1947 and 2008

ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၄၇ နှင့် ၂ဝဝ၈ နှိုင်းယှဉ်ချက် (နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများ)

၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်ချင်သူတွေက အဲတာဟာ ဗိုလ်ချုပ်အောင်းဆန်းရေးခဲ့တဲ့ ၁၉၄၇ အတိုင်းဘဲလို့ ပြောနေကြတယ်။ အဲလိုပြောတာ မှားပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံကို မြန်မာဘာသာနဲ့ အလွယ်မရှာနိုင်သေးလို့ အင်္ဂလိပ်လိုသာကိုးကားပါရစေ။ ၁၉၄၇ ထဲမှာ ပုဒ်မ ၄၉၊ (၁) နဲ့ (၂) ပါပြီး၊ ၂ဝဝ၈ မှာ (က) ကနေ (ဆ) အထိပါပါတယ်။

THE CONSTITUTION OF THE UNION OF BURMA 1947
49. No person shall be eligible for election to the office of President unless he –
(i) is a citizen of the Union who was, or both of whose parents were, born in any of the territories included within the Union, and
ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)
၄၉။ (က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘနှစ်ပါးသော်၎င်း၊ ပြည်ထောင်စုနိုင်ငံ၏ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင်
(ii) is qualified for election to the Union Parliament.
(ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့် အရည်အချင်းနှင့်ပြည့်စုံသည်လည်းဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင်၊ မည်သူမျှ နိုင်ငံတော်သမ္မတရာထူးအတွက် ရွေးကောက်ခံနိုင်ခွင့် မရရှိစေရ။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)
၅၇၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်၊
၅၈၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး အထွတ်အထိပ်နေရာ ရရှိသည်၊
၅၉၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။
( ခ ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော့်အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
( ဂ ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်။
( င ) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂ဝ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။
ချွင်းချက်၊ နိုင်ငံတော့်ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်၊
( စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ့ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။
(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်၊

အချုပ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံမှာပါတာနဲ့ မတူပါ။

ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး