Cerebral palsy (CP) စီပီရောဂါ

ကျမသမီးလေးက ခုဆို အသက် ၂ နှစ်ရှိပါပြီ စကားမပြောသေးလို့ပါ။ သမီးလေး အသက် ၃ လ သမီးမှာ ဝမ်းပျက် ဝမ်းလျှော အကြီးအကျယ်ဖြစ်ဖူးပါတယ်။ ဆေးရုံကို ၁ လလောက်တက်ခဲ့ရပါတယ်။ ဆေးရုံတက်နေတုန်းမှာ အဖျားက ၁၀၄ ရှိနေခဲ့တာ ၁၀ ရက်လောက်ပါ။ ရိုးရိုးဖျားနာဆောင်ကနေ ခွဲစိတ်ဆောင်ပြောင်းပြီး နှာခေါင်းပိုက်နဲ့ နို့မစို့ရပဲ နေခဲ့ရတာပါဆရာ။ အဲဒီနောက် ၅ လသမီးမှာ တကြိမ် ဝမ်းထပ်လျှောလို့ ဆေးရုံတက်ရပါတယ်။ နောက် ၈ လသမီးမှာ ရင်ကြပ်ပြီး နှုပ်ခမ်းတွေပြာသွားတဲ့အထိ ဖြစ်လို့ ဆေးရုံတက်ပြီး အောက်စီဂျင်နဲ့နေခဲ့ရပါတယ်။ နောက်ထပ် တနှစ်သမီးမှာ တခါထပ်ပြီး ရင်ကြပ်လို့ ဆေးရုံထပ်တက်ရပါတယ်။ သမီးလေးက အစပထမမှာ လူမရွေးသူခင်ပါတယ်။ မျက်နှာစိမ်း ဘယ်သူချီချီ လိုက်ပါတယ်။ နောက်ဆုံးတခေါက်ဆေးရုံတက်အပြီးမှာ မိသားစုက လွဲပြီးဘယ်သူမှ သူ့ကို ထိလို့ကိုင်လို့ မရအောင် အရမ်းကြောက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အထိုင်စမ်းတာ ၇ လလောက်မှာ စမ်းပြီး ၁ နှစ်ကျော်မှ မတ်တပ် စမ်းပြီးရပ်ပါတယ်။ အခု ၂ နှစ်ပြည့်ပါပြီ။ လမ်းလျှောက်ပါပြီဆရာ။ ဒါပေမယ့် သူစကားလုံးဝ မပြောသေးပါဘူးဆရာ။ ကျမ သိချင်တာက သမီးလေးဟာ Autism ကလေးဆိုတာများဖြစ်နေမလားလို့ပါ။ သူ့ကျန်းမာရေးအရမ်းချုခြာခဲ့လို့ ဖွံ့ဖြိုးမှု နောက်ကျတာလား သိချင်လို့ပါဆရာ။ စကားမပြောသေးပေမယ့် သူ့ကိုပြောတာ သူအကုန်နီးပါး နားလည်ပါတယ်ဆရာ။ ကလေးအချင်းချင်း သူဆော့ပါတယ် သူ့ကိုခေါ်တာလည်း သူသိပါတယ် ပြောတာကိုလည်း သူနားလည်ပါတယ်။ စကားမပြောတာရယ် လူကြီးဆို မိသားစုဝင်က ခွဲရင်အထိမခံတာ စူးစူးဝါးဝါးကို ငိုနေတာပါ။

ဆောရီး။ ကလေးအထူးကုဆရာဝန်က အကောင်းဆုံး ညွှန်ပါမယ်။ နားမကြားမဖြစ်ရင် ပြောနိုင်လာမယ်ထင်ပါတယ်။

ဆရာရှင် သမီးလေးကို ဦးဏှောက်နဲ့အာရုံကြော အထူးကုနဲ့ပြကြည့်ပါတယ် ဆရာဝန်က ငယ်ငယ်က ရောဂါဖြစ်ချိန်မှာ ဦးဏှောက်ထဲ ပိုးဝင်သွားတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။ အဲလိုဆို ကလေးမှာ ဆိုးကျိုးဘာဖြစိနိုင်မလဲ သိချင်လို့ပါဆရာ မြန်မာနိုင်ငံမှာက ဆရာဝန်တွေက လူနာကို အချိန်မပေးနိုင်ကြပါဘူး။ လူနာရှင်က ရောဂါအခြေအနေကို သိချင်လို့ မေးရင်လည်း မကြိုက်ကြပါဘူးဆရာ။ သမီးလေးအတွက် ဘယ်လိုကုသမှုမျိုးလို အပ်လဲဆိုတာ သိချင်လို့ပါ။ ဆရာဖြေနိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။

၂။ ဆရာရှင့် cp ဆိုတာ ဘာရောဂါကိုပြောတာပါလည်းရှင်။ ပြီးတော့ ဘယ်အရွယ်တွေဖြစ်တတ်ပါသလဲရှင့်။ ရောဂါလက္ခဏာတွေက ဘယ်လိုတွေပါလည်းရှင်။ ဆရာအဆင်ပြေရင် သမီးသိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။

အရင်ကလည်း မေးကြတယ်။ တယောက်ပုံတခုပါတွဲပို့တယ်။ ပုံမှာ ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး ဘယ်တော့မှ မကြုံပါရစေနဲ့ကွယ်လို့လည်း စာပါတယ်။ တနေ့ကလည်း ဝမ်းဗိုက်မလုံပဲ မွေးလာတဲ့ကလေးအကြောင်းစာကိုတင်တော့ ဝဋ်နာ၊ ကံနာစသဖြင့် ကွန်မင့်မှာရေးလာကြတယ်။ ကျွန်တော့် သဘောကတော့ တယောက်ယောက် ဒုက္ခရောက်နေချိန်မှာ အားပျက်စေတာမျိုးမပြောသင့်ပါ။

အတိုကောက်တွေနဲ့ ရေးကြတယ်။ ဒီရောဂါကို ယောက်က PC တဲ့။ PC ဆိုတာ ကလေးရောဂါထဲမှာမရှိပါ။ CP သာရှိတယ်။ Cerebral palsy (CP) လို့ခေါ်တယ်။ ကြွက်သား (တုန်း) အား၊ လှုပ်ရှားမှု၊ ပူးတွဲလုပ်ဆောင်ရာမှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေမှာ အားနည်းနေတယ်။ ဦးနှောက်မှာ ထိခိုက်ခံရာကနေဖြစ်စေတယ်။ မမွေးခင်ကတည်းကရော မွေးနေတုန်းမှာပါဖြစ်နိုင်တယ်။ အကောင်းမွေးလာပြီး ၃-၅ နှစ်မှာဖြစ်လာတာလည်းရှိတယ်။ ကြာတော့ အမြင်၊ အကြား၊ စကားပြော၊ ပညာသင်ကြားရေးတွေကိုပါ ထိခိုက်လာနိုင်တယ်။

CP အမျိုးအစား (၃) မျိုးရှိတယ်။
၁။ Spastic cerebral palsy ကြွက်သားတွေ တင်းတောင့်နေမယ်။
၂။ Athetoid cerebral palsy စိတ်ကနေမထိန်းနိုင်တဲ့လှုပ်ရှားမှုတွေဖြစ်နေမယ်။
၃။ Ataxic cerebral palsy ကိုယ်ကိုဟန်ချက်ညီအောင်မထိန်းနိုင်ဖြစ်နေမယ်။ အနိမ့်အမြင့်ကို မှန်းရတာခက်မယ်။

ဘာလို့ဖြစ်သလည်း တိတိကျကျမသိပါ။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ပိုးဝင်တာ၊ မျိုးဗီဇကိုသာ စဉ်းစားလို့ရတယ်။ မွေးနေတုန်းရနိုင်တာက အတော်ကိုရှားတယ်။ မွေးပြီးမှ ဦးနှောက်မှေးရောင်တာ၊ ထိခိုက်မိတာတွေကနေလည်း ဖြစ်စေနိုင်တယ်။

ပျောက်အောင်ကုသနည်း မပေါ်သေးပါ။ ဆောရီး။ အသက်ကြီးလို့ ပိုဆိုးလာတာတော့ မရှိပါ။ ယူအက်စ်မှာ ကလေးပေါင်း ၅ သိန်းမှာ အဲတာရှိတယ်။

မျက်စိအမြင်၊ နားအကြားအားနည်းလာမှာတွေသတိထားရမယ်။ အစာပြန်အန်တာ၊ တက်တာတွေလည်း သတိထားနေရမယ်။ အထူးသင်ကြားမှုတွေ လက်လှမ်းမီတာလုပ်ပေးနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၇-၂-၂ဝ၁၆
၁၈-၃-၂ဝ၁၆
၂၁-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး