Glucosamine ဂလူကိုဆာမင်းပါတဲ့ ဆေးတွေ


အခုလာတဲ့မေးခွန်း
ဆရာရှင့် ကျမ အသက် ၆၉ နှစ်ပါ။ ဒူးနာလို့ Glucosamine Hydrochloride သောက်နေပါတယ်။ မိတ်ဆွေတယောက်က ရန်ကုန်ကနေ Glucosamine Potassium chloride ၀ယ်လာပေးပါတယ်။ သိချင်တာက Hydrochloride နဲ့ Potassium chloride နှစ်မျိုးမှာ ဘယ်ဟာက ဒူးအတွက်ပိုသင့်တော်တယ်ဆိုတာ ရှင်းပြပေးပါဆရာ။ ကျေးဇူးတင်စွာဖြင့်။

၂၆-၃-၂ဝ၁၇ နေ့ကမေးခွန်း
မင်္ဂလာပါဆရာ။ ကျွန်မအန်တီ အသက်က ၆၀ ဝန်းကျင်နားမှာပါ။ အန်တီကို အားဆေးသောက်ရအောင် Blackmore တံဆိပ် antiinflammatory odourless fish oil 1000 ဆေးဘူးသောက်ခိုင်းပါတယ်။ အဲဒီဆေး အရောင်ကျတယ်တဲ့။ ဟော်မုန်းပါပါသလား။ သူကအဲဆေးသောက်ပြီး ကာမစိတ်ဖြစ်ပေါ်လာတယ်လို့ပြောပါတယ်။ အန်တီအမျိုးသားကတော့ ဆုံးသွားပါပြီ။ ကျွန်မသိချင်တာက အဲဆေးသောက်လို့ ကာမစိတ်ဖြစ်ပေါ်လာတာ ဟုတ်ပါသလားရှင်။ ကျေးဇူးပြု၍ ဖြေကြားပေးပါ။ အဲဒီဆေးရဲ့အညွန်းထဲမှာ ကလေး ၂ နှစ်အထက်ကနေ ၁၄ နှစ်လဲ သောက်လို့ရတယ်လို့ ပါတယ်ဆရာ။ ကျေးဇူးပြု၍ဖြေကြားပေးပါ ဆရာ။

ဘလက်မိုးကထုတ်တဲ့ဆေးတွေ ခဏခဏမေးကြတယ်။ တယောက်တမျိုး။ မေးခွန်တခုက အမျိုးသား၊ နောက်တယောက် အမျိုးသမီး။ တချို့က ကလေးလိုချင်လို့ စသဖြင့်။ အသားဖြူဆေးတို့၊ ယောက်ျားအားတိုးဆေးတို့လည်းပါတယ်။ ကြော်ငြာဆေးသာဖြစ်တယ်။ ဆေးသုတေသနမစုံ။ ဘာတွေပါ တိတိကျကျမသိ။ ထိရောက်မှု မသိ။ ဘေးထွက်ဆိုးကျိုး မသိ။

အဲဒီဆေးအမျိုးအစားပေါင်း (၉ဝ) တိတိရှိတယ်။ (၁ဝ) ခုလောက်သာရေးပါမယ်။
1. Blackmores Men's Performance Multi (100 Tabs) ယောက်ျားသုံးဆေး၊
2. Blackmores Vitamin D3 (200 Caps) ဗီတာမင်ဒီ၊
3. Blackmores Mega B Complex (200 Tabs) ဗီတာမင်ဘီအုပ်စု၊
4. Blackmores Bio Zinc (168 Tabs) ဇင့်ဓါတ်ဆေး၊
5. Blackmores Proseren Saw Palmetto® (120 Caps) အားဆေးတမျိုး၊
6. Blackmores Odourless Fish Oil 1000 (400 Caps) အနံ့မထွက်ငါးကြီးဆီ၊
7. Blackmores Fish Oil 1000 (400 Caps) ငါးကြီးဆီ၊
8. Blackmores Total Calcium + Magnesium (200 Tabs) ကယ်လ်စီ.မ် + မက်ဂနီဆီယမ်၊
9. Blackmores Pregnancy & Breast-Feeding Gold (180 Caps) ကိုယ်ဝန် + နို့တိုက်ချိန်အားဆေး၊
10. Blackmores Glucosamine 1500 (180 Tabs) အသားဖြူဆေး၊

ဗီတာမင်တွေကတော့ လိုနေသူတွေသောက်ရင် အကျိုးရှိပါမယ်။ လိင်ဟော်မုန်းဆိုတာ မသိပါ။ ကပြောင်းကပြန်တွေ ဖြစ်စေမလား မပြောတတ်ပါ။ ကျန်းမာရေးမှာ ကံစမ်းမဲ ထိုးသလိုဖြစ်မယ်။ ဆောရီး။

နောက်ထပ် မေးခွန်းဟောင်းတွေ
ဆရာ သမီးအမေအတွက် ဆေးအကြောင်းမေးချင်လို့ပါ။ အမေက ၅၅ နှစ်ရှိပါပြီ။ အဝလွန်တာတော့မဟုတ်ပေမယ့် ဝတဲ့ထဲပါပါတယ်။ အမေက ဒူးနာလို့ပါ။ လှုပ်နိုင်ရှားနိုင်လည်းရှိပါတယ်။ ဒူးနာလို့ဆိုပြီး လမ်းသိပ်မလျောက်ဘဲ ဆိုင်ကယ် မောင်းပါတယ်။ သွေးတိုးတော့ရှိပါတယ်။ ကျန်တာဘာရောဂါမှ ထွေထွေထူးထူးမရှိပါဘူး။ အဲဒါ အင်တာနက်မှာ ဒီဆေး Swisse Joint ကို သောက်ဖူးတဲ့သူတစ်ယောက် တင်ထားတာတွေ့လို့ အမေတို့အရွယ်သောက်ရင် အဆင်ပြေနိုင်မလား မေးကြည့်တာပါ။ တခြား side effect တွေလည်းရှိမလားလို့ သိချင်လို့ပါဆရာ။

Move free ဆေးက ဒူးနာရင် သောက်လို့ ရပါသလား။ တခြားနေရာတွေ နာရင်ရော သောက်လို့ ရပါသလား။ ဆေးအကြောင်း သိချင်လို့ပါ။ သောက်နည်း အညွန်းရော တနေ့ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်လုံး သောက်ရမှာပါလဲ အစာအိမ်ရောဂါ ရှိရင်ရော သောက်လို့ ရပါသလား။ ဆေးအကြောင်း ရှင်းပြပေးပါရှင့်။

နောက်ဆုံး မေးခွန်း ၂ ခုဟာ ၅ နှစ်ကွာခြားပါတယ်။ Swisse Joint Pain Relief ဆေးပုလင်းပုံပါ ပို့ခိုင်းလို့ ပို့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကမေးတဲ့ ဆေးပုလင်းချင်းမတူပေမယ့် ဆေး ၂ မျိုးလုံးမှာပါတဲ့ Glucosamine က အတူတူ ဖြစ်တယ်။ ဆေး ၂ မျိုးလုံးက ကြော်ငြာဆေးအမျိုးအစားထဲကဖြစ်ပါတယ်။

ဆေးဆိုတာ အညွှန်းအတိအကျပါရမယ်။ အညွှန်းဆိုတာက များနေနေရင် ဆေးရောင်းချင်လို့ ဖြစ်နိုင်တယ်။ ဆေးကြော်ငြာကို ဘာသာတော့ ပြန်ပေးပါမယ်။ Move Free ဆေးဟာ Dietary supplement အစာအာဟာရ ဖြည့်ပေးတဲ့ ဆေးအမျိုးအစား ဖြစ်တယ်။ Glucosamine hydrochloride 1500 mg, Chondroitin sulfate 200 mg, Uniflex 250 mg, နဲ့ Hyaluronic acid 3.3 mg တွေပါတယ်။ အဲဒီထဲက Uniflex ဟာ Chinese Scullcap နဲ့ Black Catechu ဆေးဘက်ဝင်ကရတာ ဖြစ်တယ်။ မကောင်းတဲ့အဆစ်တွေ ကောင်းကောင်း လှုတ်ရှားစေဘို့ဆိုပြီး ရောင်းတာဖြစ်တယ်။

Osteoarthritis and Cartilage စမ်းသပ်မှု အသေးစားတခု နဲ့ ဆေးထုတ်လုပ်သူတွေ အဆိုအရ ဆေးသောက်သူတွေဟာ ၈ ပါတ်နေရင် အစွမ်းပြတယ်လို့ ပါရှိတယ်။ ၈၃% မှာ အဆစ်တွေ အနေရ သက်သာလာတယ်။ ၇၈% မှာ တနေ့တာ အဆစ်တွေ အလုပ်လုပ်ရာ တိုးတက်လာတယ်။ ၇၂% မှာ လှုတ်ရှားမှု ပိုကောင်းလာတယ်။ ဆေးညွှန်ကတော့ တရက်မှာ တခါသောက် ဆေး ၂ လုံး၊ တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ နောက်ပိုင်းမှာ တနေ့ကို ဆေး ၂ လုံးသာ အစာနဲ့ သောက်ပါ။ နောက်တနည်းက တရက်မှာ တခါသောက် ဆေး ၃ လုံး၊ တနေ့ ၂ ကြိမ်၊ ၂ ပါတ်သောက်ပါ။ နောက်ပိုင်းမှာ တနေ့ကို ဆေး ၃ လုံးသာ အစာနဲ့သောက်ပါ။

ဆေးကြော်ငြာထဲမှာမဟုတ်ဘဲ အင်တာနက်မှာ ဆေးသုံးဘူးသူတွေက ရေးကြတာတွေလဲ သိသင့်တယ်။ တဦးချင်း အတွေ့အကြုံတွေဖြစ်ပါတယ်။ ဒါတွေကလည်း ဆေးသုတေသနတော့ မဟုတ်ဘူး။

၁။ Acute Liver Toxicity အသည်းကို ထိခိုက်တယ်။
၂။ ၄ ရက်သောက်ပြီး ရင်ပြည့်ပြီး အစာမစားနိုင် ဖြစ်တယ်။
၃။ Move Free Advanced Triple Strength ကို တလလောက်သောက်ပြီး အစာအိမ် လေနာတာ၊ ရင်ပြည့်တာနဲ့ ဝမ်းပျက်တာတွေ ဖြစ်တယ်။
၎။ Move Free Advanced ဆေးကို နာမည်ပြောင်းတာ သောက်ပြီး ဝမ်းပျက်တယ်။
၅။ အတူတူဘဲ အဲလိုဖြစ်တယ်။
၆။ ကျမအမေ အသက် ၇၉ နှစ်၊ ဝမ်းအရည်တွေ ဒလဟော သွားတယ်။
၇။ Move Free diarrhea pills ဝမ်းနုတ်ဆေးလို့ ခေါ်သင့်တယ်။
၈၊ ဝမ်းပျက်၊ ဗိုက်နာဖြစ်ပါတယ်။
၉။ အသက်ရှူမရ၊ ပါးစပ်မှာ အနာပေါက်၊ ဘာမှ မစားနိုင်။
၁ဝ။ တလသောက်ပြီး လေထတယ်၊ ဝမ်းပျက်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၇-၂ဝ၁၁
၆-၄-၂ဝ၁၆
၁၄-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး