The End ပါပီခေတ်

ဆရာရှင့် ကျွန်မက အသက် ၃၁ ပါ။ ကိုယ်ဝန် ၈ လထဲမှာပါ။ ဒီမနက် အဖြူနည်းနည်းဆင်းနေလို့ အာ့တာ စိတ်ပူရလားရှင့်။ ဆေးခန်းပြဖို့ရော လိုလားသိချင်လို့ပါ။

White discharge အဖြူဆင်းခြင်းစာ ဘလော့မှာ ဖတ်နိုင်။

ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါ ပီ

ခဏခဏတွေ့တဲ့ ကွန်မင့်က ရှဲလိုက်ပါပီရှင့်။

ပါပြီလို့ ရေးရပါတယ်။ ပါပီဆိုရင် တမျိုးဖြစ်သွားပြီ။ Smile!

ပီ = ပီတိ၊ ပီသ၊ ပီပြင်၊ ပီနံသီး၊ ပီဆိုပိုက်ဆံ၊ ပီပါ၊ ပီယဝါစာ၊ ပီလားကောင်၊ ပီလောပီနံဥ၊ ပီပီသသ၊ ပီယဆေး။

ပြီး = ပြီးဆုံးသည်၊ ပြီးစလွယ်လုပ်သည်၊ ပြီးကပစ်လုပ်သည်၊ ပြီးစီးသွားပြီ၊ ပြီးပြည့်စုံ၊ ပြီးမြောက်အောင်လုပ်သည်။

ပြီ = သွားပြီ၊ လာပါပြီ၊ စားပြီးပြီ၊ ပြီးပါပြီ။

၁၉၈၂ ဝန်းကျင်ကတည်းက ကာလာတီဗွီပေါ်စ၊ ၁၄ လက္ခ တီဗွီလေးတလုံးနဲ့ အင်တာနာကို မန္တလေးကနေဝယ်လာပြီး၊ ပုလဲအိမ်မှာ စမ်းဖွင့်ပါတယ်။ လိုင်းရှာရတာ ခက်လိုက်တာ။ ပျားအုံကို တုတ်နဲ့ဆွသလိုသာမြင်နေရတယ်။ နောက်ဆုံး ရလည်းရရော မြန်မာ့ရုပ်မြင်သံကြားအစီအစဉ် ပြီးပါပြီတဲ့။ အဲဒီခေတ်အထိ သတ်ပုံမှန်သေးတယ်။

ခုခေတ်မှာ မြန်မာလိုလွှင့်နေတဲ့တီဗွီတွေကိုတော့ မကြည့်ဖူးပါ။ သတ်ပုံအမှားနဲ့ သဒ္ဒါအလွဲစာတမ်းတွေထိုး၊ ကိုးရိုကားယား စကားမပီသသူတွေက လှတပတဝတ်စားပြီး အမေးအဖြေတွေလုပ်နေကြဆိုပဲ။ ပါပီခေတ်ကုန်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး