ငိုရင်ပုလဲ ရီရင်ရွဲ

ဆရာခင်ဗျာ ပုလဲတလုံး ရွဲတလုံးဆိုတာ ကြားဖူးပါတယ်။ ရွဲဆိုတာ ဘယ်လိုရတနာလဲခင်ဗျ။ တွင်းထွက်လား ကမာကောင်ကရတာပါလား။ ရွဲဆိုတာ မမြင်ဖူးလို့ပါခင်ဗျ။

ရွဲလုံးက ကမာကောင်ကနေထုတ်ယူရတဲ့ ပုလဲလို တန်ဖိုးမများပါ။ အလှအပသာ ဖြစ်တယ်။  ရတနာ မဟုတ်။

ငါးရာ့ငါးဆယ်ထဲမှာ ရွဲကုန်သည်ဇာတ်ပါတယ်။ ငယ်ငယ်က ရွှေမန်းတင်မောင်ဇာတ် အသံချဲ့စက်ကဖွင့်တာ နားထောင်ဖူးတယ်။

ဘုရားလောင်းရော ဒေဝဒက်လောင်းပါ ရွဲကုန်သည်တွေဖြစ်ကြတယ်။ သူတို့ ဈေးရောင်းသွားကြမဲ့ နေရာတွေကို သဘောတူသတ်မှတ်ထားကြတယ်။ တယောက်ကရောင်းပြီးရင်တော့ နောက်လူက လာရောင်းလို့ရတယ်။

ရွာတရွာမှာနေထိုင်ကြတဲ့ မြေးမလေးနဲ့ သူ့အဘွားတို့က ဇာတ်ရံတွေ။ ကလေးမလေးက ရွဲရောင်စုံလှလှလေးတွေ လိုချင်တယ်။ အဘွားကို ပူဆာတော့ အသပြာက မရှိ။ ဘယ်ကာလကမှန်းမသိ သိမ်းထားတဲ့ ခွက်ဟောင်းတခုနဲ့ ရွဲနဲ့ လဲခိုင်းတယ်။ ရွာက ဒေဝဒက်လောင်းရွဲကုန်သည် ပိုင်နက်။

သူက မြင်တာနဲ့ ရွှေခွက်မှန်းသိတယ်။ အလကားလိုလို ရချင်တဲ့လောဘ တက်လာပြီး ခွက်စုတ်နဲ့ မလဲနိုင်လို့ပြောပြီး ထွက်သွားတယ်။ ခဏနေမှာ ပြန်လာမယ်လို့ ကြံစည်ထားတယ်။

သူထွက်သွားပြီး ဘုရားလောင်း ရွဲကုန်သည်ရောက်လာတယ်။ ကလေးမလေးက ခွက်ဟောင်းနဲ့ လဲခိုင်းပြန်တယ်။
ရိုးသားတဲ့ ဘုရားလောင်းက ရွှေခွက်ဖြစ်တယ်လို့ ရှင်းပြပြီး သူ့မှာ ရွှေခွက်တန်ဖိုးနဲ့ ညီတဲ့ရွဲမပါကြောင်း ပြောပြတယ်။
ရိုးတဲ့ အတဲ့ မြေးအဖွားက ရွဲရရင် ကျေနပ်ပြီလို့ပြောကြတယ်။ ဘုရားလောင်း ရွဲကုန်သည်က သူ့မှာရှိတဲ့ ရွဲတွေအကုန်အပြင် ပါသမျှ ငွေတွေပါ ပေးခဲ့တယ်။ ရွှေခွက်ယူပြီး ရွာကနေ ထွက်သွားတယ်။

အကြံသမား ဒေဝဒက်လောင်းပြန်လာပြီ။ အဖြစ်သနစ်ကိုသိတော့ ဝမ်းနည်းလွန်းရာကနေ စိတ်ရူးပေါက်သွားတယ်။ ရွှေခွက် လိုက်တောင်းတယ်။ မရ။ နောက်ဆုံးမှာ သွေးအန်ပြီး သေဆုံးသွားရှာပါသတဲ့။

ခြင်းလုံးခတ်ကစားနည်းမှာလည်း ရွဲလုံးခတ်နည်းလို့ရှိတယ်။

စေတီတော်တည်ဆောက်ရာမှာ ငှက်ပျောဖူးအောက်က ကြာမှောက်နဲ့ ကြာလန်ကြားမှာ ရွဲလုံးရှိတယ်။

သီချင်းတပုဒ်လည်း ရှိတယ်။ ဟိုရှေးရှေးတုံးက ရွာတရွာမယ်၊ မိန်မချောလေးတေယောက် ရှိပါသတဲ့ကွယ်၊ သူ့နာမည်က မစပယ်။ သူငိုရင် ပုလဲ၊ သူရီရင် ရွဲဖြစ်သတဲ့ကွယ်။

ဒေါက်တာတင့်ဆွေ
၃-၅-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး