Vaginal Contraceptive မိန်းမကိုထဲထည့်ရတဲ့ တာဆေး

(ကန်တော့ပါ)

Evenol (အီဗနော) မြန်မာပြည်မှတစ်ခုတည်းသော မိန်းမကိုယ်တွင်းထည့် သန္ဓေတားဆေးတောင့်ကို အရင်ကလည်းမေးလို့ ရေးထားတယ်။ ကနေ့တယောက်ကမေးပါတယ်။

မင်္ဂလာပါဆရာ သမီးအသက်က ၂၀ ပါ။ အိမ်ထောင်ရှိပါတယ်။ အမျိုးသားနဲ့က တလတခါ နှစ်ခါမှတွေ့ဖြစ်ပါတယ်။ ကလေးမယူချင်သေးပါဘူး။ အခြားတားနည်းတွေလည်းမသုံးချင်ဘူး။ side effect များလို့ပါ။ ကိုယ်ဝန်တားဆေးတွေထဲမှာ အင်္ဂါတွင်းထည့်တဲ့ဆေးတောင့် သုံးကြည့်ချင်လို့ပါဆရာ။ ဆိုးကျိုးနဲ့ကောင်းကျိုး သိပါရစေဆရာ။

အင်တာနက်ကနေ မြန်မာပြည်မှတခုတည်းသော မိန်းမကိုယ်တွင်းထည့် သန္ဓေတားဆေးတောင့်ကို ရှာဖတ်ရပါတယ်။ Evenol ဆေးထဲမှာ Nonoxynol 9 ပါဝင်ပါတယ်။ အတူမနေခင် ၅-၁ဝ မိနစ် ကြိုတင်ပြီး မိန်းမကိုယ်ထဲထည့်ထားရမယ်။ ခဏနေရင် ဆေးတောင့် ပျော်ဝင်သွားပြီး သုက်ပိုးတွေကို သေစေမယ်။ ဆေးကြော်ငြာမှာ မိန်းမကိုယ်ခြောက်သွေ့မှုအတွက် ချောမွေ့ဆီအနေနဲ့ ကူညီမယ်။ အတူနေဖေါ်မှာလည်း ဆိုးကျိုးမရှိပါဘူးလို့ဖတ်ရတယ်။

ဒီဆေးဟာ Spermicide သုက်ပိုးသေဆေးပြားဖြစ်တယ်။ ဟော်မုန်းမပါလို့ လူဝတာမဖြစ်စေပါ။ သွေးကြောကျဉ်းရောဂါ စိုးရိမ်ရနိုင်တဲ့ အသက်ကြီးအမျိုးသမီးတွေလည်း သုံးနိုင်ပါတယ်။

သတိထားစရာတွေကိုလည်း ရေးပါမယ်။ အမေရိကားမှာ တားဆေး-တားနည်းသုံးသူအမျိုးသမီးအားလုံးထဲမှာ သုက်ပိုးသေဆေးသုံးသူ ၁% ထက်နည်းတယ်။ သူများနိုင်ငံတွေမှာ သတိပေးချက်တခုက HIV ပိုပြီး ကူးစက်လာနိုင်တဲ့အချက် ဖြစ်ပါတယ်။ သူတို့ဆီမှာ အတူနေဖက်များလို့ ဖြစ်နိုင်တယ်။ ဆေးသုတေသနကလည်း လိင်လုပ်ငန်းကအမျိုးသမီးတွေကို လုပ်ထားတယ်။

ကွန်ဒွမ်တွေ၊ ဗဂျိုင်းနားသုံးဂျယ်လီတွေ၊ ဆေးမြှုပ်တွေ၊ ခရင်မ်တွေထဲမှာ အဲဒီ N-9 spermicide ထည့်ထားတယ်။ တနေ့မှာ တကြိမ်ထက်ပိုမသုံးသင့် စအိုလမ်းအတွက်မသုံးသင့်။ အဖေါ်မှာ HIV ရှိရင်မသုံးသင့်လို့ သတိပေးထားတယ်။

Nonoxynol-9 ဆေးက လိင်ကတဆင့်ကူးစက်တဲ့ တချို့ပိုးတွေကိုပါသေစေနိုင်တာမှန်တယ်။ ဒါပေမဲ့ ဗဂျိုင်းနားအဖုံးလွှာကို ကလိသလိုဖြစ်စေပြီး တချို့ ဗက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စတွေဝင်လာစေနိုင်မလား သတိထားရတယ်။ ဆေးမှာ ဆပ်ပြာသဘော Detergent ဓါတ်ရှိတယ်။ ဆဲလ်အဖုံးလွှာကို ထိခိုက်စေမယ်။ မကြာခဏမသုံးသင့်ပါ။ တချို့ဆေးတွေက အက်စစ်ဓါတ်ဖြစ်လို့ ပူလောင်တာခံစားရမယ်။

ကိုယ်ဝန်တားဆေးတာနည်းအားလုံးကိုဆန်းစစ်ထားတာရှိတယ်။
• အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရမယ်။
• သုက်ပိုးသေဆေးနည်းသုံးသူ = ၁၈-၂၉% ကိုယ်ဝန်ရမယ်။ (အခုရေးတဲ့နည်း)
• သုက်ရည် ပြင်ပစွန့်ထုတ်နည်းသုံးသူ = ၁၅-၂၈% ကိုယ်ဝန်ရမယ်။
• ရက်ရှောင်နည်းသုံးသူ = ၅-၁၂% ကိုယ်ဝန်ရမယ်။
• ကွန်ဒွမ်နည်းသုံးသူ = ၂-၁၅% ကိုယ်ဝန်ရမယ်။
• နေ့စဉ်သောက်ရတဲ့ဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရမယ်။
• ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရမယ်။

ထိရောက်မှု အနည်းဆုံးနည်းတွေ
• No Birth Control အကာအကွယ် လုံးဝမသုံးခြင်း = ၈၅%
• Spermicide only သုက်ပိုးသတ်ဆေး တမျိုးတည်း = ၂၉% (အခုရေးတဲ့နည်း)
• Fertility Awareness နေ့ကောင်းရက်သာ ရွေးနည်း = ၂၅%
• Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) = ၂၁%
• Withdrawal သုက်ရည် အပြင်စွန့်ထုတ်နည်း = ၁၈%

ထိရောက်မှု အများဆုံးနည်းတွေ
• Implant အရေပြားအောက် ဆေးချောင်း၊ IUD သားအိမ်ထဲထည့် ပစ္စည်း၊ သားကြောဖြတ်ခြင်းများ၊ = ၉၉%
• Birth Control shot ထိုးဆေး၊ = ၉၇%
• Birth Control Pill စားဆေး၊ Vaginal Ring (ဗဂျိုင်းနား) ကွင်း၊ = ၉၂-၉၅%
• Condom (ကွန်ဒွမ်)၊ Diaphragm, Cervical Cap သားအိမ်ဝအဖုံး-အပိတ်၊ Sponge ဆေးမြှုပ်၊ = ၈၄-၈၉%
• Abstinence ဝေရာမဏိ = ၁ဝဝ%

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး