Mother-to-Child Transmission of HIV မိခင်-ကလေး ကူးစက်ခြင်း

HIV ပိုးရှိသူမိခင်မှကလေးမွေးရင် အဲဒီကလေးကိုနို့တိုက်လို့ရပါသလား။ ကလေးကရောတခြားကလေးတွေလို လူတန်းစေ့ ကြီးထွားရှင်သန်ပါမလားဆရာ။ HIV ရှိသူအမျိုးသမီးကလေးယူသင့်၊ မယူသင့် ဖြေကြားပေးပါဆရာ။ မေးနည်းစည်းကမ်းနဲ့ ညီရင် ဖြေကြားပေးပါဆရာ။

မေးနည်းစည်းကမ်းအရ အသက်-ကျား-မ-ရာသီ-အိမ်ထောင်ရေး စတာတွေတော့ မစုံလင်ပါ။ အရေးကြီးလို့ ဖြေပါမယ်။

HIV ပိုးရှိသူမိခင်ကနေ သူကမွေးလာတဲ့ကလေးကိုကူးစက်ခြင်းလို့ သပ်သပ်ရှိတယ်။ ဒေါင်လိုက်ကူးစက်နည်းလို့လည်း ခေါ်တယ်။ ကလေးကို (ကိုယ်ဝန်ကတည်းက + မွေးဖွါးနေစဉ် + နို့တိုက်နေချိန်) ဆိုတဲ့ ကာလသုံးပါးလုံးမှာ ကူးစက်စေနိုင်တယ်။ ကလေးတွေမှာ HIV ရှိတာဟာ မိခင်ဆီကနေကူးလာတာက အများဆုံးဖြစ်တယ်။

၂ဝ၁၃ သုတေသနအရ နိုက်ဂျီးရီးယားမှာ နှစ်စဉ် ကလေးပေါင်း ၇ သောင်းဟာ HIV ကူးစက်ပြီးမွေးနေတယ်လို့ဆိုပါတယ်။ ကိုယ်ဝန်ဆောင် ၆ သန်းထဲက HIV ရှိတဲ့ကိုယ်ဝန်ပေါင်းက ၂ သိန်း ၃ သောင်းရှိတယ်။

ကလေးကိုမကူးအောင် ကာကွယ်နည်းတွေလုပ်ရမယ်။ ကိုယ်ဝန်မဆောင်မီကတည်းက Folic acid 400 micrograms နေ့စဉ်သောက်သင့်တယ်။ Co-trimoxazole ခေါ် မှို (ဖန်းဂတ်စ်) ဆေးသောက်နေရရင် ဖေါလစ်အက်စစ်ဆေးကို 5 mg ပိုသောက်သင့်တယ်။ မိခင်လောင်းက HIV ဆေးသောက်နေရမယ်။ Highly active anti-retroviral therapy (HAART) ဆေးလို့ခေါ်တယ်။

ကလေးမွေးရင် ဗိုက်ခွဲမွေးသင့်မယ်။ ဒါပေမယ့် ရိုးရိုးမွေးတာနဲ့ မထူးဘူးပြောတာလည်းရှိတယ်။ ရိုးရိုးမွေးတာက ပိုသင့်တယ်လို့လည်းရှိတယ်။ သေချာတာကတော့ ကလေးကို နို့မတိုက်ပါနဲ့။ ဗိုက်မခွဲခင်နာရီပိုင်းကစပြီး ကလေးချက်ကြိုးဖြတ်ပြီးတဲ့အထိ Zidovudine drip ဆေးသွင်းပေးထားသင့်တယ်။ ကိုယ်ဝန် (၃၉) ပါတ်ထက် စောမွေးတာဆိုရင် Corticosteroid injections ထိုးဆေးကို (၄၈) နာရီအတွင်းမှာ ၂ လုံးကနေ ၄ လုံးအထိ ထိုးပေးသင့်တယ်။ အဲတာ ကလေးအဆုပ်အားကောင်းစေဘို့ဖြစ်တယ်။ ရေမြွာစောပေါက်ရင် ကလေးကို ကူးစက်နှုန်း ပိုများမယ်။ Viral load များနေသူဆိုရင် Zidovudine drip ဆေးသွင်းပေးသင့်တယ်။ EDD ခန့်မှန်း မွေးရက်ထက် နောက်ကျနေရင် မွေးအောင်လုပ်နည်းသုံးသင့်တယ်။

မွေးလာတဲ့ကလေးကိုလည်း မွေးပြီး (၄-၆ ပါတ်) ကတည်းက ဆေးတိုက်နေရမယ်။ ကလေးကို ၂ ရက်သားကစပြီး HIV စစ်သင့်တယ်။ ၆-၁၂ ပါတ်မှာတခါနဲ့ ၁၈ လ မှာတခါထပ်စစ်ပါ။

HIV ပိုးရှိတဲအမျိုးသမီးက (ကွန်ဒွမ်) သုံးရမယ်။ ယောက်ျားမှာ HIV ရှိနေလို့ HAART ဆေးသောက်နေရင် မိန်းမကို မကူးနိုင်ပါ။ အမျိုးသမီးမှာ HIV ရှိနေရင် Cervical smears သားအိမ်ဝကင်ဆာ တနှစ်တခါစစ်ဆေးနေသင့်တယ်။

HIV positive မိခင် ၉၈% ကနေ HIV မကူးစက်တဲ့ကလေးမွေးနိုင်တယ်လို့လည်း ဆန်းစစ်မှုတခုကဆိုပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး