Unmarried Women မြန်မာပြည်မှာ အိမ်ထောင်မပြုသူ အမျိုးသမီးများနေ

မြန်မာပြည်မှာလို့ရေးတာကို သတိပြုစေချင်ပါတယ်။ လူတိုင်းလိုလိုက မြန်မာလို့သာရေးကြတယ်။ တိုင်းပြည်လည်းမြန်မာ၊ လူမျိုးလည်းမြန်မာ နာလည်းရတကယ်ခက်တယ်။

၂ဝ၁၄ သန်းခေါင်စာရင်းအရနဲ့ သတင်းတွေအရ မြန်မာပြည်မှာ အမျိုးသမီးအရေအတွက်က အမျိုးသားတွေထက် နည်းနည်းပိုများတယ်။ ဒါပေမဲ့ အိမ်ထောင်သားမွေးရမဲ့အရွယ်ရှိ အမျိုးသမီးတွေက အိမ်ထောင်ပြုကြတာနည်းလာလို့ ကလေးမွေးဖွားနှုန်း ကျနေတယ်လို့ဆိုပါတယ်။ ကိန်းဂဏန်းနဲ့ပြောရရင် အသက် ၄၅ နှစ်နဲ့ ၄၉ နှစ်ကြား အမျိုးသမီး တွေထဲက ၁၄% ကနေ ၁၅% တို့ဟာ အိမ်ထောင်မရှိကြတာတွေ့ရတယ်။

ဘာလို့ အိမ်ထောင်မပြုသလဲဆိုတဲ့ သုတေသနတွေလည်း လိုပါသေးတယ်။ တင်ပြသူပညာရှင်က လူဦးရေပေါ်လစီသစ် ရှိသင့်ပါတယ်လို့ ဆိုပါတယ်။ မိသားစုစီမံကိန်း၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးသူငယ် စောင့်ရှောက်ခြင်းတွေကိုပြောတာပါ။ တပြည်လုံးအတိုင်းအတာအရတော့ မြန်မာပြည်ရဲ့ ကလေးမွေးနှုန်းဟာ ဒေသတွင်းမှာ မြင့်မားပါတယ်။ တခြား အာရှနိုင်ငံတွေမှာ ပျမ်းမျှ အမျိုးသမီးတယောက်ကနေ ကလေးမွေးနှုန်း ၂့၅ ယောက်ရှိပါတယ်။ အိမ်ထောင်ပြုကြတဲ့ အမျိုးသမီးတွေချည်းသာတွက်ရင် ၅ ယောက်နှုန်းဖြစ်ပါတယ်။ စီးပွါးရေး ပိုတိုးတက်တဲ့ ထိုင်းနိုင်ငံမှာ ၁့၅ ယောက်သာ ရှိတယ်။ တောပိုင်းနေအမျိုးသမီးတွေက ကလေးမွေးတာ ပိုများကြတယ်။ ကလေး ၆ ယောက်၊ ၇ ယောက်မွေးကြတယ်။

ဘာသာရေးအစွန်းရောက်တွေ ထောက်ပြချက်က မမှန်ပါ။ မွတ်ဆလင်ဦးရေ နည်းနည်းတက်လာတယ်လို့ အစီရင်ခံစာမှာ ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကစာရင်းအရ မြန်မာပြည်မှာ မွတ်ဆလင်ဦးရေ ၄့၎% ရှိခဲ့တယ်။ ၁၉၈၃ ခုနှစ်က ၃့၅% ရှိခဲ့လို့ တိုးလာတာ သိပ်မများလှပါလို့ ပညာရှင်တွေကထောက်ပြပါတယ်။ ဒီကိန်းဂဏန်းထဲမှာ ရခိုင်ဒေသက မွတ်ဆလင် ခန့်မှန်းချေ တသန်း ၉ သောင်းအပါအဝင်ဖြစ်တယ်။ အဲဒီလူတွေကို ချန်ပြီးတွက်ချက်ရင် မွတ်ဆလင် ၂့၃% သာရှိပါမယ်။ အထောက်အထားမခိုင်မာတဲ့ပြောဟောချက်တွေနဲ့ အရင်အစိုးရလက်ထက်မှာ အငြင်းပွားဘွယ်ရာ ဥပဒေတွေ၊ အမိန့်တွေ ရှိနေလို့ အခုအစီရင်ခံစာ ထွက်လာတာ နောက်ကျတယ်လို့ သိရပါတယ်။

အစီရင်ခံစာအရ ဗုဒ္ဓဘာသာဝင်ဦးရေ ၈၇့၉% ရှိပါတယ်။ ၁၉၈၃ တုန်းကတော့ ၈၉့၎% ရှိခဲ့တယ်။ သိသိသာသာ တိုးလာတာကတော့ ခရစ်ယန်ဦးရေပါ။ လွန်ခဲ့တဲ့ နှစ် ၃ဝ က ၄့၉% ကနေ အခု ၆့၂% ဖြစ်လာတယ်။

စိတ်ဝင်စားစရာအချက်တခုကတော့ ကလေးသူငယ် အသက် ၁ဝ နှစ်ကနေ ၁၇ နှစ်ကြား၊ ၅ ယောက်မှာ ၁ ယောက်ဟာ ကျောင်းနေကြရမဲ့အစား အလုပ်ထွက်လုပ်နေကြရပါတယ်။ စုစုပေါင်း ၁့၇ သန်းရှိတယ်။ လူဦးရေ တသန်း တို့ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေကြတယ်။

အလုပ်လုပ်ကြရာမှာတော့ အမျိုးသားတွေက ၈၅% ရှိလို့ အသက် ၁၅ နှစ်ကနေ ၆၄ နှစ်ကြား အမျိုးသမီးတွေ အလုပ်လုပ်တာ နည်းလွန်းနေတယ်။ အလုပ်လုပ်သူ ၅၂% တို့ဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာလုပ်နေကြတယ်။ အသက် ၆၅ နှစ်ကျော်နေသူတွေလည်း ကာယ (စိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးဖမ်း) အလုပ်တွေမှာ အလုပ်နေကြရတယ်။ လူဦးရေ ၃ ပုံ ၁ ပုံကသာ လျှပ်စစ်ဓါတ်အားသုံးနိုင်ကြတယ်။

ဝဒေသမှာ သန်းခေါင်စာရင်းကောက်တဲ့ထဲမှာ မပါတာလည်း ထူးခြားနေပါတယ်။ အရင် ၂ဝဝ၃ ကောက်ယူစဉ်ကလည်း မပါခဲ့ဘူး။ ၂ဝ၁၄ ခုနှစ်ကကောက်ယူထားတဲ့ စာရင်းဇယားတွေအရ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူဦးရေ ၄၇ဝ,၇၆၄ ယောက်ရှိတယ်။ စာတတ်မြောက်မှု ကျား ၂၅% နဲ့ မ ၂ဝ% သာရှိတယ်။ တပြည်လုံးမှာ စာတတ်မြောက်မှု ကျား ၉၂့၆% နဲ့ မ ၈၆့၉% ရှိပါတယ်။ ပိုက်ကလာတဲ့ရေနဲ့ အိမ်သာရနိုင်သူ ၃ဝ% သာရှိတယ်။

နောက်ဆုံးကောက်ယူမှုအဖြေတွေကို ၂ဝ၁၄ ခုနှစ် သြဂုတ်လထဲမှာ ကြိုတင်ထုတ်ပြန်ချက်ထွက်ပါတယ်။ လူဦးရေစုစုပေါင်း ၅၁,၄၁၉,၄၂ဝ ထဲမှာ ယောက်ျား ၄၈့၂% နဲ့ မိန်းမ ၅၁့၈% ရှိတယ်။ အိမ်ထောင်စုပေါင်း ၁ဝ,၈၈၉,၃၄၈  စုရှိလို့ အိမ်ထောင်စုတခုမှာ လူ ၄့၎ ယောက်ရှိတယ်။ အပြည့်အစုံကို ၂ဝ၁၅ မေလမှာထုတ်ပြန်ပါတယ်။ လူဦးရေစစ်တမ်း ကောက်ယူရာမှာ အခက်အခဲတခုကတော့ တရုပ်ပြည်ကနေဝင်လာကြသူတွေနဲ့ ရခိုင်ဒေသမှာ နာမည်သစ်နဲ့ ရောက်နေကြသူတွေ ဖြစ်ပါတယ်။ ပြည်ပမှာနေထိုင်ရသူဦးရေ ၃သန်းကနေ ၅ သန်းလောက်ထိရှိနိုင်တယ်။

၂ဝဝဝ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအစီရင်ခံစာရ ဖွံ့ဖြိုးမှုအနည်းဆုံး မြန်မာပြည်ဟာ ကျန်းမာရေးစနစ်အဆင့် အောက်ဆုံးနိုင်ငံရဲ့အထက်မှာသာရှိပါတယ်။ မွေးစကလေးသေနှုန်း အရှင်မွေး တသိန်းမှာ ၆၂ ယောက် ရှိနေခဲ့တယ်။ လူ့သက်တမ်း ပျမ်းမျှ ၆၆့၈ နှစ်သာရှိတယ်။ ထိုင်းနိုင်ငံမှာ ၇၄ နှစ်ရှိတယ်။

မြန်မာနိုင်ငံသမိုင်းမှာ ပင်းယခေတ် ၁၃၅၉ ခုနှစ်က သန်းခေါင်စာရင်းကောက်ခဲ့တာ အစောဆုံးဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးနောက် ၁၉၅၃-၅၄ တုန်းကတခါနဲ့ နောက်မှာ ၁၉၇၃ နဲ့ ၁၉၈၃ မှာတခါကောက်ခဲ့ပါတယ်။ ၃၁-၃-၁၉၈၃ နေ့က လူဦးရေ ၃၅,၄၄၂,၉၇၂ ယောက်ရှိခဲ့တယ်။ အခု လူဦးရေတိုးနှုန်းဟာ ၁၉၇ဝ ကျော်နှစ်တွေထက် တဝက်မရှိတော့ပါ။ အိမ်ထောင်ပြုသူ အမျိုးသမီးဦးရေနည်းလာက အချက်တခုလို့ယူဆရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၉-၂ဝ၁၆
၂၈-၉-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး