Summer roof ထန်းလက်မိုး

ထန်းလက်တဲပုံတွေ့တိုင်း သတိရတယ်။ ဆရာဝန်ဖြစ်ကာစ ငါန်းဇွန်မြို့နယ် မြို့သာတိုက်နယ်ဆေးရုံမှာ တာဝန်ကျတယ်။ အဲဒီခေတ်တုန်းကတော့ ငါန်းဇွန်းသား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့တဲ့ခေတ်ကပါ။

ကျွန်တော်နေခဲ့ရစဉ်က သောက်ရေခက်လွန်းလို့ မိုးရေခံနိုင်အောင် သွပ်မိုး၊ သွပ်ပရပ်ပါတဲ့ နှစ်ထပ်အိပ်မှာ ၆ နှစ် ကြာခဲ့တယ်။ နွေမှာ အိပ်ပေါ်ကို မတက်နိုင်ပါ။ ခေါင်းရင်းမှာ ထန်းလက်မိုးဇောင်းလေးချပြီး နေကြရတယ်။ တနှစ်တခါ ထန်းလက်အသစ်လဲပေးရင် နွေဒဏ်ကို ကောင်းကောင်း ခံနိုင်ပါတယ်။

ဆရာဝန်လည်း အဲလိုနေရသလို၊ လူနာတွေက မြေကြီးပေါ်ဆောက်ထာတဲ့ ဘားတိုက်လိုတဲတန်းကြီးမှာ နေကြရတယ်။ အပြင်လူနာကြည့်ပြီး ခွဲစိတ်လူနာတွေပါလုပ်ရတဲ့ အဆောက်အဦလေးကတော့ အုတ်ခင်း သွပ်မိုးမို့တော်သေးတယ်။

ရပ်မိရပ်ဖ၊ နယ်သူနယ်သားတွေနဲ့ တရွာဝင်တရွာထွက် အလှူငွေလိုက်ကောက်ပြီး၊ နံရံကပ် ဆေးရုံလေးတခု ဆောက်ဖြစ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ဆေးရုံဆောက်ပြီးပြီးချင်း လေပြင်းကျလို့ သွပ်မိုးတွေလန်သွားတယ်။ နွေပြင်း လေပြင်း ကင်းပြီး၊ ကံဆိုးခြင်းတွေကနေ အပြီးတိုင်လွတ်မြောက်ကြပါစေလို့ ဆုတောင်းပါတယ်။ ထန်းလက်မိုးကိုတော့ လွမ်းလှတယ်။ အခုတော့ မြိုသာက မန္တလေးတိုင်းထဲမှာ မြို့ဖြစ်သွားပြီ။ ရေလည်းပေါ လမ်းတွေလည်းကောင်းနေပြီတဲ့။ ဝမ်းသာရတယ်။ ဆင်းရဲဇာတာသာပါတဲ့ တိုက်နယ်ဆရာဝန်ဟာ မြို့သာကို ပြန်မရောက်ပါ။

ကျွန်တော်က ဆင်းရဲဇာတာပါတယ်။ မွေးဇာတိ ပုလဲမြို့နယ်၊ မင်းရွာမှာလည်း ထန်းလက်မိုးတွေများခဲ့တယ်။ နေအိမ်ထဲမှာပူရင် နွားတဲထဲဖြစ်ဖြစ်၊ ဆီကျိတ်ဆုံထားတဲ့တဲဖြစ်ဖြစ် သွားနေနိုင်တယ်။ အခုတော့ မရှိလောက်တော့ပါ။

Beat the Heat စိတ်အနေ အေးပါစေ http://doctortintswe.blogspot.com/2016/04/beat-heat.html
Beat the summer heat အပူဒဏ်ကာကွယ်ရန် http://doctortintswe.blogspot.com/2015/06/beat-summer-heat.html
Heat stroke အပူဒဏ် ဘယ်လိုခံမလဲ http://doctortintswe.blogspot.com/2015/06/heat-stroke.html
Hot Places ပူတဲ့တိုင်းပြည်တွေမှာ အလုပ်လုပ်ရတာ http://doctortintswe.blogspot.com/2017/03/hot-places.html
Summer heat ထန်းလက်မိုး http://doctortintswe.blogspot.com/2016/04/summer-heat.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး