Bygone Surgeon ခွဲတဲ့ဆရာဝန်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ဒေါက်တာဆင်သီယာမောင်ရဲ့ဆေးခန်းမှာ လူနာဆောင်သစ်ဖွင့်ပွဲသတင်းသိရတယ်။ (မယ်တော်) ဆေးခန်းလို့ နှုတ်ကျိုးခေါ်ပေမယ့် ထိုင်းလို (မယ်တာအို) သံထွက်ရတယ်။ ဒါလည်း မြန်မာစာလုံးပေါင်းမို့ပါ။ တိတိကျကျကြီး သည်အတိုင်းအသံထွက်ရတာတော့ မဟုတ်ပါ။

နိုင်ငံရေးအတွက် ထိုင်းနိုင်ငံကို အခေါက်ပေါင်းများစွာရောက်ခဲ့ပါတယ်။ ကနဦးနှစ်တွေက မာနယ်ပလောအထိ သွားရတယ်။ မာနယ်ပလောကျပြီးနောက်ပိုင်းမှသာ မဲဆောက်ကို သွားရတာပါ။ မဲဆောက်ရောက်တိုင်း ဒေါ်ဆင်သီယာဆေးခန်းအထိ ရောက်တာများတယ်။

ကျွန်တော်က ရောက်တဲ့အရပ်မှာ လူနာရှာတယ်။ ရှာတော့လည်း ခွဲစိတ်လူနာ။ ကွယ်လွန်သူ ဗိုလ်ချုပ်မြမွေးတဲ့ရွာက ဆေးရုံမှာ ရင့်မာနေတဲ့ကိုယ်ဝန်အရွယ်အစားလောက်ရှိတဲ့ မျိုးဥအိမ်အလုံးကြီးကို ခွဲပေးခဲ့ဘူးတယ်။ ကျည်ဆံမှန်ခံရတဲ့ လူနာတယောက်ကို လည်ပင်းဖေါက်ပေးရတယ်။ မျိုးဥအိမ်အလုံးလူနာအမျိုးသမီးကြီးက ကောင်းသွားပေမယ့် ကျည်ဆံမှန်တဲ့ကရင်စစ်သား သိပ်မကြာခင်ကွယ်လွန်သွားတယ်။ ဆောရီး။

ဒေါ်ဆင်သီယာဆေးခန်းမှာတော့ ၄-၅-၆ ယောက်ခွဲပေးဘူးတယ်။ အူကျနဲ့မုတ်ပါတွဲရှိနေတဲ့လူနာတယောက်ကိုခွဲတော့ ကရင်ဆေးမှူးတဦးက (အဆစ်စ်) လုပ်ပေးတယ်။ အဲဒီဆေးမှူးက အခု KNU မှာ ထိပ်ပိုင်းမှာ တာဝန်ယူနေရတယ်။

ထိုင်းမြန်မာနယ်စပ် တောစခန်းတွေမှာ အစည်းအဝေးတွေလုပ်တိုင်းလည်း ချောင်းဘေး မြောင်းဘေးတွေမှာပါ (မိုင်နာ) ခွဲစိတ်စရာတွေကို ခွဲစိတ်ပေးခဲ့ဘူးတာ ခုထိအမှတ်ရသေးတယ်။ အခုတော့ ခွဲစိတ်ခန်းတွေ၊ ခွဲစိတ်လူနာတွေ၊ ခွဲစရာတွေ အားလုံးနဲ့ ခွဲခဲ့ရပြီကောဗျာ။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၆
ဓါတ်ပုံ = ၁၉၉၃ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် (ယိုဇိုယိုကိုတာ) လာစဉ်က NLD/LA ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနယ်စပ်တနေရာမှာ သွားရောက်တွေ့စဉ်က ကရင်ဒုက္ခသည် လူနာများကို ဆေးဝါးကုသပေးခဲ့ရစဉ်က

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး