ထပ် နဲ့ ထက်

(ကန်တော့ပါ)

၁။ March လမှာ အိမ်ထောင်ကျပါတယ်ရှင့်။ ၃ ရက်နေ့မှာ့ ဖြစ်ပါတယ်။ ပြီးတော့ ၉ ရက်နေ့မှာ ထက်နေပါတယ့့် (ထပ်နေပါတယ်လို့ ရေးရတယ်။)

၂။ မီဒီယာရေးတဲ့သတ်ပုံ မှားနေတယ်။ (နောက်ထပ်လို့ ရေးရတယ်။)

၃။ ရုပ်ရည်ချောမောတဲ့ယောက်ျားကို လက်ထက်ပါ။ (လက်ထပ်လို့သာရေးရတယ်။) ပိုက်ဆံချမ်းသာတဲ့ ယောက်ျားကို လက်ထက်ပါ။ လက်ထပ်လို့သာရေးရတယ်။)

၎။ သမီးအသက် ၂၃ ပါ။ သမီးလက်ထက်ထားတာ သိပ်မကြာသေးပါဘူး။ ၃ (လက်ထပ်လို့ ရေးရတယ်။)

၅။ ကျမ လက်ထက်တော့မှာပါဆရာ။ (လက်ထပ်လို့ ရေးရတယ်။)

၆။ ထက်ကြပ်မကွာလား ထပ်ကြပ်မကွာလားခင်ဗျား။ (ထက်ကြပ်မကွာက မှန်ပါတယ်။)

၇။ ဆရာရှင့် သမီးအသက် ၂၀ထဲမှာပါ။့ ဒုတိယအကြိမ်ထက်နေရင့့် ပါတယ် ဆရာရှင့်။ (ထပ်နေရင်လို့ ရေးရတယ်။ ကန်တော့ပါ။)

၈။ အသက် ၂၅။ မ။ နို့တိုက်မိခင်။ ၂ပတ်အကြာ အမဲစက်များ ထက်ထွက်လာပါတယ်ရှင့်။ Suncream ကို ပုံမှန်သုံးလည်း အမဲစက်တွေ ထက်ထွက်နေပါတယ်ရှင့်။ (ထပ်မထွက်အောင်လို့ ရေးရတယ်။)

၉။ အရင်ကမေးဖူးလို့ ကျွန်မ ထက်မရေးတော့တာပါ။ (ထပ်မရေးတော့တာပါလို့သာ ရေးရမယ်။)

ထပ်
ထပ်ဆင့်စကား ပြောကြားပေးပါ
ထပ်တရာပန်း
ထပ်တွန့်မနေပါနဲ့
ထပ်တလဲလဲပြောနေရတယ်
ထပ်ထူထပ်မျှ
ထပ်ပိုးနှစ်လီ
ထပ်မံပြုပြင်ထားသည်
ထပ်ကျော့သီဆိုသည်
ထပ်ချောဖွပ်ထားသည်
ထိမ်းမြားလက်ထပ်သည်
ထူထပ်သောတော
ပဲ့တင်ထပ်
ဝါထပ်နှစ်
သဘောချင်းထပ်တူကျသည်
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း
အပြောထပ်နေသည်

ထက်
စိတ်အားထက်သန်
ဉာဏ်ထက်သောသူ
ထက်ထက်မြက်မြက်
ထက်ကြပ်မကွာလိုက်ပါ
ထက်ခြမ်းခွဲပါ
ထက်မြက်သောသူ
ထက်ဝက်ခွဲပါ
ထက်ဝန်းကျင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေသည်
ထက်သန်
ထက်အောက်ညာကြေ
ဓါးထက်ထက်နဲ့ ဝါးခွဲပါ
မထတ်မပျောင်း၊ ကြိုင်နံ့လှောင်းသား (ဘူရိဒတ်လင်္ကာ)
သူ့ထက်ငါ
အထက်အောက်
ပျော့ထတ်ထတ်
ပျောင်းပျောင်းထတ်ထတ်

စကားပုံများ
• ကိုယ့်ထက်သာ မနာလို
• ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး
• ဆင်ဖိုးထက် ချွန်းဖိုးကကြီး
• ဆရာ့ထက် သားတလကြီး
• ဆရာထက် တပည့်လက်စောင်းထက်
• ထောင်နေတဲ့ဒူး လဲတာထက်ဆိုး
• နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ
• အဖထက် သားတလကြီး

နွေဦးကာလ၊ မြူထသောခါ၊ ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ၊ ဓားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊

အမှားတွေကတော့ ထပ်ထပ်လာ။ လက်မထပ်ဘဲ မင်္ဂလာဆောင်ပါနဲ့။ မင်္ဂလာထပ်ထပ် မဆောင်ပါနဲ့။ မြန်မာစာ ဘယ်လက်ထက်မှာ ပြန်မှန်လာမလဲမသိ။

စာမတတ်၊ သတ်ပုံမမှန်သူတဲ့သူကို လက်မထပ်ပါနဲ့လို့သာပြောရင် အပျိုကြီးတွေ လူပျိုကြီးတွေသာ များလိမ့်မယ်။ အိုးရွဲ့နဲ့ စလောင်းရွဲ့တော့ အဆင်ပြေကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၉-၂ဝ၁၇
၁၆-၁ဝ-၂ဝ၁၇
၂၇-၁ဝ-၂ဝ၁၇
၎-၁-၂ဝ၁၈
၂၉-၁-၂ဝ၁၈
၂ဝ-၂-၂ဝ၁၈
၂၄-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး