Remain or Leave တွက်ရေးနဲ့ စက်သူဋ္ဌေး

နက်ဖြန်ဆိုရင် ဗြိတိန်ကမဲပေးခွင့်ရှိသူ ၄၆ သန်းကျော်တို့ကနေ သမိုင်းတွင်အဆုံးအဖြတ်ကို မဲပေးရွေးကြပါတော့တယ်။ (အီးယူ) ထဲမှာ ဆက်နေမလား၊ ထွက်မလား။

လက်ရှိဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ကွန်ဆာဗေးတစ်) နဲ့ ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာ (ကွန်ဆာဗေးတစ်) တို့က ဆက်နေရေးဖက်က ဖြစ်ပါတယ်။ လေဘာခေါင်းဆောင် (ဂေါ်ဒွန်ဘရောင်း) လည်းသူတို့ဖက်မှာ။ လေဘာပါတီ ခေါင်းဆောင် (ဂျယ်ရမီ ကော်ဘင်း) ကလည်း မထွက်ရေးပါပဲ။ ကင့်ပိန်းလုပ်နေတာ (၄) လတိတိ ကြာတယ်။ အပြောတွေကလည်း ချောပါတယ်။ ပျံသန်းနေတဲ့ လေယာဉ်တံခါးပေါက်နေ ထွက်သွားလို့မရဘူးတဲ့။

တရားရေးအတွင်းဝန် (မိုက်ကယ် ဂို့ဖ်) က ထွက်ရေးကို ကင့်ပိန်းလုပ်ပါတယ်။ သူက (ဒေးဗစ်ကင်မရွန်း) ရဲ့မိတ်ဆွေရင်းပါ။ ဝန်ကြီးချုပ်ဟောင်း (ချာချီ) ရဲ့မြေး (နစ်ကိုလပ်စ်) ကတော့ သူ့အဖိုးသာဆိုရင် နိုင်ငံပေါင်း (၂၈) နိုင်ငံနဲ့ လူဦးရေ သန်း (၅ဝဝ) ရှိတဲ့အဖွဲ့ကြီးနဲ့ အဆက်ဖြတ်မယ်မထင်ဘူးလို့ နေမြဲဖက်ကပြောပါတယ်။

ထွက်ရင် ဗြိတိန်မှာ လွတ်လပ်မှုပိုရမယ်တဲ့။ ရွေ့ပြောင်း အလုပ်သမားတွေ နည်းသွားမယ်တဲ့။ ကွန်ဆာဗေးတစ်ပါတီက လန်ဒန်မြို့တော်ဝန်ဟောင်း လက်ရှိအမတ် (ဘောရစ် ဂျွန်ဆင်) က နယူးယောက်မှာမွေးခဲ့သူပါ။ သူကထွက်ရေး။

လူတွေ နေရာရွေ့ပြောင်းသွားလာနေထိုင်ရေးအတွက် အီးယူတရားရုံးအဆုံးအဖြတ်ကို မကျေနပ်ကြသူများတယ်။ ကင်မရွန်းက အဲတာကိုပျော့ပျောင်းအောင် လော်ဘီလုပ်မယ်တဲ့။ အဲတာက စက်သူဋ္ဌေး။ ဒါပေမယ့် အီးယူကော်မရှင်ဥက္ကဋ္ဌ ကတော့ ချပြီးသားအဆုံးအဖြတ်ကို ပြင်မရဘူးတဲ့။

ကျွန်တော်ကတော့ (အီးယူ) ဆိုရင် တယ်သဘောကျတာမဟုတ်ပါ။ ကျွန်တော့် တခုတည်းသောကိုက်တံက မြန်မာ့ ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုပါ။ နှစ်ပေါင်း (၂ဝ) အတွင်းမှာ (အီးယူ) ဟာ ကုလသမဂ္ဂမှာတော့ စစ်အစိုးဖက်မှာမနေခဲ့တာ ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ (အီးယူ) ထိပ်သီးနိုင်ငံကြီးတွေဖြစ်ကြတဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီမှာ ကွန်တော်တို့ ကွန်ဖရင့်ကြီးတွေ လုပ်ခွင့်မသာခဲ့ပါ။ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတွေကတော့ ကောင်းကြပါတယ်။ နော်ဝေနိုင်ငံကတော့ စံပြနိုင်ငံဖြစ်တယ်။ ဆွီဒင်နဲ့ အိုင်ယာလန်မှာ ပြည်ပရောက်အမတ်အစည်းအဝေးတွေ ကျင်းပခွင့်ရပါတယ်။ အီတလီမှာလည်းရတယ်။

(အီးယူ) ကနေ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ထားတော့ ကျွန်တော်တို့နဲ့အရင်တွေ့ပါတယ်။ သူက ၂ဝဝ၈ ဖွဲ့စည်းပုံကို အစောကြီးကတည်းက ထောက်ခံချင်နေတယ်။ ဒီမိုကရေစီရေး အနှစ် ၂ဝ အတွင်းမှာ ငွေကြေး ထောက်ကူမှုဟာ အမေရိကန်နဲ့စာရင် (အီးယူ) က အတော်ကြီးနည်းပါးခဲ့တယ်။ နိုင်ငံကြီးတွေသာမကပါ စပိန်၊ အီတလီ၊ ပေါ်တူကီနိုင်ငံတွေကလည်း တပြားတချပ်မှ ဒီမိုကရေစီရေးအတွက် ပေးတာမရှိခဲ့ပါ။ (ဂျာမဏီ ကတော့ တချို့ရှိပါတယ်။)

ပြည်ခိုင်ဖြိုးအစိုးရ လက်ထက်မှာ (အီးယူ) ကအတော်ကြီး ခြေလက်သွက်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ငွေတွေ ပုံပေးတယ်။ (အီးယူ) ကနေသင်ပေးထားတဲ့ မြန်မာ့ရဲတပ်ဖွဲ့က လက်ပတောင်းမှာ သေနတ်နဲ့ပစ်သတ်တယ်။ အဲတော့ နက်ဖြန် ဗြိတိန်ဆန္ဒခံယူပွဲမှာ ဘာဖြစ်လာလာ မြန်မာပြည်အတွက်တော့ ပိုကောင်းမယ်-ဆိုးမယ်တော့ ထင်မထားပါ။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး