Insecticide-Treated Bed Nets ခြင်နိုင်ဆေးပါတဲ့ ဇာခြင်ထောင်

ခြင်ကို ဗီတာမင်ဘီဝမ်းဆေးပြားနဲ့ ပြေးအောင်လုပ်တဲ့စာကို အတော်စိတ်ဝင်စားမှုရှိတယ်။ ထိရောက်မှုလည်း ရာနှုန်း များပုံရတယ်။ ကွန်မင့်မှာ ခြင်ထောင်ကသာ သေချာတယ်လို့ရေးတာကို ၂၄ နာရီကြာတဲ့အထိ ကျွန်တော်က လိုက်ခ် မလုပ်ပါ။ ဒီစာရေးလိုက်ပါတယ်။

ခြင်နှိမ်နင်းရေးမှာ ခြင်မပါက်ပွါးရေးအတွက် ခြင်လောက်လန်းနေရာ ရှင်းလင်းရေးနဲ့ ပိုးလောက်လန်းစားငါးမွေးမြူရေး၊ ခြင်ဆေးငွေ့ဖြန်းခြင်း၊ ခြင်ဆေးခွေ၊ ခြင်ဆေးလျှပ်စစ်ကရိယာ၊ ခြင်သေလျှပ်စစ်ဘက်တံ၊ ရီပဲလင့်လိမ်းဆေး၊ ခြင်ပြေးနိုင်တဲ့ အပင်တွေ စိုက်ပျိုးရေးစတာတွေကိုလည်း ရေးထားပါတယ်။ တနည်းတည်းနဲ့မပြီးတာကိုသိစေဘို့ပါ။ အခု ထိရောက်တဲ့ ခြင်ထောင်ကို ရေးပါမယ်။ ခြင်ထောင်ကနိုင်တယ်ဆိုတာနဲ့ မပြည့်စုံပါ။

ခြင်ကိုတကယ်နိုင်တာကို Insecticide-treated bed nets (ITNs) အင်းဆက်နိုင်ဆေးပါတဲ့ခြင်ထောင်လို့ ခေါ်ပါတယ်။ ခြင်ပေါတဲ့နေရာတွေ၊ ငှက်ဖျားထူထပ်တဲ့နေရာတွေမှာ လူအများသုံးနိုင်အောင် ဖြန့်ဝေပေးရပါတယ်။ ဒေလီမှာနေတဲ့ မြန်မာဒုက္ခသည်တွေကိုလည်း ဝေပေးပါတယ်။ ထိရောက်တယ်။ အာဖရိကမှာသုတေသနလုပ်တော့ အဲဒီခြင်ထောင်မျိုး သုံးတဲ့အတွက် ၅ နှစ်အောက်ကလေးသေနှုန်း ၂ဝ% ကျဆင်းတာတွေ့ရတယ်။ ခြင်ကိုသာမက တခြားအင်ဆက်တွေပါ လာမကပ်နိုင်ပါ။

အရွယ်အစားအမျိုးမျိုး၊ အရောင်လည်းအမျိုးမျိုး နဲ့လာတယ်။ Polyester, Polyethylene, Polypropylene တွေနဲ့ လုပ်ထားပါတယ်။ Pyrethroid insecticides ကိုသာ တရားဝင်အသိအမှတ်ပြုထားပါတယ်။ နေရောင်နဲ့ တိုက်ရိုက် ထိတွေတာနဲ့ ခဏခဏလျှော်ရင်တော့ ဆေးပျယ်မယ်။ ၆-၁၂ လတခါအသစ်လဲရတယ်။ ရေနဲ့ အချိုးကျ ရောထားတဲ့ ပိုးသတ်ဆေးရည်ထဲကို ခြင်ထောင်စိမ်လိုက်ပြီး အရိပ်မှာ အခြောက်ခံပြီး သုံးနိုင်တယ်။ ခြင်က ဆေးယဉ်လာတာရှိရင် Piperonyl butoxide နဲ့ Pyrethroid insecticide နဲ့ရောသုံးတယ်။ ပိုကောင်းတယ်လို့တော့ အတည်မပြုနိုင်သေးပါ။

Long-Lasting Insecticide-treated Nets (LLINs) တာရှည်ခံခြင်ထောင်ကိုလည်း တီထွင်လာကြတယ်။ ၃-၅ နှစ်အထိ ခံအောင်ရည်ရွယ်တယ်။ WHO Pesticide Evaluation Scheme (WHOPES) ကနေ ၁၅ မျိုးကို ငှက်ဖျားထူထပ်ရာမှာ သုံးဘို့ ၂ဝ၁၄ မှာ ခွင့်ပြုထားပြီးပြီ။ ၂ဝဝ၈ ကနေ ၂ဝ၁ဝ အတွင်း ဆာဟာရအောက်ပိုင်းဒေသမှာ WHO ကနေ အဲလို ခြင်ထောင်ပေါင်း ၂၉၄ သန်း ဝေငှခဲ့ပါတယ်။ နောက်ထပ်လည်းထပ်ဝေပါတယ်။

ဒေလီမှာတုံးက အိပ်စက်ခဲ့ရတဲ့ ခြင်ထောင်အပြာလေးကို အမှတ်ရနေပါတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး