Water Buffalo ဤလား ကျွဲလား

မြန်မာစာအရေးအသားမှာ (တ) အစား (တစ်) လို့သာရေးလာကြရတဲ့ သမိုင်းအထောက်အထားကို နိုင်ငံရေးလုပ်ဘက် မိတ်ဆွေတဦးဆီက အခုပဲရပါတယ်။ ကျေးဇူးတင်တယ် ကိုရန်။ မြန်မာစာအဖွဲ့ကနေ မှတ်တမ်းတင်ထားခဲ့တာပါ။

တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင်း

့
၁၇။ မြန်မာစာလုံးပေါင်းများ ပြန်လည် စိစစ်မွမ်းမံရာတွင် တစ်အရေး တအရေး ခွဲခြားသတ်မှတ်ရေးကိစ္စကိုလည်း တစ်ပါတည်း ပြေလည်အောင် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။

၁၈။ တစ်ဂဏန်းကိန်းပါပုဒ်များဖြစ်ပါလျက် တစ်တွင် စ မသတ်ဘဲ အလွယ်ရေးသားနေကြခြင်းနှင့်စပ်လျဉ်း၍ ရေးတော့အမှန် ဖတ်တော့အသံဟူသော စည်းမျဉ်းဥပဒေအတိုင်း စည်းကမ်းရှိရှိ လိုက်နာရေးသားသင့်ကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးက ၁၉၈၁ - ခုနှစ်၊ ဇူလိုင်လနှင့် သြဂုတ်လအတွင်း မြန်မာစာအဖွဲ့ လုပ်ငန်းဆိုင်ရာကိစ္စများ ဆွေးနွေးရာတွင် လမ်းညွှန်မိန့်ကြားခဲ့ပါသည်။

၁၉။ မျက်မှောက်ခေတ် သတင်းစာ၊ စာအုပ်စာတမ်းများနှင့် ကျောင်းသုံးစာအုပ်များတွင် တစ်သင်္ချာကိန်းပါ ပုဒ်များကို တစ်ခု၊ တစ်ယောက် စသည်ဖြင့် စသတ်၍လည်းကောင်း၊ တခု၊ တယောက် စသည်ဖြင့် စသတ်ဘဲလည်းကောင်း မညီမညွတ် ရေးသားလျက်ရှိပါသည်။ ထိုသို့မညီမညွတ်ဖြစ်နေခြင်းကို ပါတီဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်နှင့်အညီ စည်းကမ်းတကျ ညီညီညွတ်ညွတ်ဖြစ်အောင် ညှိနှိုင်းသတ်မှတ်ပေးရန် လိုအပ်လာပါသည်။
့

မြန်မာစာအဖွဲ့နဲ့ မြန်မာစာကော်မရှင် နာမည်တွေကို အင်္ဂလိပ်လိုကနေ ဘာသာပြန်ရလို့ သတ်ပုံလွဲကောင်းလွဲပါမယ်။ အဲဒီအဖွဲ့တွေထဲက သက်ရှိထင်ရှား ဘယ်နှစ်ဦးကျန်သေးလည်း မသိပါ။
(၁) ဦးဘညွန့်၊ အငြိမ်းစားသမိုင်းပါမောက္ခ၊
(၂) ဦးချမ်းသာ (လက်ဝဲမင်းညို)၊၊
(၃) ဦးလှဘေ (ဒဂုံလှဘေ)၊၊
(၄) ဦးဆန်းထွန်း (ဆန်းထွန်း မန်းတက္ကသိုလ်)၊
(၅) ဦးစန်းငွေ (ဒဂုံဦးစန်းငွေ)၊
(၆) ဦးသော်ဇင် (သော်ဇင်)၊
(၇) ဦးအောင်သော်၊ ညွှန်ချုပ် (ရှေးဟောင်းသုတေသန)
(၈) ဦးလှရွှေ၊ အငြိမ်းစား ပါချုပ်၊
(၉) ဦးထင်ကြီး (တက္ကသိုလ်ထင်ကြီး)၊
(၁ဝ) ဦးထင်ဖတ် (မောင်ထင်)၊
(၁၁) ဒေါ်ကြန် (မကြန်)၊

မြန်မာစာကော်မရှင်
(၁) ဒေါ်မြင့်သန်း၊ (ကထိကဒေါ်မြသန်း)၊
(၂) ဒေါ်အုန်းခင်၊ အငြိမ်းစားကထိက၊
(၃) ဦးစိုးမောင် (သာဂရငစိုး)၊
(၄) ဒေါ်သန်းဆွေ (မြမဉ္စူ)၊ အငြိမ်းစားပါမောက္ခ၊
(၅) ဦးဝင်းဖေ (မြဇင်)၊
(၆) ဒေါ်ရင်ရင် (စောမုန်ညင်း)

မြန်မာ့စွယ်စုံကျမ်း ပဌမတွဲကို ၁၉၅၄ ခုနှစ် ဒီဇင်္ဘာလနဲ့ ဒုတိယတွဲကို ၁၉၅၅ ခုနှစ် အောက်တိုဘာလမှာ ပြီးစီးခဲ့ပါတယ်။ မြန်မာ့စွယ်စုံကျမ်းကို ရေးသားစီရင်ခဲ့တဲ့ပညာရှင်တွေက အနန္တသူရိယအမတ်ရေးခဲ့တဲ့ အမျက်ဖြေလင်္ကာလေးပိုဒ်ထဲမှာ သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်းလို့ ရေးသားခဲ့ကြပါတယ်။ တစ်တွေမဟုတ်ပါ။

မြန်မာ့စွယ်စုံကျမ်းကိုပြုစုခဲ့တဲ့ ပညာရှင်တွေ မှားတယ်ထင်ရင် ဗိုလ်ချုပ်နေဝင်းလမ်းညွှန်ချက်ကို လိုက်နာခဲ့ကြရကုန်သော မြန်မာစာအဖွဲ့နောက်ကိုသာ လိုက်ပါခင်ဗျား။ ကျွန်တော်က (ဤ) ကို (ကျွဲ) ဖတ်ခဲ့ကြတယ်လို့သာ ယူဆပါတယ်။ (မဆလ) ခေတ်မှာ ပါတီကို လွန်ဆန်လို့မရပါ။  ပညာကအစ လွတ်လပ်မှု မရှိခဲ့ပါ။ အခုလွတ်လပ်မှု အများကြီး ရှိလာပြီ။ ပြန်လည် စိစစ်တာတွေလုပ်ကြတာ အလွန်ကောင်းတယ်။ ဒါပေမယ့် ကျွဲတွေများနေသေးတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး