Zika virus ဇီကာဗိုင်းရပ်စ် သတိထားသင့်လာပြီ

Aung San Myint ဆရာတင့် - ဇီကာဗိုင်းရပ်စ်အကြောင်းလေး ပြောပြပေးပါ။ အာရှထိရောက်နေတယ် တနေ့က TV မှာ ကြည့်လိုက်ရတယ်။ မြန်မာပြည်က ကိုယ်ဝန်တောင်မိခင်တွေ သိသင့်တယ်ထင်လို့ပါ ဆရာရေ။

လွန်ခဲ့တဲ့ (၄) နာရီလောက်က အမေရိကန်သမတကနေ သတိပေးလိုက်ပါတယ်။ ဒီဗိုင်းရပ်စ် ကာကွယ်ဆေးသုတေသန လုပ်တာကို မြန်မြန်ဆန်ဆန်ဖြစ်လာဘို့အကြံပေးပါတယ်။

၂၄-၁-၂ဝ၁၆ နေ့တုံးက ကိုယ်ဝန်ဆောင်တွေအတွက် Zika (ဇီကာ) ဗိုင်းရပ်စ်အန္တရာယ် သတိပေးစာကိုတင်ခဲ့ပါတယ်။ အဲဒီတုံးက တောင်အမေရိကနဲ့ ကရစ်ဘီယန်ဒေသအတွက် ကျန်းမာရေးအရေးပေါ်သတိပေးချက်ဖြစ်ပါတယ်။

(ဇီကာ) ဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင်မှာ ဆိုးတဲ့မွေးရာပါချို့ယွင်းချက်ဖြစ်နိုင်တယ်။ မွေးလာတဲ့ကလေးတွေမှာ Microcephaly ခေါ် ဦးနှောက်သေးနေမယ်။ ဘရာဇီးနိုင်ငံမှာ အောက်တိုဘာကနေစတွက်တာ အဲလိုကလေးပေါင်း ၄ဝဝဝ ရှိနေပြီ။ ဦးခေါင်းပတ်လည်အတိုင်းအတာ ၃၁့၅ ကနေ ၃၂ စင်တီမီတာထက်နည်းနေရင် ဦးနှောက်သေးတယ်လို့ သတ်မှတ်တယ်။ Microcephaly လို့ခေါ်တယ်။

(ဇီကာ) ဗိုင်းရပ်စ်ကို ၁၉၄ဝ ကျော်ကတည်းသိခဲ့တာပါ။ ခြင်ကနေကူးစက်တယ်။ လူကနေလူကိုတော့ မကူးစက်ပါ။ ကိုလမ်ဘီယာအစိုးရကတော့ နောက် (၈) လအတွင်း ကိုယ်ဝန်မဆောင်ကြဘို့ သတိပေးထားပါတယ်။ အီကွေဒေါ၊ ဂျမေကာနဲ့ အယ်လ်ဆာဗာဒိုမှာလည်း အတူတူပဲ။

ကူးစက်ခံရရင် တုပ်ကွေးလိုခံစားရမယ်။ ခပ်သင့်သင့်ဖျားတာ၊ မျက်စိနာတာနဲ့ ခေါင်းကိုက်တာစဖြစ်တယ်။ မိခင်လောင်းမှာ ပိုးကူးစက်ခံထားရရင် အထဲကကလေးမှာ ရောဂါရစေမယ်။

အဲတာကို အမျိုးသမီးအခွင့်အရေးအဖွဲ့တွေက ကိုယ့်ကိုယ်ဝန်ကိုယ်ဆောင်တာ ဘာဖြစ်လည်းလို့ ဝေဖန်ကြတယ်။
ကိုလမ်ဘီယာမှာ ကိုယ်ဝန် ၅ဝ% က မထင်မှတ်ပဲရနေကြတယ်။ လိင်စော်ကားမှုကလည်းထူပြောတယ်။ အဲဒီမှာ လူနာပေါင်း ၁၃၅ဝဝ ယောက်မှာပိုးစစ်လို့ရထားတယ်။  အဲလိုကလေး ၄၉ ယောက်သေဆုံးပြီးပြီ။ သူတို့ထဲက ၅ ယောက်မှာ ပိုးတွေ့တယ်။

အမေရိကန်အစိုးရကလည်း အဲဒီဒေသက နိုင်ငံပေါင်း (၂ဝ) ကျော်ဆီကို ကိုယ်ဝန်ရှိသူတွေခရီးမသွားကြဘို့ သတိပေးလိုက်ပါတယ်။

Aedes aegypti (အေးဒီးစ်အီဂျစ်ပတိုင်း) အမျိုးအစားခြင်ကနေ သွေးလွန်တုပ်ကွေး၊ အဝါရောင်အဖျားရောဂါ၊ ဇီကာအဖျား ရောဂါနဲ့ ချစ်ကန်ဂူညာ (ဂျပန်၊ ဆင်ဖြူတော်၊ မျောက်) တုပ်ကွေးရောဂါတွေကိုကူးစက်စေတယ်။ ဒီခြင်က နေဝင်နဲ့ မနက်အိပ်ယာထချိန်တွေမှာ ကိုက်တယ်။ အခန်းတွင်း၊ အိမ်ထဲနဲ့ အရိပ်ရှိရာမှာနေတယ်။ တိမ်ထူနေချိန်ကို သဘောကျတယ်။ တနှစ်လုံးဖြစ်နိုင်တယ်။ တနေကုန်ဖြစ်နိုင်တယ်။ မြေပုံမှာ အနီရောင်ခြင်ပေါဒေသထဲမှာ မြန်မာနိုင်ငံ ပါတယ်။ ရေသေကို ပိုကြိုက်တယ်။ ပန်းအိုး၊ အဖုံးမပါတဲ့ ရေထည့်စရာတွေမှာပေါက်ပွါးတယ်။ ရေဟောင်း ကျန်မနေအောင်လုပ်ရတယ်။ ခြင်ဆေးဖြန်းရတယ်။ ခြင်ကိုက်မခံရအောင်လုပ်ရတယ်။ ခြင်နှိမ်နင်းရေးကို စာတပုဒ်ရေးပါမယ်။

တောင်အမေရိကကိုခရီးသွားခဲ့တဲ့ ဒိန်းမတ်လူမျိုးမှာ ပိုးတွေ့ထားတယ်။ အလားတူ ဂျာမဏီ၊ ဆွီဒင်၊ ဗြိတိန်မှာလည်း တွေ့တယ်။ ၂၇-၁-၂ဝ၁၆ နေ့စွဲနဲ့သတင်းမှာ စင်္ကာပူကျန်းမာရေးဌာနကနေ သတိပေးချက်ထုတ်လိုက်ပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်မလာအောင် ဆောင်ရွက်ရေးအတွက် ဖြစ်ပါတယ်။ ၁၉-၁-၂ဝ၁၆ နေ့တုံးက ထိုင်းနိုင်ငံကနေ ပြန်လာသူဆီကနေ တိုင်ဝမ်မှာပိုးတွေ့တဲ့သတင်းလည်းရှိခဲ့ပါတယ်။

ကျန်းမာရေးသတိပေးတိုင်း စာဖတ်သူတွေ နားထောင်သူတွေကို လိုတာထက်ပိုကြောက်အောင် ဖြဲမခြောက်ဘို့ပါ သတိပေးပါတယ်။ မြန်မာပြည်ကနေ တောင်အမေရိကကိုသွားတာအလွန်ရှားတယ်။ ဒါပေမယ့် ခရီးသွားသူများတဲ့ ထိုင်းနဲ့ စင်္ကာပူကိုတော့ ဗမာတွေလည်းသွားကြလာကြလို့ တဆင့်ခံ နှစ်ဆင့်ခံ ကူးစက်မခံရအောင်သာ သတိထားကြပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၆
Distribution in 2006 of Aedes aegypti(blue) and epidemic dengue (red)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး