Preventive appendectomy အူအတက် ကြိုတင်ထုတ်ထားသင့်သလား

ဆရာ တချို့သင်္ဘောသားတွေ သင်္ဘောမတက်ခင် အူအတက်ရောင်မှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘာမှမဖြစ်ဘဲ ခွဲစိတ်ထုတ်ထားတတ်ကြပါတယ်။ သင်္ဘောပေါ်မှာ ရောဂါတစ်ခုခုဖြစ်ပြီဆို ဆရာဝန်မရှိတော့ မလွယ်တာတော့ အမှန်ပါ။ ကြိုတင်ထုတ်ထားသင့်ပါသလား။

အယူအဆ အမျိုးမျိုးရှိပါတယ်။ ရက်စ်နဲ့ နိုး။ စစ်သား၊ သင်္ဘောသား၊ ကြေးစားအားကစားသမား၊ အာကာသသွား ခရီးသည်။ ဗိုက်ခွဲကလေးမွေးရင်း၊ အစာအိမ်ပေါက်လို့ခွဲရင်း အူအတက်ထုတ်ပေးတာလည်းလုပ်ပေးနိုင်ပါသေးတယ်။

အူအတက်ရောင်ခြင်းဟာ အရေးပေါ်ခွဲစိတ်ကုသရမယ့်ရောဂါဖြစ်တယ်။ တကမ္ဘာလုံးမှာ အဖြစ်တော့နည်းလာပါတယ်။ အသက်ကြီးလေ အဖြစ်နည်းလေ။ တိတိကျကျပြောရရင် အသက် ၃ဝ နဲ့ ၃၄ နှစ်ကြား၊ လူ ၁ သန်းမှာ ၃့၇ ယောက်ဟာ နေ့စဉ် အူအတက်အရေးပေါ်ရောင်တာဖြစ်တယ်။ အသက် ၅ဝ နဲ့ ၅၄ နှစ်ကြားက လူကြီးတွေမှာတော့ ၁့၈ ယောက်သာ ဖြစ်တယ်။

၁၉၆၅ ကနေ ၁၉၈၆ အတွင်း သားဖွါးမီးယပ်ခွဲစိတ်လူနာပေါင်း ၅၃၆၉ ယောက်ထဲက ၁၇၈၁၈ ယောက်ကို ကြိုတင် ကာကွယ်တဲ့အနေနဲ့ အူအတက်ထုတ်ပေးခဲ့တယ်လို့ လေ့လာမှုတခုကဆိုပါတယ်။ ၃၂% ရှိတယ်။ နောက်ဆက်တွဲဖြစ်တာ မရှိပါ။ ခွဲစိတ်ပေးလိုက်တဲ့ အူအတက်တွေကို အနုကြည့်မှန်ဘီလူးနဲ့စစ်ဆေးတော့ ရက်တိုအူအတက်ရောင်သူ ၇့၉%၊ နာတာရှည်အူအတက်ရောင်သူ ၆၅့၁% ရှိတယ်။ ၅့၆% မှာ carcinoid, mucocele နဲ့ endometriosis ဆိုတဲ့ နောက်ဆက်တွဲရောဂါတွေတွေ့ရတယ်။ ၂၁့၎% မှာ ပုံမှန်အူအတက်သာဖြစ်တယ်။

အာကာသထဲသွားလာရသူတွေဟာ အသက် ၃ဝ ကနေ ၅၆ နှစ်အတွင်းမှာဖြစ်ကြတယ်။ ခုထိတော့ အာကာသ ခရီးသွားရင်း တယောက်မှတော့ အဲလိုအရေးပေါ်မဖြစ်သေးပါ။ ဒါပေမယ့် ၁၉၈၅ တုံးကသွားတဲ့ Salyut 7 တုံးက တယောက်မှာ သံသယဖြစ်စရာကြုံခဲ့ရတာရှိတယ်။ သြစတေးလျကနေ အန္တာတိတ်ဒေသမှာ သုတေသန သွားလုပ်နေသူတွေထဲက တနေ့မှာ လူ ၁ သန်းမှာ ၄၃ ယောက်နှုန်းဖြစ်တာတွေ့ရတယ်။

အရေးပေါ်အူအတက်ရောင်တာသာမက ရက်တိုသည်းခြေအိတ်ရောင်တာလည်း ဖြစ်နိုင်တယ်။ သည်းခြေကျောက် ဖြစ်နိုင်မှုဟာ ၁ဝ% ကနေ ၂ဝ% ဖြစ်နိုင်တယ်။ ရောဂါရနိုင်တာက ၁% ကနေ ၄% သာရှိတယ်။

ရက်တိုအူအတက်ရောင်တာနဲ့ ရက်တိုသည်းခြေအိတ်ရောင်တာဖြစ်ရင် စံချိန်ကိုက်ကုသမှုက ဗိုက်ခွဲလို့ဖြစ်ဖြစ် ကရိယာ သုံးပြီးဖြစ်ဖြစ် ရောဂါရနေတာကိုထုတ်ပေးရတယ်။ မခွဲစိတ်ပဲကုသနည်းကို မလုပ်တာများတယ်။ သည်းခြေအိတ်ရောင်တာကိုတော့ အူအတက်ရောင်တာထက် မခွဲတဲ့နည်းကိုပိုလုပ်ပါတယ်။

အဲလို အကောင်းပကတိရှိနေတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတခုကို ထုတ်ခြင်းအပေါ် ကျင့်ဝတ်အရ လုပ်သင့် မလုပ်သင့် ဆွေးနွေးကြတာတွေရှိတယ်။ ခွဲစိတ်တာတိုင်းနဲ့ မေးဆေးပေးရတာတိုင်းမှာ သတိထားစရာတွေရှိတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၆
ဓါတ်ပုံ = ၁ဝ-၄-၂ဝ၁၃ နေ့က နယူးဒေလီမြို့ ယမုန်ဆေးခန်းလေးမှာ အူအတက်ခွဲစိတ်ကုသပေးခဲ့စဉ်

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး