Indiana ရွာနဲ့ယိုးမှား အင်ဒီယာနာ

(ရောက်နှစ်က ဒီရက်တွေမှာ ရေးခဲ့တဲ့စာ)

အိပ်ခန်းပြူတင်းကမြင်ကွင်းမှာ စိမ်းစိုပြာနေတဲ့မြက်ခင်းပြင်ကို မြင်ရတယ်။ သစ်ပင်ကြီးငယ်တွေက ခြံစီးရိုးမှာ တောထနေတယ်။ အောက်ခြေ မြေမှာက သစ်တုံးပြတ်တွေ၊ သစ်ကိုင်းခြောက်တွေ ကျနေတယ်။ အိမ်နောက်ဖေးက ကုန်းမြင့်မြင့်လေးဘေးမှာ ကျောက်စရစ်ခဲလေးတွေကို မြင်ရတယ်။

မမြင်ဖူးတော့ သစ်ပင်တွေမှာ အသီးလား အပွင့်လား ခွဲခြားရခက်တယ်။ အစာရှာတဲ့ငှက်များ သစ်ကိုင်းတွေပေါ်မှာ နားနေကြတယ်။ ပျံနေတဲ့ငှက်တွေရဲ့ အော်မည်သံကိုတော့ အသံလုံတံခါး ဖွင့်ထားမှ ကြားရတယ်။ အပင်တွေကြားနဲ့ မြက်ပင်တွေကြားမှာ အမြီးဖါးဖါး ရှဥ့်များကလည်း နှစ်ကောင်၊ သုံးကောင်။

အစိမ်းရောင်သစ်ရွက်တွေဟာ မြင်မြင်သမျှအပင်တွေမှာ။ အစိမ်းရောင်ကနေတခါ အဝါ၊ လိမ္မော်၊ မဟော်ဂနီ၊ နီညိုအရောင်ဆီကို တစတစပြောင်းကြတော့မယ်တဲ့။ အဲ့လို အညိုနဲ့အစိမ်း၊ အရောင်ပြေးကို ရေဆေးနဲ့ ရှုမျှော်ခင်းဆွဲရင် ငယ်တုံးက သုံးချင်ခဲ့တယ်။ မငယ်တော့လည်း အခုနေခါဆွဲရင် အဲလိုအရောင်းပြေးပဲ ဆွဲချင်တယ်။

စာကြည့်တိုက်ဖက်သွားရင် တသွင်သွင်စီးနေတဲ့ရေမြောင်းရဲ့ တံတားလေးပေါ်ဖြတ်ကျော်ရတယ်။ ရေထဲမှာ ကူးခတ်နေကြတဲ့ငါးတွေလည်းမြင်ရတယ်။ ကောင်းကင်မှာ ပြာကြည်နေတယ်။ တိမ်ဖြူအုပ်တွေက လူလုပ်တဲ့ ဝါဂွမ်းအဆုပ်တွေနဲ့ တူလိုက်တာ။

ကျွန်တော်ရောက်နေတာ ဇာတိဖြစ်တဲ့ မြန်မာနိုင်ငံ၊ ပုလဲမြို့နယ်က မင်းရွာမဟုတ်ပါ။ အင်ဒီယာပြည်နယ်က အင်ဒီယာနာပလစ်မြို့မှာဖြစ်ပါတယ်။ ။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၄
၂၂-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး