Pterocarpus macrocarpus မွှေးလှတဲ့ ပိတောက်

အကယ်ဒမီထက်လည်း စောတယ်။ သမတမဲပေးပွဲထက်လည်း စောတယ်။ မြန်မာပြည်မှာ ဘယ်တော့ ပိတောက်ပွင့်မလဲ သတင်းကို စောင့်နေတာ။ အခုပဲတွေ့တယ်။ မန္တလေးကလို့တော့ ထင်တယ်။ သေချာ မသိပါ။

မြန်မာပြည်မှာ ပိတောက်ဝါတွေ ပွင့်နေပြီတဲ့။ မုတ်သုန်ရာသီဥတုတော့ အတူတူရှိပါရဲ့ အိန္ဒိယနိုင်ငံကြီးမှာ ဘယ်နေရာမှာမှ ပိတောက်ပင်မရှိပါ။ ကာလကတ္တားဘုန်းကြီးကျောင်းမှာ မြန်မာပြည်ကနေ တကူးတကယူပြီး စိုက်ထားတဲ့ ပိတောက်ပင် ရှိတယ်။ ကိုင်းတကိုင်း ချိုးယူလာသေးတာ နေတဲ့တိုင်းပြည် ပြောင်းရပြန်လို့ မစိုက်ဖြစ်လိုက်ပါ။

ထိုင်းနိုင်ငံမှာတော့ လမ်းဘေးတွေမှာ ပိတောက်ပင်တွေ အစီအရီရှိပေမဲ့လဲ ခူးပြီး ပန်တာ၊ ပေးတာ၊ တင်တာ မလုပ်ကြပါ။ ငုပန်းတွေကတော့ ဒေလီမှာလည်း ဝင်းဝါနေတာဘဲ။ ဟိုတနှစ်က ၁၉၉ဝ တုံးက အကောင်းဆုံး ရွေးကောက်ပွဲဆောင်ပုဒ် ဖြစ်ခဲ့တဲ့ ငုနဲ့ ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ ခမောက် မေမှာနိုင်မည်ဆိုတာလေး မမေ့ကြအောင်ရေးဖို့ ငုပင်တွေပေါတဲ့ သံရုံးတွေရှိတဲ့ ချာနကျာပူရီကို နေပူလောင်လောင်သွားပြီး၊ ဓါတ်ပုံရိုက်ခဲ့ဘူးသေးတယ်။

တနှစ်မှာတလ၊ တလမှာတရက်ဆိုပြီး ပိတောက်ပွင့်တဲ့ကာလကို ပြောကြတယ်။ ခုံမင်နှစ်သက်ကြလွန်းလို့ ပိတောက်တွေ နေ့စဉ်ပွင့်ပါစေလို့ ဆုချွေကြတယ်။ ပိတောက်ပန်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်တက်စရာ အမှန်ပါ။ ဘယ်လောက်မွှေးတယ်၊ ဘယ်လောက်လှတယ်လို့ သူများတွေက မခံစားတတ်ကြပါ။ အချင်းချင်းသာ အလွမ်းသယ်ကြရပါတယ်။

တန်ခူးလ ကံ့ကော်ပန်းနဲ့ ပိတောက်ပန်း၊ ကဆုန်လ စကားဝါပန်း၊ နယုန်လ စံပယ်ပန်း၊ ဝါဆိုလ ပုန်းညက်ပန်း၊ ဝါခေါင်လ ခတ္တာပန်း၊ တော်သလင်းလ ယင်းမာပန်း၊ သီတင်းကျွတ်လ ကြာပန်း၊ တန်ဆောင်မုန်းလ ခဝဲပန်း၊ နတ်တော်လ သဇင်ပန်း နဲ့ ဂမုန်းပန်း၊ ပြာသိုလ ခွာညိုပန်း၊ တပို့တွဲလ ပေါက်ပန်း၊ တပေါင်းလ သရဖီပန်း။ မြန်မာ့ဆယ်နှစ်ရာသီပန်းတွေက တမျိုးစီမွှေးကြတာကို ဘယ်ရေမွှေးကမှ လိုက်မမီပါ။

အနောက်တိုင်းနိုင်ငံတွေမှာ ထိပ်တန်းစာရင်ဝင် ရေမွှေး (၁ဝ) မျိုးရှိတယ်။
1. Armani code from Giorgio Armani
2. Acqua Di GIO from Giorgio Armani
3. Eternity from Calvin Kevin
4. Acqua Di Parma Colonia
5. Hot water
6. Euphoria (CK)
7. Chanel # 5
8. Pure Poison from Dior
9. Obsession from CK
10. Tommy Girl from Tommy Hilfiger

မွှေးလှတဲ့ ပိတောက် မြန်မာပြည်က မပျောက်ပါစေနဲ့။

ဒေါက်တာတင့်ဆွေ
၂၃-၃-၂ဝ၁၆
၃ဝ-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး