ ဖြေရမယ်။ မီဒီယာ သုံးရမယ်။ နောက်ပိုင်းမှာ ငွေကုန်ကြေးကျများတဲ့ နည်းတွေပါ သုံးရမယ်။ အမတ်လောင်း ရွေးရတာကိုက အနိုင်ရရေး အလားအလာ မပါလို့ မရပါ။ စံသတ်မှတ်ထားတာ ကောင်းပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို မတွက်ဆရင် ကျောင်းသားလူရည်ချွန် ရွေးသလိုပဲ နေမယ်။

(ကမ်ပိန်း-မက်ဆေ့ခ်ျ) ဆောင်ပုဒ်က အရေးကြီးတယ်။ လူထုအကြိုက် ဖြစ်ရမယ်။ ပြိုင်ဖက်ကို ထိုးနှက်စရာ ဖြစ်နိုင်တယ်။ ပေါ်ပြုလာ (စလိုဂင်) သတင်းစကား ဖြစ်ရမယ်။ လာမယ့် ၄-၅ နှစ်အတွက် ရည်မှန်းချက် ဖြစ်နိုင်တယ်။ ရေရှည်မျှော်မှန်းချက် ဖြစ်နိုင်တယ်။ (ပေါ်လစီအစ်ရှူး) ဖြစ်သင့်တယ်။ ဆွဲဆောင်မှု ရှိရမယ်။ ဘောင်မကျဉ်းရပါ။ ၂ဝဝ၈ တုန်းက ဂျွန်မက်ကိန်းရဲ့ ဆောင်ပုဒ် (တိုင်းပြည်ပထမ) ဆိုတာ သူ့ရဲ့ တိုင်းပြည်အတွက် မျိုးချစ်စိတ်အရ ဆောင်ရွက်ချက်တွေနဲ့ သူ့အတွေ့အကြုံကို ထင်ဟပ်စေဖို့ ဖြစ်တယ်။ နောက်ပိုင်း (မူလကတည်းက လွတ်လပ်တဲ့ အတွေးအခေါ်ရှိသူ) လို့ ပြောင်းလိုက်တယ်။ အိုဘားမားကတော့ (ချိန်း) အပြောင်းအလဲကိုပဲ တချိန်လုံး ကိုင်စွဲခဲ့တယ်။

ပါလီမန်ဒီမိုကရေစီခေတ်မှာ နောက်ဆုံးကျင်းပတဲ့ ၁၉၆ဝ ရွေးကောက်ပွဲကို ငယ်သေးပေမယ့် မီခဲ့တယ်။ နံရံတွေ၊ တံတိုင်းတွေမှာ (ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်စေနဲ့) လို့ ဦးနုပါတီကနေ ကပ်ထားတဲ့ အဝါရောင် ပိုစတာတွေ မြင်ဖူးခဲ့ပါတယ်။ တခြားပါတီတွေကလည်း ရှိပေမယ့် မမှတ်မိပါ။ အသက် ၁၂ နှစ်သားအရွယ်၊ ချင်းတွင်းမြစ် ကူးတို့ဆိပ်က သစ်ပင်ကြီးမှာ ကပ်ထားတဲ့ အဲဒီပိုစတာကို ခုထိမမေ့သေးပါ။ အဲတာဟာ ဆောင်ပုဒ်ရဲ့ စွမ်းအားဖြစ်တယ်။

ကမ်ပိန်းဖွဲ့စည်းပုံ ကျကျနန လုပ်ရမယ်။ ကမ်ပိန်း-မန်နေဂျာက အခရာကျတယ်။ ကမ်ပိန်း-အော်ပရေးရှင်းအားလုံးကို သူက ထိန်းညှိပေးရတယ်။ မဟာဗျူဟာကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာ သူ့အလုပ်။ မဟာဗျူဟာချဖို့ မဟုတ်။ ကျနော် ကိုယ်ပိုင်အမြင်က မန်နေဂျာဟာ ပါတီဗဟိုကောက်မတီဝင် ဖြစ်စရာမလိုပါ။ ပိုင်ရှင်သူဌေးတွေက (စီအီးအို) ကို လခ ကောင်းကောင်းပေးခိုင်းပါတယ်။

နိုင်ငံရေးအတိုင်ပင်ခံတွေ ထားရမယ်။ မဟာဗျူဟာအောင်မြင်အောင် ဘယ်လိုလုပ်ပါ ဆိုတာတွေကို အကြံပေးမယ်။ သုတေသနလုပ်ငန်းတွေ ပါမယ်။ မဲပေးသူတွေနဲ့ ပြိုင်ဖက်တွေကို လေ့လာရေး လုပ်ရတယ်။ နိုင်ငံရေးအကြံပေးတွေဆိုတာ အတတ်ပညာရှင်တွေနဲ့ ဥပဒေပညာရှင်တွေသာ မဟုတ်ပါ၊ စီးပွားရေး လုပ်ငန်ရှင်တွေ၊ မီဒီယာသမားတွေ၊ အနုပညာရှင်တွေ၊ ဆယ်လီဘရစ်တီတွေ ဖြစ်နိုင်တယ်။

(ပလင်) ကို ရည်ရွယ်ချက်၊ (မက်ဆေ့ခ်ျ)၊ ရည်မှန်းပရိသတ်၊ ရှိတဲ့ရင်းမြစ်တွေကို တွက်ချက်ပြီး ချရမယ်။ နည်းနာတွေ သုံးရမယ်။ ကမ်ပိန်းအဖွဲ့ထဲမှာ တဦးချင်းအရည်အချင်းရှိသူတွေနဲ့ အရင်းမြစ်ကြွယ်ဝသူတွေ ပါဝင်နေတယ်။ အားလုံးဟာ (ကမ်ပိန်း-မက်ဆေ့ခ်ျ) ကို မဲပေးသူတွေဆီ ရောက်အောင် ဘယ်လိုလုပ်မလဲ၊ လူသစ်စုဆောင်းရေး ဘယ်လိုလုပ်မလဲ၊ ရန်ပုံငွေ ဘယ်လိုရှာမလဲ နည်းနာတွေ သိရမယ်။ ဝါဒဖြန့်ချိရေး နည်းနာအတိုင်း လုပ်ရမယ်။ ဥပဒေစည်းဘောင်ကို လိုက်နာရမယ်။ စီးပွားဖြစ်ကုန်ပစ္စည်း ကြော်ငြာလုပ်သလို လုပ်ရတယ်။

(ကမ်ပိန်း-အက်သစ်) ခေါ် စောင့်ထိန်းစရာ ကျင့်ဝတ်တွေကို အစကတည်းက ချမှတ်ထားရ တယ်။ ဆောင်ရန် ရှောင်ရန်တွေ၊ စည်းကမ်းကလနားတွေ၊ သတ်မှတ်ချက်တွေ ရှိရမယ်။ နေ့စဉ်တဓူဝ လိုက်နာ စောင့်ထိန်းကြရတယ်။ စစ်ရေးလို လုပ်ရတာ ဖြစ်တယ်။ ဆင့်ကဲအမိန့်နာခံမှု ရှိရတယ်။ တချို့အရာတွေမှာ (ဇီးရိုး တောလားရင့်စ်) သည်းခံခွင့်လွှတ်လို့ မရတာတွေ ရှိမယ်။ တနေ့တာ ဘာပြီးအောင်လုပ်မလဲ ရှိတယ်။ ဥပမာ ဖုန်းဘယ်နှခါ ခေါ်တယ်၊ ဘယ်နှအိမ်၊ ဘယ်နှရွာ ရောက်ပြီးပြီ၊ လက်ကမ်းစာရွက် ဘယ်လောက်ကုန်ပြီ၊ အထိမ်းအမှတ်ပစ္စည်း ဘယ်လောက်ရောင်းချပြီးပြီ၊ လူသစ် ဘယ်နှယောက် ရအောင်စုနိုင်တယ်၊ ကိန်းဂဏန်းတွေကို မညာရပါ။

စာရွက်စာတမ်းကမ်ပိန်းဆိုတာ လုပ်ရမယ်။ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်မယ်။ သူ့နာမည်ကို လူသိများအောင် လုပ်ရမယ်။ မဲပေးမဲ့သူတွေက သူ့နာမည်နဲ့ပါတီကို မှန်မှန်ကန်ကန် မဲပေးတတ်အောင် လုပ်ပေးရမယ်။ ကုန်ကျစရိတ် တွက်ခြေကိုက်ရမယ်။ မီဒီယာမှာ ပါစေရမယ်။ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပေးရမယ်။ သတင်းစာ၊ ဂျာနယ်တွေမှာ ပါရမယ်။ အင်တာဗျူးပေး ရမယ်။ သတင်းကမ်ပိန်းဆိုတာ လူထု အသိရှိလာစေရေးနဲ့ အမတ်လောင်းကို ထောက်ခံလာစေရေး လုပ်ပေးရတာဖြစ်တယ်။

ကမ်ပိန်းဆက်သွယ်ရေးမှာ ၂ မျိုး ရှိတယ်။ (၁) ကြော်ငြာအတွက် သတင်းစာ၊ ရေဒီယို၊ တီဗွီနဲ့ ဂျာနယ်တွေကို အသုံးချရမယ်။ တန်ရာတန်ဖိုးပေးရမယ်။ ကြော်ငြာတွေကို အတိုင်ပင်ခံ ပညာရှင်တွေက ဒီဇိုင်း လုပ်ပေးမယ်။ (၂) မီဒီယာဆိုတာ ကိုယ်ပိုင် မီဒီယာနဲ့ ငွေပေးသုံးရတာ ရှိမယ်။ မြန်မာပြည်မှာ တီဗွီ၊ ရေဒီယိုနဲ့ သတင်းစာကြီးတွေအားလုံးကို နှစ် ၆ဝ ကျော် အာဏာရယူထားတဲ့ အုပ်စုကသာ ပိုင်လို့ ဘယ်သူမှ ပြိုင်မရပါ။ လူတွေ ရေကြီးလို့ ဆင်းရဲဒုက္ခတွေ ရောက်နေတယ်။ အစိုးရသတင်းစာတစောင်ကို ဆင့်ပွားထုတ်ဖို့ မုံရွာမှာ စက်သစ်ဆောက်နေတယ်။ စက်ကို အိန္ဒိယကနေ ဝယ်ထားပြီးပြီ။ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ခုကတည်းက ပြင်ထားတာပဲ။

အစည်းအဝေးတွေ၊ လူစုလူဝေးတွေနဲ့ ပွဲလမ်းတွေ ဖော်ဆောင်ရမယ်။ စင်မြင့်၊ စကားရည်လုပွဲနဲ့ ဟောပြောပွဲနေရာတွေ ဖန်တီးအသုံးချရမယ်။ ဝက်ဘ်ဆိုက်ထောင်တာ၊ အွန်လိုင်းဆက်သွယ်ရေးထူထောင်တာ၊ ခေတ်ပေါ်နည်းပညာတွေ သုံးရမယ်။ (ဖေ့စ်ဘွတ်)က ထိရောက်တယ်။ ဆောင်းပါးရေးတာ၊ လက်ကမ်းကြော်ငြာ စာဝေတာ၊ သတင်းစာ-ဂျာနယ်ထုတ်တာ၊ ပါတီပေးတာတွေ လိုတယ်။

၂ဝ၁၂ တုန်းက အန်အယ်လ်ဒီကနေ အနုပညာရှင်တွေနဲ့ စည်းရုံးခဲ့တာ အင်မတန် အောင်မြင်တယ်။ အာဏာရ အုပ်စုမှာလည်း သူ့ပါတီကို ကြိုက်တဲ့ အနုပညာရှင်တွေ ရှိတာပါပဲ။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲအတွက် သက်သက် အခမဲ့ဆေးခန်းတွေ ဖွင့်တာကို မကောင်းဘူးလို့ မပြောအပ်တာ မှန်ပါတယ်။ အဲဒီဆေးခန်းတွေမှာ လုပ်ရတဲ့ဆရာဝန်တွေ ဝင်ငွေကောင်းကောင်း ရတာလည်း အကျိုးရှိပါတယ်။ ဒါပေမယ့် အပေါစား စည်းရုံးရေးလို့တော့ သတ်မှတ်နိုင်တယ်။ မဲပေးသူတွေထဲမှာ အပေါစားတွေပါတာကို သတိပြုပြီး အသုံးချနည်းဖြစ်ပါတယ်။ မဲလည်း ပိုရသွားမှာပါ။

(အက်တစ်ဗစ်) တက်ကြွလှုပ်ရှားသူတွေဟာ အတော်ကိုအရေးပါတယ်။ ခြေလျင်တပ်သား လို့လည်း ခေါ်ကြတယ်။ တာဝန်အပေါ်မှာ သစ္စာရှိကြတယ်။ ပါတီအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်ကြသူတွေဖြစ်တယ်။ စေတနာ့ဝန်ထမ်းတွေ ဖြစ်ကြတယ်။ ခုခေတ်မှာ (အင်တန်း) ခေါ်တဲ့ အတိုင်းအတာတခုအတွက် သင်ယူ-ကူညီသူတွေ ရှိတယ်။ တအိမ်တက်ဆင်း သွားလာပေးကြရ တယ်။ ရွေးကောက်ပွဲ စည်းရုံးကြစဉ်ကာလမှာ ကိုယ့်ပါတီလုပ်သမျှ အကောင်းလို့ပြောသူက တော်တဲ့ စည်းရုံးရေးသမားတွေ ဖြစ်ကြပါတယ်။

နိုင်ငံရေးဆိုတာ သစ္စာတရားရှာတာတော့ မဟုတ်ပါ။ စည်းရုံးရေးမှူးတွေကလည်း သူတို့ကိုယ်သူတို့ သူတော်ကောင်းလို့ စာကပ်မထားကြပါ။ သူတော်ကောင်းယောင်ဆောင်တွေတော့ ရှိတာပေါ့။

မြန်မာပြည်မှာ ရွေးကောက်ပွဲကမ်ပိန်းလုပ်ကြတာက သူများနိုင်ငံတွေနဲ့ မတူပါ။ စံဆိုတာတွေနဲ့ တိုင်းမရသလို ကောင်းပေ့ ဆိုတဲ့နည်းတွေ လုပ်ပေမယ့် နိုင်မယ်လို့ မပြောနိုင်ဘူး။ ပြိုင်ဖက်တွေ လယ်ဗယ်မတူသလို လူထုကိုလည်း ပုံသွင်းယူထားပြီး ဖြစ်နေတယ်။ အဲတာကြောင့် မဲပေးသူတွေက အမျိုးမျိုး ရှိနေတယ်။ အနှစ်နှစ်အလအလ မွေးထား ခွံ့ကျွေးထားသူတွေ၊ ပညာပေးထားသူတွေ၊ သင်ပေးတာကိုသာ သိပြီး မတွေးတတ်သူတွေ များလို့ အာဏာလက်ရှိတွေက မပြိုင်ခင်ကတည်းက တပန်းသာနေပြီးဖြစ်တယ်။ ဒီလို စာရေးတာထဲမှာ ထည့်မရေးကောင်းတဲ့ နည်းနာတွေလည်း လိုကောင်းလိုနိုင်တယ်။

မြန်မာပြည်ကထူးခြားချက်တွေထဲမှာ အရေးပါတဲ့အချက်တွေ ရှိပါတယ်။
(၁) အရေအတွက်အစွမ်းကို ထိရောက်အောင်အသုံးချခြင်း
အရည်အချင်း ဦးစားပေး မဟုတ်၊ အရေအတွက် စကားပြောစနစ်သာ ဖြစ်နေသေးတယ်။ ကိုးကွယ်ရာ ဘာသာဝင်ဦးရေ၊ လူမျိုးစုဦးရေ၊ အသက်မွေးမှု ဦးရေတွေကို တွက်ချက်ပြီး များရာအကြိုက်လိုက်ပြောတာမျိုးက မဲရဖို့ သေချာနိုင်တယ်။ တချို့နေရာတွေရာမှာ အဆင်ပြေပေမယ့် တချို့နေရာတွေရာမှာ ပဋိပက္ခ ဖြစ်လာစေတယ်။ တိုင်းပြည်လုံခြုံရေးကို အန္တရာယ်ပေးနိုင်တယ်။

(၂) ပညာရည်နည်းမှုကို တလွဲအသုံးချခြင်း
မြန်မာပြည်မှာ ပညာရေးစနစ်ကို အားနည်းအောင်လုပ်ထားပြီး ဖြစ်တယ်။ စာဖတ်အား ကျဆင်းနေတယ်။ အတွေးအမြင် ဆွေးနွေးဖလှယ်တာမှာ အားရစရာ မရှိပါ။ အဲဒီအားနည်းချက်တွေကို အခွင့်ကောင်းအဖြစ် အသုံးချတယ်။ နားလည်သူတွေက မဟုတ်မှန်း သိနေတာမျိုးပေမယ့် တခြားလူတွေကို တစ္ဆေခြောက်ပြတယ်။ လူအတော်များများက တစ္ဆေဆို ကြောက်ကြတယ်။

(၃) မြေအောက်နည်း
ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီထဲမှာ ထည့်မထားတဲ့ အစုတွေကို အသုံးချနေတယ်။ ဥပဒေမဲ့ လုပ်တာတွေကိုလည်း အရေးမယူ၊ လွှတ်တော်မှာလည်း မေးတာမတွေ့ရပါ။ လမ်းတွေပေါ်နဲ့ ဆိုရှယ်မီဒီယာမှာတော့ သူတို့ချည်းပဲ။ အပြောခံရတာက အရေးမကြီး၊ မဲရဖို့သာ အရေးကြီးဆိုသူတွေက ဖန်ဆင်းထားတယ်။ အဲလိုမဲတွေလည်း သူတို့က ရကြမှာပါ။

(၄) သတင်းအမှားဝါဒဖြန့်ချိရေး
အဲလိုလုပ်တာက အတော်ထိရောက်ပုံ ရတယ်။ ဘာသာတရားတခုနဲ့ ဆိုင်တာကို သတင်းအမှားတွေ လှိုင်လှိုင်လုပ်ထားလို့ အန်အယ်လ်ဒီကို အစဉ်အဆက်ထောက်ခံခဲ့တာပါ။ ဒါပေမယ့် အဲလိုသာဆိုရင် မဲမပေးနိုင်တော့ဘူးလို့ ရေးလာသူ ၂ ယောက်တိတိ တွေ့ထားတယ်။

အချုပ်ပြောရရင် ဒီမိုကရေစီမှာ ရွေးကောက်ပွဲ ဝင်ရတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုတယ်။ ဒီမိုကရေစီရဲ့ သဘောက အများစု ဦးစားပေးလို့ ညံ့တဲ့သူတွေ များပြီး ညံ့တဲ့သူတွေ အရွေးခံရရင် အဲတာလည်း ဥပဒေအရ မှန်နေတယ်။ ကြောက်စိတ်ရှိသူတွေ များနေရင် ခြောက်နိုင်သူကနိုင်မယ်။ မြန်မာနိုင်ငံသားအများစု တော်ကြတယ်။ ညံ့တာတွေ နည်းလာပြီလို့ ဆိုနိုင်သလို ကြောက်သူများလည်းပါးလာပြီ။ ဒါပေမယ့် အဲဒီအချက်ကို သဘောပေါက်တဲ့ အာဏာယူအုပ်စုက ဖွဲ့စည်းပုံနဲ့ကန့်ထားပြီးဖြစ်တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဖလားမရနိုင်သေးပါ။ နောက်တဆင့် တက်နိုင်အောင် အုပ်စုပွဲဖြစ်ဖြစ် နိုင်အောင်တော့ ကန်ကြရမှာပဲ။

ဒေါက်တာတင့်ဆွေ

The worse အညံ့ပြိုင်မဲ့ ရွေးကောက်ပွဲ

ဒီပဲယင်းနဲ့ နာဂစ်ဘေးသင့်တဲ့ဒေသတွေမှာ ပြည်ခိုင်ဖြိုးအမတ်တွေအနိုင်ခဲ့တာဟာ မဲခိုးတာနဲ့ ကြိုတင်မဲတွေကြောင့်။

ရေဘေးသင့်ဒေသတွေမှာ ပြည်ခိုင်ဖြိုးအမတ်တွေကိုပဲရွေးကြအုံးမယ်ဆိုရင်တော့ ညံ့တဲ့အစိုးရထက် ညံ့တဲ့မဲပေးသူတွေ ရှိနေလို့။

အဲဒါတွေကို သိ-မြင်-ကြားနေသူတွေက မညံ့ကြပါနဲ့။ ကျွန်တော်က နိုင်ငံရေးမှာ အားမနာတတ်ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၅

First-aid kit ရှေးဦးသူနာပြုအိတ်

ဆရာ ရေဘေးကျရောက်နေတဲ့နေရာတွေအတွက် သွားရင်ယူသွားရမဲ့ဆေးဝါးနဲ့လိုအပ်ချက်တွေရေးပါဦးဆရာ။ နိုင်ငံအနှံ့ ကပ်ဘေးကျသလို ရေကြီးတာကို ဟိုသေသွားတဲ့မသာလောက်တောင် အစိုးရကစိတ်မဝင်စားဘူးဆရာရေ။ လူတွေအားလုံး ကပ်ဘေးကျနေပါပြီ။

• Paracetamol အနာ-အဖျား-အရောင် သက်သာဆေး
• Ibuprofen အနာ-အဖျား-အရောင် သက်သာဆေး
• Immodium ဝမ်းလျောပျောက်ဆေး
• Lomotil ဝမ်းလျောပျောက်ဆေး
• Lopramide ဝမ်းလျောပျောက်ဆေး
• Cetrizine အလာဂျီ-အအေးမိသက်သာဆေး
• Metronidazole ဝမ်းကိုက်ပျောက်ဆေး၊ အမျိုးသမီးအဖြူဆင်းပျောက်ဆေး
• Amoxacylin ဗက်တီးရီးယားသေဆေး
• Doxycycline ဗက်တီးရီးယားသေဆေး
• Antacid လေနာဆေး
• Vitamin B ဗီတာမင် ဘီ
• Ferrous sulphate သံဓါတ်အားဆေး
• Calcium ကယ်လ်စီယမ်
• Balm အပူလိမ်းဆေး
• ORS ဓါတ်ဆား

First-aid kit ရှေးဦးသူနာပြုအိတ်ထဲမှာပါသင့်တဲ့ပစ္စည်းများ
1. Adhesive tape ကပ်သည့် ပလာစတာ၊
2. Adhesive bandages ဆန့်နိုင် ကြုံ့နိုင်သော ပလာစတာလိပ်၊
3. Anesthetic spray ထုံဆေးပန်းသည့် ဆေးပုလင်း၊
4. Antibiotic cream (Povidone-Iodine, Burnol ointment, Iodine 2%)
5. Antiseptic solution (Savlon, Hydrogen Peroxide) အနာ၊ ဒဏ်ရာတို့ကိုဆေးရန် ပိုးသတ်ဆေးရည်၊
6. Bandages ပတ်တီးအရွယ်စုံ (၁ လက္မ၊ ၂ လက္မ၊ ၃ လက္မ၊)၊
7. Blanket စောင်၊
8. Calamine Lotion အယား သက်သာစေသော ဆေးရည်၊
9. Cotton wool ဂွမ်းလိပ်၊
10. Ethyl alcohol ဆေးခန်းသုံး အရက်ပြန်ပုလင်း၊
11. First Aid manual လက်စွဲစာအုပ်၊
12. Flashlight and extra batteries လက်နှိပ်မီး (ဓါတ်ခဲ)၊
13. Forceps ရိုးရိုးဇာဂနာ (ညှပ်)၊
14. Artery Forceps သွေးကြောညှပ် ဇာဂနာ၊ သွေးထွက်နေသည့် ဒဏ်ရာမှသွေးကြောအား ညှပ်ရန်၊
15. Eye/Ear drop and ointment မျက်စဉ်း၊ နားထဲထည့်ဆေးရည်၊
16. Gentian Violet မရမ်းရောင်ဆေးရည်၊ မီးလောင်နာ၊ လျှာနာအတွက် လိမ်းရန်ဆေး၊
17. Handiplast အသင့်ကပ်နိုင်သော ပလာစတာ၊
18. Hot-water bag ရေနွေးအိတ်၊ ခြေလက်များ အေးစက်နေသည့်အခါ၊ အနာအကိုက် သက်သာစေရန်၊
19. Ice-water bag ရေခဲအိတ်၊ အဖျားတက်သည့်အခါ၊ ရုတ်တရက် ဒဏ်ရာရသည့်အခါ သုံးရန်၊
20. Liniment လင်နမင် လိမ်းဆေးရည်၊ အဆစ်၊ အရိုး၊ ကြွက်သားနာခြင်းအတွက်လိမ်းရန်၊
21. Gloves လက်အိပ်၊
22. Safety pins ပင်းချိတ်၊
23. Scissors ကပ်ကြေး၊
24. Soap ဆပ်ပြာ၊
25. Sterile gauze ပိုးသန့်ပြီးသား ပိတ်ကျဲစ၊
26. Thermometer အပူချိန်တိုင်း ပြဒါးတိုင်၊
27. BP apparatus သွေးဖိအားတိုင်းကရိယာ၊
28. Triangular bandage သုံးဒေါင့်ပတ်တီး၊
29. Domestic medicines အိမ်သုံးဆေးများ (ရှေးဦးသူနာပြုစုပေးမည့်သူ၏ ကြွမ်းကျင်မှုကိုလိုက်၍)
30. Essential medicines မရှိမဖြစ်ဆေးများ (ရှေးဦးသူနာပြုစုပေးမည့်သူ၏ ကြွမ်းကျင်မှုကိုလိုက်၍)

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၅

Thursday, July 30, 2015

Following events ပညတ်သွားရာ ဓါတ်သက်ပါ

စစ်အစိုးရကနေ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုကြီးကို စာအုပ်စစ်ဆင်ရေးလုပ်ခဲ့တယ်။

• မြက်ခင်းသစ်မဂ္ဂဇင်းနဲ့ စတယ်။
• မိုးလုံးပြည့်မုသာဝါဒ ဆက်လာတယ်။
• လှိုင်းကြီးလေထန်လည်း ပါတယ်။

ဒိနောက်မှာ
• နေပြည်တော်သစ် ဆောက်တယ်။
• မုသာဝါဒ ဖွဲ့စည်းပုံရေးတယ်။
• မိုးလုံးပြည့် လွှတ်တော်နဲ့ အစိုးရဖြစ်လာတယ်။
• လှိုင်းကြီးလေထန်က နှစ်ခါပြန်လာတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၅
Photo from Aung Ko Ko Ng

အဲတာတွေအားလုံးက အမှန်နည်းနည်းမှာ အမှားတွေဗုံးပေါလအော ရောထည့်ထားတယ်။ မြက်ခင်းသစ်မဂ္ဂဇင်းက ပြည်ပ ထွက်ပြေးသူတွေကို၊ မိုးလုံးပြည့်မုသာဝါဒက မြန်မာဘာသာနဲ့ထုတ်လွှင့်တဲ့ ရေဒီယိုတွေကိုနဲ့ လှိုင်းကြီးလေထန်က အရေးအခင်းကာလ အဖြစ်အပျက်တွေကို ပစ်မှတ်ထားတယ်။ ဖတ်တဲ့ကြည့်တဲ့သူတွေကို အမှားတွေချည်းသာ ထင်မြင်စေအာင် လုပ်ခဲ့တာ ဖြစ်တယ်။

Hang by the neck မိုးထဲရေထဲ ခဲကြီးကြီးဆွဲ

• ကလေး၊ မုံရွာ၊ စေတုတ္တရာ၊ ရခိုင်မှာ၊ ကချင်မှာ၊ ရှမ်းမှာ၊့ မှာ၊
• မအော်နိုင်ကြသူတွေအတွက် အော်သံတွေထွက်ပေးနေကြတာ။
• သူ့ဇာတိ၊ ကိုယ့်အရပ်၊ သူ့မြို့ရွာ၊ ကိုယ့်ဒေသ ရေလွှမ်းခံနေကြရလို့ပါ။
• ပုံတွေမြင်ရတာနဲ့ အချိတင်ကဲ ဝမ်းနည်းပက်လက်ဖြစ်ကြရရှာ။
• လူလုပ်တဲ့ဘေးက လွတ်အောင်ပြေးသူတွေက သဘာဝဘေးမှာ ပြေးစရာမြေမရှိရှာသူတွေအတွက် ရတက်မအေးကြပါ။
• တောင်မင်းကို မြောက်မင်းမကယ်နိုင်တဲ့ဘဝမှာ အရှေ့မင်းအတွက်ပဏ္ဍာတော်ဆက်လိုက်တဲ့ နေပြည်တော်ကမင်း လည်ပင်းမှာ ခဲကြီးကြီးဆွဲ၊ ရေထဲမှာသာ မျှောလိုက်ချင်တော့တာ။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၅

မင်္ဂလာပါဆရာ

ဆရာ့နာမည်နဲ့ သမီး ဝါဆိုသင်္ကန်းတစ်စုံ လှူဒါန်း ပေးခွင့်ပြုပါဆရာ။

ဟုတ်။ အများကြီးကျေးဇူးတင်ပါတယ်။ မကျန်းမာတဲ့သူအတွက် ဆရာကဆုတောင်းပေးပါမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၅

Occult Arts လောကီပညာ

• ဝှိုက်ကပ်တွေသိမ်းတုံးကလည်း မလိမ့်တပတ်လုပ်မှာကို ကြိုပြောထားကြတယ်။
• နှစ်ရှည်ထောင်ဒဏ်ချတော့လည်း ကြိုပြောကြတာပဲ။
• အနာဂတ်ကိုတော့ ကြိုတင်မြင်နိုင်ကြပါကလား။
• ဓါတ်ရိုက်ဓါတ်ဆင်တော့ မကျွမ်းကျင်ကြသေးပါ။
• ရေကသိုဏ်းသာနာနာရှု၊ အခုမရသေးလည်း နိုဝင်္ဘာမှာလိုချင်တာရကြမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၅

Hygiene အလှူရေစက် ဆရာဝန်လက်

ဆရာ မနက်မြန်မာစံတော်ချိန် ၅ နာရီခွဲမှာ မြတ်စွာဘုရားရှင်ကို ပူတင်းကျောက်ကျော ကပ်လှူပေးပါမယ်။ ဆရာနဲ့ အန်တီအေးအတွက် ဆုတောင်းပေးပါမယ်။ ပုံသီးသန့်မပို့တော့ပါ။ ဆရာ FB ပေါ်ကျေးဇူးတင်ကြောင်း ပြန်ပြောနေရတာ အားနာလို့ပါ။ တကယ်ကျေးဇူးရှိလို့ကျေးဇူးဆပ်တာ ဆရာကကျေးဇူးတင်ပါတယ်ပြန်ပြောနေရတော့ ကိုယ်ကျေးဇူးဆပ်ရာ မရောက်မှာစိုးလို့ပါ။ ဆရာအဲ့ဒီအချိန်လေးတော့ ဆရာနဲ့အန်တီအေး ကိုယ်တိုင်လှူသလိုပဲ မေတ္တာပို့ပေးချင်တဲ့လူတွေ ပို့ပေးလို့ရအောင် အကြောင်းကြားတာပါဆရာ။ အများကြီးလုပ်ပေးချင်ပေမယ့် အိမ်မှာလူမမာတစ်ဖက်နဲ့မလို့ ကိုယ်လုပ်တာလေးနဲ့ လှူပေးတာပါ။ ဆရာ့မွေးနေ့ ၉ ရက်နေ့လည်း လှူပေးမယ်။ နောက်ထပ်လည်း ဆရာ့ကိုကျေးဇူးဆပ်ခွင့် ရချင်ပါသေးတယ်။ ပုံမပို့လို့လေနဲ့လှူတယ်လို့မထင်စေချင်ပါ။ ကျမခုပဲဆေးခန်းကပြန်ရောက်ပြီး ခုလုပ်နေပါပြီဆရာ။့။

ဟုတ်။ ဝမ်းသာပါတယ်။ စိတ်ရဲ့ပဓါနကျမှုကို ယုံကြည်တယ်။ ကျေးဇူးတင်ပါတယ်။

ကျွန်တော်က အစားအစာဇီဇာကြောင်တယ်။ ချိုတာ၊ ပျော့အိတာကိုကြိုက်တယ်။ မြန်ချင်လို့။ စားရတာလည်းမြန်တယ်၊ သွေးထဲကို သကြားဓါတ် ရောက်တာလည်း မြန်တယ်။ အချိန်အားရှိမှသာ ကြာကြာဝါးစားရတာမျိုးကို စားလေ့ရှိတယ်။ အားချိန်ကနည်းတယ်။

စားစရာဆိုရင် ဇွန်း၊ ခက်ရင်း၊ တူနဲ့စားရတာမျိုးတွေက ပိုအဆင်ပြေတယ်။ ဗိုလ်ဆန်ချင်တာရယ်လို့တော့မဟုတ်ပါ။ ဆရာဝန်လက်ဆိုတာ မသန့်တဲ့အချိန်က များတာကိုး။ လက်ကိုဆီပေနေတာကို အတော်မကြိုက်ပါ။ ဆီမပါတဲ့အစာလည်း မကြိုက်ပြန်ပါ။ ဆပ်ပြာမရှိတဲ့နေရာဆို အနေရခက်ပြီ။ ခရီးထွက်ရင် အိတ်ထဲမှာ ခက်ရင်း၊ လက်သုတ်နဲ့ ဆပ်ပြာကိုပါ အန်တီကထည့်ပေးလိုက်တာ။

ဒေလီမှာနေခဲ့ရတုံးကဆို အစည်းအဝေးတွေ၊ အခန်းအနားတွေ၊ အပြင်ထွက်စရာတွေကလည်းများတော့ အပြင်စာစားရရင် အဆင်မပြေတာနဲ့ချည်း ညားခဲ့ရတယ်။ ပူရီတို့ ရိုတီးတို့ကို တလမှာတခါလောက်သာ စားဖြစ်တယ်။ စမူဆာဆိုရင်တော့ ဒေါင့်စွန်းလေးကကိုင်စားရတာမို့ အဆင်ပြေပါတယ်။ ဒီရောက်တော့ Hand sanitizer လက်ဆေးရည် နေရာတကာမှာ ရှိတာကို သဘောကျတယ်။

Healthy culture ချောင်းဆိုး-လက်ဆေး ယဉ်ကျေးမှု http://doctortintswe.blogspot.com/2015/06/healthy-culture_18.html

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၅

Wednesday, July 29, 2015

Rocky bank of Chindwin River ကျောက်ဆောင်ဆိပ်

ရေကြီးနေတယ်ကိုတင်တော့ ဘယ်မလဲလို့ တယောက်ကမေးတယ်။ ပုံကချင်းတွင်းမြစ်ကမ်းပါလို့ တယောက်က ဝင်ဖြေပေးတယ်။ ဝင်ဖြေပေးတဲ့သူကအသိမို့ မုံရွာလို့ပါပြောမှပေါ့ဆရာမလို့ ရီသလိုမောသလိုပြန်ရေးမိတယ်။ ဓါတ်ပုံရိုက်သူကလည်း တူအရင်းမို့ ခရက်ဒစ်ထည့်မရေးပါ။ တပြည်လုံးမှာဖြစ်နေတာမို့ ကိုယ့်နယ်ကိုဇောင်းပေးသလိုမဖြစ်စေချင်လို့ မုံရွာလို့လည်းမရေးမိပါ။

တိတိကျကျဆိုရင် မုံရွာမြို့အနောက်ဖက်က ချင်းတွင်းမြစ်၊ ကျောက်ဆောင်ဆိပ်လို့ခေါ်ပါတယ်။ အခုမြင်ရတဲ့ ရေမျက်နှာပြင်အောက် ပေသုံးလေးဆယ်လောက်မှာ ရေကျချိန်ဆိုရင် ကျောက်ဆောင်တွေရှိတယ်။

ကျွန်တော်ငယ်ငယ် ကိုးတန်းဆယ်တန်းကျောင်းသားဘဝမှာ ညနေခင်းအပျင်းပြေဆိုပါတော့ စက်ဘီးနဲ့ဖြစ်ဖြစ် ခြေလျှင်ဖြစ်ဖြစ် ရောက်တတ်ပါတယ်။ ကျောက်ဆောင်တွေပေါ်မှာထိုင်ပြီး ဘာရယ်လည်းမဟုတ် တွေးတောစဉ်းစားခန်း ဝင်ခဲ့တယ်။ စဉ်းစားစရာရယ်လို့ကလည်း ရှိလှတာမဟုတ်ပါ။ လိုက်ဖက်တဲ့သီချင်းကို အသံမထွက်ပဲ ဆိုဖြစ်တယ်။ ကိုမင်းနောင်ဆိုတဲ့ တငါအိုသီချင်းပါတယ်။ မြို့မငြိမ်းသီချင်း ညနေခင်းဆီ နေရီရီ့ ကို ဝင်းဦးဆိုတာက ကျွန်တော် ဆေးကျောင်းရောက်မှပါ။ ကမ်းဆိပ်ရိပ်သာကျောက်ဆောင်ဆိပ်မှာ မုံရွာသူတွေ ရေချိုးမဆင်းကြပါ။ နေဝင်ဆည်းဆာကို ခံစားတာကလည်း စာစီစာကုံးထဲမှာ ဘယ်လိုထည့်ရေးမလည်းလောက်ထက်မပိုပါ။

ကျောက်ဆောင်ဆိပ်ကနေ အနောက်ဖက်ဆက်မျှော်ကြည့်ရင် ချင်းတွင်းမြစ်အနောက်ဖက်က တောင်တွေမြင်ရတယ်။ အမြင်ရောအတွေးပါ အဲသည်တောင်တန်းတွေပေါ်မကျော်ခဲ့ပါ။ နောင်နှစ်ပေါင်း သုံဆယ်လောက်ကြာရင် အဲသည် တောင်တွေကို ကိုယ့်ခြေထောက်နဲ့ ကျော်တက်ရလိမ့်မယ်လို့ မတွေးခဲ့ပါ။ မြစ်တွေ၊ တောင်တွေ၊ နယ်ခြားမျဉ်းတွေကို ဆက်ဆက်ကျော်ပြီးသကာလ အခုနေတဲ့အရပ်မှာလာနေရမယ်လို့လည်း မသိခဲ့ပါ။

ကိုမင်းနောင်ရဲ့ ဇရာသီချင်းက အခုမှပိုပြီးသက်ဝင်နေပါတော့တယ်။့ သို့သော်သည်ပိုက်ဆွေးနဲ့ လိုက်ရေးမလွယ်ပါ့ နုပျိုသစ်လွင် ငယ်စဉ်ကိုမှန့်း့။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၅
Photo by Sein Win

Geography ပထဝီ

ရေပတ်လည်ဝိုင်းရံလျှက်ရှိသောကုန်းမြေကို ကျွန်းဟုခေါ်သည်။
တိမ်မည်းတွေအုံမိုးလျက်ရှိသော၊ မြစ်ရေတွေကြီး၊ အပူမီးတွေတောက်လောက်လျက်ရှိသော တိုင်းပြည်ကို့ ဟု ခေါ်သည်။
မဲပေးမယ့်သူတွေက ဒုက္ခရောက်သူတွေကို ကယ်ဆယ်လျက်ရှိသော၊ နိုင်ငံရေးပါတီတွေက မဲဝယ်မယ့်သူတွေစာရင်းထုတ်ဖို့ အလုပ်ရှုပ်လျက်ရှိသော တိုင်းပြည်ကို့ ဟု ခေါ်သည်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၅

Mighty rain မိုး အစိုးမရ

Nyein Wai = စိတ်မချမ်းမြေ့ဖွယ် မနက်ခင်း ဒီပုံတွေဟာ ဒီမနက် ၆:၁၅ မှာ ရိုက်ခဲ့တာပါ။ မုန်းရေလှောင်တမံဆည်ကြီး ကျိုးကျမှာကို လည်စင်းပြီးခံပြီးစောင့်နေရုံကလွဲ အခြားနည်းလမ်းမရှိရှာတဲ့ စေတုတ္တရာမြို့ကလေးအတွက် စိတ်ပူမိတယ်။

ဘယ်တော့လာလာ ကဗျာသာပါတဲ့သူဟာ ဒီတခါ တိမ်မည်းညိုပြာမှာ ကာရံမပါပါလား။ တိမ်တောင်မှာ ကဗျာအရောင် မပါပါလား။

မာန်ဟုန် ဟုန် = ပုလဲတစ်နယ်လုံးနီးပါး မိုးအရမ်းရွာတော့ နှမ်းထောင်တွေ အကုန်ပျက်လို့ တောင်သူတွေ ဒုက္ခရောက်ကုန်ပြီဆရာ။

ပုလဲနယ်သားကရေးတဲ့စာမှာ မိုးရေတွေမည်းပြီး စိုရွှဲနေတယ်။ တနယ်မြေမ ခြေမချရဲခဲ့တာကို အမှတ်ရစေတယ်။

ဆယ်မြောင်းချောင်းကန် ပြည့်လျှံဖြိုး၊ ဆက်မတိုးပါနဲ့တာ့မိုး။

ရေလယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်းမှာ ဘေးရှင်းကြပါစေ မြန်မာပြည်သားတွေ။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၅

High water levels ရေကြီးနေတယ်

• ဝါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ်။

• အသီးဆိုတာမှည့်ပြီးရင် ကြွေကျတယ်။
• အမှည့်လွန်တဲ့အသီးတွေ ကျွေမကျအောင် ဖွဲ့စည်းပုံနဲ့ ကပ်ထားတယ်။

• ဒီနှစ်မှာ ဝါဝင်မတိုင်ခင်ကတည်းက ရေတွေကြီးနေတယ်။
• ဇမ္ဗုသပြေသီး ငါးကြီးဟပ်တဲ့အသံကတော့ သာယာလှတယ်။
• အမှည့်လွန်ပြီ်း ပုပ်နေတဲ့အသီးကတော့ နားညီးမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၅
Photo from Ogga Lin

Merit (Sanskrit puṇya, Pāli puñña) ကုသိုလ်ပြုခြင်း

ဆရာ့စာတော်တော်များ သမီးဖတ်တာပါ။ ၂ဝ၁၁ fb စသုံးထဲက နေ့တိုင်းဖတ်တာပါ။ သမီးသိချင်တာရှိရင် print out လုပ်ပြီးထုတ်ဖတ်တာပါ။ ယမုံနာဆေးခန်း၊ အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ၊ Medical writings ခုဆို အဲဒါတွေအားလုံး ဖတ်လို့မရတော့ဘဲ ဆရာ့ကို Like, follower လုပ်ထားတာဘဲ ဖတ်ရတော့တာ။ ဆရာ့ Yumuna online mobile clinic အကောင်အထည်ဖော်ရင် သမီးလူအားငွေအား အကူအညီပါဝင်မှာပါဆရာ။ သမီးလဲ ဆရာနဲ့ဇနီးအမည်နဲ့ ဝါဆိုသင်္ဃန်း လှူဒါန်းပေးချင်ပါတယ်။ ဝါဆိုလပြည့်နေ့မှာပါဆရာ။ သမီးဆန္ဒက ဆရာ့ကို မြန်မာနိုင်ငံအတွင်းကို အမြန်ဆုံး ပြန်ရောက်ရှိစေချင်ပြီး ဆရာရဲ့စိတ်ကူး mobile clinic ကို အမြန်ဆုံး အကောင်အထည်ဖော်စေချင်တာပါဆရာရှင့်။

ဟုတ်။ အိပ်မက်ကို အားပေးလို့လည်း ကျေးဇူးတင်ပါတယ်။ အခုထိတော့ အိပ်မက်ပဲရှိသေးတယ်။ ကုသိုလ် ပြုပေးမှာအတွက် အများကြီးကျေးဇူးတင်ပါတယ်။ ၅ ယောက်မြောက်ဖြစ်သွားတာပေါ့။

ဆရာနှင့်ဇနီးနာမည်နဲ့ လှူဒါန်းပေးမဲ့ သင်္ဃန်းဒွိစုံနဲ့ လှူဒါန်းပေးမဲ့ သမီးစိုးစိုးဝင်းပါဆရာ။ သင်္ဃန်းထဲမှာ အကောင်းဆုံး အသားပါ။ တန်ဖိုးရောင်းဈေး ၆၅ဝဝဝ ကျပ်ပါဆရာ။ သမီးကပိတ်စအုပ်လိုက်ဝယ်ပြီး နှစ်စဉ်မြသီတာ သင်္ဃန်းတိုက်ကို အပ်ပြီး ချုပ်ခိုင်းတာပါ။ ပိတ်စဖိုးက ၃၁၅ဝဝ နဲ့ ချုပ်ခက ၃၅ဝဝ ဆိုတော့ တစုံကို ကိုယ်တိုင်ဝယ်ပြီး ချုပ်တော့ ၃၅ဝဝဝ ပဲကျပါတယ်။ အစုံ ၁၁၅ စုံချုပ်ထားတာပါ။ ဆရာတို့ဇနီးမောင်နှံအတွက် လှူပေးမှာ။ မေတ္တာဝါဒီ ဆရာတော်ဘုရားကို ကပ်လှူမှာပါ။ သမီးတို့ကုမ္ပဏီက ကပ်လှူမှာက သင်္ဃန်းကျွန်းမြို့နယ် မေခအိမ်ယာမှာရှိတဲ့ အောင်ရာမြေ ပရိယတ္တိ စာသင်တိုက်မှာရှိတဲ့ သံဃာအပါး ၈ဝ ကျော်ကို လိုအပ်တဲ့ကျမ်းစာအုပ်တွေနှင့် သင်္ဃန်းကပ်လှူမှာပါ။ သြဂုတ် ၉ ရက် နေ့မှာ ကပ်လှူမှာပါ။ ဆရာနှင့်ဇနီးမောင်နှံလှူဒါန်းတာရော သမီးတို့ကုမ္ပဏီက လှူဒါန်းမှာကော အာရုံပြုပြီးသာဓု ခေါ်ပါဆရာရှင့်။ သမီးဒီအလှူကို လွန်ခဲ့တဲ့ ၁ လခွဲကျော်ကတည်းက ကြိုတင်အပ်နှံလုပ်နေတာပါ။ ပိုတဲ့သင်္ဃန်းက နိုဝင်္ဘာမှာ ကထိန်ထပ်လှူမှာပါဆရာ။ သမီးကို ဝမ်းမြောက်စွာ ခွင့်ပြုပေးလို့ ဆရာ့ကို အထူးပဲကျေးဇူးတင်ပါတယ်။ ဒီနေ့ သမီး အရမ်းစိတ်ချမ်းသာနေပါတယ်။

သြဂုတ်လ (၉) ရက်နေ့ကလည်း ဆရာ့မွေးနေ့ပဲ။ ဆရာနေတဲ့မြို့မှာလည်း အဲဒီနေ့မှာ ဝါဆိုသင်္ဃန်းကပ်ကြမယ်။ ဆရာလည်း ထပ်တူထပ်မျှဝမ်းသာရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၅

Tuesday, July 28, 2015

Shouldering ပခုံးထမ်းနိုင်ငံရေး

Tin Lay ပြည်သူချစ်တဲ့ (ဦးတင်ဦး) ဗိုလ်ချုပ်ကြီးဆိုတဲ့ဘွဲ့အတွက် မုဒိတာမပွားနိုင်ကြသူတွေရှိမယ်ဆိုတာ လူအများ နားလည်နိုင်ပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက သူ့ထက်ဝါငယ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ကို ပုခုံးနဲ့ထမ်းတင်ဖို့ တစိုက်မတ်မတ်ကြိုးစားနေတာ ဘာကြောင့်လဲဆိုတာကို နားလည်တဲ့သူ များလှမယ်မထင်ဘူး။့

ပုခုံးနဲ့ထမ်းတင်ဆိုလို့ သတိရတာတခုပြောပါရစေ။

ကွယ်လွန်သူ (လုပ်ကြံခံရသူ) KNU အထွေထွေအတွင်းရေမှူး ပဒိုမန်းရှာလာဖမ်းကို သတိရတာပါ။ ထိုင်းနယ်စပ် တနေရာမှာကျင်းပတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲရေး အစည်းအဝေးကြီးတခုမှာပါ။ ဖွဲ့စည်းပုံထဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၃ဝ% ပါရေးအဆိုကို ငြင်းခုန်ခဲ့တုံးကပေါ့။ ကျွန်တော်တော်က မထည့်သင့်တဲ့ဖက်ကနေ ဆွေးနွေးလို့ အမုန်းအခံရဆုံး။

ပဒိုမန်းရှာကလည့် ကျွန်တော်တို့ဖက်က။ သူထောက်ပြတာကတော့ ပြည်တွင်းမှာ မ့ တိုလို့ အမျိုးသမီးမျိုးဆိုရင် ပခုံးနဲ့ထမ်းတင်ပါမယ်တဲ့။ အရည်အချင်းကို သူကဆိုလိုတာဖြစ်ပါတယ်။

အသက်ရသူများက ထမ်းတင်ပေးရမယ့်သူတွေကိုသာ ရှာနေတယ်။ တော်တဲ့သူဆိုရင် ကျား-မ မဟူ၊ ကြီးသူငယ်သူ မရွေး၊ ပခုံးနဲ့ထမ်းတင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၅

Drugs ဇေကမ္ဘာအနားမှာ ကုဋေကုဋာများစွာ

သတင်း = မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီး ကုန်တင်ကားတစီးပေါ်က ကျပ် ၁၃၃ ဘီလျံ၊ (အမေရိကန်ဒေါ်လာ သန်း ၁၃ဝ ကျော်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့

မူးယစ်ဆေး ရေးထားပြီးသမျှ

1. Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ http://doctortintswe.blogspot.com/2014/10/amphetamines-1.html
2. Amphetamines (2) ရာမ ဇာတ်လမ်းတခု http://doctortintswe.blogspot.com/2015/02/drugs-used-in-military.html
3. Amphetamines စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/amphetamines.html
4. Burundanga ပဒိုင်းပွင့်လိုဆေး
5. Cough Syrup Addiction ချောင်းဆိုးပျောက်ဆေးစွဲခြင်း
6. Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ
7. Dirty drugs ညစ်ညမ်းဆေးတွေ
8. Drug Abuse ဆေးဝါးတလွဲသုံးခြင်း
9. Drugs and politics ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ် http://doctortintswe.blogspot.com/2015/02/drugs-and-politics.html
10. Drugs used in the military စစ်သုံးဆေးများ http://doctortintswe.blogspot.com/2014/10/amphetamines-2.html
11. Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း http://doctortintswe.blogspot.com/2014/10/ecstasy-drug-tests.html
12. Ecstasy စိတ်ကြွဆေးများ
13. High မူးယစ်ဆေးများ http://doctortintswe.blogspot.com/2015/07/high.html
14. Ice ဆိုတာ ရေခဲမဟုတ်ပါ
15. Inhalant abuse လမ်းဘေးဆေးရှူ
16. Methadone ဘိန်းကို ဘိန်းနဲ့ ဖြတ်တယ်
17. Military and Crystal Meth စစ်တပ်နဲ့ စိတ်ကြွဆေး http://doctortintswe.blogspot.com/2015/02/military-and-crystal-meth.html
18. Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး http://doctortintswe.blogspot.com/2015/02/molly.html
19. Opium ဘိန်း
20. Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ် http://doctortintswe.blogspot.com/2015/02/pseudoephedrine.html
21. Yaba ယာဘ http://doctortintswe.blogspot.com/2015/02/yaba.html

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

High မူးယစ်ဆေးများ

၂ဝ၁၂ စာရင်းတွေအရ အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကြသူ ၁ဝ ယောက်မှာ ၁ ယောက်က ဆေးခြောက်သုံးခဲ့ကြတယ်။ အခုပြောင်းလဲလာတယ်။ ဟီရိုးအင်း နဲ့ LSD ဆေးတွေကို ပိုသုံးလာနေတယ်။ ဒါပေမဲ့ ဆေးခြောက်သုံးနေသူပေါင်း ၃၂ သန်းရှိလို့ ထိပ်ဆုံးမှာဘဲဆက်ရှိနေပါတယ်။ Crack ခေါ်တဲ့ ဆေးစွဲနိုင်စွမ်းအား အများဆုံးကတော့ သုံးတာလျှော့ကျလာတယ်။ ကိုကိန်းသုံးလို့ ဆေးရုံအရေးပေါ်ဌာနရောက်ကြရသူက အများဆုံးဖြစ်တယ်။ ဈေးအကြီးဆုံးကတော့ Ecstasy စိတ်ကြွဆေးဖြစ်တယ်။

အမျိုးအမည်များ - ၁ ပြား/၁ ဂရမ် ဈေးနှုန်း - သုံးစွဲသူပေါင်း - စွဲနိုင်စွမ်းအား - အရေးပေါ်ဌာနရောက်ရသူ - သုံးစွဲမှုအတက်-အကျ
• Ecstasy စိတ်ကြွဆေး -၂၅ ဒေါ်လာ – ၂့၆ သန်း - ၂ဝ% - ၂၂ဝဝဝ ယောက်၊ - (+) ၂၃%
• Marijuana ဆေးခြောက် – ၁၈ ဒေါ်လာ - ၃၂ သန်း - ၃ဝ% - ၄၅၆ဝဝဝ ယောက်၊ -  (+) ၂၅%
• PCP – ၁၃ ဒေါ်လာ – ၁၇၂ဝဝဝ ယောက် - ၃ဝ% - ၇၆ဝဝဝ ယောက်၊ - (-) ၂၁%
• Inhalants ရှူဆေး – ၁ဝ ဒေါ်လာ – ၁့၇ သန်း - ၁၅% - ၁ဝဝဝဝ ယောက်၊ - (-) ၁၈%
• LSD စိတ်ကိုပြောင်းလဲစေသောဆေး – ၅ ဒေါ်လာ – ၁့၁ သန်း - ဝ% - ၅ဝဝဝ ယောက်၊ - (+) ၉၈% - (+) ၉၈%
• Heroin ဘိန်းဖြူ – ၉၃ ဒေါ်လာ - ၂၅၈ဝဝဝ ယောက်၊ - ၈ဝ% - ၂၅၈ဝဝဝ ယောက်၊  - (+) ၁၁၃%
• Oxycodone ထုံဆေးလိုဆေး – ၂၉ ဒေါ်လာ – ၁့၅ သန်း - ၄ဝ% - ၁၅၁ဝဝဝ ယောက်၊  - (+) ၂၂%
• Methamphetamine စိတ်ကြွဆေး – ၉၈ ဒေါ်လာ – ၁့၂ သန်း - ၇၅% - ၅ဝ၅ဝဝဝ ယောက်၊ - (-) ၂၂%
• Cacaine ကိုကိန်း – ၇၃ ဒေါ်လာ – ၃့၈ သန်း - ၅ဝ% - ဝ ယောက်၊ - (-) ၁၇%
• Crack စိတ်ကြွဆေး – ၂ဝ ဒေါ်လာ - ၉၂၁ဝဝဝ ယောက် - ၁ဝဝ% - ဝ ယောက်၊ - (-) ၃၄%
• Benzodlazepines ဗေလီယမ် – ၆ ဒေါ်လာ – ၆့၁ သန်း - ၅ဝ% - ၃၅၈ဝဝဝ ယောက်၊ - (+) ၂ဝ%

ကိုးကားချက် = Time magazine vol. 184, no. 9-10; 2014

ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၄

Dirty Politics နိုင်ငံရေးကို ပင်ပင်ပန်းပန်းလုပ်ကြရှာတယ်

လူကြီးတယောက်နာရေးကိုပို့ပေးတဲ့ ဒေါ်စုဆီကပန်းခြင်းစာတမ်းကို (အတွက် - မှ) ကို (မှ - သို့) လို့ ပြောင်းထားပြီး မြန်မာစာမှ ရေးတတ်ရဲ့လားဆိုတာ တွေ့လိုက်တယ်။ မြန်မာစာအရေးအသားဆိုလို့ သေချာဖတ်မိတာပါ။

ကျွန်နော့်ဇနီးကိုပြောပြတော့ အဲလိုသူများကို မကောင်းကြံဖို့စိတ်ကူး ရှိကတည်းကစမယ်၊ လက်ကလည်း လိုက်လုပ်တယ်၊ လူအများမြင်အောင်လည်း တကူးတကတင်ရသေးတော့ အင့်း့ အကုသိုလ်များ ဘယ်လောက်ကြီးမားရှာမလည်းတဲ့။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

Where there are doctors ဆရာဝန်တွေရှိတဲ့နေရာ

အခုလေးတင်းဓါတ်ဆားထုပ်ကို အိမ်မှာဘယ်လိုဖျော်ရမလည်းမေးလို့ ဖြေလိုက်ပါတယ်။

ရေကျက်အေး ၄ ခွက်ထဲမှာ သကြားလက်ဖက်ရည် ၈ ဇွန်း၊ ဆားလက်ဖက်ရည် ၁ ဇွန်းထည့်ပြီး အိပ်မှာတင် ဓါတ်ဆားရေ လုပ်နိုင်တယ်။ ပိုတက်ဆီယမ်ရအောင် လိမ်မော်ရည်တိုက်ပေးပါ။ ငှက်ပျောသီးကျွေးပါ။ အန်နေရင် နည်းနည်းချင်း ခဏခဏတိုက်ပါ။

မူကွဲနည်းတွေလည်းရှိပါသေးတယ်။

ရေကျက်အေး ၁ လီတာ (၁ ခွက် = ၂ဝဝ မီလီလီတာ - ၅ ခွက်) ထဲမှာ သကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်း + ဆား လက်ဖက်ရည်ဇွန်း တဝက်ထည့်ပြီးပါ။

ရေကျက်အေး ၁ လီတာ (၁ ခွက် = ၂ဝဝ မီလီလီတာ - ၅ ခွက်) ထဲမှာ သကြားလက်ဖက်ရည်ဇွန်း ၈ ဇွန်း + ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။

Where there is no doctor ဆရာဝန်မရှိတဲ့နေရာမှာဆိုတဲ့စာအုပ်အကြောင်းနိဒါန်းပျိုးပြီး ကျွန်တော့်ထုတ်ချင်တဲ့စာအုပ်ကို Where there are doctors ဆရာဝန်တွေရှိတဲ့နေရာလို့ ခေါ်ချင်နေတယ်လို့ ပြောထားသေးတယ်။ ရွဲ့ပြောတာမဟုတ်ကြောင်းသိပြီမဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

National reconciliation ရင်ကြားစေ့တာ မီးနဲ့ရပါသလား

VOA မှာ အခုပဲဆွေးနွေးကြတဲ့အထဲမှာ ပါရတယ်။ အချိန်ကနည်းတော့ အချုပ်ကိုမပြောလိုက်ရပါ။ ဆောရီး။

NLD ပါတီအနေနဲ့ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ပြုဖို့ပြောကြတယ်၊ အချက်အလက်တွေနဲ့ရေးတာလည်း ဖတ်ရတယ်။ ဆွေးနွေးတာထဲမှာလည်းပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် မလုပ်ရင်မဖြစ်ဖူးလို့လည်းပြောတယ်။

မကြာသေးခင်က ဧရာဝတီတိုင်းမှာ ဒေါ်အောင်တန်းစုကြည့်က ပြောခဲ့တာတခုရှိတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဦးစားပေးမယ်လို့။ ကျွန်တော်မြင်တာက ရွေးကောက်ပွဲမတိုင်ခင် မဟာမိတ်ဖွဲ့တာနဲ့ ရင်ကြားစေ့သွားမှာ မဟုတ်ပါ။ NLD က ၁၉၉ဝ ကတည်းကစလုပ်နေတာပါ။ ဆက်လုပ်နေတာပါ။ ရွေးကောက်ပွဲဝင်မယ်လို့ တရားဝင်ထုတ်ပြောတဲ့နေ့မှာပဲ CRPP ကို အမွှမ်းပြန်တင်တယ်။

ဘယ်ပါတီက တိုင်းရင်းသားရင်ကြားစေ့ရေးကို ပြောပါသလည်း၊ လုပ်ပါသလည်း။ ပါတီနာမည်ကိုအဲလိုပေးထားတာနဲ့  ရပါသလား။ ဘယ်တိုင်းရင်းသားပါတီတွေကရော ကိုယ့်အမျိုးသားရေးဘောင်ထက်ကျယ်ပြေပာပါသလည်း လုပ်နေခဲ့ပါသလည်း။ ဖက်ဒရယ်လို့တော့ အစိုးရတောင်ပြောနေတာတော့ မှန်ပါတယ်။ လက်ရှိအစိုးရသက်တမ်းမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်လာသန်းပေါင်းများစွာအကုန်ခံ၊ အစည်းအဝေးပေါင်း ထောင်ဂဏန်းနဲ့ ဟိုနိုင်ငံသည်နိုင်ငံတွေမှာ ကျင်းပတယ်။ အစည်းအဝေးကို တခုမကျန်တက်နေတဲ့ ခေါင်းဆောင်းတွေ ကိုယ်တိုင်က နောက်သမတပြောင်းရင် မရေရာတာကိုသိနေကြတယ်။

၂ဝ၁ဝ လွှတ်တော်ထဲမှာ တိုင်းရင်းသားပါတီတွေက အာဏာရပါတီနဲ့ အစိုးရကို ချိုချိုသားသာဖေးဖေးမမ ပြောကြတာကို တွေ့ရတယ်။ တိုင်းရင်းသားအများစုဟာ ဗမာတွေထက် စကားကို ချိုစရာရှိရင် အလွန်နဝင်ချိုအောင်ပြောတတ်ကြတာကို ပြည်ပနိုင်ငံရေးအတွေ့အကြုံအရ ကောင်းကောင်းသိပါတယ်။

အမျိုးသားရင်ကြားစေ့ရေးဆိုတာ အပြောကောင်းယုံနဲ့မရပါ။ စာရွက်ပေါ်လက်မှတ်ထိုးတာနဲ့မယုံရပါ။ ဖုတ်ပူမီးတိုက်လည်း လုပ်မဖြစ်ပါ။ အထက်မီးအောက်မီးနဲ့လည်း မပြီးပါ။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

ညောင်စေ့ထက် ကြီးပါတယ်

9:49am
Hinn Yu သင်္ကန်းအရောင်းဆိုင်ကလဲ အလှူရှင်နာမည်ရေးရမဲ့နေရာကို သေးသေးပဲပေးပြီး၊ ဆိုင်ကြော်ညာက ကြီးနေတော့ သိပ်တောင်မမြင်ရဘူးဆရာ။

ဆရာကတော့ ကိုယ့်နာမည်ဆို အကြီးကြီးလို့မြင်တယ်။ Smile!

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

Monday, July 27, 2015

Head injury ခေါင်းကိုထိခိုက်မိရင် မပေါ့ရပါ

၂၄ နာရီအတွင်းမှာ ကလေးတွေ လိမ့်ကျလို့၊ ဆော့လို့ ခေါင်းထိခိုက်မိတာ မေးလာသူ (၃) ယောက်ရှိတယ်။ လူငယ် တယောက်ပါဆိုရင် (၄) ယောက်။ ရောဂါတွေက တပြိုင်တည်းဖြစ်တာတွေ တကယ်ရှိတာကို မေးခွန်းတွေအရသိတယ်။ ကလေးတွေကို သတိထားပေးကြပါ။ ဘယ်သူမဆို ခေါင်းထိခိုက်မိတာမဖြစ်အောင် သတိထားကြပါခင်ဗျား။

ခေါင်းခွံကအမာကြီး။ အထဲက ဦးနှောက်ဆိုတာက ပျော့စိစိ။ ခေါင်းခွံအထက် ဦးရေခွံကထူတယ်။ လူ့အရေပြားဆိုတာ လက်ဖမိုး၊ ခြေဖမိုးရှိတာက အရေပါး။ လက်ဖပါး၊ ခြေဖဝါး ရှိတာက အရေထူ။ ဦးခေါင်းဖုံးထားတာက အထူဆုံး။ မှန်ဘီလူးနဲ့ကြည့်ရင် ငါးထပ်တောင်ရှိတာ။ SCALP စာလုံးငါးလုံး မဟုတ်လား။ ဦးရေခွံ ကွဲနိုင်-ပြဲနိုင်တယ်။ ဒါက ချုပ်လိုက်ရင် ပြီးရော။

အမှန်က မပြီးသေးပါ။ ခေါင်းထိရင် အနည်းဆုံး ၂၄ နာရီ စောင့်ကြည့်ရတယ်။ ကြားထဲမှာ မူးသလား၊ အန်သလား၊ သတိ ကောင်းရဲ့လားစတာတွေ ကြည့်ရမယ်။ ပျော့စိစိကို သွားထိသလား ဆိုတာပေါ့။ ဦးနှောက်ဟာ ခေါင်းခွံ အမာကြီးထဲမှာ နေရတာ မလွတ်လပ်ပါ။ မလွတ်လပ်ဘူးဆိုတာက ဒီလို့ ဘောင်းဘီက ခပ်ကြပ်ကြပ်၊ ခါးပတ်လည်း ပတ်ထားပြီး၊ ထမင်း အဝအပြဲစားလိုက်ရင် ဘာဖြစ်မလဲ။ အဲလိုဘဲဖြစ်မယ်။

လူ့ကိုယ်မှာ တခုခုနဲ့ခိုက်မိရင် ထိတဲ့နေရာမှန်သမျှ ရောင်လာတယ်။ တိတိကျကျပြောရင် ရောင်တယ်၊ နီတယ်၊ နာတယ်၊ ပူလဲ ပူလာမယ်၊ နောက် သူ့တာဝန်သူ မလုပ်နိုင်တော့ဘူးဆိုပြီး၊ ငါးမည်ရ ရောင်ခြင်း ဖြစ်ပါတယ်။ (အင်ဖလမေးရှင်း) လို့ ခေါ်ကြတာပေါ့။

လျော့စားမယ်ဗျာပြောပြီး၊ ပုဆိုးလျော့ဝတ်သလို ပျော့စိစိ ဦးနှောက်ခမြာ လုပ်မရပါ။ ဒီတော့ ခေါင်းခွံအမာကြီးထဲ ရောင်ချင်တိုင်း ရောင်မရ၊ ဒုက္ခမလှမပ တွေ့ရတော့တယ်။ မူးတာ-အန်တာ စတာတွေ ဖြစ်လာမယ်။ စောင့်ကြည့်ပါဆိုတာ အဲတာပါ။

ဒီထက်တောင်ဆိုးတာ ရှိနိုင်တယ်။ ခေါင်းကို တဖက်ကနေ ရိုက်မိတယ်-ထိုးမိမယ်ဆိုပါတော့၊ ထားပါ ဘယ်ဘက်ကနေ လက်သီးနဲ့ ထိုးမယ်။ အမာစား အခွံထဲက အပျော့စား ဦးနှောက်ဟာ ဘယ်ဘက်မှာ တချက်နာ၊ နောက် ညာဘက်ဆီ ရွေ့သွားရတယ်။ ခက်တာက ညာဘက်မှာလဲ ခေါင်းခွံအမာကြီးက ခံထား။ ဒီတော့ ညာဖက်က အမာစားနဲ့ တခါထပ်ညားလို့ မပြော့စိ နှစ်ခါနာဖြစ်ရရှာရော။

ပျော့စိစိမှာရှိတဲ့ သွေးကြောဆိုတာကလဲ နုနုလွလွလေးတွေ။ ပေါက်ပြီဆိုရင် သွေးထွက်စရာ ဘယ်မှာလဲ။ အထဲထဲမှာ တဝဲလည်လည်ပေါ့။ ရှိတော့ရှိတယ် ထွက်ပေါက်နှစ်ခု။ နားနဲ့ နှာခေါင်း။ နှာခေါင်းထဲယိုရင် ပါးစပ်ထဲကလည်း သွေးထွက်မယ်။ ခေါက်ခိုက်မိလို့ နှာခေါင်းသွေးယိုတာနဲ့ နားထဲကနေ သွေးယိုရင် ဆိုးပြီသာမှတ်ပေတော့။ သွေးမဟုတ်ဘဲ ခပ်ကြည်ကြည် အရည်ယိုရင်လဲ ဆိုးတာဘဲ။ တက်နိုင်တယ်၊ မျက်စိသူငယ်အိမ် အလုပ်ကောင်းကောင်း မလုပ်နိုင်တာလဲ ဖြစ်နိုင်တယ်။ ခေါင်းခွံ အောက်ခြေ ကွဲနိုင်တယ်။ အသက် မသေရင်တောင် ပြန်မရတော့မဲ့ ဒုက္ခိတလက္ခဏာတွေ ကျန်နေ နိုင်ပါသေးတယ်။ သွေးယိုတဲ့နေရာတို့၊ အရိုးကွဲတဲ့နေရာတို့က လူ့ရဲ့အဓိကအလုပ်တွေကို ထိန်းချုပ်တဲ့အပိုင်းတွေကို ဖြစ်ရင်တော့ ချက်ချင်းဆိုသလို ဆုံးပါးသွားနိုင်တယ်။

ဖြစ်စ ၂၄ နာရီမှာ သတိထားပါ။ အန်သလား၊ မူးသလား၊ တက်သလား၊ သတိချို့ယွင်းသလား၊ နှာခေါင်းထဲ နားထဲကနေ သွေးထွက်သလား။ လူကြီးဆိုရင် ဆားခါးသောက်နိုင်တယ်။ ဝမ်းသွားစေမယ်။ ဒါပေမယ့် ဝမ်းနုတ်ဘို့မဟုတ်ပါ။ ဦးနှောင်အရောင်တာလျှော့စေဖို့ဖြစ်တယ်။ ခေါင်းရင်း မြှင့်ထား၊ ခေါင်းအုံး မြင်မြင့်နဲ့သိပ်။ နဲနဲပါးပါး ရောင်တာကို သက်သာအောင်ပေါ့၊ ဆေးရုံ ရောက်ရင် အရောင်ကျအောင် ဆားခါးထိုးဆေး ထိုးပေးလိမ့်မယ်။ အိပ်ဆေး၊ အရက် မပေးပါနဲ့။ သူ့ကြောင့်မူးလား၊ ဒဏ်ရာကြောင့်မူးလား မသိမှာစိုးလို့။ အိပ်မပျော်အောင်တောင်မှ နိုးနေဘို့လိုပါတယ်။ အလုပ်သင်မီဒီယာသမားများလို မေးခွန်းတွေ တောင်စဉ်ရေမရမေးနေပါ။ ဆီလျော်တာ မလျော်တာမလိုပါ။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

Forecast ထင်ကြေး

• နက်ဖြန်ညမှာ ရေဒီယိုတခုကနေ ဆွေးနွေးဖို့ရာပြောထားတယ်။ သမတ ဘယ်သူဖြစ်မလည်းတဲ့။
• ဖြစ်သင့်သူလား၊ ဖြစ်ချင်သူလား၊ ဖြစ်သင့်တာဖြစ်ချင်တာအသာထား၊ ဖြစ်သွားမဲ့သူလား။

• မြန်မာပြည်မှာ အရည်အချင်းတွေ စံသတ်မှတ်ချက်ကို ဘေးချထားရတာကြာပြီ။
• များတာကိုလိုက်တာလည်းမဟုတ်။ ပြောတော့ဒီမိုကရေစီ။ ထောက်ခံမှုနည်းတာက အနိုင်ရတဲ့ကာလ။

• သူများတိုင်းပြည်တွေမှာ လူထုကနေတိုက်ရိုက်ရွေးတယ်။ မြန်မာပြည်မှာ ဖွဲ့စည်းပုံကရွေးတယ်။ ဖွဲ့စည်းပုံကို အလိုကျ ရေးထားတယ်။
• သန်း ၅ဝ ရှိရှိ၊ ၆ဝ ရှိရှိ၊ လူ (၃) ယောက်ကနေသာ လူ (၃) ယောက်ကိုရွေးမယ်။ (၃) ဆိုတာ (၁) နဲ့ (၁ + ၁)။ အဲတာလည်း ပထမ (၁) ကို ဆစ်ထား၊ ကန့်တား၊ တားထားသေးတယ်။ ဆွေးနွေးခန်းမှာ အဲဒီလူ ၃ ယောက်နဲ့လုပ်ရင် အဖြေမှန်ရမယ်။ အမှန်က (၂) ယောက်ဆို လုံလောက်နေပြီ။

• ဖြစ်မှာမဖြစ်မှာအသာထား (ဆတ်ချင်းဖိုင်းယား) တော့လုပ်ကြရတာပေါ့။ NLD ကအနိုင်ရရင် ဘယ်သူ့ကိုတင်မှာလည်း။ သူများဆီမှာ ပါတီအနိုင်ရရင် တင်မယ့်ဝန်ကြီးချုပ်လောင်းနာမည်နဲ့ ရွေးကောက်ပွဲဝင်ကြတယ်။ အဲတာကြည့်ပြီး မဲပေးတာ များတယ်။
• ခက်တာက မလိုတာကို ကြိုပြောထားရင် ပိုပြီးဒုက္ခရောက်နိုင်တာမျိုးရှိတတ်တယ်။

• NLD ကအများစုနိုင်ပြီး ပါတီဥက္ကဋ္ဌကလည်းလုပ်မရရင် သမတလောင်းအမည် ဘယ်သူ့တင်မလည်း။ ထင်ကြေးနဲ့ပေးစားတဲ့ တခြားပါတီကလူမဖြစ်နိုင်တာကို အစကတည်းပြောထားပါတယ်။
• လက်ရှိသမတကလည်း ဘာမှမပြောသေး၊ လွှတ်တော်ဥက္ကဋ္ဌတယောက်သာ နာမည်ထွက်သေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပိတ်ပင်ထားတဲ့အနေအထားမှာ ဘယ်သူဖြစ်လာမလည်းလို့ မှန်းရတာ ကန်မဲ့အသင်း မသိသေးပဲ ဘယ်ကပ္ပတိန်က ဆုဖလားတက်ယူမလည်း မှန်းရသလိုပါပဲ။ ကပ္ပတိန်ကိုတော့ ဖေါင်းလ် မလုပ်ပေမယ့် အနီကပ်ပြထားတယ်။ နောက်ထပ် ဘယ်နှစ်ပွဲမကန်ရဆိုတာရှိအုံးမယ်။ ဖီဖါဥက္ကဋ္ဌတော့ ထွက်သွားရပြီ။

• NLD မှာ ကစားသမားကောင်းတွေရှိတယ်။ တိုက်စစ်၊ ခံစစ်နဲ့ အလယ်တန်းစုံပါတယ်။ နည်းပြချုပ်ဆိုတာ တဖက်သင်းကို သိတဲ့အခါမှသာ သူ့ကစားသမားစာရင်းကို နောက်ဆုံးမိနစ်မှာထုတ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

Doctors talk ဆရာဝန်အချင်ချင်း

၂၄ နာရီအတွင်း ဆရာဝန်အချင်ချင်း စကားစမည်တွေပြောဖြစ်ကြတယ်။

ညတုံးကတော့ နိုင်ငံတခုသွားပြီးဆရာဝန်လုပ်နေတဲ့ သူငယ်ချင်းတယောက်ရဲ့ဇနီးကတော့ သူ့ခင်ပွန်း ကျွန်တော့် သူငယ်ချင်းအမေ အသက် ၉ဝ ကျော် ကျန်းမာရေးအတွက်ခွင့်ယူပြီး မြန်မာပြည်ခဏပြန်မယ်တဲ့။ ကျွန်တော်က သူငယ်ချင်းအမေ နာမည်ကိုပါသိတာ။ ဆေးကျောင်းသားမှာ အမေချက်ကျွေးတာစားဖူးတယ်။ ညအိပ်တော့ သူငယ်ချင်းအမေအတွက် ဆုတောင်းပေးလိုက်တယ်။

ကနေ့တော့ မန္တလေးဆေးကျောင်းတုံးက သူငယ်ချင်းတယောက်ကနေရေးလာတယ်။ ကျောင်းမှာအချင်းချင်းပေးထားတဲ့ နာမည်တွေနဲ့ ခေါ်တာဆိုတော့ ရင်းနှီးကြတာပြောစရာမလိုဖူး။ သူအခုဘယ်မှာနေတယ်။ သားတွေအမွေခွဲပေးပြီးပြီ၊ ဇနီးက ဆုံးသွားပြီတဲ့။ ဆောရီးသာပြောနိုင်တယ်။ မန္တလေးကိုပြန်ရောက်ချင်တာလည်း ပါတာပေါ့။

တမြန်နေ့က အမျိုးလည်းတော်တဲ့ ဆရာဝန်တယောက်သတင်းကို ပြည်တွင်းကနေ လူ ၂ ယောက်က သတင်းပေးတယ်။ သတင်းမေးတယ်။ ဒေါက့့် ကအရွေးခံမလို့ဆိုတဲ့။ တယောက်အပြောက့ ပါတီကတဲ့။ တယောက်အထင်က့ ပါတီကတဲ့။ ဆန့်ကျင်ဖက်ပါတီနှစ်ခု။ မကြာခင်ကတောင် သူကဆရာ့ဆီဖုန်းဆက်တော့ ဘာမှမပြောပါလို့ပြန်ပြောရတယ်။ သံယယကိုဖြေပေးလိုက်ရလို့ ကျေနပ်တယ်။

မနေ့က့ နိုင်ငံမှာနေတဲ့ သူငယ်ချင်းဆရာဝန်တယောက်ဆီ ကျွန်တော်ကစဆက်သွယ်ပါတယ်။ အရင်နေ့က လူရွယ်တယောက်ကနေ ဆရာ အဲဒီ (အကောင့်) သိသလားလို့မေးတော့ မိတ်ဆွေဆရာဝန်ဖြစ်နေတယ်။ အဲဒီ အကောင့်ကနေ မဖွယ်မရာတွေရေးလို့ ပြန်ကောလိုက်တယ်တဲ့။ ဆရာတော့ မထင်ဘူးနော်၊ ဒေါက်တာ့ ကလူအေး၊ လူကောင်း။ အဲလိုမျိုးပြောသူရေးသူ မဟုတ်လောက်ဖူးလို့ပြောရတယ်။ ကျွန်တော်ရှင်းပြတာနဲ့ပဲ လူရွယ်ကလက်ခံပြီး ဒေါက်တာ့ ကို တောင်းပန်ပေးပါတဲ့။ အဲတာနဲ့သူငယ်ချင်းဆရာဝန်ကို အကျိုးအကြောင်းပြောရတယ်။ သူလည်း အံ့သြစိတ်မကောင်းဖြစ်သွားတယ်။ ဖေ့စ်ဘွတ်မှာ သူများအကောင့်ထဲခိုးဝင်ပြီး သူခိုးစကားတွေပြောနေသူတွေရှိတယ်။ အထင်လွဲတာတခုကို ကြားကနေရှင်းပေးရလို့ ကျေနပ်မိတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

Bribe and Biryani ခေါက်ဆွဲလား ဒန်ပေါက်လား

• အနိုင်အရှုံးဘောလုံးကိုရေးတာထဲမှာ ကာတာနိုင်ငံကနေ ၂ဝ၂၂ မှာ ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်လုပ်ချင်လို့ လာဘ်ပေးခဲ့တဲ့သတင်းနဲ့အတူ ကာတာနိုင်ငံက Ooredoo (အိုရီဒို) ကုပ္မဏီဟာ မြန်မာပြည် တယ်လီ-ကွန်မြူနီကေးရှင်း ကဏ္ဍမှာ ရင်းနှီးမြုပ်နှံ့မှုလုပ်ထားတယ်လို့ ရေးထားတယ်။
• မှတ်ချက်ပေးသူတယောက်က ခေါက်ဆွဲစားတဲ့သဘောကို ပြောတာလားဆရာလို့မေးတယ်။ ကျွန်တော်က ဒန်ပေါက် ဆိုတာ အာရပ်ကနေလာတယ်လို့ ဖြေလိုက်တယ်။
• ဒန်ပေါက်ကို ကုလားစာလို့ မှတ်နေကြတယ်။ အိန္ဒိယတိုက်ငယ်ကို အာရပ်က မွတ်ဆလင်ဘုရင်တွေက ကျူးကျော် သိမ်းပိုက်ပြီး နယ်မြေသာမက၊ ယဉ်ကျေးမှု၊ အစားအစာ၊ အဝတ်အစားကအစ ထိုးဖေါက် လွှမ်းမိုးထားတယ်။ အိန္ဒိယဟာ အစ္စလမ်ဘာသာကိုလဲ အဲဒီကနေရခဲ့တာဖြစ်ပါတယ်။ အေဒီ ၇ ရာစုကတည်းက ရောက်လာတာဖြစ်တယ်။ အခုဆိုရင် လူဦးရေရဲ့ ၁၄့၆% (၁၇၇ သန်း) ရှိနေပြီ။
• Biryani (ဘီရယာနီ) ခေါ် ဒန်ပေါက်ဟာ ပါရှန် (အီရန်) စကားကနေလာတယ်။ တူရကီကနေဆင်းသက်တယ်။ အိန္ဒိယမြောက်ပိုင်းကို တူရကီမွတ်ဆလင်ဘုရင်တွေ ဝင်ရောက်သိမ်းပိုက်တဲ့နောက်မှာ ရောက်လာတယ်။ ဒန်ပေါက်ဟာ Mughal Empire (မူဂေါလ်) အင်ပါယာမှာ နာမည်ကြီး နန်းတွင်းအစားအစာဖြစ်တယ်။

• ကာတာနိုင်ငံကလဲ အဲဒီဘာသာနိုင်ငံဖြစ်လို့ မြန်မာပြည်မှာ သံသယမျက်လုံးနဲ့ အကြည့်ခံနေရတာဖြစ်တယ်။
• ခေါက်ဆွဲလား ဒန်ပေါက်လားမေးရင် မုန့်ဟင်းခါးသာစားကြပါဗျာလို့ ပြောချင်တယ်။

Tin Lay ဗမာပြည် မြန်မာစာ ကော်မရှင်ကထုတ်တဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာတော့ ဒံပေါက်ကို အင်္ဂလိပ်ဘာသာနဲ့ pilau သို့မဟုတ် pilaf လို့ ပြထားတယ်။ ပါရှန်ဘာသာ dumpukht က ဆင်းသက်လာတယ်တဲ့။ (မြန်မာသတ်ပုံ ဒံပေါက် လို့ရေးသတဲ့ဗျ)

1. Pilau (World English Dictionary)
A dish originating from the East, consisting of rice flavoured with spices and cooked in stock, to which meat, poultry, or fish may be added.  The word pilau comes from the Persian word pilav or pilaw, which is also the origin of pilaf, as in "rice pilaf". The pilav rice cooking technique is found throughout the Middle East and West Asia (Turkey, India, Pakistan). It has been spread across Africa by the Arabs, and was brought by enslaved Africans to the Americas. It is especially common in the Caribbean and Southern United States. In West Africa and the Americas the name has become pearlu, perloo, perlau, plaw, et cetera. Whatever the name, it is rice, vegetables, and meat cooked in a seasoned broth. Here is the Swahili way to make this omnipresent rice dish. (တူရကီ၊ အိန္ဒိယ၊ ပါကစ္စတန် အစားအစာ ပီလော)

2. Biriani
Various Biriani rice dishes are common in the cuisine of India and neighboring countries. Swahili cuisine has both Biriani and Pilau, showing influences from both Arabia and India. Biriani rice dishes are also very popular in South Africa. (အာဖရိကအစားအဟာ ဘီရီယာနီ)

3. Biriyani
Hyderabadi Biriyani is a biriyani dish made with basmati rice, spices and goat. Popular variations use chicken instead of goat. Biryani was introduced when Mughal Emperor Aurangzeb conquered southern India. The blending of Mughlai and Telugu cuisines in the kitchens of the Nizam, rulers of the historic Hyderabad State, resulted in the creation of Hyderabadi Biryani. (အိန္ဒိယမှာ နာမည်အကြီးဆုံး ဟိုက်ဒရာဘတ် ဘီရီယာနီ)

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၄

Yasmin တားဆေး

သမီးကပြည်ပရောက်နေပါတယ်။ အိမ်ထောင်ရှိပါတယ်။ ဆရာဝန်က ၂၁ လုံးဆေး ၂ ကဒ်ပေးပါတယ်ဆရာ။ ဘယ်လို သောက်ရမလဲဆိုတာကို ဆေးကောင်တာက သေချာမပြောပေးနိုင်ဘူး။ သူပြောသလောက်က ၂၁ ရက် ဆက်သောက်ပြီးရင် ၇ ရက်နားဆိုလားဘဲ။ ပြီးရင်ပြန်သောက်ပါ။ နောက်ထပ် ၂၁ လုံး ၁ ကဒ်ကိုတဲ့။ အိမ်ရောက်တော့မှ စဉ်းစားမိတာ ဒီကြားထဲသောက်နေရင်း ရာသီလာရင်ဘယ်လိုဆက်လုပ်ရမလဲဆရာ။ သမီး ၂၁ လုံးဆေးကို တခါမှ မသောက်ဖူးတော့ သောက်နေတုန်း ဘယ်အချိန်ရာသီလာတာလဲ၊ ရာသီလာနေတုန်း ဆက်သောက်သင့် မသောက်သင့်နဲ့ ရာသီလာပြီး ဘယ်နှစ်ရက်နားပြီးမှပြန်သောက်ရမှာလဲဆိုတာ၊ ဒါမှမဟုတ် နားဖို့လိုမလို ဘယ်လိုသောက်ရသလဲ၊ ဘယ်လိုနားပြီးမှ ပြန်သောက်သင့်သလဲ၊ ရာသီလာနေတုန်းနဲ့ လာပြီးတဲ့အချိန်မှာ ဘယ်လိုသောက်ရမလဲဆိုတာ လမ်းညွှန်ပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

Yasmin ကိုယ်ဝန်တားဆေးထဲမှာ Drospirenone နဲ့ Ethinyl estradiol ပါတယ်။ မျိုးဥမထွက်အောင်လုပ်ပေးတယ်။ သားအိမ်အတွင်းလွှာကိုလည်း ကိုယ်ဝန်မကပ်စေအောင်ပြင်ပေးတယ်။ ဝက်ခြံထွက်သူတွေကိုလည်း ပေးတယ်။

နေ့တိုင်းသောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီလာလို့ နာတာ သက်သာတယ်။ မလာခင်ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာ သက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာ နည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။ အပျိုတွေကိုလဲ ရာသီမှန်အောင်ပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေ
ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ရုတ်ရက်ကိုယ်တခြမ်းထုံ၊ ရင်ပတ်နာ၊ ချောင်းဆိုး၊ ခြေထောက်ရောင်၊ ဗိုက်အောင့်၊ ဆီးဝါ၊ စိတ်ကျတာတွေလည်း တချို့မှာဖြစ်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံးသွေးကြောပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ။ ဒီဆေးမျိုး မသုံးသင့်သူတွေကတော့ သွေးကြောပိတ်ရောဂါဖြစ်ဘူးသူတွေ၊ အသက်ကြီးသူတွေ၊ သွေးတိုးများသူတွေ၊ မိုင်ဂရင်းရောဂါရှိသူတွေ၊ အသည်းမကောင်းသူတွေနဲ့ မသင့်ဘူး။ ကိုယ်ဝန်ရှိနေရင်မသုံးပါနဲ့။ ကလေးကိုထိခိုက်နိုင်တယ်။ အသက် ၃၅ နှစ်ကျော်သူတွေမသင့်ပါ။

ဘယ်လိုသောက်မလည်း
ရာသီစဆင်းတဲ့နေ့မှာ ဆေးစသောက်ပါ။ တနေ့ ၁ လုံး၊ အချိန်မှန်သောက်ပါ။ ၂၈ လုံးက့ဆိုရင် ဆေးကပ်တခုကုန်တာနဲ့ နောက်ဆေးကပ်သစ်ဆက်သောက်ပါ။ ၂၁ လုံးပါဆိုရင် ဆေးမသောက်ပဲ ၇ ရက်နားပါ။ ရက်ကျော်သွားရင် စိတ်မချရပါ။
ဆေးကိုအခန်းတွင်းအပူချိန်မှာထားနိုင်တယ်။

ဆေးသောက်ဖို့ ၁ ရက်မေ့သွားရင် သိတာနဲ့ အဲဒီရက်အတွက်ပါ ၂ လုံးသောက်ပါ။ နောက်ရက်တွေ အချိန်တူသောက်ရင် ပိုကောင်းမယ်။ ကျန်ရက်တွေ တနေ့ ၁ လုံးသာဆက်သောက်ပါ။

၂ ရက်မေ့သွားရင် ဆေးပထမနဲ့ ဒုတိယပါတ်မှာဖြစ်ရင် တရက် ၂ လုံးနဲ့ ၂ ရက်ဆက်သောက်ပါ။ ဒိနောက် တရာက် ၁ လုံးသာဆေးကပ်ကုန်တဲ့အထိသောက်ပါ။ ၂ ရက်မေ့တာရဲ့နောက် ၇ ရက်အတွက် အတူနေမယ်ဆိုရင် ကွန်ဒွမ် (သို့)  အရေးပေါ်တားဆေးသုံးပါ။ ၂ ရက်မေ့တာက ဆေးတတိယပါတ်မှာဖြစ်ရင် ဆေးကပ်ဟောင်းကိုဆက်မသောက်ပါနဲ့တော့။ ဆေးကပ်သစ်စပါ။

၃ ရက်မေ့ရင်လည်း ဆေးကပ်သစ်သောက်ပါ။ အရေးပေါ်တားဆေးပါသောက်ပါ။ ရာသီမလာရင် ကိုယ်ဝန်အတွက် ဆီးစစ်ပါ။

Dr. တင့်ဆွေ

Sunday, July 26, 2015

Beauty of post ပုံလည်းလှ၊ စာလည်းရုပ်မဆိုးပါ

ဖေ့စ်ဘွတ်ပေါ်က ရုပ်ရှင်မင်းသမီးကို ခပ်တိုတိုရေးတော့ နာမလည်ဖူးတဲ့။ ဟုတ်မယ်။ ကျွန်တော်က စာဖတ်သူတွေရဲ့ အချိန်ကို အားနာတယ်။ တယောက်က လူတွေကတိုမှသာဖတ်တယ်ဆရာတဲ့။ နောက်တယောက်က ပုံပဲကြည့်တယ်တဲ့။ စိတ်ဝင်စားရင်တော့ စာဖတ်တယ်တဲ့။ ကျွန်တော်ရေးချင်တာကလည်း အဲတာပါ။ စာထက် ပုံကအရေးကြီးနေတဲ့ခေတ်။

Sony ဆိုနီကုမ္ပဏီကို အီလက်ထရောနစ်ကနေ ဓါတ်ပုံကိုခြေလှမ်းရတဲ့အကြောင်းကို ဆိုနီစာအုပ်ငယ်လေးထဲမှာ ဖတ်ဖူးတယ်။ အဲဒီကာလ မြန်မာပြည်မှာ ဖလင်လိပ်ထည့် ကင်မရာတွေသာရှိတယ်။ မှတ်ဥာဏ်သုံးကင်မရာကို အကြီးအကျယ်လုပ်မယ်ဆိုတော့ စဉ်းစားတာလိုက်မမီခဲ့ပါ။ အခုတော့နေရာတိုင်းမှာ ကင်မရာ၊ ဓါတ်ပုံ၊ ဗီဒီယို။

မကြာခင်မှာ ဖေ့စ်ဘွတ်ပေါ်လာတယ်။ ဖေ့စ်ဘွတ်မှာ ပို့စ်အပြင် ဖိုတိုလို့လုပ်ထားတယ်။ ဓါတ်ပုံကို ဦးစားပေးတဲ့သဘောဖြစ်တယ်။ တင်ထားတဲ့စာကိုသာပြင်လို့ရတယ်။ တင်ပြီးသားပုံကို ပြင်မရပါ။

တမြန်နှစ်တုံးက သင်္ကြန်သတိပေးစာတပုဒ်တင်တယ်။ မိန်းကလေးတွေ အရက်သေစာသောက်စားကြတာနဲ့ သောက်စရာထဲမှာ မတော်တရော်ဆေးခပ်ခံရနိုင်တယ်လို့ သတိပေးပါတယ်။ စာနဲ့တွဲတင်ဖို့ ပုံလိုက်ရှာတော့ မြန်မာပြည်က အမျိုးသမီး ၃ ယောက် ဘီယာလား၊ အရက်လားမသိ ခွက်တွေကိုယ်စီကိုင်ထားပြီး နောက်ခံမှာ ရေကစာနေတဲ့ပုံကို ရွေးလိုက်ပါတယ်။ ဖတ်တဲ့သူတွေက အတော်များတယ်။ သောင်းဂဏန်းထိရောက်ရော။ ပုံကြောင့်ဖတ်တယ်လို့တော့ မထင်ပါ။

အဲဒီအချိန်မှာ ဆရာတင်ထားတဲ့ပုံထဲမှာ ကျမပုံပါတယ်။ ဖျက်ပေးပါလားတဲ့။ ပုံကို ချက်ချင်းဖျက်ပါတယ်။ မရလို့ သောင်းဂဏန်းဖတ်ပြီးသားစာကို ဖျက်လုပ်ပြီးမှ ပုံအသစ်နဲ့တင်လိုက်တယ်။

ပြီးခဲ့တဲ့သင်္ကြန်မှာ အဲဒီစာကိုဆန်းသစ်ပြီး တင်ပါတယ်။ ပုံသင့်တာကို ဂူဂယ်မှာရှာတော့ အဲဒီအမျိုးသမီးသုံးယောက်ပုံလည်း ဒိထက်ဆိုးဝါးတဲ့ပုံတွေနဲ့ ရှိနေတာတွေ့တယ်။ မသုံးပါ။ တောရွာမှာနွားလှည်းနဲ့ရေပက်နေကြတဲ့ပုံကိုသာ သုံးလိုက်ပါတယ်။ ဖတ်ကြတာပါပဲ။ ထောင်ဂဏန်းမနည်းပါ။

ပုံကိုလည်း အရသာခံပေါ့။ စာကိုလည်းဖတ်ကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၅

Ponya Shin ပုညရှင် စေတီအပါး

စစ်ကိုင်းအကြောင်းလေးရေးတော့ ပြန်ပြောတာတွေမှာ ချီးမွမ်းတာလည်းပါတယ်။ ဘုန်းကြီးနဲ့ သီလရှင်တွေကို ပိုက်ဆံမယူပဲဆေးကုတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲလောက်ထိချီးကျူးစရာ မဟုတ်ပါ။

ကိုးကွယ်ရာဘာသာမှာ ကြည်ကြည်လင်လင်သာ ယုံကြည်ပါတယ်။ အစွန်းရောက်အသုံးအနှုံးတွေ ပေါ်လာတော့လည်း ယုံကြည်မှုက တိုးမလာ၊ နောက်ကျိလည်း မသွားပါ။

ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးမှုလည်း တည်တည်ငြိမ်ငြိမ်သာဖြစ်ပါတယ်။ ဆိုင်းဘုတ်ထောင်ပြီး ချစ်လှချည်ရဲ့အထိတော့ လုပ်မပြတတ်ပါ။ ဘာသာရေးကိုအသုံးချတဲ့နိုင်ငံရေးကို ဖက်နှစ်ခုလုံးက လုပ်နေကြတာကို ကောင်းကောင်းသိပါတယ်။ ဒီလိုစာမျိုးရေးတိုင်းမှာ ဘလော့စရာ ၂ ယောက်လောက်တော့ ပေါ်ပေါက်တတ်တယ်။

ပုညရှင်စေတီမှာ ဆွမ်းဦးတင်ချင် ကိုယ့်ထက်အရင်ဦးပြီးသားတွေ့မယ်တဲ့။ အရုဏ်ဆွမ်းကို အရုဏ်မတက်မီမှာ ကပ်လို့မရပါ။ တို့ကတော့ သန်းကောင်ကျော်ကတည်းကပ်မယ်ကွလို့ သိပ်ကြည်ညိုပြချင်သူများ မှားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၅

Good answer အဖြေအမတ်လောင်း

ဒေါ်အောင်ဆန်းစုကြည်ကို သမတဖြစ်ရင်ဘာလုပ်လည်းမေးတဲ့ကလေးက ဆယ်နှစ်သားတဲ့။ ဆယ်နှစ်သားကို အမေးနွားကျောင်းသား လုပ်ကြည့်ချင်တယ်။

- ကြီးလာဘာလုပ်။ အမတ်လုပ်။
- ဘာလို့။ တလဆယ်သိန်းရမှာမို့။
- မဲရအောင်ဘယ်လိုစည်းရုံး။ စစ်သားစုဆောင်းရေးရုံး။
- ဒီကနေဘယ်သွား ဒံပေါက်စား။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

Alteplase ဦးနှောက်သွေးကြောပိတ်ခြင်းအတွက်ဆေးသစ်

ယူကေမှာ လွတ်လပ်တဲ့ပညာရှင်အဖွဲ့ကနေထောက်ခံချက်ပေးလိုက်တဲ့ ဦးနှောက်ထဲမှာ သွေးကြောပိတ်ထွက်တာအတွက် ဆေးသစ်ဖြစ်ပါတယ်။ ဒီဆေးကို ရောဂါလက္ခဏာတွေစဖြစ်ပြီး ၄ နာရီကနေ ၆ နာရီအတွင်းမှာသုံးတာ အကောင်းဆုံးလို့ ဆိုပါတယ်။ Strokes ဆထုပ်ဖြစ်တာဟာ အများဆုံးက ဦးနှောက်သွေးကြောပိတ်လို့ဖြစ်ပါတယ်။ ဒီဆေးကနေ သွေးခဲကို ပျော်စေပါမယ်။ Thrombolysis ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅
http://www.bbc.com/news/health-33636838

Bisphosphonates

Bisphosphonates ဆေးကနေ ရင်သားကင်ဆာကြောင့်သေဆုံးရမှုကို ၁၈% လျှော့နည်းစေတယ်

ယူကေနိုင်ငံ ဆေးသုတေသနသတင်းဖြစ်ပါတယ်။ ဒီ Bisphosphonates ဆေးကို Osteoporosis ခေါ် အရိုးအားနည်းသူတွေကို ပေးနေတဲ့ဆေး ဖြစ်ပါတယ်။ ဈေးလည်းချိုတယ်။ ဆေးကြောင့် ယူကေမှာ အမျိုးသမီးပေါင် ၁ဝဝဝ အသက်ကိုကယ်နိုင်စရာရှိပါတယ်။ လူနာပေါင်း ၁၈၇၆၆ ယောက်ကိုစမ်းသမ်းပြီးဖြစ်ပါတယ်။ ဆေးပေးထားရင် ရင်သားကင်ဆာက အရိုးကိုမပြန့်စေပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅
http://www.bbc.com/news/health-33635575

Facebook Actress ဖေ့စ်ဘွတ်ပေါ်က ရုပ်ရှင်မင်းသမီး

ဖေ့စ်ဘွတ်မှာ စာတင်ရတာက စာအုပ်တွေထဲကစာတွေကို ဖတ်ကြတာနဲ့ အတော်ကိုမတူပါ။

မဂ္ဂဇင်းထဲမှာ စာတပုဒ်၊ သရုပ်ဖေါ်ပုံနဲ့ ဆိုပါစို့။ စာကိုပဲအားထားဖတ်ကြတယ်။ ပုံကိုတော့ စာဖတ်ချင်အောင် ဆွဲဆောင်ပေးတဲ့သဘော၊ အမွှမ်းတင်ပေးတဲ့သဘောသာထားကြတယ်။

ဖေ့စ်ဘွတ်မှာတော့ တချို့က ဒီစာကိုကြိုက်တယ်၊ မကြိုက်ဖူးပြောပါတယ်။ တချို့ကတော့ ပုံကိုပဲ ချီးမွမ်းကြတယ်။ သိမ်းထားချင်တယ်ပြောတယ်။ နောက်တမျိုးကတော့ စာထဲကဇာတ်ကောင်ကိုပဲ ချီးကျူးတယ်။ အရေးအသားနဲ့ အကြောင်းအရာ သိပ်အလေးမထားတာမျိုး မကြာမကြာသတိထားမိတယ်။

ခုခေတ်ကလည်း အရင်စာအုပ်ခေတ်တုံးကလို ရေးပို့တဲ့စာကို စာပြင်ဆရာ၊ အယ်ဒီတာတွေ အဆင့်ဆင့်နဲ့ ဆန်ခါတင်စစ်ဖို့ မလိုတော့တဲ့ခေတ်ရောက်နေပြီပဲ။

ဆေးဝယ်ရင် ဗူးခွံလှတာနဲ့ ကြော်ငြာကြည့်ဝယ်ကြသူက မရှားပဲကိုး။

ဘာနဲ့တူလည်းဆိုတော့ ရုပ်ရှင်ဇာတ်လမ်းထက်၊ မင်းသမီးသရုပ်ဆောင်တာထက်၊ မင်းသမီးကဘာလေးဝတ်ထားတယ်၊ ဘယ်လိုအလှပြင်ထားတယ်ကိုသာ ကြည့်တတ်ကြတဲ့ ပရိတ်သတ်နဲ့မထူးပါဖူး။ အဲတာမျိုးက အကယ်ဒမီတောင်မှ ရတတ်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

Nationwide Hygiene တိုင်းပြည်သန့်ရှင်းရေး အရေးတကြီးလိုအပ်နေ

ကွန်မင့်တစ်ခု = လူဖြူတွေများတဲ့အမေရိကားမှာ လူမဲသမ္မတအိုဘားမားအုပ်ချုပ်တာ သမ္မတသက်တမ်း ၂ ဆက်ရှိနေပါပြီ၊ အမေရိကန်တနိုင်ငံလုံး မည်းသွားလို့လားတဲ့။

ကျနော်တို့ဆီမှာတော့မှာ အရပ်ဝတ်နဲ့ ၅ နှစ်၊ မည်းညစ်သွားတာပဲ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

Respected monks and nuns လှူလည်းလှူ ယူလည်းယူ

ရေဘေးသွားကူကြတဲ့ မုံရွာကလူတွေကရေးတယ်။ ဒီနေ့တော့ မိုးကအဆက်မပြတ်ရွာ ထမင်းစားဖို့ကလည်း အဆင်မပြေတော့ သီလရှင်ကျောင်းသွားပြီး ထမင်းစားကြတယ်တဲ့။

ကျွန်တော် ဆရာဝန်ဖြစ်ကလည်းက ဘုန်းကြီးနဲ့ သီလရှင်တွေကို ကိုယ်ပိုင်အချိန်မှာ ဆေးကုပေးရရင် အခကြေးငွေမယူပါ။

စစ်ကိုင်းဆေးရုံမှာတာဝန်ကျတုံးက ဘုန်းကြီးနဲ့ သီလရှင်တွေကိုဆေးကုရတော့ ပိုက်ဆံမယူပါ။ မယူတော့ပိုရတယ်။ ထမင်းလည်းကောင်းကောင်းစားရတယ်။ လှူဖွယ်ထဲက စွန့်ကြဲတာတွေလည်းရတယ်။

ညနေဆေးခန်းချိန်ပြီးတာနဲ့ စစ်ကိုင်းတောင်ရိုး ဒိုးတော့တာပဲ။ တခါတလေကားမောင်း၊ တခါတလေမြင်းလှည်းနဲ့ဂျောင်း။

အဲဒီကာလမှာ ကိုးကွယ်ဖို့ရာ ရွေးနေစရာမလိုဖူး။ ရွှေကျင်နဲ့ သုဓမ္မာ ကြည်ညိုဖွယ်ရာချည်းပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

Saturday, July 25, 2015

Coming November ပေါင်းရှင်းချိန်

- တီးခိုင်းလို့ထွက်တဲ့ လက်ခုပ်သံ၊
- ထောက်ခံသူနည်းပေမယ့် အနိုင်ရတဲ့အဆို၊
- လူကိုခြိမ်းခြောက်ပြီးရတဲ့ မဲ၊
- အရွေးမခံပဲဖြစ်တဲ့ အမတ်၊
- အမတ်ဖြစ်စရာမလိုတဲ့ သမတ၊
- အလေ့ကျပေါက်တဲ့ မြက်၊
- ပေါင်းရှင်းမဲ့ရက်ရောက်တော့မယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

Poem Vs Poet ကဗျာသည် လူကိုစပ်၏

တယောက်က ကွန်မင့်ရေးလာတယ်။ ခေတ်စမ်းကဗျာ ခေါ်ရမလားဆရာတဲ့။

ကျွန်တော်က ကဗျာစပ်လိုက်မယ်လို့စိတ်ကူးပြီး မရေးပါ။ ဖတ်ကောင်းအောင်တော့ ကြိုးစားရေးလေ့ရှိပါတယ်။ ဖတ်တဲ့သူကို ဖတ်ပြီးမှတ်မိသွားစေချင်တာနဲ့ အချက်အလက်ပါအောင်ဂရုစိုက်ပါတယ်။ ကျွန်တော်ရေးတာမှာ ကာရံပါချင်ပါမယ် ကဗျာတန်းမဝင်ပါ။

အစဉ်အလာကဗျာတွေမှာ ရသပါပြီး၊ စည်းချက်ဝါးချက်မိရတယ်၊ သာယာနာပျော်ဖွယ်ဖြစ်မှု (ပြောင်းပြန်ဖြစ်မှု)၊ အသံထွက် ဆင်တူမှုနဲ့ စာလုံးအရေအတွက်၊ အသံ (အဓိပ္ပါယ်) အနိမ့်အမြင့်လည်းပါတယ်လို့ ဖတ်ရဘူးပါတယ်။ အဲလို ရေးနည်း ဥပဒေသတွေကို နည်းနည်းတော့သိပါတယ်။ ဒါပေမယ့် ဖတ်ဖူးတာ၊ သိတာနဲ့ လိုက်လုပ်တတ်တာ မတူပါ။ ကျွန်တော်က ကဗျာဆရာဖြစ်ချင်သူလည်း မဟုတ်ပါ။ ကိုယ်ရေးချင်တာကို ဖတ်တဲ့သူမှာ စွဲထင်ကျန်စေဘို့တော့ ကြိုးစားပါတယ်။ ကာရံပါကဗျာမဟုတ်လို့သာ ပြောချင်ပါတယ်။

အမှန်ကတော့ဗျာ ကဗျာကသာ လူတွေကို ဖတ်နေ စပ်နေတာပါ။ လူတွေဟာ စိတ်ကူးတွေနဲ့ တွန့်ပြီး၊ ကွန့်ပြီး၊ စွန့်ပြီး ရေးတာကို ကဗျာတဲ့။ ငါကတော့ မှန်ကြည့်ရေးတာ၊ ဖွင့်ကြည့်နေစရာမလိုပါ၊ ကဗျာလို့မခေါ်လဲနေပါတဲ့။ အဲတာ ကဗျာကပြောတာ။

ကဗျာဆရာတွေက ဖတ်တဲ့သူကို ခံစားမှုရစေချင်တဲ့စေတနာထားရေးကြတယ်။ ကျွန်တော်ရေးတတ်တာက အသိတခုခု ရစေချင်တာပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

The Omen နိမိတ်

တောင်ပြိုကမ်းပြိုလို့ အတော်သုံးလာကြတာကို သတိထားမိပါတယ်။ ဂန္ဒီအစည်းအဝေးတုံးကတော့ ၁၉၉ဝ ရလဒ်ကို လုံးလုံးလျားလျား အများစုအနိုင်ရရှိတယ်လို့ သုံးနှုန်းခဲ့ပါတယ်။

နိမိတ်လို့ပြောရမလား ရေကြီးလို့ တောင်ပြိုကမ်းပြိုတွေဖြစ်ပြီး၊ လူတွေတာ့ အတော်ကြီးအတိဒုက္ခရောက်နေကြတယ်။ အဆိုးထဲကအကောင်းမြင်ဖို့ ကြိုးစားမှုပါ။ ဒုက္ခပင်လယ်ဝေနေသူတွေကိုတော့ တောင်းပန်ပါတယ်။

ဆည်တွေလည်း ကျိုးသလိုလို ကြားရတယ်။ ပိတ်ဆို့ထားတာတွေ၊ တားဆီးထားတာတွေများ ကျိုးပေါက်ပျက်ကျလေမလား။ အဲတာကော နိမိတ်လား။

နိမိတ်ဆိုတာ အတိတ်ကို ပြောင်းပြန်ပြန်ဖို့သာဖြစ်ပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅

Natural disasters သဘာဝဘေး

- မုန်တိုင်းမွှေ လူသေ၊
- ဆန္ဒခံယူပွဲ မသေ၊
- စစ်အုပ်စိုးမှု အသက်ရှည်။

- ရေတက် ရတက်ပွေ၊
- ရေကြီး လူကြီးသေ၊
- စစ်အုပ်စိုးမှု အသက်ဆက်နေ။

- မိုးမှန် လေမှန်
- ရေမှန် ဧကန်
- စစ်အုပ်စိုးမှုလက်ကျန်
- နိုဝင်္ဘာမှာ ရှင်းကြတော့အမြန်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅

Cervix Position သားအိမ်ဝနောက်ရောက်နေခြင်း

ဆရာ ကျွန်တော်အသက် ၂၇ သားဦးကိုယ်ဝန်။ dd က ဒီနေ့။ boy ကိုယ်ဝန်ပါ။ ဒီနေ့ထိ ဗိုက်မနာသေးပါဘူး။ OG က ဒီနေ့ အောက်ပိုင်းစမ်းတော့ သားအိမ်ဝက နောက် နည်းနည်းရောက်နေတယ် ပြောပါတယ်။ ကလေးကတော့ အနေအထား မှန်ပါတယ်။ အဲဒါ ရိုးရိုးမွေးလို့ အဆင်ပြေပါ့မလားဆရာ။ ကလေးကတော့ အခုထိ ကောင်းကောင်းလှုပ်ပါတယ်။ OG က ခွဲမွေးရင် ကောင်းမယ်ပြောလို့ပါ။ မနက်ဖြန် Ultrasound ထပ်ရိုက်ပြီး ရေမွှာနဲ့ အချင်း အခြေအနေကြည့်မယ်တဲ့ဆရာ။ တကယ်လို့ normal ပဲဆိုရင် ရိုးရိုးမွေးဖို့ ၁ ပတ်စောင့်သင့်ပါသလားဆရာ။ သားအိမ်အဝက မွေးလမ်းကြောင်းနောက် နည်းနည်းရောက်နေတယ်ပြောပါတယ်ဆရာ။ မွေးရခက်နိုင်ပါလားဆရာ။ Cx posterior ပါဆရာ။

သားအိမ်ဝအနေအထားမှာ အခုမေးတဲ့သူလို နောက်ရောက်နေတာရှိတတ်တယ်။ အဖြစ်နည်းတယ်။ ကိုယ်ဝန်မရှိခင်မှာ စမ်းတွေ့ရင် ကိုယ်ဝန်မရမှာအတွက် စိုးရိမ်ရမလား စဉ်းစားတယ်။ လေ့လာမှုတွေလုပ်တော့ အဲလိုစိုးရိမ်စရာမရှိတာ တွေ့ရပါတယ်။ အဲလိုဖြစ်နေတာကို ရောဂါလို့မခေါ်ပါ။ Endometriosis ခေါ် သားအိမ်တစ်ရှူးတွေ သားအိမ်အပြင်မှာ ရောက်နေသူဆိုရင်သာ ကလေးမရဖြစ်စေနိုင်တယ်။

အမျိုးသမီးအများစုမှာ သားအိမ်နဲ့ သားအိမ်ဝဟာ တန်းမနေပါ။ ဒေါင့်ချိုးကျနေတယ်။ ရှေ့ဖက်မှာရှိတဲ့ ဆီးအိမ်ဆီကို ဦးတည်နေတယ်။ ကိုယ်ဝန်ရှိလာရင် အဲဒီဒေါင့်ချိုးကပြောင်းလဲလာတယ်။ သားအိမ်ဝကလည်း ပိုပြီးမာတင်းလာတယ်။ ဆန့်နိုင်စွမ်းလည်းနည်းလာတယ်။ အဲဒီအနေအထားမှာ ကလေးခေါင်းက မွေးလမ်းကြောင်းကို တိုက်ရိုက်လမ်း ပေါက်မနေပါ။ မွေးဘို့စလာတော့မှသာ ပြောင်းလဲလာတယ်။ တဖြေးဖြေးနဲ့ သားအိမ်ဝဟာ မွေးလမ်းဖက်ဆီကို တည့်လာမယ်။ မိခင်လောင်းကအဲလိုအပြောင်းအလဲကိုသတိမပြုမိနိုင်ပါ။ မွေးလမ်းကြောင်းစမ်းသပ်မှသာသိမယ်။

သားအိမ်ဝကင်ဆာအတွက် Pap smear ယူပြီး စစ်ဆေးတဲ့အခါ သူများထက်ခက်တယ်။ IUD/IUCD ကိုယ်ဝန်တားပစ္စည်း ထည့်ပေးရရင်လည်း သူများထက်ခက်တယ်။ လက်ချောင်းတိုတဲ့ဆရာဝန်-ဆရာမတွေ အဲလိုလူနာကို VE မွေးလမ်း စမ်းရရင်ပိုခက်တယ်။

လက်နဲ့စမ်းသပ်ရင် သားအိမ်ဝကနောက်ရောက်နေရင် မွေးဖို့လိုသေးတာကိုသိရမယ်။ မွေးကာနီးလတာနဲ့ သားအိမ်ဝက မာတင်းနေရာကနေ ပျော့ပျော့လာမယ်။ စေ့ပိတ်နေရာကနေ ပွင်ပွင့်လာမယ်။ လက် ၁ လုံး၊ ၂ လုံး၊ ၃ လုံး။ ၄ လုံး၊ အကုန်ပွင့်လာမယ်။ တိုလည်းတိုလာရမယ်။ ကလေးခေါင်းကို ခေါင်းစွမ်ချွတ်ကာနီးလိုဖြစ်လာမှ ထွက်ပါမယ်။

မွေးဖို့အချိန်ကျပေမယ့် နောက်မှာသာ ဆက်ရှိနေရင်တော့ ခွဲမွေးဖို့စဉ်းစားလာရပြီ။ မေးတဲ့သူမှာ ဗိုက်လည်းမနာသေးခင်မှာ မွေးရခက်-မခက်ပြောမရပါ။ စိတ်ကိုအပြုသဘောဆောင်ပါ။

ကျေးဇူးပါဆရာ။ စိတ်ပူပြီး အခုထိအိပ်မရသေးပါ။ ခွဲမွေးရမယ်ဆိုလည်း စိတ်လျော့လိုက်ပါတော့မယ်။ ဆရာ့ဆီက သိချင်တာလေးတွေ မေးလိုက်ရလို့ ကျေနပ်သွားပါပြီ။

ဟုတ်။ မွေးချင်လာရင် ပြောအုံး။

ဟုတ်ကဲ့ မနက်၉ နာရီ Ultrasound ပြန်ရိုက်ပြီး အဖြေလည်းပြပါမယ်ဆရာ။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅

Bladder diverticulum ဆီးအိမ် ဒိုင်ဗာတီကူလမ်

အကူအညီတောင်းတာပါဆရာ။ ဆီးအိမ်ထဲမှာရေအိတ်တည်နေတယ်လို့ပြောပါတယ်။ အမျိုးသမီးအသက်က ၃၄ နုစ်ပါ ဆီးခဏခဏသွားရပါတယ်။ ဆီးအိမ်ထဲမှာဆီးပမာဏ 250 ml အမြဲကျန်နေပါတယ်။ CT အဖြေကို ရေးပေးလိုက်ပါတယ်။
A small bladder diverticulum near the right VU junction is noted. It is 1.9 x 1.1cm diameter and the luminal diameter of the neck of diverticulum is 2.9mm. IMPRESSION = Small bladder diverticulum just beside the right VU junction.
ဘာဆက်လုပ်ရမလဲဆိုတာ အကြံညဏ်ပေးပါဆရာ။ လက်ရှိပြနေတဲ့ဆရာကတော့ ဘာမှမဖြစ်ဘူး၊ ထပ်ပြီး ဆီးသွားရခက်လာရင် ပြန်လာပြလို့ဘဲပြောလိုက်လို့ပါ။ အားကိုးပါတယ်။

ဆီးအိမ်အမှာ အိတ်ကလေးလိုဖြစ်လာတာကိုခေါ်တယ်။ မွေးရာပါလည်းဖြစ်နိုင်တယ်။ နောက်မှပေါ်လာတာလည်းရှိတယ်။ အာလ်ထွာဆောင်းရိုက်မှ သိလာရတာလည်းရှိတယ်။ ကြီးမှဖြစ်တာက ယောက်ျားတွေမှာဆိုရင် ဆီးအိမ်ထွက်လမ်း ဆီးကျိတ်ကြီးလို့ဆို့နေရာကနေဖြစ်လာနိုင်တယ်။ ဆီးထွက်ပြွန်မှာဆို့လို့လည်းဖြစ်နိုင်တယ်။ အမျိုးသားတွေမှာ အဖြစ်များတယ်။

ရှိနေပြီး ဘာမှမဖြစ်သလိုနေနိုင်တယ်။ ဆီးမကုန်တာဖြစ်နိုင်တယ်။ ဆီးလမ်းပိုးဝင်နိုင်တယ်။ ဆီးထဲသွေးပါနိုင်တယ်။

CT scan စကန်ရိုက်နည်း၊ Ultrasound အာလ်ထွာဆောင်းနည်းတွေနဲ့သိနိုင်တယ်။ Cystogram ဓါတ်မှန်ရိုက်နိုင်တယ်။ Cystoscopy ကိရိယာထည့်ကြည့်နိုင်တယ်။

ရှိတိုင်းဆေးကုစရာမလိုပါ။ ဆီးလမ်းပိုးခဏခဏဝင်တာ၊ ကျောက်တည်တာ၊ ဆီးနောက်ပြန်သွားတာ စတာတွေရှိရင် ကုသရမယ်။ တချို့မှာ ဆီးအိမ်ကင်ဆာနဲ့တွဲနေလို့ကုသရမယ်။ ခွဲစိတ်ရနိုင်တယ်။ ဓါးနဲ့မခွဲပဲ ကိရိယာနဲ့ရတာလည်းရှိတယ်။ ကုရင်ကောင်းသွားမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅

Ecee2 ဆေးဆိုတာ

ဒီအကြောင်း ခွင့်တောင်းပြီးတင်ဘူးပါတယ်။ ကနေ့ မေးလာသူနှစ်ယောက်ဆက်တိုက်လာလို့ ပြန်တင်ပါရစေလို့ ထပ်ပြီး ခွင့်တောင့်ပါတယ်။

၁။ တခါသုံးတားဆေး (Ecee2 လိုဆေးမျိုး) တွေကို အကြိမ်အရေတွက် များများသောက်မိရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါလဲဆရာ။ အကြိမ်ရေတွက်များပေမယ့် မကြာခနတော့မဟုတ်ပါဘူးဆရာ။ အနည်းဆုံး တခေါက်နဲ့ တခေါက်ကို လေးငါးခြောက်လတော့ ခြားပါတယ်ဆရာ။ ကျေးဇူးပြုပြီးဆရာဖြေကြားပေးပါနော်။ ကျေးဇူးအထူးတင်ပါတယ်ဆရာ။

၂။ မင်္ဂလာပါဆရာ။ ကျမအသက် ၂၈ နှစ်ပါဆရာ။ ကျမခင်ပွန်းက မြန်မာပြည်မှာအမြဲတမ်းမရှိတော့ ဆရာဝန်က Ezze2 တားဆေး ၂ လုံးတခါသောက်ပဲ ပေးပါတယ်ဆရာ။ နေ့စဉ်သောက်ရတဲ့တားဆေး မသောက်နဲ့လို့ပြောပါတယ်ဆရာ။ ဘယ်တားဆေးက ပိုပြီးအဆင်ပြေနိုင်မလဲသိချင်ပါတယ်ဆရာ။ ezze2 ရဲ့ side affect ကို ကြားဖူးထားလို့ သောက်သင့် မသောက်သင့် အကြံဥာဏ်ပေးပါဆရာ။ သောက်ဆေးသောက်ရင် ကလေးယူတဲ့အချိန်ကျရင် ဆိုးကျိုးရှိတယ်လို့လဲ ကြားဖူးထားလို့ပါဆရာ။ ဝေခွဲမရဖြစ်နေလို့ ဘယ်လိုလုပ်သင့်လဲဆိုတာနှင့် ဘယ်ဆေးသောက်သင့်လဲဆိုတာ အကြံဥာဏ်ပေးပေးပါဆရာ။ စာအရေးအသားလိုအပ်တာများရှိရင် တောင်းပန်ပါတယ်ဆရာ။

Ecee2 ဆေးဆိုတာ Levonorgestrel ဟော်မုန်းပါတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေး ဖြစ်တယ်။ မြန်မာ၊ အိန္ဒိယနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ဒီနာမည်နဲ့ရောင်းတယ်။ တခြားနာမည်တွေလည်း အများကြီးရှိတယ်။ Plan B, Morning after Pills, Plan B One-Step, Lo / Ovral, Cryselle, Orsythia, ella, Ogestrel, Low-Ogestrel-28, Myzilra,Falmina, Chateal, Kurvelo, CamreseLo, Low-Ogestrel-21, Lo / Ovral-28, Next Choice, Elinest, Amethia Lo, Ogestrel-28, Preven EC စတဲ့နာမည်တွေဖြစ်တယ်။

ဆေးသောက်နည်း
အကာကွယ်မဲ့အတူနေပြီးနောက် ၇၂ နာရီအတွင်းမှာ ပဌမဆေး ၁ လုံးသောက်ပါ။ နောက် ၁၂ နာရီနေရင် ဒုတိယဆေး ၁ လုံးသောက်ပါ။ WHO ကတော့ ၁၂ဝ နာရီအတွင်းလဲသောက်နိုင်တယ်လို့ဆိုတယ်။ ရာနှုန်းတော့နည်းမယ်။ ဆေးသောက်ပြီး ၂ နာရီအတွင်းအန်ရင် ဆေးထပ်သောက်ရမယ်။ အန်တတ်သူတွေက အအန်ပျောက်ဆေးတခုခုကို ဆေးမသောက်မီ ၁ နာရီ ကြိုတင်သောက်သင့်တယ်။ ဆေးပြား ၂ ပြားလုံးကို တခါတည်းသောက်တာအတွက် လေ့လာမှုလုပ်တော့ ထိရောက်မှုမခြားနားတာတွေ့ရတယ်။ ဘေးထွက်ဆိုးကျိုးလဲသိပ်မထူးလှပါ။ ၉၅% အထိ ကိုယ်ဝန်မရနိုင်ပါ။ ဆေးသောက်တာ နောက်ကျလို့ အဲလိုဖြစ်တာကများတယ်။ ဆေးရက်စွဲလွန်ရှိတတ်တယ်။ ဆေးအတုရှိတယ်။

ဘေးထွက်ဆိုးကျိုးတွေ = ပျို့ချင် (၅ဝ%)၊ အန်ချင် (၂ဝ%)၊ ဗိုက်နာ၊ ရင်သားနာ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အားယုတ်။ ဒါပေမဲ့ ကြာကြာမဖြစ်ပါ။ များသောအားဖြင့် ၂၄ နာရီအတွင်း ဖြစ်တယ်။ ဆေးသောက်ပြီး ၂ နာရီ အတွင်း အန်တာဆိုရင် ဆေးထပ်သောက်ရမယ်။ အန်တတ်သူတွေက အအန်ပျောက်ဆေး တခုခုကို အရေးပေါ်တားဆေး မသောက်မီ ၁ နာရီ ကြိုတင်သောက်နိုင်တယ်။ ဆေးကြောင့် ရာသီလာရက်ပြောင်းတော့မယ်။ ရာသီရက်စောနိုင်တယ်။ များတာလည်း ဖြစ်နိုင်တယ်။ ရာသီမလာတာလည်း ဖြစ်တတ်တယ်။ အဲတာဆို ကိုယ်ဝန်လားစိတ်ပူရပြီ။ ဆီးစစ်ရတော့မယ်။

ဆေးကို သတိနဲ့သုံးရမဲ့သူတွေကတော့ နှလုံးရောဂါရှိသူ၊ နှလုံး (စထုပ်) ရဘူးသူ၊ ရင်သားကင်ဆာ အရင်ကရှိခဲ့ဘူးသူ၊ ရာသီဆင်းရက် နောက်ကျနေသူ၊ ကလေးနို့တိုက်နေသူ သတိနဲ့သာသုံးသင့်ကြတယ်။ လုံးဝမသုံးရမဲ့သူတွေကတော့ အသက် ၁၆ နှစ်အောက်မိန်းကလေးတွေ ဘာဖြစ်မလည်းဆိုတာ သုတေသနမပြည့်စုံသေးလို့ မသုံးတာကောင်းတယ်။ ရာသီမှန်းဘာမှန်းမသိ မွေးလမ်းကသွေးဆင်းနေသူ၊ ကိုယ်ဝန်ဆောင်နေသူ မသုံးရပါ။

International Consortium for Emergency Contraception ဝက်ဆိုက်မှာ ရေးထားတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေး အချက်အလက်များ (မြန်မာနိုင်ငံ)
• Registered LNG-EC products မှတ်ပုံတင်ထားသောဆေး အမျိုးအမည်များ = ECee2, Duet, Pill 72, Postinor, Postinor-2, Pregnon ဆေးလက်မှတ်ဖြင့်သာ ရောင်းသည်။
• အမျိုးသမီးများသုံးစွဲမှု ကိန်းဂဏန်းမရ။
• အမျိုးသမီးများ ဆေးအကြောင်းသိရှိမှု ကိန်းဂဏန်းမရ။
• Registered UPA-EC products မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊
• Registered Mifepristone-EC Products: မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊
• ECPs ဆေးဝယ်ယူနိုသင်သူ၏ အသက် ကန့်သတ်ချက် ကိန်းဂဏန်းမရရှိနိုင်၊
• ဥပဒေစည်းကမ်းဖြင့် မရှိမဖြစ်သုံးစွဲရန် လိုအပ်သော ဆေးစာရင်းထဲတွင် ပါဝင်သည်။

ခဏခဏသုံးမိပေမဲ့ ကိုယ်ဝန်ကိုကာကွယ်မှုပေးပါတယ်။ ဒီဆေးတခုတည်းကြောင့်တော့ နောင်မှာကလေးမရတာလည်း မဖြစ်ပါ။ ကိုယ်ဝန်ရသွားရင်တော့ သားအိမ်ပြင်ပသန္ဓေတည်နေမနေ စစ်ရမယ်။ တကယ်ကိုယ်ဝန်ယူရင် ကလေးမှာ ချို့ယွင်းချက်နဲ့မွေးမယ်လို့လည်း ကောက်ချက်မချနိုင်ပါ။

လိင်ကတဆင့်ကူးစက်ရောဂါတွေရနိုင်တယ်။ (၁) အကာကွယ်မဲ့အတူလို့နဲ့ (၂) ဒီလိုဆေးမျိုးသုံးကြသူတွေဟာ အတူနေတာကို ခပ်လွယ်လွယ်ဖြစ်တတ်လို့ တယောက်ယောက်မှာ အရင်အတွေ့အကြုံတွေကရထားတဲ့ လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေတာများလို့ဖြစ်တယ်။

အရေးပေါ်တားဆေးကို အရေးပေါ်ကလွဲရင်မသုံးသင့်ပါ။ ခဏခဏသုံးလို့ ဘာဖြစ်နိုင်သလည်းဆိုတဲ့ လေ့လာဆန်းစစ်မှု မပြည့်စုံသေးပါ။ လက်လှမ်းမီသမျှရှာပေမယ့် မြန်မာပြည်မှာလောက် သူများတိုင်းပြည်တွေမှာ မသုံးကြတာတွေ့ရတယ်။ HIV သုတေသနကို အာဖရိကမှာသွားလုပ်ရသလိုပဲ၊ Ecee-2 ကို မြန်မာပြည်မှာလာပြီး သုတေသနလုပ်ရင်တော့ လူဦးရေ အလုံအလောက်ရနိုင်တယ်။ သေချာတာကတော့ ကျွန်တော့်ဆီကို မေးခွန်းလာတာတွေက အတော်ကိုများတယ်။

စာလေးတပုဒ်မှာ အရေးပေါ်ကိုပဲလှော်လိုသဘေားထားသူလို့ ငေါ့မိပါသေးတယ်။ အပြစ်ချည်းသာပြောနေတာမဟုတ်ပါ။ အတူနေစရာ များများရှိသူတွေအတွက် စနစ်တကျသုံးနိုင်တဲ့နည်းတွေ အများကြီးကိုလည်း ရေးတင်ပေးထားပါတယ်။ စနစ်တကျမေးရင်လဲဖြေပါတယ်။ ပထမမေးခွန်းမေးသူဆီကို နည်း (၁ဝ) နည်းပို့လိုက်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅

Friday, July 24, 2015

Practical Politics လက်တွေ့နိုင်ငံရေး

အိတ်စိုက်နိုင်ငံရေးကိုဖတ်ပြီး ချီးကျူးကြတယ်။ မဟုတ်သေးတာကို ထပ်ဖြည့်ပေးပါရစေ။

အဲလိုလုပ်သူမျိုးကို လူတချို့က ချီးကျူးချင် ချီးကျူးမယ်၊ ဒါပေမယ့် အထင်မကြီးဘူး။ အတိအကျပြောရရင် တာဝန်မပေးချင်ကြဖူး။

ကိုယ့်ဘဝတောင် ထိပ်တန်းရောက်အောင် မစွမ်းဆောင်နိုင်သူမျိုးဟာ ဘယ်လိုလုပ်ပြီး တိုင်းပြည်ကိုချမ်းသာအောင် လုပ်ပေးနိုင်မလည်းလို့ မေးခွန်းထုတ်ကြတယ်။ အဲတာက စီးပွါးရေးသီအိုရီအရ ငြင်းလို့မရဘူး။

ချွတ်ခြုံကျတဲ့ဝန်ကြီးဆိုတာ မရှိဘူးမဟုတ်လား။ သမတတို့ ဝန်ကြီးချုပ်တို့ဆိုတာလည်း မီလီယန်တာတွေ။ ဗမာပြေမှာ ဘီဘီယန်နာ ၄ဝ ကျော်တောင်ရှိပြီလည်း ဖတ်လိုက်ရတယ်။ သူတို့က ဘယ်နှယ် အမတ်လျှောက်လွှာကြေး ၃ သိန်းတောင် မတတ်နိုင်သူမျိုး ရွေးမလည်း။

စစ်သားနဲ့ စီးပွါးရေးသမားဆိုတာ လက်တွေ့စဉ်းစားကြတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂ဝ၁၅

Defamation နာမည်ဖျက်ကောင်းသူများ

ပုလဲနယ်ကတယောက်ကနေ ကွန်မင့်ရေးပါတယ်။ အဲဒီ (အဘ) အခေါ်အဝေါ်လိုပဲ (သမဝါယမ) ဆိုတဲ့စကားလုံးဟာ ခေတ်ကြောင့် ရွံစရာဖြစ်ခဲ့ရတယ်တဲ့။

ဟုတ်ပ။ (မဆလ) ကလုပ်လိုက်တာနဲ့ (သမဝါယမ) ကို လူတွေက မကြိုက်ကြတော့ဖူး။ အခုလည်းဗျာ အဲဒီဝန်ကြီးဌာနကြောင့် သမဝါယစာလုံးကို ပိုမုန်းလာတယ်မဟုတ်လား။

အဲလိုပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မဆလ) ပါတီကြောင့် (ဆိုရှယ်လစ်) ဆိုတဲ့အသုံးကိုလည်း လူတွေကမုန်းတီးကြတယ်။ ၁၉၉ဝ ရွေးကောက်ပွဲတုံးက နိုင်ငံရေးပါတီပေါင်း ၂၃၅ ခုထဲမှာ ဆိုရှယ်လစ်ပါတာ တခုမှမရရှိခဲ့ဘူးဗျ။ (မဆလ) အဖြစ် ၂၆ နှစ်ကြာ တိုင်းပြည်ကို အုပ်စီးခဲ့တဲ့ပါတီကိုယ်၌က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီလို့ပြောင်းလိုက်တယ်။

အခုလူတွေကလည်းဗျာ စည်းကမ်းပြည့်ဝသောတဲ့။ အင်မတန်ကောင်းမွန်လှတဲ့ (စည်းကမ်း) စကားလုံး သုံးရတာတောင် သတိထားနေရပြီကော။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Pocket politics အိတ်စိုက်နိုင်ငံရေး

နိုင်ငံရေးပါတီတခုက အမတ်လောင်းတဦးအတွက် ပါတီကနေ (၁ဝ) သိန်းစီထောက်ပံ့မယ်တဲ့။

၁၉၉ဝ တုံးက NLD ကနေဝင်အရွေးခံခဲ့တာ ပါတီကလည်းမရပါ၊ ဘယ်ကမှလည်း ထောက်ပံ့ငွေမရခဲ့ပါ။ ကိုယ်က ဆရာဝန်ဖြစ်နေတာ့ တခြားမြို့နယ်တွေက ရံပုံငွေအတွက် အထိန်းအမှတ်ပစ္စည်းရောင်းတိုင်းဝယ်ရတယ်။ အလှူခံရင် ထည့်ရတယ်။

ရွေးကောက်ပွဲစည်းရုံးရေးအတွက် ပုလဲမြို့နယ်တခွင်ပြဲပြဲစင် ကိုယ့်ကားလေးနဲ့ကိုယ်သွားခဲ့ရတယ်။ တောင်ပေါ်လည်း တက်ရ၊ လယ်ကန်သင်းတွေကိုလည်း ကျော်ရဖြတ်ရ၊ ဘာပြောကောင်းမလည်း ကားကလေး ဖွတ်ဖွတ်ကျေလို့။

တိုင်းပြည်ကနေ ထွက်ပြေးရတော့လည်း ဝရမ်းပြေးကြေညာပြီးမို့ ဘယ်ကားမှငှားမရလို့ ကားလမ်းအဆုံးအထိ ကိုယ့်ကားလေးနဲ့ကိုယ်။ ကားအိမ်ပြန်ရောက်တာနဲ့ ချက်ချင်းရောင်းရတယ်။ မဟုတ်ရင် အိမ်လေးလိုပဲ မနေရ၊ မငှားရ၊ မပြင်ရဖြစ်မှာ သေချာတယ်။

တချို့က စစ်အစိုးရသင်ပေးထားသလို အိန္ဒိယအစိုးရကပေးတဲ့ငွေ၊ စီအိုင်အေကပေးတဲ့ငွေတဲ့။ ဘယ်ကလာ ခြူးတပြားမှ မရပါ။ စင်ပြိုင်အစိုးရမှာလုပ်ရတုံး ရုံးစရိတ်စတာရပါတယ်။ NED နဲ့ နော်ဝေအစိုးရကနေရတာပါ။ ၂ဝဝ၈ မှာ အဲတာတွေ ဖြတ်သွားတော့လည်း နောက်ထပ် ၂ နှစ်ကြာအောင် ကိုယ့်အိပ်စိုက် ဆက်လုပ်ပါသေးတယ်။ စိုက်စရာကုန်တော့မှ ရပ်လိုက်ရတယ်။

၂ဝ၁၅ မှာ အိမ်ပြန်ပြီးအရွေးခံမလား မေးကြတာတွေကို မဖြစ်နိုင်ပါကြောင်းဖြေထားပါတယ်။ ဖြေခဲ့တာထဲမှာ လိုတာ တချက်ကို အခုမှသတိထားမိတော့တယ်။ အမတ်လောင်းလျှောက်လွှာကြေးတောင် ပေးစရာမရှိပါ။ NLD ကလည်း ပေးနိုင်မှာမဟုတ်ပါ။ ဆရာဝန် (၁၅ + ၂) နှစ်လုပ်လို့ရသမျှ နိုင်ငံရေးနဲ့ကုန်သွားပြီ။ စိတ်ကတော့ ကုန်စရာမရှိပါ။ စိတ်နဲ့ နိုင်ငံရေးဆက်လုပ်မယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Malaria vaccine gets green light

ငှက်ဖျားကာကွယ်ဆေး နောက်တဆင့်ပိုနီးစပ်လာပြီလို့ ကနေထွက်ဆေးသုတေသနသတင်းက ဆိုပါတယ်။

European Medicines Agency ဥရောပဆေးအေဂျင်စီကနေ ဆေးစမ်းသပ်နေတဲ့ငှက်ဖျားကာကွယ်ဆေးသစ်ကို အာဖရိကမှာသုံးဖို့ မီးစိမ်းပြလိုက်ပါတယ်။

GlaxoSmithKline ကနေထုတ်တဲ့ Mosquirix ထိုးဆေးဖြစ်ပါတယ်။ RTS,S vaccine လို့လည်းခေါ်ပါတယ်။ World Health Organization ကနေလည်း ဒီနှစ်နောက်ပိုင်းမှာ စဉ်းစားဖို့ရှိပါတယ်။

ငှက်ဖျားရောဂါကြောင့် ကမ္ဘာမှာ လူပေါင်း ၅၈၄ဝဝဝ ယောက်နှစ်စဉ်သေဆုံးနေရတယ်။ ၁၉၉၈ ကနေစလုပ်ခဲ့တာမို့ နှစ်ပေါင်း ၃ဝ သုတေသနလုပ်လာခဲ့တဲ့အိပ်မက်ကတကယ်ဖြစ်လာတာပါလို့ဆိုပါတယ်။

ကလေး ၅ လသားကနေ ၁၇ လသားတွေကို တလခြားပြီး ဆေး ၃ ကြိမ်ထိုးပေးပါတယ်။ လ ၂ဝ မှာ နောက်တကြိမ် ထပ်ထိုးပါတယ်။ ၄ နှစ်အတွင်း ဆိုးဝါးတဲ့ငှက်ဖျားဖြစ်မှု ၃ ပုံ၁ ပုံကျဆင်းတာတွေ့ရှိရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Vote for me please တမဲရပြန်ပြီ

May 6th, 10:32pm
Dear Doctor, I would like to know about Gestational diabetes. I am currently 32 week pregnant and 38 year old. This is my second time pregnant and I have no medical complication when I gave birth my first baby. Currently I am taking a 2.5MG Glyburide before lunch and dinner but blood sugar level is between 140 to 197. Could you please give me a link if you already have posted about it?

May 7th, 12:34am
Gestational Diabetes ကိုယ်ဝန်နဲ့ဆီးချိုကိုပို့လိုက်ပါတယ်။

Jul 24th, 4:46pm
Hi doctor ကျမ induction လုပ်ပြီး Jun ၂၃ က သမီးလေးကိုမွေးပြီးပါပြီး။ ကလေးရော လူကြီးရော ကျန်မာပါတယ်။ doctor ကိုလည်း အထူးကျေဇူးတင်ပါတယ်။ By the way doctor မြန်မာပြည်မှာ အမတ်ဝင်ရွေးခံရင် မြန်မာပြည်အတွက် သိပ်ကောင်းမှာပဲလို့ စဉ်စားမိလို့ပါ။ Have a good day to you!

တမဲရပြန်ပြီ။ တခါမေးတမဲဆိုရင် ကြိုတင်မဲတောင်လိုမှာမဟုတ်ဖူး။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Misguided Nation အဘတို့ခေတ်

အဘအရွယ်တွေတောင် အဘလို့မခေါ်ရတော့ဖူးလားလို့တယောက်နဲ့ သမီးလို့သာသုံးချင်သူတယောက်ကနေ ရေးပါတယ်။ ကျွန်တော့်လျှောက်လဲချက်ပို့ပြီး တခဏအတွင်းမှာ အဘအတွက်မေးသူက သူ့ကွန်မင့်ကို သူကိုယ်တိုင် ဖျက်သွားလို့ အများကြီးကျေးဇူးတင်ပါတယ်။ မနေ့ညကလည်း အဲလိုအသိသူ ၂ ယောက်ရှိထားသေးတယ်။

မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ဘယ်လိုသုံးနှုံးခေါ်ပြောတာတွေက သင့်တော်ကြောင်းကို ရေးဖူးပါတယ်။ အမျိုးတွေ၊ ရင်းနှီးသူတွေအချင်းချင်း ကြိုက်သလိုခေါ်ကြတာ ဘာမှပြောစရာမရှိပါခင်ဗျား။

ကျွန်တော်ကို အကို၊ ဦးလေး၊ အဘလို့ခေါ်တာနဲ့ ကိုယ်ကိုယ်ကို သား၊ သမီးလို့ရေးတာတွေဟာ အခက်အခဲတွေ ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကို သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ ကိုယ့်ကိုယ်ကို သမီးလို့ ရေးသူဆိုရင် ရေးတဲ့သူလာ၊ သူ့သမီးလား၊ စဉ်းစားရတယ်။ သမီးရဲ့သမီးလို့ရေးရင် သူ့ (မြေး) လား စဉ်းစားရတယ်။ နမူနာစာတွေ အများကြီးရှိတယ်။

အဘလို့ရေးတာကိုတော့ မသတီပါ။ အကြိမ်ပေါင်း ၅ဝ လောက်ရေးရပြီးပြီ။ အဘဆိုတာ စစ်အစိုးရထဲကလူကြီးတွေကို ခေါ်ကြတယ်၊ တပ်ရင်းမှူးကိုခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့သူကိုယ်တိုင်က ထောင်ကနေလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။

စစ်အစိုးရကနေ အဘခေါ်နည်းနဲ့ လက်အုပ်ချီနည်းသင်ပေးထားတယ်။ လူငယ်လူရွယ်တွေမှမဟုတ်ပါ။ ရေဘေးသင့် ဒုက္ခသည်အဖွါးကြီးတွေက သမတကိုလက်အုပ်ချီနေကြတာတွေတော့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။

လိုနီခေတ်မှာ ဆင်းရဲကြတဲ့တောင်သူလယ်လုပ်တွေကို ငဘလို့ခေါ်တယ်။ စစ်အစိုးရခေတ်မှာ ဆင်းရဲသူတွေကို ကျွန်ပြုသူတွေက အဘလို့သင်ပေးထားတယ်။ သခင်နဲ့ကျွန်ဆက်ဆံရေးမှာ အုပ်ချုပ်ရေးအရ အဲလိုဆက်ဆံရတယ်။

ဆရာဝန်နဲ့လူနာဆက်ဆံရေးမှာ အုပ်ချုပ်ရေးသဘောမရှိပါ။ ဆရာနဲ့ ကျနော်-ကျမသာ လိုအပ်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Do not gossip ပြောမနာဆိုမနာသူတွေနဲ့ စကားပြောခြင်း

- အသိအမျိုးသမီးအဆိုတော်တယောက် စန္ဒယားခုံပေါ်မှာထိုင်နေတယ်။
- မေးလိုက်တယ် ဧယဉ်ကျူးနေတာလား။

- အသိစာရေးဆရာတယောက်ကရေးတယ်၊ လည်းနေလှအောင်း မြင်းဇောင်းမကျန်အောင့့် တဲ့။
- ပြန်ပြောလိုက်တယ် အနီးနေ အဝေးနေ၊ သုခိတ ဒုက္ခိတ၊ သုံးဆယ့်တဘုံ အကုန်ပါဗျာ။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Embarrassing usage

ကျွန်တော့်ပို့စ် = White Madonna lily အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေ

Michelle Mon Share ပြီ အဘ

Tint Swe အဘစကားလုံးကို မသတီကြောင်း ပို့လိုက်ပါတယ်။ အနည်းဆုံး အကြိမ် ၅ဝ မြောက်ရှိမယ်ထင်တယ်။

အဘခေတ်မှာလူဖြစ်ရသူတွေအတွက် စိတ်မကောင်းပါ။ အဘတယောက်အသုဘနဲ့အတူ အဘခေတ်ကြီး အဆုံးသတ် ကွယ်ပျောက်ပါစေသတည်း။ အဘခေါ်ကြသူတွေ အမြင်မှန်ရကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

White Madonna lily အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေ

မနေ့ကကွယ်လွန်သွားသူတဦးအတွက် ဒေါ်အောင်ဆန်းစုကြည်နေပို့တဲ့ လွမ်းသူ့ပန်းခြင်းမှာ လီလီပန်းတွေနဲ့ဖြစ်တယ်။ ကွန်မင့်ရေးသူတွေကလည်း ကောင်းကောင်းသတိထားမိကြတယ်။

Lilies လီလီပန်းသမိုင်းက ဘီစီ ၁၅၈ဝ ကတည်းကနေစတယ်။ Crete ခရိကျွန်းမှာ ရှေးဟောင်းဂရိဒဏ္ဍာရီထဲမှာပါတယ်။ ဂရိစာလုံး Leiron ကနေလာတယ်။ White Madonna lily အဖြူရောင်မက်ဒိုနာလီလီပန်းကို ဆိုလိုပါသတဲ့။ နတ်ဘုရားတွေရဲ့ ဘုရင်မ Hera ဟီရာရဲ့ နို့ရည်ကနေလာတယ်လို့ ဖွဲ့ဆိုပါတယ်။ မေလရဲ့ပန်းနဲ့ နှစ် (၃ဝ) ပတ်လည် မင်္ဂလာနေ့ပန်းလို့လည်း သတ်မှတ်ထားတယ်။

Virgin Mary အပျိုစင်မေရီကို အမွှမ်းတင်ပြီး Chastity ဗြဟ္မစရိယအကျင့်နဲ့ Virtue သူတော်ကောင်းတရားလို့လည်း အဓိပ္ပါယ်ဖွင့်ပါတယ်။

နောက်ပိုင်းမှာ လီလီပန်းကို အသုဘအတွက်သုံးလာကြပါတယ်။ သေဆုံးပြီးနောက်မှာ Restoration of innocence အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေလို့ ဆိုလိုတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Our way of life


ဘာသာရေးယဉ်ကျေးမှု + လူမှုရေးယဉ်ကျေးမှု + နိုင်ငံရေးယဉ်ကျေးမှု = မြန်မာ့ယဉ်ကျေးမှု

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅