Zika causes birth defects (ဇီကာ) ကနေ ဦးနှောက်ရောဂါဖြစ်စေတာ သေချာပြီ

အမေရိကန် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဌာန (CDC) ကနေ (ဇီကာ) ဗိုင်းရပ်စ် ကူးစက်ရာကနေ မွေးရာပါ ချို့ယွင်းချက်ရစေနိုင်တာ သေချာတယ်လို့ အတည်ပြုချက်ထုတ်လိုက်ပါပြီ။ အရင်ကတော့ကိုယ်ဝန်ဆောင်မှာ (ဇီကာ) ဗိုင်းရပ်စ်ကူးစက်ရာကနေ မွေးရာပါဦးနှောက်သေးတဲ့ကလေးမွေးလာစေနိုင်တဲ့သံသယကိုသာ ထားနိုင်ခဲ့ပါတယ်။
မနှစ်ကတည်းက ဘရာဇီးနိုင်ငံမှာ အဲလိုကလေးတွေမွေးနေပါတယ်။

(ဇီကာ) ဗိုင်းရပ်စ်ဟာ ခြင်ကိုက်ခံရာကနေ ကူးစက်တယ်။ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒီးစ်ခြင်ကိုက်ခံရရင် ကူးစက်ခံရနိုင်တယ်။ အေးဒီးစ်ခြင်က ရေကြည်ရေသန့်မှာသာ ပေါက်ပွားတယ်။ ရေလှောင်ထားတဲ့ အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ကားတာယာ၊ ပလတ်စတခွက် စတာတွေမှာတွေ့ရတယ်။ နေ့အချိန်မှာ လူကိုကိုက်တယ်။ ခြင်ကိုက်ခံရပြီး  (၂) ရက်ကနေ (၇) ရက်အတွင်း ရောဂါလက္ခဏာတွေစဖြစ်တယ်။ ကူးစက်ခံရသူ  (၅) ဦးမှာ (၁) ဦးသာ ရောဂါလက္ခဏာ ပေါ်ပေါက်တယ်။ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား၊ အဆစ်နာကျင်ခြင်းတွေဖြစ်တယ်။

ကာကွယ်နည်းကတော့ ခြင်ကျား ပိုးလောက်လမ်း နှိမ်နင်းရေးနဲ့ ခြင်ကိုက်မခံရအောင်နေဘို့ဖြစ်ပါတယ်။ ရေလှောင်ထားတဲ့ အိုးခွက်တွေမှာ ခြင်မဥနိုင်ရန် ဖုံးအုပ်ထားရန်။ အိုးခွက်နံရံတွေမှာ ကပ်နေတဲ့ခြင်ဥတွေ သေစေအောင် အိုးခွက်တွေ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောရန်၊ ခြင်ကျားလောက်လမ်းတွေ့ရှိတဲ့ ရေတွေသွန်ပစ်ရန်။ အခြားအိုးထဲကို ရေစစ်သုံးပြီးပြောင်းထည့်ရန်။ ပန်းအိုး၊ နတ်အိုးအတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောပြီး ရေတွေကို တပတ်နှစ်ကြိမ် လဲလှယ်ရန်။ ခြင်ကျားလောက်လမ်းတွေ မပါစေအောင် ရေဖြည့်တဲ့အခါ ရေစစ်သုံးစစ်ထည့်ရန်။ ရေထည့်ထားတဲ့ ကြောင်အိမ်အောက် ခံခွက်၊ ရေမြောင်းတွေမှာ ဒီဇယ်ဆီနဲ့ စက်ဆီဟောင်း လောင်းထည့်ရန်။ ခြင်ထောင်ထဲမှာ အိပ်ရန်၊ တတ်နိုင်ရင် ဆေးစိမ်ခြင်ထောင် အသုံးပြုရန်။ မသုံးတော့တဲ့ ရေတင်ကျန်နေတဲ့ စွန့်ပစ်ပစ္စည်းတွေကို မြေမြှုပ်ရန်။ အိမ်အတွင်းအပြင် သန့်ရှင်းရန်၊ ချုံရှင်းရန်။ အလင်းရောင်ရရန် ပြတင်းပေါက်တွေကို ဖွင့်ထားရန်။ ခြင်ဆေးလိမ်းရန်၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ရန်၊ ခြင်လုံဆန်ခါတပ်ရန်။ ခြင်ဖြန်းဆေးမှုတ်ရန်။

(ဇီကာ) ဗိုင်းရပ်စ်ပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန်ဒါနိုင်ငံက မျောက်တွေမှာစတွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်မှာ ယူဂန်ဒါနနဲ့ တန်ဇန်းနီးယားနိုင်ငံတွေမှာ လူတွေကိုကူးစက်မှုရှိခဲ့တယ်။ ထိုင်းနိုင်ငံမှာ ၂ဝ၁၂ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အထိ ဖြစ်ပွားသူ (၇) ဦးရှိခဲ့တယ်။ လတ်တလောတွင် ဘရာဇီးနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးနှောက်သေးငယ်တဲ့ ကလေးတွေ မွေးဖွားလာခဲ့ပါတယ်။

ကာကွယ်ဆေးမရှိသေးပါ။ အနားယူခြင်း၊ ရေများများသောက်သုံးခြင်း၊ ဆေးမြီးတိုနဲ့ အကိုက်အခဲပျောက်ဆေးတွေကို မသောက်ရန်နဲ့ ပါရာစီတမောကိုသာ အညွှန်းအတိုင်း သောက်ရန်။ လက္ခဏာတွေတွေ့ရှိရင် ကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းတွေ ပြသ၊ စစ်ဆေး၊ ကုသမှုခံယူရန်လိုအပ်ပါတယ်။ မြန်မာပြည်မှာ စိုးရိမ်စရာ မရှိသေးပါ။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး