Spring နွေဦးပေါက်ပြီ

ဖေ့စ်ဘွတ်က အသိပေးတယ်၊ မနေ့ည ၁၂ နာရီကျော်ကတည်းက။ အခု (စပရင်း) ရာသီကို တရားဝင်ရောက်ပါပြီတဲ့။

ဒီအရပ်မှာက မြန်မာပြည်လို ဥတုသုံးပါးမဟုတ်ပါ။ လေးမျိုးရှိတယ်။ Spring နွေဦး၊ Summer နွေ၊ Autumn ဆောင်းဦးနဲ့ Winter ဆောင်းရာသီ။ Autumn ကို Fall လို့လည်းခေါ်တယ်။ အခုနွေဦးရာသီက ကမ္ဘာ့မြောက်ဖက်ခြမ်းမှာပါ။ ကမ္ဘာ့ တောင်ဖက်ခြမ်းမှာ Autumn ရောက်ပြီ။ နေရာဒေသအလိုက် မတူတာတွေလည်းရှိပါတယ်။ ဥပမာ အမေရိကမှာ ဖေဖေါ်ဝါရီလ တတိယတနင်္လာနေ့ကစပြီး မေလ နောက်ဆုံး သောကြာနေ့မှာပြီးတယ်။ အိုင်ယာလန်မှာ ဖေဖေါ်ဝါရီ (၁) ရက်ကတည်းကစတယ်။ တရုပ်ပြည်မှာ နွေဦးရာသီက မေလ (၅) ရက်မှာကျရောက်တယ်။

နွေဦးရာသီမှာ ကမ္ဘာ့ဝင်ရိုးဟာ နေဖက်ကိုပိုပြီးလှည့်လို့ နေ့တာပိုရှည်တယ်။ နွေဦးရာသီမှာ အပူချိန်ပိုနွေးလာလို့ ပန်းပင်တွေစိုက်ပျိုးလို့ကောင်းတယ်။ ပန်းမျိုးစုံတွေ အရောင်အသွေးစုံနဲ့တွေပွင့်ကုန်ကြပြီ။ အဲတာကို Spring forth လို့ ခေါ်ရာကနေ (စပရင်း) ဖြစ်လာတယ်။ ပြောင်းပြန်က ဆောင်းဦးမှာ Fall back နောက်ပြန်သွားပြီ။ ပြီးခဲ့တဲ့အပါတ်က အင်္ဂလိပ်ဆရာက ကျောင်းသားတွေကို နားလည်အောင် Spring (စပရင်း) ကို စပရင်ခုန်သလို လုပ်ပြတယ်။ Fall ကိုလည်း နောက်ပြန်ဆုတ်ပြတယ်။

ဒီလိုရာသီမျိုးမှာ ပင်လယ်ရေလှိုင်းစီးတာ ပုံစံပြောင်းလဲတယ်။ အကျိုးဆက်အနေနဲ့ El Niño effect (အယ်လ်နင်ညို) သက်ရောက်မှုနဲ့ Southern Oscillation Index ဆိုတာဖြစ်လာစေနိုင်တယ်။ ရာသီက မတည်ငြိမ်တာ များတယ်။ နွေးတဲ့လေတွေ နိမ့်ရာကိုတိုက်မယ်။ အေးတဲ့လေတွေက (မြောက်ဝင်ရိုးစွန်း) ကိုတိုက်မယ်။ တောင်တွေများတဲ့ဆီမှာ ပူနွေးတဲ့မိုးကြောင့် ရေခဲတွေအရည်ပျော်ရာကနေ ရေကြီးတာဖြစ်မယ်။ အမေရိက (ရောကီး) တောင်တန်းဝန်းကျင်မှာ Tornado Alley (တိုနေးဒိုး) လေဆင်နှာမောင်း တိုက်နိုင်တယ်။ မုန်တိုင်းတွေလည်းတိုက်မယ်။

မြန်မာပြည်မှာတော့ နွေဥတုစတင်နေပါပြီ။ သရဖီပန်း၊ သဲပုံစေတီ ပွဲတော်ကျင်းပရာ တပေါင်းလရောက်ပြီ။ ကံ့ကော်ပန်းနဲ့ ပိတောက်ပန်းပွင့်ပြီး သင်္ကြန်ပွဲတော်ကျင်းပမယ့် တန်ခူးလရောက်တော့မယ်။ စကားဝါပန်းပွင့်ပြီး ညောင်ရေသွန်းပွဲတော် ကျင်းပမယ့် ကဆုန်လဆက်လာမယ်။ မြန်မာပြည်မှာနေသူတွေ နွေမှာ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂ဝ-၃-၂ဝ၁၆


Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး