At a glance ဦးသိန်းစိန် ၅ နှစ်အပေါ်သုံးသပ်ချက်

VOA က မေးလို့ဖြေရပါတယ်။

၁။ ဦးသိန်းစိန်က ယေဘုယျပြောရရင် အရင်စစ်အစိုးရတွေကနေလိုင်းခွဲထွက်တာတဲ့ သမတတော့ မှန်ပါတယ်။ ဖွဲ့စည်းပုံမရှိပဲ အုပ်ချုပ်နေခဲ့တာကနေ ရွေးကောက်ပွဲတက်လာသူဖြစ်လို့ အမြင်အရရော အသွင်အရပါ မတူပါ။

၂။ သူ့လက်ထက်မှာ တိုင်းပြည်ရဲ့မဏ္ဍိုင်ကြီးလေးရပ်ထဲက မီဒီယာကိုတော့ သိသာထင်ရှားတဲ့အပြောင်းအလဲကို အတိုင်းအတာတခုထိ လုပ်နိုင်ခဲ့ပါတယ်။ သမတနဲ့ တိုက်ရိုက်ဆိုင်တဲ့ အုပ်ချုပ်ရေးမှာတော့ အဂတိလိုက်စားမှု လျှော့တာ မရှိတဲ့ပြင် သူကိုယ်တိုင်က (၃) သိန်းဆိုတဲ့ ကိန်းဂဏန်းကိုထုတ်ပြောလိုက်ပါသေးတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးကလည်း ဝန်ကြီးဌာနသာတိုးလာပြီး လူတွေပိုသက်သာရာရတယ်လို့တော့ မရှိသလောက်ပါ။

၃။ လူ့အခွင့်အရေးကလည်း ကော်မရှင်သာပေါ်လာတယ်။ လုံထိန်းနေရာမှာ လက်ပတ်နီအစားထိုးလိုက်တယ်။ နိုင်ငံရေး အကျဉ်းသားတွေ နည်းသွားပါတယ်။ ကောင်းပါတယ်။ အကျဉ်းသားသစ်လည်း တိုးတာပါပဲ။ မကောင်းပါ။

၎။ ကျွန်တော်တို့အပါအဝင် အမည်မည်းစာရင်း ၂ဝဝဝ ကျော်ဖျက်ပေးတယ်။ ကောင်းပါတယ်။ ဒါပေမယ့် သူ့ဝန်ကြီးတွေကတော့ အမေရိကန်အမည်းစာရင်းထဲ သွင်းခံရတယ်။

၅။ ပြည်ပနေရသူတွေ ပြည်တော်ပြန်လာနိုင်တဲ့အရေအတွက်က အလွန်နည်းလွန်းပါတယ်။ နိုင်ငံရေးထဲက လူတချို့ ပြည်တော်ပြန်နိုင်တာက သူ့အစိုးရအမှုတော်ထမ်းသူမျိုးသာဖြစ်ခဲ့တယ်။ တခြားနိုင်ငံတွေထွက် အလုပ်လုပ် နေကြရတဲ့ ၂-၃ သန်းလောက်ထဲကပြန်လာနိုင်သူ ရှိပါမလား မသိပါ။

၆။ မြစ်ဆုံရေကာတာစီမံချက်ကို (၅) နှစ်ကြာတားခဲ့တာကို ကြိုဆိုပါတယ်။ ရဲရင့်တဲ့အဆုံးအဖြတ်ဖြစ်တယ်။ ဒါပေမယ့် တရုပ်ပြည်နဲ့ နယ်စပ်အရေးတွေဖြစ်ပေါ်စေခဲ့တယ်။ အကြွေးတွေကို အတိုးနှုန်းအများကြီးနဲ့ချေးယူပြီး တရုပ်ကို မျက်နှာပြန်ရအောင်လုပ်ခဲ့တာလား မေးရမလိုဖြစ်စေတယ်။

၇။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆင့်တခုကိုတော့ လုပ်သွားနိုင်ပါတယ်။ ဒါပေမယ့် အပစ်ရပ်စဲမှု အတိုင်းအတာ တခုနဲ့ လက်မှတ်ထိုးစာရွက်စာတမ်းတခုသာ ကျန်ရစ်တယ်။ စစ်ရေးအင်အားနဲ့ နိုင်ငံရေးအင်အား ကောင်းတဲ့ အဖွဲ့တွေ ကျန်နေရစ်ပါတယ်။ ယာယီအစီအစဉ်တရပ် တနည်းအားဖြင့် (၅) နှစ်ခံစီမံချက်တရပ်ကို ငွေသန်းပေါင်းများစွာနဲ့ ဝယ်လိုက်တာသာ ဖြစ်နေပါတယ်။

၈။ ချုပ်ပြောရရင် ဦးသိန်းစိန်ဟာ ပြုပြင်ရေးသမား မဟုတ်ပါ။ ပြုပြင်ပြောင်းလဲရေးကို NLD ကအဓိကဦးဆောင်ပြီး ကြိုးပမ်းနေခဲ့တာမှာ အတိုင်းအတာတခုထိ ရလာချိန်မှာ စတင်ကပြရတဲ့ ပွဲဦးထွက်မှာ ဦးသိန်းစိန်က သရုပ်ဆောင်ခွင့်ရတဲ့ မင်းသားတလက်ဖြစ်ပါတယ်။ သူဟာ မူဟောင်းကြီးကို အဓိကဆုပ်ကိုင်ထားခဲ့သူတွေထဲက ထိပ်ဆုံး ၄-၅ ယောက်ထဲမှာ ပါခဲ့သူဖြစ်ပြီး၊ ဆက်လက်ပြုပြင်ပြောင်းလဲရေးလုပ်ရမှာကို ခုခံကွယ်နေသူသာ ဖြစ်ပါတယ်။ အဲတာကြောင့်လည်း ဦးသိန်းစိန်နဲ့သူ့ပါတီကို ၂ဝ၁၅ ရွေးကောက်ပွဲမှာ လူထုကနေဖြုတ်ချလိုက်ကြပါတယ်။ လာမယ့် (၅) နှစ်မှာ တည်ဆောက်ရေးနဲ့အတူ ပြုပြင်ရေးကိုဆက်လုပ်ကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး