Our valued costume ဒုတိယ ပင်နီခေတ်

မင်္ဂလာပါဆရာ၊ ပင်နီဆိုတဲ့စကားလုံးသမိုင်းကြောင်းလေး အားရင်တင်ပေးပါ။ ပင်နီတွေရောက်လာပြီလို့ ဆရာ ခုနက တင်ထားတာတွေ့လို့ပါ။ ကျေးဇူးတင်ပါတယ်။ မျိုးသန့်၊ ကျား ၅၅ နှစ်၊ ဗိုလ်တထောင်၊ ရန်ကုန်။

- ကုမ္မာရီအပျိုစင်များမှာ မျိုးချစ်စိတ်တွေထက်သန်လာကြပြီ၊ ဝတ်ကြဆင်ကြပါသည်၊ တို့ဗမာဖျင်နီ၊ တို့ဗမာဖျင်နီ၊ အမော်အကြွားအတုအပ တခုမျှမရှိကြပါသည်၊ ယခုမှ သတိရလေတော့သည့့်

ပင်နီဖျင်၊ ပင်နီအင်္ကျီနဲ့ ယောထဘီတွေကို ရှေးပဝေသဏီကတည်းက ဝတ်ဆင်ခဲ့ကြတယ်။ စိုက်ပျိုးရေးသာအားကိုးရပြီး၊ တခြားနိုင်ငံတွေနဲ့လည်း ခရီးမပေါက်ခင်ကာလမှာ သဘာဝထွက်နဲ့သာ လူလုပ်ခဲ့ကြတယ်။ စားစရာကို အောက်အရပ်နဲ့ ဝတ်စရာကို အညာဒေသကနေ စိုက်ပျိုးထုတ်လုပ်ပေးခဲ့ပါတယ်။ မုတ်သုန်ဥတုရှိတဲ့တိုင်းပြည်မှာ ဖျင်ထည်-ခြည်ထည်ဟာ အကောင်းဆုံးဖြစ်တယ်။ အေးလွန်းတဲ့အခါလည်း
- မပူပေါင်နောက်ဆီကချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလ၊ လွှမ်းတဲ့လို့လွှားကာခြုံ့ လုံခဲ့ကြတယ်။

ကျွန်တော်ငယ်ငယ်က ပုလဲနဲ့ မုံရွာမှာ ပင်နီသုတနည်းနည်းရခဲ့ပါတယ်။ ပင်နီဆိုတာ ချည်ဖြူကို ဆေးနီဆိုးထားတာ မဟုတ်ပါ။ ပင်ကိုယ်အနီဖြစ်ပါတယ်။ ဝါအဖြူနဲ့ ဝါအနီလို့ရှိတယ်။ ဝါနီက ဂွမ်းထွက်လျော့ပြီး အမွှေးလည်းတိုတယ်။ ဝါဖြူပင်ထက် ကြုံလှီတယ်။ ဝါပင်တရာမှာ ဝါနီတပင်နှစ်ပင်သာပါလေ့ရှိတယ်။ ဝါကောက်ခါစမှာ အရောင်မရင့်သေးပါ။ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလမှာ ဝါကောက်ပြီး မြေအိုးကလေးထဲ သိပ်ပြီးနှပ်ထားရတယ်။ တပို့တွဲ၊ တပေါင်းကျတော့ အိုးထဲကနေထုတ်ယူပြီး၊ ဝါကြိတ်၊ ကြိတ်ပြီးရင် ဝါဖန့်၊ ချည်ငင်ပြီး ရက်တော့ ပင်နီဖျင်အုပ်ဖြစ်လာပါတော့တယ်။

ပင်နီအစ ဝိုင်အမ်ဘီအေကလို့ဆိုကြတယ်။ ဝံသာနုခေတ်မှာ အမျိုးသားရေးဝိသေသလက္ခဏာအဖြစ် ပေါ်ထွန်းခဲ့တယ်။ နိုင်ငံခြားဖြစ်အသုံးအဆောင်တွေကို ဆန့်ကျင်ပြီး ရိုးရာပင်နီအင်္ကျီနဲ့ ယောလုံချည်၊ ယောထဘီတွေကိုသာ ဝတ်ဆင်ကြဖို့ လှုံ့ဆော်မှုတွေနဲ့အတူ ကျယ်ပြန့်ခဲ့ပါတယ်။ လူကြီးတွေ၊ လူပျိုတွေ၊ အပျိုတွေပါ အမြတ်တနိုးဂုဏ်ယူဝတ်ဆင်ကြသည်။ ပင်နီဝတ်သူကို ဝံသာနုစိတ်ရှိသူလို့ သတ်မှတ်ခဲ့ကြတယ်။ သပိတ်မှောက်ကျောင်းသားကြီးတွေက ပင်နီကိုဝတ်ပြီး တရားဟောကြတယ်။ အမျိုးသားကျောင်းတွေက ဆရာ၊ ဆရာမတွေကလည်း ပင်နီဝတ်ပြီးစာသင်တယ်။ သခင်တွေက ပင်နီကိုဝတ်ပြီးနိုင်ငံရေးလုပ်တယ်။ ကျောင်းသားခေါင်းဆောင်အောင်ဆန်းလည်းပါတယ်။ အမျိုးသားပညာဝန် ဦးဖိုးကျားနဲ့ ဒီးဒုတ်ဦးဘချိုတို့လည်းပါတယ်။ အထင်ရှားဆုံးပုဂ္ဂိုလ်ကတော့ သခင်ကိုယ်တော်မှိုင်းဖြစ်တယ်။ အဲတာကို ပင်နီတခေတ်ဆန်းခြင်းလို့ ခေါ်ပါတယ်။

- မောင်တို့ရွာမှာ ဘာတွေပေါပါလိမ့်၊ ပင်နီချောနဲ့ ယောထဘီ၊ ပင်အင်္ကျီမှာ ကြွေတွေစီလို့
- အင်္ကျီပါးကိုပယ်မည်၊ ယနေ့ပင် ဝတ်မည်ပင်နီ့
- ကမ္ဘာတွင် မြန်မာမျိုးတို့ ဓမ္မာရိုးအစဉ် ဖျင်ပင်နီနှင့် ဆင်ထဘီ တဘက်ကြမ်းတို့ကို ရက်ကန်းတွင် လွန်းပြန်ထိုးပါလို့ ပန်းဆိုးကာ ကိုယ်စီဝတ်ကြရ မိုးစွတ်နှင့်နေပူခံ့

ခုခေတ်နိုင်ငံရေးမှာ ပြောစရာတွေရှိလို့ ပြောကြရေးကြတယ်။ လူထုဒေါ်အမာက ပင်နီဆိုတာ ပင်ကိုယ်ကနီနေတယ်။ ပေါ်ပင်နိုင်ငံရေးလုပ်သူတွေကို ဆိုးဆေးပင်နီဝတ်တဲ့သူတွေ၊ ပင်နီအတုတွေလို့ ကဲရဲ့ကြတယ်။

ပင်နီချည်စကို ချုပ်မဝတ်ခင်မှာ ပျော့ပျောင်းအောင် ရေစိမ်ပေးရသေးတယ်။ ငယ်ငယ်က မုံရွာအိမ်မှာ မိဘတွေအဲလို တကူးတကလုပ်ခဲ့ကြရတာကို မှတ်မိနေတယ်။ ဆေးကျောင်းသားအထိ ပင်နီတိုက်ပုံဝတ်ရတယ်။ ခေတ်ကာလအလျှောက် ပင်နီအစစ် ဝတ်ကြတာတော့နည်းပြီ။ ပင်နီချော၊ ပင်နီရောင်နဲ့ ဒီဇိုင်နာပင်နီထည်တွေကိုဝတ်နေကြပြီ။ အဲတာအထိတော့ လိုက်မပြောလိုပါ။ ပင်နီတခေတ်ဆန်းချိန်မှာ ခေတ်မီတာကောင်းပါတယ်။ စိတ်ထား၊ အပြောနဲ့ အလုပ်တွေကတော့ ပင်နီစစ်ကြစေချင်တယ်။

- တမျိုးယဉ်တာ ပိုးဖျင်လွှာ၊ မြန်မာပြည် ပင်နီယောနဲ့ ဝတ်ဆင်ဦးမှာ၊ အပေါင်းပြည်ရွာ ကောင်းပေတာ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး