Bikini (ဘီကီနီ)

ကျွန်တော်က တိုက်ဆိုင်တာတွေဆို မြင်တတ်တယ်။ မနှစ်က အမေရိကန်သမတ အိုဘားမား ဂျပန်သွားရင်း ဟီရိုရှီးမားမြို့ကိုပါသွားတဲ့သတင်းနဲ့ ဘီကီနီအလှမယ်ရွေးပွဲသတင်းတွေ ဒီရက်မှာထွက်တယ်။ ဘီကီနီပုံကိုတော့ မသိသူမရှိ။ ဘီကီနီဆိုတာဘာလဲ။ ဒါများ ပြောနေစရာမလိုပါလို့ဆိုကြမယ်။ အဲဒီစကားလုံးဟာ ကျွန်းစုလေးတခုလို့ သိသူကတော့ နည်းမယ်။ ကံဆိုးလှတဲ့ကျွန်းရဲ့နာမည်အထိပါ သိသူကရှားမယ်။

အမေရိကန်ပြည်ထောင်စုကနေ ၁၉၄၆ ခုနှစ်က Operation Crossroads အော်ပရေးရှင်း ခရော့စ်ရုဒ်စ်ခေါ်တဲ့ အနုမြူဗုံး စမ်းသပ်ဖေါက်ခွဲမှု လုပ်ခဲ့ပါတယ်။ ၁၉၄၅ ခုနှစ်ဇူလိုင်လက ထရီနီတီမှာပဌမဆုံးစမ်းပြီး၊ ၁၉၄၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှာတော့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နဲ့ (၉) ရက်နေ့မှာ နာဂါဆာကီမြို့ကို အနုမြူဗုံးချခဲ့ပါတယ်။ အော်ပရေးရှင်း ခရော့စ်ရုဒ်ကို ပစိဖိတ်သမုဒ္ဒရာထဲက မာရှယ်ကျွန်းစုမှာလုပ်ခဲ့တယ်။ ပစ်မှတ်သင်္ဘော (၉၅) စီးကို Bikini Lagoon ဘီကီနီ ပင်လယ်ထုံးအိုင်မှာချထားတယ်။ ဘီ-၂၉ လေယာဉ်နဲ့ အနုမြူဗုံးချတယ်။ မတိုင်ခင် ဘီကီနီကျွန်းစုမှာ နေထိုင်ကြသူတွေက နေရာရွေ့ပြောင်းပေးဘို့သဘောတူခဲ့ကြပါတယ်။ ဘီကီနီကျွန်းစုမှာ လူသူနေထိုင်တာ အခုထိမရှိသေးပါ။

ဘန်ကာဗုံးကို Helen of Bikini လို့ခေါ်တယ်။ ဣတ္တိလိင်အမည်ကိုယူတဲ့သဘောက ဆွဲဆောင်မှု + ဖျက်ဆီးခြင်းဆိုတဲ့ စွမ်းရည်နှစ်မျိုးတွဲရှိတာမျိုးဖြစ်တယ်။ အနုမြူဗုံးဒဏ်ကြောင့် အဲဒီနေရာမှာ အပိုင်းအစလေး နည်းနည်းသာ ကျန်တော့တာကိုအစွဲပြုပြီး အပေါ်တစအောက်တစသာပါတဲ့ မလုံ့တလုံ အမျိုးသမီးရေကူးဝတ်စုံကို ဘီကီနီလို့ ၁၉၄၆ ကတည်းကခေါ်လာကြတယ်။

ဟီရိုရှီးမားမှာချခဲ့တဲ့အနုမြူဗုံးကို Little Boy ကောင်ကလေးနဲ့ နာဂါဆာကီမှာ ချခဲ့တဲ့ အနုမြူဗုံးကို Fat Man လူဝကြီးလို့ အမည်ဝှက်နဲ့ ခေါ်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၆
၂၉-၅-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး