Castration လူကို သင်းကွပ်ခြင်း

(ကန်တော့ပါ)

ခုတလော သက်ငယ်မုဒိန်းမှုသတင်းတွေနဲ့ တရားခံတွေကို ဘယ်လိုပြစ်ဒဏ်ပေးသင့်သလဲ ပြောဆိုငြင်းခုံနေကြတယ်။ အရင်ကမေးခွန်းလာလို့ စာတပုဒ်ရေးထားပါတယ်။ သုံးနှစ်ရှိပါပြီ။

ဆရာ အဖိုးကြီးတယောက် ဇနီးမရှိတာ ၁ဝ နှစ်ကျော်ရှိပါပြီ။ လွန်ခဲ့သောတနှစ်ခန့်က လေဖြတ်ပြီး ယ္ခုအခါ သူငယ်ပြန်ချင်သလို ဖြစ်နေပါသည်။ မရိုသေစကား အလေး-အပေါ့ မနိုင်တော့ပါ။ အစားကတော့ တအားစားပါသည်။ Sharp တို့ ကျွဲရိုင်း တို့လည်း တအားသောက်ပါသည်။ ကုနေသောဆရာဝန်မှ နောက်ထပ် လေပြန်မဖြတ်စေရန်အတွက် တလလျှင် ၁ဝ ရက်၊ ၆ လ ထိုးရသောဆေးကို ထိုးခိုင်းသဖြင့် ထိုးလာခဲ့သည်မှာ ၅ လ လောက်ရှိလာပါပြီ။ အခု မြေးမလေးအရွယ်တွေကို မရိုသေစကား ဟိုလိုစိတ်တွေဖြစ်လာတယ်။ ဘယ်လိုဆေးဝါးတွေနဲ့ ကုသရင်ရနိုင်မလည်း၊ ဘာတွေဘယ်လို လုပ်သင့်သလဲဆိုတာ အကြံလေးမြန်မြန်ပြန်ပေးပါဆရာ။ အခုကုနေတဲ့ဆရာဝန်ဆီမှာ ပြောပြပြီး ကုဖို့ရာကလည်း အရှက်ရမယ့်ကိစ္စဆိုတော့ ဘယ်လိုလုပ်ရမလဲကို မသိတော့ပါဘူး။ သူ့အသက်က ၆၅-၇ဝ လောက်ပါ ဆရာ။

စိုးရိမ်မှုရှိတာ ကောင်းတယ်။ ကြိုတင်ကာကွယ်မှုလုပ်ချင်တာလဲ ကောင်းတယ်။ သူ့ကိုထိုးပေးတဲ့ဆေးနာမည် သိပါသလား။ ဆေးကြောင့်လဲ ဖြစ်နိုင်တယ်။ Sex offender လိင်ပိုင်းဆိုင်ရာပြစ်မှုကျူးလွန်သူတွေကို လိုအပ်ရင် လိင်စိတ်ကို တမင်တကာနှိမ်ပေးတဲ့ ဆေးနည်းနဲ့ လုပ်ပေးရတတ်တယ်။ (၃) မျိုးရှိပါတယ်။ Chemical castration ဓါတုနည်း၊ Medical Castration ဆေးနည်းနဲ့ Surgical castration ခွဲစိတ်သင်သတ်နည်းတွေ ဖြစ်တယ်။

Chemical castration ဓါတုနည်းဆိုတာ Libido လိင်စိတ်နဲ့ Sexual activity လိင်ကိစ္စတွေကို နည်းစေအောင် လုပ်ပေးတာ ဖြစ်တယ်။ Surgical castration ခွဲစိတ်နည်းမှာ Testicles ယောက်ျားအစိနှစ်လုံးနဲ့ Ovaries မ-မျိုးဥ နှစ်ဖက်ကို ခွဲစိတ်ပြီး ထုတ်ပြစ်တာဖြစ်တယ်။ ဒီလိုလုပ်ရင် သားသမီးလဲမရစေတော့ဘူး။ ဓါတုနည်းမှာကတော့ သားသမီး သီအိုရီအရ ရနိုင်သေးပါတယ်။ ဆေးပေးတာ မကြာသေးရင်တော့ ပြောင်းပြန်ပြန်လုပ်ရင် ရနိုင်သေးတယ်။

အိမ်ထောင်သည် အမျိုးသမီးတွေကို ၃ လခံထိုးဆေးနဲ့ နောက်ထပ် ကိုယ်ဝန်မရသေးအောင်လုပ်နည်းရှိတယ်။ အများဆုံး သုံးတဲ့ဆေးက Depo Provera ဖြစ်တယ်။ ဓါတုနည်းနဲ့ ယောက်ျားကို လိင်စိတ်နည်းအောင် လုပ်ချင်ရင်လဲ ဒီဆေးကိုဘဲ ထိုးပေးပါတယ်။ အမျိုးသားကိုကြတော့ Depo Provera ကို တလတခါထိုးတယ်။ သိပ်ဆိုးသူတွေကို တပါတ်တခါ အစွမ်းရတဲ့အထိ ထိုးတယ်။ အကောင်းဆုံးနဲ့ ဝယ်လို့လဲလွယ်တဲ့ဆေးဖြစ်တယ်။

Depo-Lupron ထိုးဆေးကိုလဲ Testosterone ယောက်ျားဟော်မုန်း မထွက်အောင်ထိုးပေးနိုင်တယ်။ Anti-androgen drugs ခေါ်တဲ့ Cyproterone acetate ကိုလဲ သုံးနိုင်တယ်။ Antipsychotic agent ခေါ်တဲ့ Benperidol ကိုလဲ သုံးနိုင်သေးတယ်။

ဒီဆေးတွေပေးလိုက်ရင် Sex drive လိင်စိတ်ဖြစ်ပေါ်တာ၊ Compulsive sexual fantasies လိင်နဲ့ပတ်သက်တာတွေမှာ သာယာတာ၊ Capacity for sexual arousal လိင်စိတ်နိုးထနိုင်စွမ်းတွေကို နည်းစေတယ်။ ဘေးထွက်-ဆိုးကျိုးထဲမှာ အဆီ များမယ်၊ အရိုးပါးမယ်။ ယောက်ျားတန်မဲ့ ရင်သားထွားမယ်။ ကိုယ်မွှေးနည်းမယ်။ ကြွက်သားထုထည်နည်းမယ်။

Sex offenders ခေါ်တဲ့ လိင်စော်ကားမှုဆိုင်ရာ ရာဇဝတ်မှု၊ ဥပမာ မုဒိန်းမှုကျူးလွန်သူတွေကို ဒီနည်းနဲ့ အပြစ်ပေးတာထဲမှာ တွဲထားနိုင်တယ်။ ဥပဒေအရ သုံးသင့်တယ်-မသုံးသင့်ဘူး ငြင်းခုန်ကြပါတယ်။ တချို့က သေဒဏ်နဲ့ တသက်တကျွန်းထက် ပိုသင့်တော်တယ်လို့ ဆိုပါတယ်။

Medical Castration ဆေးပေးပြီး သင်းကွပ်ခြင်းဆိုက တခြားဖြစ်ပါတယ်။ Prostate Cancer ယောက်ျား ဆီးကျိတ် ကင်ဆာဖြစ်သူတွေမှာ ကုသနည်းထဲမှာပါတယ်။ Orchidectomy ခွဲစိတ်နည်းကို မခံနိုင်သူတွေနဲ့ မခံချင်သူတွေအတွက် ရွေးချယ်စရာ လမ်းတခုဖြစ်တယ်။ Intermittent androgen suppression ဒါမှမဟုတ် Neoadjuvant therapy နည်း သုံးတယ်။ Testosterone ဟော်မုန်းကို လိုသလောက်အထိ နည်းအောင်လုပ်တယ်။ Nonsteroidal antiandrogen (Bicalutamide) 50 mg နေ့စဉ်ပေးတယ်။ ဒါမှမဟုတ် Flutamide 250 mg တနေ့ ၃ ကြိမ် ပေးတယ်။ Nilutamide 150 mg နေ့စဉ်လဲပေးနိုင်တယ်။ နောက်ဆေးတမျိုးက Cyproterone acetate 100 mg တနေ့ ၂ ကြိမ်ပေးတယ်။

SSRI antidepressants ခေါ်တဲ့ စိတ်ကျရောဂါအတွက်ပေးတဲ့စားဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးထဲမှာ လိင်စိတ် နည်းစေတယ်။ Prozac, Zoloft, and Paxil စတဲ့ဆေးနာမည်တွေနဲ့လာတယ်။

သက်ငယ်မုဒိန်းမှုကျူးလွန်သူဖြစ်ဖြစ်၊ ဆိုးလွန်းတဲ့လူသတ်မှုဖြစ်ဖြစ် ပြစ်ဒဏ်ပေးရာမှာ ရှုဒေါင့်အမျိုးမျိုးက အမြင်မတူကြပါ။ ဆရာဝန်ဆိုတာ အသက်ကယ်ရေးဘက်ကသာနေရပါတယ်။ အသက်ရှင်လမ်းမရှိတော့တာသေချာနေပြီး ဝေဒနာ ပြင်းပြင်းထံထံခံစားနေလို့ လူနာကိုယ်က အသက်သေချင်ပါပြီလို့ တောင်းဆိုတာကို တရားဥပဒေအရသာ ဆောင်ရွက်ပေးရပါတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၉-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး