Publication of my writings စာမူထုတ်ဝေရေး

- Livia Enn ဆရာ့ခွင့်ပြုချက်နဲ့လားဗျာ။
- Mg Mg Nyunt ဆရာဆောင်းပါးတစ်ချို့ ဂျာနယ်တခုမှာ မကြာခဏတွေ့ရတယ်။ ဆရာ ပို့ပါသလားခင်ဗျား။

မေးကြတဲ့အတွက် အလွန်ကိုကျေးဇူးတင်တယ်။ ကျွန်တော်ရေးတာတွေကို ပုံနှိပ်ထုတ်ဝေနေတာတွေ အများစုကို ကျွန်တော် မသိပါ။ အရင်က စာတွေသုံးချင်ပါတယ်လို့ရေးလာတိုင်း အခမဲ့လုပ်တာဆိုရင် အခမဲ့သာသုံးပါလို့ ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ ဂျာနယ်တချို့ကဆက်သွယ်လာပါတယ်။ တချို့ကတော့ တဆင့်ခံနဲ့ဆက်သွယ်တယ်။ ဥပမာ စောင့်ကြည့်ဂျာနယ်ကဆိုရင် ဒီဇိုင်းဆရာကနေသာ သုံးထားတဲ့ ကျွန်တော့်စာနဲ့ပုံကို ပို့ပေးတယ်။ တခြား အကြောင်းကိစ္စအတွက် ဂျာနယ်တိုက်က တာဝန်ရှိသူနဲ့ အဆက်အသွယ် မရှိဘူးထင်ပါတယ်။ အဲတာအတွက် အခုပဲ ကြားခံတဦးကို မေးပေးဘို့ မေတ္တာရပ်ခံထားပါတယ်။

အခုထိတော့ (၁) DVB website ကနေ စာတပုဒ်ဘယ်လောက်ဆိုပြီး ပေးပါတယ်။ စနစ်ကျတယ်။ လစဉ်စာရင်း ပို့ပေးတယ်။ (၂) Health journal တခု (နာမည်အတိအကျ မေ့နေတယ်) ကနေလည်း စာမူခပေးနေပါတယ်။ အဲတာ နှစ်ခုတည်းကနေသာ အခကြေးငွေပေးနေတာရှိပါတယ်။ ဒီလှိုင်းဂျာနယ်ကတော့ လုံးဝအခမဲ့ဖြစ်ပါတယ်။ မနေ့ကလည်း အမျိုးသမီး (မိခင် + ကလေး) ဂျာနယ်က အယ်ဒီတာချုပ်ကနေ ဆက်သွယ်လာပါတယ်။

စာအုပ်အဖြစ်ထုတ်ဘို့ လုံးပမ်းနေတာ ခရီးရောက်လာပါပြီ။ ပဌမဆုံး ကိုယ်ဝန်ဆောင်ဆေးပညာစာများ စာအုပ်ကို ပုဂံတိုက်ကနေထုတ်ပါမယ်။ ဖိုင်နယ်ပရုဖ် ကျွန်တော့်ဆီရောက်နေပါပြီ။ အမျိုးသမီးရောဂါများစာအုပ်ကို ဓူဝံတိုက်ကနေ ထုတ်ဖို့လည်း ပို့ထားပါတယ်။ တခြားတိုက်တခု (တိုက်အမည် မဖေါ်ပြလိုပါ) ကနေ ကိုယ်ဝန်ဆောင်စာတွေ ထုတ်ချင်ကြောင်း တဆင့်ပြောလာလို့ စင်ပြိုင်မထုတ်သင့်ပါလို့ မနေ့ကပဲ ပြန်ရေးထားပါတယ်။ ရေးပြီးသားစာတွေ အများကြီးရှိပါတယ်။ အဆင်ပြေတဲ့ စာအုပ်တိုက်ကနေ ဆက်ထုတ်ပါမယ်။

စနစ်ကျအောင်လုပ်ပါမယ်။ မူပိုင်ခွင့်အရလုပ်ချင်တယ်။ ကြိုတင်သဘောတူညီချက်ရထားချင်တယ်။ Gentleman agreement အနည်းဆုံး ရယူထားချင်တယ်။ ရန်ကုန်မှာ ကျွန်တော့်ကိုယ်စားလှယ်တဦးရဲ့ ဘဏ်အကောင့်ကိုသုံးပါတယ်။ သဘောတူညီချက်ကိစ္စတွေအတွက် ကိုယ်စားလှယ်တဦးထားဘို့ပါ စိတ်ကူးထားပါတယ်။ လိုအပ်လာရင် ရှေ့နေ အကူအညီရယူမယ်။ ကျွန်တော်က ပိုက်ဆံကိစ္စတို့ စီးပွါးရေးအကြောင်းတို့ကို စကားမပြောချင်သူဖြစ်လို့ပါ။

ကျွန်တော့်စာတွေကို ဖတ်ကြသူတွေဆီရောက်အောင် ထုတ်ဝေဖြန့် ချိပေးးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ အခုကစပြီး စည်းစနစ်ကျကျသာလုပ်ဆောင်တော့မယ်ဆိုတာကို လေးစားစွာအသိပေးအပ်ပါတယ်။ စာဖတ်ရလို့ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁-၄-၂ဝ၁၆
doctortintswe@gmail.com
https://www.facebook.com/tint.swe.dr

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး