Rock Solid Conservative ကျောက်တုံးနိုင်ငံရေး

အဲတာက အမေရိကန် ရီပတ်ဘလီကင်ပါတီကနေ အရွေးခံမယ့် ဆီနေတာတယောက်ကို မီဒီယာကနေပေးတဲ့ နာမဝိသေသနဖြစ်ပါတယ်။ ကျောက်ဆောင်လို အစိုင်အခဲ ရှေးရိုးစွဲလို့ အဓိပ္ပါယ်ရပါတယ်။ အဲတာ ၂ဝ၁၆ ခုနှစ် အမေရိကန်နိုင်ငံရေးမြင်ကွင်းထဲကပါ။ စစ်အေးကာလ မဟုတ်ပါ။

စစ်အေးကာလမှာ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတွေကို တကမ္ဘာလုံးက စိတ်ဝင်စားကြတယ်။ မသိလို့လည်းမဖြစ်ပါ။ ကင်းလွတ်သူရယ်လို့ မရှိခဲ့လို့ပါ။ နှစ်ဖက်လုံးကနေ ဝါဒဖြန့်ချိရေးအတွက် ငွေသန်းပေါင်းများစွာ အကုန်ခံလုပ်ကြလို့ မှန်တာတွေရော မမှန်တာတွေပါ သိကြရတယ်။ ခုခေတ်လို ဆိုရှယ်မီဒီယာကမပေါ်သေးတော့ လှိုင်းတိုရေဒီယိုနဲ့ ပုံနှိပ်မီဒီယာကနေ ဝါဒဖြန့်ကြပါတယ်။ အဲဒီကာလ မြန်မာပြည်မှာက လက်ဝဲဖက်မှာ အားသာခဲ့တယ်။

ယေဘုယျ ပြောကြတာ၊ မြင်ကြတာ၊ ထင်ကြတာရှိပါတယ်။ ကွန်မြူနစ်ဆိုတာ ဆင်းရဲသားတွေဖက်မှာနေတယ်။ နင်းပြားတွေဖက်က ရှေ့နေလိုက်တယ်။ ပစ္စည်းမဲ့တော်လှန်ရေးသည်သာ ထွက်ရာလမ်းဖြစ်တယ်။ အရင်းရှင်းစနစ်ဟာ သွေးစုပ်တာဖြစ်တယ်။ ခေါင်းပုံဖြတ်တယ်။ နယ်ချဲ့တယ်။ စစ်အေးကာလဟာ ၁၉၄၇ ကနေ ၁၉၉၁ အထိရှည်ကြာခဲ့တယ်။

ခေတ်ကိုသမိုင်းတင်ဘို့ရာ အဲလောက်သာဖြစ်ပေမယ့်၊ ဝါဒနှစ်ခုအပေါ်အမြင်ကတော့ အခု ၂ဝ၁၆ အထိရှိနေဆဲပါ။ အနောက်နိုင်ငံတွေမှာ ဒီမိုကရေစီထွန်းကားတယ်။ ဈေးကွက်စီးပွါးရေးကျင့်သုံးတယ်။ (လစ်ဘရယ်) ကျတယ်။ လက်ဝဲ ယိမ်းခဲတဲ့တိုင်းပြည်တွေမှာ ဆိုရှယ်လစ်သဘောကို ကျင့်သုံးကြတယ်။ ဒီမိုကရေစီတစိတ်တပိုင်းသာရှိတယ်။ အစဉ်အလာစွဲကြတယ်။

တခါကရေးဘူးပါတယ်။ အားလုံးခြုံပြီးယေဘုယျချခြင်းမှာ အပြစ်မကင်းပါလို့။ ကဲ အမေရိကားကိုကြည့်ပါ။ ရှေးရိုးစွဲလည်း ရှိတာပဲ။ ဆီနေတာလောင်းက ကျောက်ဆောင်လို အစိုင်အခဲ ရှေးရိုးစွဲပါသတဲ့။ ချမ်းသာတာကလည်း ကျိကျိတက်။ ကွန်မြူနစ်ဝါဒ အခုထိ တရားဝင်ရှိနေတဲ့ တရုပ်ပြည်မှာ ဈေးကွက်စီးပွါးရေးလုပ်တာ အမေရိကန်နဲ့ နင်လားငါလားပဲ။ ဘယ်မှာဖြစ်ဖြစ် လစ်ဘရယ်နဲ့ ရှေးရိုးစွဲ ဒွန်တွဲနေကြပါတယ်။

ကျောင်းသားထည့်မပြောရင် ခေတ်မမီလို့ ပြောပါရစေ။ ကျောင်းသားဆိုတိုင်း မတူကြပါ။ ဒီမိုကရေစီအော်သူတွေလည်း မတူကြပါ။ NLD လည်း အဲလိုမတူတာမှာ တူတယ်။

သင်္ကြန်မှာ အစဉ်အလာအရ ဥပုသ်စောင့်ကြသူတွေရှိနေအုန်းမှာဖြစ်သလို လစ်ဘရယ်တွေကလည်း အလျှံပါယ်။ အထဲနေသူတွေက ကျွန်တော့်ထက်ပိုသိကြလို့ မရေးတော့ပါ။ အဲတာတွေစုဝေးနေတာကို ခေတ်သစ်မြန်မာပြည်လို့ ခေါ်တယ်။ ကတုံးတုံးပြီး သင်္ကန်းဝတ်သူတွေလည်းရှိတယ်။ ကြေးစင်တောင်၊ စပါယ်တောင်၊ ဖါးကန့်တောင်တွေ ကတုံးဖြစ်သွားပြီတဲ့။

ဒေါက်တာတင့်ဆွေ
၁၁-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး