Normal temperature ပုံမှန်အပူချိန်

မနေ့ကတင် ခေတ်ဟောင်းမှာ ဆေးကအစ အစစအရာရာ ရှားပါးလွန်းတာလေး ရေးခဲ့တယ်။ ဆေးဆိုရင် မန္တလေးဈေးချို၊ ဆေးပစ္စည်းဆိုရင် ရန်ကုန်လဟာပြင်ဈေးအထိ ဆင်းပြေး ရှာရဝယ်ရတယ်။ ကားဆိုလည်း (ဂွတ်စကင်းဟင်း) စီးနိုင်ရင် လူရည်တတ်။ အဲ့ ကားမှန်သမျှ ဝပ်ရှော့က ခဏခဏ။ ဂျစ်ကားဆိုရင် ဝပ်ရှော့က မပြန်ရ။

အခုတော့ အဟောင်းဆိုတာတွေက မရှိတော့ဘူးတဲ့။ မန္တလေးမှာ ကားပစ္စည်းအဟောင်းရောင်းတဲ့ ကြက်တန်းဆိုတာ မရှိတော့ဘူးတဲ့။ ကြက်တန်းမှာ ဈေးရောင်းသူအများစုကို (ခေါ်တော) လို့ခေါ်ခဲ့ကြတယ်။ ဗွေမယူကြပါ။ သူငယ်ချင်း မြန်မာမွတ်ဆလင်တွေကို ကုလားလို့ခေါ်လည်း အခင်အမင်မပျက်ပါ။ ပြဿနာလည်းမဖြစ်ကြပါ။ စကားလုံး အဓိပ္ပါယ်တွေလည်း ဖွင့်ဆိုမနေကြပါ။

အခုတော့ (ခေါ်တော) နေရာမှာ (ရို) စကားလုံးအသစ် ဝင်လာတယ်။ (ကုလား) ဆိုရင် နှိမ်ခေါ်တာဖြစ်လာတယ်။ ကဗျာဆရာကြီး တဂိုးကိုသာခေါ်ခဲ့တဲ့ (ဘင်္ဂါလီ) ကို အငြင်းပွါးစရာတခုအတွက် သီးသန့်လုပ်လိုက်တယ်။ ပယောဂတွေ ရှိလာလို့ပါ။ အတွင်းပယောဂရော အပြင်ပယောဂရော ပါတယ်။ စစ်ထောက်လှမ်းရေးတီထွင်ခဲ့တဲ့ (လှိုင်းကြီးလေထန်) ဆိုတာ အဲတာမှအစစ်။

အခုတော့ ဆေးတွေ ဘယ်လောက်ဝယ်ချင်ဝယ်ချင် လွယ်ပြီ။ ကားအသစ်တွေ ဘယ်နှစ်စီး စီးမလည်းတဲ့။ အရင်က မရှိဘူးလို့ မျက်စိမှတ်ပြီးဇွတ်ငြင်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာကို အစိုးရသတင်းစာမှာကို တရားဝင်သုံးလို့ရလာပြီ။

ရှိနေတာကို မရှိဘူးပြောတာ မကောင်းသလို၊ မရှိတာတွေ ရှိလာတာမှာ ကောင်းတာရော ဆိုးတာပါ ရောနေတယ်။ တပါတီစနစ်နဲ့ စစ်အစိုးရတွေ လက်ဖြစ်တွေပါ။ အဲတာတွေကို ရှင်းဘို့လုံးပမ်းနေကြရတယ်။ အစိုးရဆိုတာ တော်လှန်ရတဲ့၊ ကန့်ကွက်ဝေဖန်ရတဲ့ခေတ်မှာ မွေးလာကြသူတွေက နိုင်ငံရေးလုပ်ခွင့်ရတဲ့ကာလ ရောက်နေတယ်။ ဖျားနေတဲ့မိခင်ကနေ မွေးလာတဲ့ကလေး မွေးကတည်းက ကိုယ်ပူနေသလိုပဲ။ ပုံမှန်အပူချိန်ကို မသိသူတွေရှိတယ်။ ပယောဂသစ်တွေ မဖန်တီးကြပါနဲ့ဗျာ။ ကျွန်တော်တို့မှာ ရင်းစားမရသေးပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး