Prediction နိုင်ငံရေးဗေဒင်

(လွန်ခဲ့တဲ့ ၂ နှစ်တိတိကရေးခဲ့တဲ့စာ၊ အခုနေမှာ အတော်များများမှန်သေးပါတယ်။)

နောက်သမတဖြစ်သူဖြစ်မလဲဆိုတဲ့ နိုင်ငံရေးဗေဒင်ကို လူတိုင်းမှာဟောခွင့်ရှိပါတယ်။ ဖြစ်ချင်နေသူတွေကလည်း အဆောင်တွေရှာ၊ ယတြာဆောင်၊ ရှောင်ရမှာတွေ ရှားနေကြပါတယ်။

မဖြစ်နိုင်တာကို အရင်ဟောရရင် နှုပ်ကောင်းလျှင် ပြည်စိုး စကားပုံကို မသိသူ၊ လူပုံအလယ်မှာ ဆဲရေးတိုင်းထွာသူမျိုး ဖြစ်စရာမလားအလာ မရှိပါ။ စစ်အစိုးရလက်ထက်တွေမှာ ပုလိပ်ဆိုးနေရာမှာ သရုပ်ဆောင်ကြသူတွေဟာ ဒီနေရာအထိ တက်လာစရာမရှိပါ။ သူတို့ဟာ ဇာတ်ပို့တွေသာဖြစ်တယ်။ ဇာတ်လိုက်နဲ့ လူကြမ်းကပိုအရေးပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သားရနေတဲ့ တိုင်းပြည်တွေမှာတော့ နိုင်ချေရှိတဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်တွေထဲက ဖြစ်လာမယ်ဆိုတာကို ကြိုတင်မှန်းထားနိုင်ကြတယ်။ အိန္ဒိယမှာဆိုရင် ဝန်ကြီးချုပ်လောင်းကို တရားဝင်ပြောထားပြီးမှ ရွေးကောက်ပွဲဝင်လေ့ရှိပါတယ်။ ဒီအချက်က မဲဆွယ်ရာမှာ အတော်ထိရောက်တယ်။ (အခု မြန်မာပြည်မှာ အဲတာကို ပြောင်းပြန်လုပ်လိုက်ပါတယ်။)

မြန်မာပြည်ရဲ့နိုင်ငံရေးက (၁) ဒီမိုကရေစီလဲမကျ၊ (၂) အမှန်းရခက်တဲ့အစဉ်အလာကလဲ အရိုးစွဲနေတယ်။ သမတကို လူထုကနေရွေးရတာလဲမဟုတ်၊ အနိုင်ရနိုင်ငံရေးပါတီမှာလဲ ရွေးခွင့်မရှိပါ။ အစုသုံးစုကနေသာ ရွေးမှာတဲ့။ နှစ်စုကတော့ အနည်းနဲ့အများ လူထုမဲဆန္ဒကိုကိုယ်စားပြုတယ်လို့ ပြောနိုင်တယ်။ ဒါကလဲ ရွေးကောက်ပွဲမှာ မသမာမှုတွေ မရှိပါမှ။ တတိယအစုကတော့ စစ်တပ်ကဖြစ်တယ်။ သုံးဘို့-တဘို့ဆိုတာ ၂၅% ထက်များတယ်။

မဲဆန္ဒလုံးဝမပါသလို အမိန့်ပေးစနစ်ကိုသာ လုံးဝကျင့်သုံးတာမို့ လူဦးရေလေးငါးသိန်းကို ကိုယ်စားပြုတယ်လို့လဲ ဘယ်နည်းနဲ့မှ မပြောနိုင်ပါ။ (ဒီနေရာမှာ ငါးသိန်းရှိတဲ့ သံဃာတော်တွေနဲ့ စစ်သားတွေ လာတူနေတယ်။ ဘယ်သူ့မှာမှ ဆုံးဖြတ်ရာမှာ ပါခွင့်မရှိကြဘူး။ ဘုန်းဘုန်းများ ကန်တော့ပါဘုရား။) ဒါဟာ ကာကွယ်ရေးဦးစီးချုပ်ကိုပေးထားတဲ့ မဟာအခွင့်အရေးကြီး ဖြစ်တယ်။ ၅ နှစ်ကြာ ယူထားပြီးရင်တော့ တော်လောက်ပြီထင်ပါတယ်။

မြန်မာပြည်မှာ စစ်တပ်ကချည်း ဦးစီးအုပ်ချုပ်၊ စိတ်တိုင်းကျလုပ်နေတဲ့သမိုင်းကို ကြည့်ရင် နောက်ခြေလှမ်းကို ကြောင်လက်သည်း ဝှက်သလို အမြဲမပြဘဲထားလေ့ရှိတယ်။ လုပ်ပြန်ရင်လဲ မထင်မှတ်တာကို လုပ်တယ်။ မထင်မှတ်ဆိုတာ လူတွေရဲ့ ဆင်ခြင်တုံတရားနဲ့မှားယွင်း၊ ယုတ္တိဗေဒနည်းနဲ့ လွဲကင်းတာမျိုးကို လုပ်လေ့ရှိတာပါ။ ဒီတော့ ဘောလုံးပွဲမှန်းချေမျိုးလို ရမ်းနေလို့မရ၊ မြင်းပွဲလိုလောင်းလည်း မကောင်းပါ။

လူအများစုရဲ့လိုအင်ဆန္ဒဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖြစ်စေချင်ကြတာကို မှားတယ်လို့ပြောမရပါ။ ရာနှုန်းပြည့် မဟုတ်တာတော့ မှန်ပါတယ်။ ဒီမိုကရေစီမှာ ရာနှုန်းကစကားပြောပါတယ်။ မြန်မာ့ဒီမိုကရေစီကတော့ သိန်းနှုန်း၊ သန်နှုန်းက စကားပြောနေတုန်းပါ။ (အခု အဲတာ မှားသွားပြီ။)

လူအများစုအဖို့ကတော့ ဒေါ်စုကို သမတမဖြစ်နိုင်အာင် ဘယ်ကနေဘာလို့ လုပ်ထားသလဲဆိုတာတောင် နားမလည်နိုင်အောင် ဖြစ်နေကြတုံးဘဲ။ သိတဲ့သူတွေကနေ ဖွဲ့စည်းပုံကိုပြင်ဘို့ အားစိုက်ခွန်စိုက်လုပ်နေကြတယ်။ ဒီအချက်တွေကို ပြင်နိုင်မဲ့နည်းလမ်းတွေကို ဥပဒေဒေါင့်နေ ထောက်ပြသူတွေ၊ လွှတ်တော်ဘက်ကနေ အော်နေသူတွေ၊ မီဒီယာနဲ့ လူမှုရေးကွန်ယက်မှာ တက်နေတာတွေ များမှများပါ။ ချီးကျူးစရာပါ။

ဒါပေမဲ့ ဖွဲ့စည်းပုံကိုရေးခဲ့သူတွေ (အမျိုးသားညီလာခံတက်ကြတဲ့ ၇ဝ၂ ဦး မဟုတ်ပါ) ကနေ ဒေါ်စုသမတမဖြစ်စေရေးနဲ့ ရေးထားတဲ့ဖွဲ့စည်းပုံကို ပြင်မရရေးနဲ့ နောက်ကြောင်းပြန်အရေးမယရဆိုတဲ့ လမ်းညွှန်မူကြီး သုံးချက်ကို အသေအချာ လုပ်ထားခဲ့တာ အခု ပိုပြီးပေါ်လွင်လာနေပါတယ်။ အမိန့်တော်ဘယ်ကလာသလဲ။ ကြံ့ခိုင်ရေးအသင်းကြီးရဲ့ နာယကချုပ်ကြီးဆီကဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ နေရာလက်မလွှတ်ရရေး တအားဇောင်းပေးလုပ်နေပါပြီ။ ဒီပါတီက နိုင်ငံရေးပါတီ အစစ်မဟုတ်ဘဲ အထက်မိန့်ကို နာခံတဲ့အစဉ်အလာနဲ့သာ စုထားတဲ့အဖွဲ့အစုတခုဖြစ်လို့ အပေါ်ကလူတွေပြီးရင် လိုက်ပြီးရတာဘဲ။ အပေါ်ကလူတွေကလဲ အထက်မှာရှိတဲ့ နာယကကြီး ပြီးမှပြီးရမှာဖြစ်တယ်။ သူတို့ နာယကဆိုတာက အင်နယ်လ်ဒီ နာယကနဲ့ တခြားစီပါ။

ကာချုပ်ဖြစ်သူဟာ အစဉ်အလာအရ နောက်တက်မဲ့သူဖြစ်ဘို့ အလားအလာတော့ ရှိပါတယ်။ လုပ်သက်နဲ့ ဝါစဉ်အရတော့ တန်းဝင်ပါတယ်။ ခက်တာက သူလဲမသေချာသေးဘူး။ သူ့အဖို့ နာယကကြီးပေးတဲ့အမှတ် ယူနိုင်ဘို့ရာ အချိန်တနှစ် လိုပါသေးတယ်။ ၂ဝ၁ဝ မတိုင်ခင်က တစ်ပြေးသူတွေ အားလုံးနီးပါး လွဲမှားခဲ့ကြတယ်မဟုတ်ပါလား။

နောက် နာယကတမျိုးရှိပါသေးတယ်။ လွှတ်တော်နာယကဆီက အသံတွေလဲ စိတ်ဝင်စားဘို့ကောင်းလှတယ်။ အသံပျော့ပြောင်းသလိုဘဲ။ ခက်တာက ရုပ်ရည်နဲ့ အသံဟာ အနုပညာလောကမှာသာ လူကြိုက်များတယ်။ မြန်မာပြည် နိုင်ငံရေးမှာ လူကြိုက်များသူကို လက်မခံဘူးဖြစ်နေသေးတယ်။ အားမလျှော့ပါနဲ့ မဖြစ်သေးတာတွေ ဖြစ်လာနေတဲ့ ခေတ်လဲဖြစ်ပါတယ်။

အိန္ဒိယမှာ ရွေးကောက်ပွဲနိုင်တဲ့ (ကွန်ကရက်) ပါတီက ဝန်ကြီးချုပ်အနေနဲ့ ပါတီခေါင်းဆောင် မစ္စစ်ဆိုနီယာဂန္ဒီ မလုပ်ခဲ့တာဟာလဲ ထူးခြားတဲ့နမူနာတခုဖြစ်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ အိန္ဒိယမတူကြပါ။ ဒီတော့ အမှန်းရခက်ပေမဲ့ ပြောရတာလွယ်ပါတယ်။ ဒီမိုကရေစီကိုလိုလားသူဖြစ်လို့ လွဲချင်လဲလွဲစေတော့၊ မလျှော့ပါ။ ဒေါ်စုသည်သာ သမတဖြစ်နိုင်တယ်။ မှန်းချက်နဲ့ နှမ်းထွက် ကိုက်ဘို့လဲပါတာပေါ့ဗျာ။ မြန်မာပြည်ကြီး မိုးလေဝသကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး