Blessings သာဓု
ကျွန်တော်က God bless you! လို့ ပို့စ်ခေါင်းစဉ်တပ်တော့ တချို့က တမျိုးထင်ကြမယ်။ အပြစ်တင်တော့ မစောပါ။ အဝန်းအဝိုင်းတခုထည်းမှာသာ ကျင်လည်ကြရသူတွေဟာ ကိုယ်မြင်နေကျကြားနေကျကိုသာ ကမ္ဘာလို့ ထင်ကြစမြဲ ဖြစ်တယ်။
ဒါပေမယ့် ကမ္ဘာဆိုတာ ရွာလိုဖြစ်လာနေတာကြာပြီ။ အရင်ကဆိုရင် သံရုံးအမှုထမ်းတွေနဲ့ ပညာတော်သင်တွေပဲ နိုင်ငံခြားကို ထွက်ကြရတယ်။ နောက်တော့ များများလာတယ်။ စစ်အစိုးရတက်ကလည်း လူမျိုးအစုံဟာ နိုင်ငံအစုံကို ထွက်ကြရတာ ခုနေချိန်မှာ သူများနိုင်ငံတွေသွားပြီး အလုပ်လုပ်ကြေရသူတွေ ၄ သန်းကျော်မယ်လို့ မှန်းတယ်။ သူတို့နဲ့ အမျိုးမတော်တဲ့မိသားစုရယ်လို့ ရှားမယ်ထင်ပါတယ်။ ဘယ်မှမထွက်ဘူးလည်း ရုပ်ရှင်ထဲ၊ တီဗွီထဲနဲ့ အင်တာနက်ပေါ်မှာ နိုင်ငံခြားဆိုတာကို အမြင်နဲ့အကြားသိရှိနေကြပြီ။ သူများနိုင်ငံရောက်နေပြီး၊ ကိုယ်နဲ့မတူသူတွေနဲ့ အတူနေရပေမယ့် ကိုယ့်အဝန်းအဝိုင်းလေးထဲက အမြင်အသိထက် ကျော်မတက်နိုင်၊ ကျော်မထွက်နိုင်ကြသူတွေလည်းများပါတယ်။
၂ဝဝ၇ သံဃာတော်တွေ မေတ္တာပို့ပွဲကြီး အကြီးအကျယ်ဖြစ်တော့ အပြင်ကနေ တတ်နိုင်တာတွေ လုပ်ပါတယ်။ အိန္ဒိယနိုင်ငံထဲက မြို့တကာ၊ တက္ကသိုလ်နဲ့ ကောလိပ်တကာကိုလှည့်ပြီး သံဃာတော်တွေအရေး ဟောပြောတယ်။ အိန္ဒိယရောက် စာသင်ဘုန်းကြီးတွေကိုပင့်ပြီး ဟောပြောတယ်။ အခန်းအနားတွေ၊ ဆန္ဒပြပွဲတွေလုပ်တယ်။ ဒေလီ မြန်မာအသိုင်းအဝိုင်းထဲမှာ ခရစ်ယန်ဘာသာဝင်က ၉ဝ% ရှိတယ်။ သူတို့ကိုပါစည်းရုံးဘို့ မြန်မာခရစ်ယန် အသင်းတော် အားလုံးကို ကျွန်တော့်ရုံးကိုဖိတ်ပြီး ဆုတောင်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ကက်သလစ်တွေကတော့ မပတ်သက်ချင်ဘူးတဲ့။ တချို့အသင်းတော်တွေက တခြားအသင်းတော်တွေနဲ့ တွဲမပါချင်ဘူးတဲ့။ နောက်ဆုံးမှာ ကျွန်တော့်ကို အားနာလို့ရော အချင်ချင်းစည်းရုံးကြာတာရောကြောင့် တစုတည်းသော ဆုတောင်းပွဲတော့ ဖြစ်သွားနိုင်ခဲ့ပါတယ်။ ဂေါ့ ဘလက်စ် ယူ။
အဲဒီအစည်းအဝေးမှာ အသင်းတော်တခုက ကိုယ်စားလှယ်က ဆွေးနွေးတာမှာ သာဓုအသံကြားရရင် သူ့စိတ်ထဲမှာ တမျိုး ဖြစ်တယ်တဲ့။ ဆန့်ကျင်မှုခံစားချက်ဖြစ်တယ်လို့ ပြောတာပါ။ ကျွန်တော်ကနေ ဂေါ့ ဘလက်စ်ယူလို့ ပြောတာကို အမြင်မှားချင်သူတွေကို ပြောပြချင်တာက အဲတာပါ။ အဲတာက ဘုရားသခင်ကောင်းချီးပေးပါစေလို့ အဓိပ္ပါယ်ရတယ်။ ဘယ်သူကနေဖြစ်ဖြစ် ကောင်းချီးပေးတယ်ဆိုတာ မကောင်းဘူးလား။ သာဓုဆိုတာ ကောင်းမြတ်လှပါ၏လို့ ပြောတာပဲ။ ဘယ်သူကပြောပြော မကောင်းဘူးလား။ ဂွတ်မောနင်း၊ ဂွတ်နိုက်တို့နဲ့ မကွာပါ။
တချို့က ပါဠိစာလုံးဆိုတိုင်း ဗုဒ္ဓဘာသာပဲလို့ထင်မှတ်ကြတယ်။ လယ်တီဆရာတော်ကြီးက မြန်မာစကားပြေနဲ့စရေးတော့ ပြစ်တင်ဝေဘန်ကြတယ်။ အိလိယဒ်နဲ့ အိုဒက်ဆေး။ ရှေးဟောင်းဂရိ ဂန္တဝင် ကဗျာရှည်ကြီးတွေ၊ အိန္ဒိယက ရာမယနနဲ့ မဟာဘာရတ္ထတွေကို မြန်မာဘာသာ ပြန်ကြတာမှာ ပါဠိ၊ သက္ကတဘာသာတွေနဲ့ ရောပြန်ထားတော့ ဗုဒ္ဓဘာသာ ဇာတ်တော်ထဲကလိုလို ထင်စေတယ်လို့ ထောက်ပြခဲ့တာပါ။ ကွန်မြူနစ်စာတွေ ရေးကြတာမှာလည်း ပါဠိစာလုံးတွေ သုံးကြတယ်။ သူတို့က ဘယ်ဘာသာကိုမှ မကိုးကွယ်ဘူးဆိုပြီး ဂုဏ်ယူကြတယ်။
ကျွန်တော့်ကို ဥက္ကဋ္ဌကနေထုတ်တယ်လို့လုပ်သူတွေက ရွှေဝါရောင်အရေးအခင်းအစည်းအဝေးမှာ သာဓုသံကို နားမခံနိုင်သူကို ဥက္ကဋ္ဌတင်မြှောက်လိုက်ကြပါတယ်။
စကားလုံးနောက်သာလိုက်တဲ့အသိဆိုတာ တိမ်တယ်။ အလွဲရောက်တတ်တယ်။
ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၅
၁၆-၁၂-၂ဝ၁၇

Comments
Post a Comment