Lincoln သစ်လုံးအိမ်မှသည် အိမ်ဖြူတော်သို့

ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ဟာ မြန်မာပြည်အတွက်တော့ ပြည်ထောင်စုနေ့။ အမေရိကန်ပြည်ထောင်စုမှာတော့ လင်ကွန်းမွေးနေ့ ဖြစ်ပါတယ်။ ကနေ့ ကျောင်းမှာသင်ပေးတယ်။ နံပတ် (၁၆) ယောက်မြောက် အမေရိကန်သမတ လင်ကွန်းဟာ ကင်တပ်ကီပြည်နယ်၊ အပလာချီယန် တောင်ကုန်းရဲ့ အနောက်ဖက်နေရာ ဝက်သစ်ချတောထဲက သစ်လုံးအိမ်မှာ ၁၂-၂-၁၈ဝ၉ နေ့က မွေးဖွားခဲ့တယ်။

၁၉၆ဝ ကျော်တုန်းက အလယ်တန်းကျောင်းပြဋ္ဌာန်းစာအုပ်မှာ သင်ခဲ့ရတယ်။ ၂ဝ၁၆ ခုနှစ်မှာတော့ အေဘရာဟမ် လင်ကွန်း မွေးဖွားခဲ့ရာ သစ်လုံးအိမ်ကို ရောက်ပါတယ်။ ကင်တပ်ကီပြည်နယ်၊ လူးဝစ်ဗေးလ်မြို့ကနေ ၆၂ မိနစ် ကားမောင်းရတဲ့နေရာမှာရှိတယ်။

မီးဖိုခန်းတခုလောက်သာကျယ်တဲ့ သစ်လုံးအိမ်အမိုးက သစ်သားပြားလေးတွေ ပေါက်ပြဲကျိုးနေတာလည်းမြင်ရတယ်။ ဘာအသစ်နဲ့မှ မွမ်းမံမထားပါ။ အပြင်ကနေ မာဘယ်ကျောက်တွေနဲ့ အခိုင်အမာဆောက်ထားတဲ့ အဆောက်အဦကနေ သစ်လုံးအိမ်တခုလုံးကိုငုံပြီး ဆက်ပြီးမပျက်စီးအောင် အကာအကွယ်ပေးထားတယ်။ သံမဏိတံခါးရွက်တချပ်က တတန် လေးတယ်တဲ့။ အနီးအနားမှာလည်း ဝက်သစ်ချပင်တွေသာရှိတယ်။ အိမ်ရှေ့ညာဖက်နား အနိမ့်နေရာမှာ ကျောက်တွေကြားကနေ အလိုလိုကျနေတဲ့ စိမ့်ထွက်ရေကို သုံးခဲ့ကြရတယ်။

ပြတိုက်လုပ်ထားတဲ့ အမေရိကန်သမတ လင်ကွန်းမွေးခဲ့တဲ့အိမ်ဟာ တကယ်တော့ သူ့မိဘတွေ ဆောက်ခဲ့တာ အတိအကျတော့ မဟုတ်ပါ။ တကယ့်အိမ်လေးက ၁၈၆၅ မတိုင်ခင်ကတည်းကပျက်စီးသွားပါပြီ။ ၁၈၉၄ ခုနှစ်မှာ အေ ဒဘယ်လ်ယူ ဒဲနက်ကနေ မြေနေရာကိုဝယ်ယူပြီး အနီးအနားက အမျိုးအစားတူ သစ်လုံးတွေကိုစုပြီး အနီးစပ်ဆုံးပုံအတိုင်း ပြန်ဆောက်ရတယ်။ ၁၆ x ၁၈ x ၁၈ ပေရှိတယ်။ သစ်လုံးအိမ်ရှေ့ညာဖက်နားမှာ အောက်ဖက်ကို ဆင်းသွားရတဲ့နေရာမှာ ကျောက်တွေကြားကနေ အလိုလိုကျနေတဲ့ စိမ့်ထွက်ရေကို သုံးခဲ့ရတယ်။

လင်ကွန်းနာမည်ကို အပြည့်အစုံဖတ်ပြီး တယောက်က ကပြားလားမေးတယ်။ သူနာမည်စာလုံးပေါင်းက Abraham Lincoln အေဘရာဟမ် လင်ကွန်းဖြစ်ပါတယ်။ Ibrahim အီဘရာဟင်ဆိုတာက အာရတ်မွတ်ဆလင်နာမည်ဖြစ်တယ်။ လင်ကွန်းအသံထွက်ကို ကျွန်တော်တို့က မှန်အောင်မထွက်ခဲ့ကြပါ။

အရင်က အမေရိကမှာ ကိုလိုနီ ၁၃ နယ်နဲ့စခဲ့တယ်။ ကျွန်ရောင်းကျွန်ဝယ်စနစ်က တရားဝင်ဖြစ်တယ်။ လင်ကွန်းက အဲဒီစနစ်ကိုမကြိုက်ဘူး။ တောင်ပိုင်းပြည်နယ် ၁၁ ပြည်နယ်က ခွဲထွက်ပြီး ကွန်ဖက်ဒရိတ်တခု ထူထောင်တယ်။ သူတို့က ဝါဂွမ်းနဲ့ ဆေးရွက်ပင်တွေစိုက်ဖို့ရာ ကျွန်တွေလိုအပ်တယ်။ ၁၈၆၁ ကနေ ၁၈၆၅ အထိ ပြည်တွင်းစစ်ကြီးဖြစ်တယ်။ နောက်ဆုံးမှာ ကျွန်စနစ်လိုလားတဲ့ တောင်ပိုင်းကရှုံးသွားတယ်။ လင်ကွန်းက ကျွန်စနစ်ကို အပြီးတိုင်ဖျက်လိုက်တယ်။ ၅ ဒေါ်လာတန်မှာ သူ့ပုံနဲ့ဂုဏ်ပြုထားတယ်။ အမေရိကန်ပြည်တွင်းစစ်က မြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) ကာလနဲ့ အပြိုင်ဖြစ်ခဲ့တယ်။

ကျွန်တော်ငယ်ငယ်က လင်ကွန်းအကြောင်း ဘာသာပြန်စာအုပ်ဖတ်ရတယ်။ လင်ကွန်းနိုင်ငံရေးထဲရောက်ပြီးနောက် လူတယောက်ကို စိတ်ဆိုးလွန်းလို့ စာပြန်ရေးတယ်။ စာကို အိပ်ယာအောက်မှာ သိမ်းထားတယ်။ အဲဒီခေတ်က စာပို့စနစ်က မကောင်းသေးပါ။ စာလည်းမပို့ဖြစ်ပါ။ နောင်တချိန်မှာ အဲဒီလူဟာ သူ့ရဲ့မိတ်ဆွေကောင်းတယောက် ဖြစ်လာပါသတဲ့။ စိတ်လှုပ်ရှားမှုတိုင်းမှာ အလွန်အကျွံမဖြစ်သင့်ဘူးဆိုတဲ့ သင်္ခန်းစာကိုရလိုက်ပါတယ်။ နိုင်ငံရေးထဲမှာ လက်တွေ့လည်း ကျင့်သုံးလို့ အကျိုးကျေးဇူးရပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၆
၆-၂-၂ဝ၁၈
Photo by Naw Thu Thu

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး