Natural family planning သဘာဝနည်းများနဲ့ ကိုယ်ဝန်တားခြင်း

မင်္ဂလာပါဆရာ သမီးနာမည်က့ ပါရှင့်။ သမီးအသက်က ၂၃ ပါ။ အိမ်ထောင်ရှိပါတယ်ဆရာ။ အိမ်ထောင်ကျတာလဲ လပိုင်းပဲရှိသေးတယ်။ ကလေးကမလိုချင်သေးတော့ အမျိုးသားနဲ့အမျိုးသမီး ဘယ်လိုဆက်ဆံနေထိုင်ရမလဲ ပြောပြပေးပါဆရာ။ တားဆေးလဲမသောက်ချင်ပါဘူး။ ပြီးတော့ဆေးလဲမထိုးချင်လို့ပါဆရာ။ သဘာဝအတိုင်း နည်းလမ်းကောင်းလေး လမ်းပြပေးပါဆရာ။

၁။ Natural family planning သဘာဝနည်းများ၊
(က) Calendar method ပြက္ခဒိန်နည်း (သို့) Standard Days method ရက်ရှောင်နည်း
ရာသီလလယ်ရက်ဟာ မ-မျိုးဥထွက်တဲ့နေ့ဖြစ်တယ်။ မ-မျိုးဥနဲ့ ကျား-သုက်ပိုး တွေ့မှသာ ကိုယ်ဝန်နိုင်သည်။ ဒါကြောင့် လလယ်ရက်မတိုင်ခင် (၅) ရက်နဲ့ နောက်ထပ် (၅) ရက်အမှာ အတူမနေသင့်ပါ။ ရာသီမလာခင် (၅) ရက်နဲ့ ရာသီလာပြီး (၅) ရက်မှာနေရင် ကိုယ်ဝန်မရစေပါ။ စိတ်ချရမှု % ကိုနောက်မှာကြည့်ပါ။

(ခ) Withdrawal method (Pullout method) သုက်ရည် ပြင်ပစွန့်ထုတ်နည်း
ယောက်ျားက ဆန္ဒပြည့်ဝခါနီးမှာ လိင်အင်္ဂါကို အမျိုးသမီးရဲ့ မိန်းမကိုယ်ကနေ ထုတ်ပြီးမှ သုက်ရည်ကို ပြင်ပမှာ ထွက်အောင် လုပ်ရတယ်။ စိတ်ကိုထိန်းထားတုံး သုက်ကောင်တွေ Sperm အနည်းငယ် ထွက်တာဖြစ်တတ်တယ်။ တချို့က ဆန္ဒမပြည့်ဝတာဖြစ်တတ်တယ်။ ကျားသုက်ပိုးသတ်ဆေး Spermicide နဲ့ တွဲသုံးရင် ပိုမိုထိရောက်တယ်။ စိတ်ချရမှု % ကိုနောက်မှာကြည့်ပါ။

(ဂ) Breastfeeding ကလေးနို့တိုက်ခြင်းနည်း
ကလေးဖွါးပြီး ၆ ပတ်နေရင် နောက်ကိုယ်ဝန်ပြန်ရနိုင်တယ်။ ကလေးနို့တိုက်နေရင် ၃ လကနေ ၆ လအထိ သဘာဝနည်းနဲ့ သားဆက်ခြားနိုင်တယ်။ နို့တိုက်မိခင်ကိုလည်း ဟော်မုန်းလည်ပတ်မှု မှန်စေတယ်။ ရင်သားကင်ဆာဖြစ်မှာကိုလည်း ကာကွယ်တယ်။ ကလေးကို ကိုယ့်နို့တမျိုးတည်းသာတိုက်ရမယ်။ အလုပ်သွားချိန်မှာ နို့ဗူးနဲ့ထားတာဆို စိတ်မချရဘူး။ ၁-၂% သာကိုယ်ဝန်ရစေတယ်။ ၃ လနောက်ပိုင်း ကာကွယ်မှု လျှော့လာတယ်။ တိတိကျကျဆိုရင် ၆ ပါတ်အထိက သေချာတယ်။

၂။ Male condom ကျား (ကွန်ဒွမ်) များ၊
ကျား-သုက်ပိုးတွေကို မ-မျိုးဥနဲ့ မတွေ့စေအောင် ကြားခံပေးထားတဲ့ အဆီးအတားမျိုးဖြစ်တယ်။ Latex (Rubber) or Polyurethane (Plastic) ပစ္စည်း တမျိုးမျိုးနဲ့ လုပ်ထားတယ်။ ညွှန်ကြားချက်အတိုင်း သုံးတတ်ရင် ၉၅-၉၈% စိတ်ချရတယ်။ HIV-AIDS အပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်တယ်။ စိတ်ချရမှု % ကိုနောက်မှာကြည့်ပါ။

၃။ Female condoms အမျိုးသမီးသုံး (ကွန်ဒွမ်)
အမျိုးသမီးရဲ့ မွေးလမ်းကြောင်း (ဗဂျိုင်းနား) ထဲမှာ သက်တောင့်သက်သာ အဝကိုအပြင်၊ အပိတ်ကိုအတွင်းမှာ အနေအထားနဲ့ ထည့်သွင်းရမယ်။ ဆက်ဆံမှုပြီးဆုံးရင် အပြင်အဝကို စုစည်းပိတ်ပြီး၊ အထဲရှိနေတဲ့ ကျားသုက်တွေ ဖိတ်မကျအောင် ပြန်ထုတ်ပြီး စွန့်ပြစ်ရမယ်။ သုံးနေတုံးမှာ အသံထွက်လို့ တချို့က မကြိုက်ဘူး။ ရောဂါတွေကာ ကွယ်နိုင်ပြီး ယောက်ျားက (ကွန်ဒွမ်) မသုံးတဲ့ အခါမျိုးအတွက် ကောင်းတယ်။ ဈေးချိုတဲ့ အမျိုးသမီးသုံး (ကွန်ဒွမ်) ကိုလည်း FDA က အသိအမှတ်ပြုလိုက်ပြီ။ စိတ်ချရမှု % ကိုနောက်မှာကြည့်ပါ။

တားဆေး-တားနည်းများ ဆန်းစစ်ချက်များ
(က) ထိရောက်မှု အများဆုံး တားဆေး-တားနည်းများ
• Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ Vasectomy, Tubal methods သားကြောဖြတ်ခြင်းများ = 99%
• Birth Control shot ထိုးဆေး = 97%
• Birth Control Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း = 92-95%
• Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ် = 84-89%
• Abstinence ဝေရာမဏိ = ၁ဝဝ%

(ခ) ထိရောက်မှု အနည်းဆုံး တားဆေး-တားနည်းများ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = 85%
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = 25%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%

(ဂ) WHO တားဆေး-တားနည်းများနှင့် ကိုယ်ဝန်ရနှုန်း တနှစ်တာ ဆန်းစစ်ချက်
• အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရမယ်။
• သုက်ပိုးသေဆေးနည်းသုံးသူ = ၁၈-၂၉% ကိုယ်ဝန်ရမယ်။
• သုက်ရည် ပြင်ပစွန့်ထုတ်နည်းသုံးသူ = ၁၅-၂၈% ကိုယ်ဝန်ရမယ်။
• ရက်ရှောင်နည်းသုံးသူ = ၅-၁၂% ကိုယ်ဝန်ရမယ်။
• ကွန်ဒွမ်နည်းသုံးသူ = ၂-၁၅% ကိုယ်ဝန်ရမယ်။
• နေ့စဉ်သောက်ရတဲ့ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရမယ်။
• ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး