Hyperhidrosis ချွေးထွက် များလွန်းလို့

၁။ မင်္ဂလာပါဆရာရှင့် သမီးမှာ လက်ဆီခြေဆီတွေအရမ်းထွက်ပါတယ်ရှင့်။ ဘာလို့ အဲလောက်ထွက်တာပါလဲရှင်။ အလုပ်လုပ်ရတာ အရမ်းအခက်အခဲဖြစ်ပါတယ်ဆရာ။ စာရွက်စာတမ်းတွေကိုင်ရတာလဲ။ သမီးကိုင်လိုက်ရင် ပြဲကုန်ပါတယ် ဆရာရယ်။ သမီးအရမ်းစိတ်ညစ်နေပါတယ်။ နောက်ပြီးခြေဆီက ထွက်နေတာကိုရေမဆေးဘဲ ကြာလာရင် ချဉ်နံ့ ထွက်လာပါတယ် ရုံးမှာက ရေခဏခဏ ဆေးနေလို့မရပါဘူး။ ထမင်းစားချိန်လေးဘဲ ရေဆေးရတာပါဆရာ။ အဲဒီအနံ့ကြောင့် ဘေးလူတွေကိုလဲ သမီးအရမ်းအားနာပါတယ်။ စိတ်လှုပ်ရှားရင်ပိုထွက်ပါတယ်ဆရာ။ အဲယားကွန်း ဘယ်လောက်အေးအေး အဆီက ခြောက်မသွားပါဘူးဆရာရယ်။ အလွန်အကျွံထွက်တာပါ။ မထွက်တဲ့အချိန်ဆိုလဲ လက်က ချောက်ကပ်သွာပြီး ပတ်ကြားအက်လာပါတယ်။ အထူးသဖြင့် မောတဲ့အချိန် နှလုံးခုန်နှုန်းမြန်တဲ့အချိန်ဆို ပိုထွက်ပါတယ်ဆရာ။ သမီးဘယ်လိုလုပ်ရပါ့မလဲဆရာ။ ဆရာ့ကိုအားကိုးပါတယ်ရှင်။ ဆရာဝန်တချို့နဲ့ပြကြည့်ပါတယ်။ ဓာတ်ဆားရည် သောက်ခိုင်းလို့နေ့တိုင်းသောက်ပါတယ် ထွက်တာပါဘဲ။ ရပ်မသွားပါဘူး။ နည်းလမ်းရှိရင် သမီးကို အကူညီပေးပါဆရာရယ်။ ဆရာ ကျန်းမာ ပါစေ။

၂။ ဆရာရှင့် ကျွန်မသည် အသက် ၄ဝ။ ကလေး ၂ ယောက်မိခင်ဖြစ်ပါသည်။ ဒုတိယကလေး မီးဖွားချိန်မှစ၍ ချွေး အရမ်း ထွက်ပါတယ်။ ကျွန်မ ညအိပ်ချိန် ပိုပြီးချွေးပိုထွက်ပါတယ်။ ခေါင်းချွေးပိုထွက်ပါတယ်။ ကျွန်မတို့သည် တောင်ပေါ်မြို့ အအေးပိုင်းတွင်နေထိုင်ပါသည်။ သို့ပေမဲ့ ကျွန်မသည် ညစဉ်ချွေးအရမ်းပြန်နေပါသည်။

၃။ မင်္ဂလာပါ ဒေါက်တာ အသက်က ၂၅နှစ်ရှိပြီ။ ယောကျာ်းလေးပါ။ ကျွန်တော်ခံစားရသောရောဂါက အလုပ်လုပ်တဲ့ အချိန်မှာ ချွေးရေအလွန်အကျွံထွက်တယ် လုပ်ဖော်ကိုင်ဘက်တွေထက် ဆပေါင်းများပါတယ်။ နောက်တမျိုးက ညဖက်အိပ်ယာဝင်ရင် ဘယ်ဖက်ပုခုံးနဲ့လက်မောင်းအရမ်းအောင့်တယ်ဒေါက်တာ၊ ပြီးတော့ ဒီမိုးရာသီအချိန်မှာ နံရိုးအောက်က တလမှာ နှစ်ခါသုံးခါလောက်အောင့်တယ်။ သုံးလေးရက်အောင့်ပြီး အလိုလိုနဲ့ သက်သာပါတယ်။ အသောက်အစားကတော့ ဆေးလိပ်၊ ကွမ်း၊ တောရွာက ဆန်နဲ့ချက်တဲ့အရက်ပါ။ ကျွန်တော့်ရောဂါ ဝေဒနာက ဘယ်ဆေးတွေနဲ့သောက်သင့်လဲ ဘယ်လိုကုသရမလဲ။

ချွေးထွက်တာကို Perspiration, Transpiration, Diaphoresis ခေါ်တယ်။ အရေပြားမှာရှိတဲ့ ချွေးအိတ်တွေကနေ ရေနဲ့ ဓါတ်ဆားတွေ ထွက်စေတာပါ။ ဦးနှောက်ထဲက Hypothalamus ကနေထိန်းပေးတယ်။ ချွေးထွက်တာက ကောင်းစေဘို့ပါ။ ကိုယ်ပူချိန် သမမျှတပေးလို့ ချွေးထွက်ရင် အေးသွားစေတယ်။ ပျို့ချင်၊ အန်ချင်လာရင် ချွေးပြန်တယ်။ စိတ်လှုပ်ရှားလို့ ထွက်တဲ့ချွေးက လက်ဖဝါး၊ ခြေဖဝါး၊ ချိုင်းကြားနဲ့နဖူးက ထွက်တယ်။ ရာသီဥတု ပူရင် တကိုယ်လုံးက ထွက်တယ်။ သွေးဆုံးချိန်၊ ဝတဲ့သူတွေမှာ ပိုထွက်တယ်။ လူ့အရေပြားကနေ ရေကအငွေ့ပြန်ထွက်နေတာကို မမြင်နိုင်ပါ။ မြင်ရရင် ချွေးခေါ်တယ်။

ချွေးနံ့လို့ ပြောကြတယ်။ ချွေးသန့်သန့်က အနံ့မရှိပါ။ ချိုင်း၊ ဆီးစပ်နဲ့ ဦးရေမှာ အမွှေး-ဆံပင်တွေပေါက်နေလို့ ချွေးနဲ့အတူ အဆီပါနေတယ်။ ဗက်တီးရီးယားကနေ အဆီကိုသက်ရောက်တော့ အနံ့ဆိုးစေတယ်။ ကိုယ်နံ့ကို Apocrine Bromhidrosis, Osmidrosis, Ozochrotia ဆိုပြီး ခေါ်တယ်။ ကိုယ်နံ့တိုင်းက မဆိုးပါ။ ကြာညိုနံ့ သင်းနေတာ ကုသိုလ်ထူးလို့ မဟုတ်ပါလား။ ဂန္ဓာရုံကောင်းလွန်းသူများ လူတယောက်ကို မမြင်သေးခင် အနံ့ရတာနဲ့ ဘယ်သူ-ဘယ်ဝါ ခွဲတတ်ကြတယ်။

ချွေးထွက်များတာကို Hyperhidrosis ခေါ်တယ်။ တသက်လုံးတော့မဟုတ်ပါ၊ အကြာကြီးဖြစ်နေတတ်တယ်။ မွေးရာပါလား၊ နောက်မှ ဖြစ်လာတာလား ရှိသေးတယ်။ ငယ်ကတည်းက ချွေးထွက်များသူတွေ ဘာလို့ဆိုတာ မပြောနိုင်ပါ။ ယူဆတာက စိတ်လှုပ်ရှားမှုများလွန်းတာ၊ Sympathetic over activity လိုတာထက် ပိုအလုပ် လုပ်တာထင်ရပါတယ်။ ဆရာမေးတာ မဖြေနိုင်ရင် ချွေးပြန်လာသလို။ နောက်မှ လာဖြစ်သူတွေထဲမှာ လည်ပင်းကြီး၊ ဆီးချို၊ ဂေါက်၊ ဦးနှောက် ရောဂါရှိသူ၊ ခါးကို ထိခိုက်မိရာကနေ အာရုံကြောထိသူ၊ အာရုံကြောရောဂါရှိသူ၊ ရင်ခေါင်းထဲမှာ ကင်ဆာရောဂါ ရှိသူ၊ ပြဒါးအဆိပ်သင့်သူ ဖြစ်နိုင်တယ်။

တကိုယ်ရေသန့်ရှင်းရေးနဲ့လဲ ဆိုင်တယ်။ ရေချိုး၊ မျက်နှာသစ် သူများထက် ပိုရမယ်။ ရေမွှေးတွေ အလွန်အကျွံ သုံးပြီး၊ ကိုယ်နံ့ ဖျောက်ကြတာကို Heavy perfume, Heavy Cologne ခေါ်ခံရတယ်။ အနံ့ကို လွှမ်းပေးတာပါ။ Deodorants အနံ့ပျောက်ဆေး၊ Antiperspirants ချွေးထွက် သက်သာဆေး၊ Disinfectants ပိုးသတ်ဆေး၊ စပါယ်ရှယ်-ဆပ်ပြာတွေ သုံးပေးရင် သက်သာစေတယ်။ ယာယီသက်သာအောင် Talc or baby powder ပေါင်ဒါ သုံးနိုင်တယ်။ အခု Anti-perspirant sticks အတောင့်ကို တွင်တွင်ကျယ်ကျယ် သုံးလာတယ်။ ချိုင်းချွေးထွက်များသူတွေ Underarm liners အခုအခံ သုံးနိုင်တယ်။ ချွေးကို စုပ်ယူပေးတယ်။ Disposable underarm liners ပြန်သုံးလို့ရတဲ့ ချိုင်း အခုအခံ ပေါ်လာတယ်။ ချိုင်းဖက်က ဝါဂွမ်း၊ အဝတ်အစား ဖက်က နိုင်လွန် ဒါမှမဟုတ် (ဗီနိုင်းလ်) သုံးတယ်။ ၁၈၆၉ ကတည်းက Kleinert ကနေ စထုတ်ခဲ့တာ ဖြစ်တယ်။ Sweax ကထုတ်တဲ့ Disposable liners တခါသုံးက ယောက်ျား၊ မိန်းမ ၂ မျိုးရတယ်။ Peel and Stick ခွါကပ်ပါဘဲ။ Aluminium chloride လိမ်းဆေးကို ချိုင်းချွေးထွက်များသူတွေ သုံးနိုင်တယ်။ စားဆေး Oxybutynin ထိရောက်တယ်။ အိပ်ချင်တယ်၊ အာခေါင်ခြောက်တယ်။ Glycopyrrolate (Robinul) ဆေးလဲသုံးတယ်။

စိတ်လှုပ်ရှားတာနဲ့ ဆက်နေသူတွေကို စိတ်ဆေးပေးတယ်။ အိပ်မွေ့ချကုသနည်းလဲ လုပ်တယ်။ Botulinum toxin type A (Botox or Dysport) တခါထိုးထားရင် ၄-၉ လ ခံတယ်။ ခွဲစိတ်နည်းလဲလုပ်ပေးတယ်။ Sweat gland suction, Retrodermal Currettage, Axillary Liposuction, Laser Sweat Ablation, Endoscopic Thoracic Sympathectomy, Lumbar Sympathectomy, Percutaneous Sympathectomy နည်းတွေ အမျိုးမျိုးရှိတယ်။

ခြေအိတ်ဝတ်ရသူများ ခြေဆီထွက် ခြေနံ့ဆိုးတာလဲ ပြဿနာတခုဘဲ။ Polyester နဲ့ Nylon ခြေအိတ်တွေ အသုံးများတာက ဝါဂွမ်း-ခြေအိတ်လောက် ဒီနေရာမှာ မကောင်းဘူး။ Propionic acid အများဆုံး သုံးကြတယ်။ ဈေးအချိုဆုံးကတော့ ဆော်ဒါမှုံ့ ဖြစ်ပါတယ်။ အရင်က ရုရှားစစ်သားတွေ Allspice ဂျမေကာပက်ပါရွက်ကို စစ်ဖိနပ်ထဲ ထည့်သုံးကြဘူးတယ်။ Zinc and Castor Oil cream ကြက်ဆူဆီလိမ်းလို့လဲရတယ်။

ချွေးထွက်တာက အိုက်မှသာမဟုတ်ပါ။ ပျို့လာတဲ့အခါ၊ ဂဏာမငြိမ်ဖြစ်တဲ့အခါတွေမှာလဲ ထွက်တယ်။ ချွေးထွက်နည်းတဲ့ အကောင်ထဲ ခွေးလည်းပါတယ်။ မြင်းကတော့ လူလိုဘဲ ဂျိုင်းက ချွေးထွက်တယ်။ ချွေးထွက်စေအောင်လုပ်ပေးတာက အရေပြားပေါ်မှာရှိတဲ့ အပူချိန်ကိုသိတဲ့ အာရုံခံနဲ့ ဦးနှောက်ထဲက Hypothalamus နေရာတွေက ဖြစ်တယ်။ စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ချွေးက လက်ဖဝါး၊ ခြေဖဝါး၊ နဖူးတွေကသာ ထွက်တတ်ပြီး၊ ကိုယ်လက်လှုပ်ရှားလို့ ထွက်တာက တကိုယ်လုံးက နေထွက်တယ်။

ချွေးထဲမှာပါတာ တယောက်နဲ့တယောက်မတူဘူး။ ရေ၊ Lactate နဲ့ Urea ဆိုဒီယံ၊ ပိုတက်ဆီယံ၊ ကယ်လ်စီယံ၊ မက်ဂနီဆီယံ၊ စတာတွေပါတယ်။ တနေ့တနေ့ ချွေးကနေ ရေ ကုန်သွားတာဟာ (၁ဝဝ) ကနေ (၈ဝဝဝ) မီလီလီတာအထိ ရှိတယ်။ ဓါတ်ဆားကလည်း ၃၅ဝ (မီလီမိုးလ်)၊ ဆိုဒီယံ ၃ဝ-၆၅ (မီလီမိုးလ်) စတာတွေ ထွက်စေတယ်။

ချွေးထွက်လွန်တာကို Hyperhidrosis ခေါ်တယ်။ လွန်တယ်ဆိုတာကလည်း တကိုယ်လုံးနဲ့ လက်၊ ခြေ၊ ဂျိုင်း၊ ပေါင်ခြံ၊ နေရာတခုခုဆိုပြီး မတူဘူး။ မွေးရာပါနဲ့ နောက်မှဖြစ်တာ ၂ မျိုးရှိတယ်။ မွေးရာပါတွေက ငယ်ကတည်းကဖြစ်တယ်။ ကြီးမှဖြစ်သူတွေဆိုရင် လည်ပင်းအကျိတ်၊ ဦးနှောက်အကျိတ်၊ ဆီးချို၊ ကင်ဆာ၊ ဂေါက်ရောဂါ၊ သွေးဆုံးတာ၊ မာကြူရီ အဆိပ်သင့်တာနဲ့ ဆေးဝါးတွေကြောင့်ဖြစ်နိုင်တယ်။

စိတ်လှုပ်ရှားမှု၊ အစားအသောက်၊ အနံ့အသက်တွေကလည်းဖြစ်စေတယ်။ Aluminium chloride ဆေးကို ဂျိုင်းချွေးထွက်များသူတွေကိုပေးတယ်။ ၃-၅ ရက်ပေးပြီး သက်သာတာကို ကြည့်ဘို့ လိုတယ်။ ချွေးထွက်တဲ့အိတ်တွေကို Botulinum toxin A ထိုးဆေးပေးရင် ၄-၉ လခံတယ်။ စားဆေးထဲမှာ Oxybutynin (Ditropan) ဆိုတဲ့ ဆီးမထိန်းနိုင်သူတွေကိုပေးတဲ့ဆေး။ Glycopyrrolate (Robinul), Propantheline bromide (Probanthine), Benzatropine (Cogentin) ဆေးတွေလည်းပေးနိုင်တယ်။ စိတ်လှုပ်ရှားမှုကြောင့်ဆိုရင် Antidepressants နဲ့ Anxiolytics ဆေးတွေပေးရတယ်။ ခွဲစိတ်ကုသနည်းမှာ (ETS) နည်းနဲ့ အာရုံကြောတမျိုးကို ဖြတ်ပေးရတာ။

ချွေးနဲ့ ကိုယ်နံ့ဆိုင်တယ်။ လူတယောက်နဲ့ တယောက် ထူးခြားမှုရှိတတ်တယ်။ အနံ့ကို သူများထက် ပိုသိသူတွေရှိတယ်။ တချို့တိရစ္ဆာန်တွေက လူ့ထက် ပိုကောင်းသလိုမျိုး။ ကိုယ်နံ့ကို အစားအသောက်၊ ကျား-မ၊ မျိုးဗီဇ၊ ကျန်းမာရေး အခြေအနေ၊ သောက်နေတဲ့ဆေးဝါး တွေကနေဖြစ်စေတယ်။

Propanoic acid ဆိုတာ အရွယ်ရောက်သူ လူ့ချွေးထဲမှာပါတယ်။ အက်စစ်အက်စစ်နဲ့ ဆင်တူလို့ ဟင်းချက်ရာမှာသုံးတဲ့ ဗနီဂါအနံ့မျိုးရတယ်။ လူ့ကိုယ်နံ့ရော နားဖါရောကိုပါ ပြဌာန်းတဲ့ မျိုးဗီဇဆိုတာရှိတယ်။ ကိုယ်နံ့ကို သူများ မနံအောင် Deodorants, Antiperspirants, Disinfectants ဆိုတာတွေအပြင် စပါယ်ရှယ် ဆပ်ပြာ၊ ရေမွှေး၊ စပရေးတွေကို လှိုင်လှိုင်သုံးကြတယ်။

အာပုတ်စော်နံသူတွေကို Bad breath ကို Halitosis လို့ ခေါ်တယ်။ ခံတွင်းထဲမှာ ဗက်တီးရီးယား စတာတွေကြောင့် ဖြစ်တယ်။ Halitophobia ဆိုတာ အာပုတ်နံ့ကို ကြောက်တဲ့ရောဂါ နာမည်ပါ။ သွားဆရာဝန်တွေဆီ လာတဲ့လူထဲက တတိယအများဆုံး။ ခံတွင်းကနေ အနံ့ဆိုလာတာက ၉ဝ% လောက် ရှိတယ်။ ကြက်သွန်ဖြူ-နီ၊ အသား-ငါး၊ ဒိန်ခဲ၊ နောက်ပြီး အဝလွန်သူ။ အရက်-ဆေးလိပ်သောက်သူ၊ ပါးစပ်ထဲဆေးငုံသူ၊ ပါးစပ်ကို ပိတ်ထား၊ ဒါမှမဟုတ် မလှုပ်ရှားတာကြောင့် အောက်စီဂျင်နည်းတာနဲ့ အိပ်ရာထမှာပိုဆိုးတယ်။

ယောက်ျားတွေရဲ့ချွေးထဲမှာ Pheromone ဆိုတဲ့ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ ဟော်မုန်းသဘောဆောင်တဲ့ သတ္တိရှိတယ်လို့ ယုံကြည်ရတယ်။ အမြဲထွက်နေတာတော့ မဟုတ်ဘူး။ လိင်စိတ်အရထွက်တဲ့အခါမှာ၊ သူ့ပါတနာက သိပ်သဘောကျပါမယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး