The Mirage of Multilevel Marketing မာလ်တီလယ်ဗယ် တံလျှပ်

ဆရာခင်ဗျာ တခုလောက် အကူအညီတောင်းပါရစေခင်ဗျာ။ Multi-level-marketing ဆိုတဲ့ စံနစ်နဲ့ ဓါတ်စာလို့ အမည်ခံထားတဲ့ ဆေးဝါးများလား ဘာလား မသိသော အရာများကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေပါတယ်ခင်ဗျာ။ လင်ဇီး ပန်းဝတ်မှုန် ဆောင်းပိုးနွေမြက် စတာတွေအပြင် အခြားဘာမှန်းမသိသော ဓာတ်စာအမျိုးမျိုးကို မြန်မာကျပ်ငွေသောင်းဂဏန်းမှ သိန်းဂဏန်းအထိ နှုန်းထားများဖြင့် ရောင်းချနေပါတယ်။ ၉၆ ပါး ရောဂါပျောက်သလိုမျိုး ရွှန်းရွှန်းဝေအောင် ပြောဆိုကြပါတယ်။ member ဝင်ခြင်း ဆေးဝယ်ယူ၍ ပြန်လည်ရောင်းချခြင်း down line လို့ ခေါ်နေကြတဲ့ ကိုယ်အောက်ကိုနောက်ထပ်ဝင်လာမယ့်သူတေကို မဲဆွယ်စည်းရုံးခြင်း စတာတွေ လုပ်ခိုင်းပြီး ချမ်းသာကြီးပွားမယ်ဆိုတဲ့ မက်လုံးအမျိုးမျိုးနဲ့ ဆွဲဆောင်ကြပါတယ်။ အဲဒီဆေးတွေကို ယုံကြည်မိလို့ ဒုက္ခရောက်ရတဲ့လူနာတွေလည်း မနည်းတော့ပါဘူးခင်ဗျာ။ ဒါကြောင့် ဆရာအနေနဲ့ အဲဒီစံနစ်အကြောင်း အဲဒီဆေးတွေအကြောင်းကို မြန်မာပြည်သူများ ဂဃနဏသိရအောင် ရေးသားဖော်ပြပေးပါဦးလို့ မေတ္တာရပ်ခံ တောင်းဆိုပါရစေခင်ဗျာ။

အရင်ရေးထားတဲ့ MLM ကရောင်းတဲ့ ဆေးတွေဆိုတာ ဘာလဲရှင့်ကို ပို့လိုက်ပြီးမှ စာရေးလာသူဟာ ဆရာဝန်တဦးဖြစ်ပြီး သူဘယ်သူဘယ်ဝါဆိုတာကို (ဆမ) နံပတ်ကအစထည့်ရေးပါတယ်။

MLM ဆိုတာ Multilevel marketing မာလ်တီလယ်ဗယ်ဈေးကွက်ရှာခြင်းဖြစ်တယ်။ Network marketing ကွန်ရက် ဈေးကွက်နည်းလို့လည်းခေါ်တယ်။ နိုင်ငံတိုင်းလိုလိုမှာ လူသန်းပေါင်းများစွာဟာ အဲလို မာလ်တီလယ်ဗယ်ကုမ္ပဏီတွေမှာ ပါမယ်လို့ ကတိပေးထားကြ၊ ငွေရင်းစိုက်ထားကြ၊ လုပ်ကိုင်နေကြတယ်။

ကိုယ့်ဆွေမျိုးသားချင်း မိတ်ဆွေအသိတယောက်ကနေ ဒါလေး အားပေးပါအုန်း၊ ဒီဆေးက သိပ်ကောင်းတာပဲ စသဖြင့် ဈေးလာရောင်းတာ ကြုံဖူးကြမှာပါ။ လူကြီမင်းဆီကို ဈေးလာရောင်းသူက အဲဒီ MLM ကုမ္ပဏီတခုမှာ ကုန်ဖြန့်ဖြူးသူလို့ စာရင်းပေါက်ထားသူဖြစ်ပါတယ်။ မြန်မာပြည်မှာသာမဟုတ်ပါ။ အမေရိကားမှာလည်း သလိုပဲ။ ကုန်ပစ္စည်းအမယ်ကတော့ စုံတယ်။ MLM စီးပွားရေးလုပ်ငန်းအကြောင်းတော့ ရေးထားပြီ။ ဒီတခါ တခြားရောင်းကုန်တွေကိုတော့ ဆရာဝန်ဖြစ်လို့ မရေးလိုပါ။ ဗီတာမင်တွေ၊ အားဆေးတွေ၊ ဖြည့်စွက်အာဟာရတွေ၊ စတာတွေကိုသာ ရေးပါမယ်။

ဆေးလာရောင်းတာမှန်ပေမဲ့ ဖြန့်ဖြူးသူဟာ ဆေးအကြောင်းသိဘို့ မလိုအပ်ပါ။ ဆေးဆိုင်ဖွင့်သူဆိုရင် (ဖားမစ်ဆစ်) ခေါ် ဆေးဝါးပညာ သင်ကြားတတ်မြောက်ထားယုံသာမက လိုင်စင်ရထားသူ ဖြစ်ရတယ်။ အခွန်ဆောင်နေရတယ်။ ဒီခေတ်ပေါ် ဆေးရောင်းသူက အဲတာတွေ တခုမှမလိုပါ။ ဆိုင်ခွန်လည်း မပေးရပါ။ အိမ်တိုင်ယာရောက် လာပါမယ်။ အားနာနာနဲ့ ဝယ်ရတာတွေထဲမှာ အားဆေးနဲ့ ဖြည့်စွက်စာပါတယ်။ လာရောင်းသူဟာ လူကြီမင်းထက် အာဟာရအကြောင်းကို ပိုမသိပါ။

အမေရိကန်ဆရာဝန် Stephen Barrett, M.D. ကနေ ၅-၅-၂ဝ၁၄ နေ့ကရေးတဲ့ဆောင်းပါတပုဒ် ဖတ်ရတယ်။ MLM ကနေ ရောင်းနေတဲ့ဆေးတွေ စွမ်းတယ်လို့ပြောတာတွေဟာ သံသယပွားစရောတွေဖြစ်တယ်။ ရောဂါတွေပျောက်စေမယ်ဆိုတာ အထောက်အထားခိုင်မာမှု မရှိပါ။ ဆေးတွေရဲ့ဘေးထွက်သက်ရောက်မှုတွေကိုလည်း သုတေသနလုပ်မထားပါ။ ကောင်းပါတယ်လို့ သက်သေခံထွက်ဆိုချက်ဆိုတာတွေကလည်း ဘယ်သူကရေးရေး ရေးလို့ရတာမျိုးသာဖြစ်တယ်။

ဆရာဝန်တွေသုံးနေတဲ့ဆေးမှန်သမျှမှာတော့ အဲလိုနဲ့မရပါ။ ဥပမာ စစ်ပရိုဖလောက်စာဆင် ပိုးသေဆေးဆိုပါစို့ -
၁။ What is ciprofloxacin? စစ်ပရိုဖလောက်စာဆင်ဆိုတာဘာလဲ
၂။ Important information အရေးပါတဲ့အချက်များ
၃။ Before taking this medicine ဆေးမသောက်မီ
၎။ How should I take ciprofloxacin? ဆေးကို ဘယ်လိုသောက်ရမလဲ
၅။ What happens if I miss a dose? ဆေးသောက်ဘို့ မေ့သွားရင်
၆။ What happens if I overdose? ဆေးသောက်မိတာ များသွားရင်
၇။ What should I avoid while taking ciprofloxacin? ဆေးသောက်နေစဉ် ဘာတွေရှောင်ရမလဲ
၈။ What other drugs will affect ciprofloxacin? ဒီဆေးနဲ့ ဓါတ်ပြုနိုင်တဲ့ တခြားဆေးများ
၉။ Ciprofloxacin Side Effects ဘေးထွက်သက်ရောက်မှုများ
(က) In Summary အချုပ်
(ခ) For the Consumer စားသုံးများအတွက်
(ဂ) Major Side Effects အဓိကဘေးထွက်သက်ရောက်မှုများ
(ဃ) Minor Side Effects သာမန်ဘေးထွက်သက်ရောက်မှုများ
(င) For Healthcare Professionals ဆေးပညာရှင်များအတွက်
၁ဝ။ References အကိုးအကားများ

ကြော်ငြာပြီးရောင်းတဲ့ဆေးတွေကတော့ အားလုံးကောင်းပါသည်ရှင့်လို့သာ ဖတ်ရပါမယ်။ ဆေးသောက်ဘို့ မလိုအပ်ဘဲ သောက်ရင် ဘာဖြစ်မလဲ မပါ။ တခြားအပြိုင်ဆေးတွေထက် ပိုကောင်းပါတယ်ဆိုတာ သက်သေပြစရာမရှိ။ ကာကွယ်နိုင်၊ ပျောက်စေနိုင်တယ်ဆိုတာအတွက် ဆေးသုတေသနမရှိ။ ဆေးထဲမှာ ဘာတွေပါသလဲ တိတိကျကျဖော်ပြထားခြင်းမရှိ။ တကယ်ထိရောက်မှုထက် လွန်ကဲပြီးရေးထားကြပါတယ်။

ဆေးတွေကို အဲလိုရောင်းတာကို Quackery လို့ခေါ်ပါတယ်။ ရမ်းကုဆေးသည်။ တချို့ဆေးတွေမှာ ချက်ချင်းသက်ရောက်မှုပြတဲ့ဆေးတွေနဲ့လုပ်ထားလို့ လူတွေက သဘောကျတယ်။ ဥပမာ Caffeine ကေဖင်း၊ Ephedrine စိတ်ကြွဆေး။ Valerian စိတ်ငြိမ်ဆေး စတာတွေဖြစ်တယ်။ အဲတာမျိုးကို Mood-altering effects စိတ်မူပြောင်းလဲစေတဲ့သတ္တိများလို့ခေါ်တယ်။ ကြာတော့ စွဲတယ်။ ဘေးထွက်သက်ရောက်မှုတွေ ခံရမယ်။

အဲဒီ MLM ဂိုဏ်းတွေထဲမှာ ဆရာဝန်တွေလည်း ပါဝင်နေတယ်။ အရင်ဆုံးနာမည်ကြီးခဲ့တဲ့ Amway ကနေ အခုတော့ Quixtar လို့နာမည်ပြောင်းထားတယ်။ အဲတာနဲ့ Body Wise, Nu Skin, Rexall, and Juice Plus+ တွေကနေ ဆရာဝန်တွေကို တပ်သားသစ်စုသလို စုဆောင်းရေးကျကျနနလုပ်ကြတယ်။ American Medical Association Council on Ethical and Judicial Affairs ကနေ ၁၉၉၇ ခုနှစ် ဒီဇင်္ဘာလမှာ အကြံပြုချက်ထုတ်ခဲ့ရတယ်။ လူနာတွေကို ကျန်းမာရေးနဲ့မဆိုင်တာတွေ မရောင်းကြဘို့။

ရောင်းတဲ့ဆေးတွေထဲမှာ ကိုလက်စထောကျဆေး၊ ဆီးချိုဆေး၊ အိုမီဂါ-သရီး၊ ဗီတာမင်တွေလည်း ရောင်းပါတယ်။ ကောင်းတော့ ကောင်းမှာပါ။ ဒါပေမဲ့ ဈေးပိုတင်ထားကြတယ်။ ကြော်ငြာဖိုးတင်ထားတယ်။ ဗူးခွံဖိုးတင်ထားတယ်။ မော်ဒယ်ဖိုးတင်ထားတယ်။ လက်ဆောင်ရထားလို့ ဘယ်လိုသောက်ရမလဲမေးကြတာ အဲလိုဆေးတွေများတယ်။

သည်းခြေကြိုက်ဆေးတွေကတော့ လိင်ပိုင်းဆိုင်ရာဆေး၊ မျိုးပွါးလမ်းဆေး၊ နုပျိုဆေး၊ အလှအပဆေး၊ အရပ်ရှည်ဆေး၊ ယောကျားပီသဆေး၊ မိန်းမပီသဆေး၊ အပျိုပြန်ဖြစ်ဆေး၊ ကျဉ်းဆေး၊ ရှည်ဆေး၊ ကြီးဆေး၊ ကြာဆေး၊့ (ကန်တော့ပါ)။

ထိရောက်တဲ့ဆေးတွေလည်းပါတယ်။ အနာအကိုက်အခဲသက်သာဆေးတွေ၊ လေနာသက်သာဆေးတွေ၊ အိပ်ဆေးတွေ စသဖြင့်။ အဲတာတွေအများစုဟာ ဆရာဝန်မညွှန်ဘဲ မသုံးသင့်တဲ့ဆေးတွေဖြစ်ပါတယ်။ ဆေးတွေတမယ်မက ရောထားတဲ့ စပ်ဆေးတွေအကြောင်း ရေးထားပါတယ်။

ဈေးကွက်မှာရော မာလ်တီလယ်ဗယ် ဖြန့်ဖြူသူတွေကနေ လာရောင်းတာတွေထဲမှာ Dietary Supplement လို့ ရေးထားတာတွေ အတော်များတယ်။ ဗီတာမင်တွေနဲ့ အမိုင်နိုအက်စစ်တွေလို့ ရေးထားပါမယ်။ အားဆေးနဲ့ ဖြည့်စွက်စာလို့ အတန်းအစားခွဲထားလို့ FDA က မကန့်ကွက်ပါ။ သဘာဝအရာတွေကနေထုတ်တယ်ဆိုလို့ တချို့က ပိုစိတ်ချရမယ် ထင်ကြတယ်။ အားလုံးတော့ မမှန်ပါ။ ဒီခေတ်မှာ အော်ဂဲနစ်တိုင်းလည်း မစစ်ပါ။

တချို့ အဲလို MLM ရောင်းတာသုံးတော့ ကောင်းပါတယ်လို့ပြောကြတယ်။ စောစောကပဲ Virgin အဓိပ္ပါယ်စာအောက်မှာ ကလေး ၂-၃ ယောက်မွေးထားသူသုံးတော့ ကောင်းတယ်လို့ပြောဆိုပဲလို့ ကွန်မင့်တခု ဖတ်ရတယ်။ ဆေးသစ်တွေကို စမ်းသပ်ရင် လူအုပ်စုကို နှစ်ခုခွဲပြီး တစုကို ဆေးပေးတယ်။ ကျန်တစုကို ဆေးမဟုတ်တာ တခုခုပေးတယ်။ ပြီးမှ နှိုင်းယှဉ် လေ့လာတယ်။ ဆေးခန်းတွေမှာ ရောဂါမရှိပဲ ဆေးလာကုသူတွေ ရှိပါတယ်။ ဆေးထိုးပေးပါပြောသူတွေလည်း ရှိတယ်။ ခွဲပေးပါအထိ ပြောသူမျိုးလည်း ကိုယ်တိုင်ကြုံဘူးပါတယ်။ ဆေးလိုချင်သူကို ဆေးတခုခုပေးလိုက်လို့ သက်သာသွားတာ တကယ်ရှိပါတယ်။ အဲတာကို Placebo effect အာနိသင်မရှိတဲ့ဆေးကနေရတဲ့ သက်ရောက်မှုလို့ခေါ်တယ်။

ဘာလုပ်ကြမလဲ
အစိုးရတွေကနေ အဲလိုရောင်းဝယ်နေတာတွေကို ကိုင်တွယ်ရာမှာ အလွန်အားနည်းနေတယ်။ နိုင်ငံတိုင်းမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေ ဥာဏ်သုံးကြပါ။ ဆေးပညာသုတ၊ ဗဟုသုတ ရှာကြပါ။ လွယ်လွယ်နဲ့ မယုံပါနဲ့။ မဟုတ် မမှန်တာကို တိုင်ကြားပါ။ အသိပေးပါ။ ထုတ်ပြောပါ။ တည်တည်တန့်တန့်တော့ ဖြစ်ပါစေ။ ဖြောင့်မှန်တဲ့ပညာပေးမှုတွေ လိုအပ်တယ်။ တာဝန်ရှိသူတွေကနေလည်း အရေးယူမှုတွေ လုပ်သင့်တယ်။ တချို့အဖြစ်အပျက်တွေဟာ ရာဇဝတ်မှုမြောက်တယ်။

ဆရာဝန်ကောင်းတယောက်ဟာ လူနာကို မေးစရာတွေ မစုံသေးပဲ၊ စမ်းသပ်တာတွေ အတွင်းရောအပြင်ပါ မစုံသေးပဲ ရောဂါအမည်မတပ်ပါ။ ဆေးကုသနည်း မလုပ်ပါ။ ဆရာဝန်ကျင့်ဝတ်ထဲမှာ ရိုးသားစွာပြောဆိုကုသပါမည်လို့ ပါတယ်။ လူနာကို ဒုက္ခရောက်စေအောင်မလုပ်ပါလို့ ကျမ်းကျိန်ထားရတယ်။ အမှန်အတိုင်းပြောတာ အမြတ်အစွန်းမထွက်တတ်ပါ။ MLM ကရောင်းတာမျိုးလို ကြော်ငြာကောင်းကောင်းနဲ့ရောင်းတာမျိုးလို လူနာအားလုံးအတွက် အကုန်လုံးကောင်းတဲ့ ဆေးဆိုတာ ဆရာဝန်ကောင်းတယောက်ဆီမှာ မရှိပါ။ ဆောရီး။

အမေရိကန်သမတ ဒေါ်နယ်ထရမ့်နဲ့ သူ့ဝန်ကြီးတွေ ချမ်းသာတာထဲမှာ ဒီလုပ်ငန်းလည်းပါတယ်။

မှတ်ချက် = တံလျှပ်လို့ရေးတာများပြီး တံလှပ်လို့လည်း ရေးကြတယ်။ ပူလွန်းတဲ့ချိန်ခါမှာ အဝေးကနေကြည့်ရင် ရေမဟုတ်ဘဲ ရေလို့ထင်ရတဲ့ အမြင်သွေလွဲမှုကို ခေါ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၆
၂-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး