Boiled farm pea ပဲပြုတ်ခဲ့ရခြင်း

လွန်ခဲ့တဲ့ ၂၇ နှစ်တိတိက ဒီရက်မှာ ကျွန်တော်တို့အဖွဲ့ဟာ ချင်းတောင်တန်းကြီးပေါ်မှာပါ။ ခြေလျင်ခရီးနှင်ပြီး တိုင်းပြည်ကြီးက ထွက်လာကြတာ လမ်းတဝက်သာ ရောက်ကြသေးတယ်။ ယာတောထဲက တဲကလေးတခုမှာ တညတာ အိပ်ဖို့နားကြတယ်။ တဲလေးက သပ်သပ်ယပ်ယပ်ပါ။ စနစ်တကျသိုမှီးထားတဲ့ ပဲအမျိုးမျိုးထည့်ထားတဲ့အိုး ၃-၄ လုံး တွေ့တယ်။ အနားမှာလူမရှိ ပိုင်ရှင်လည်း ဘယ်သူဘယ်ဝါမှန်းမသိလို့ ပါးစပ်ကအသံထွက်ခွင့်တောင်းပြီး ပဲတမျိုးကို ပြုတ်ပါတယ်။ ရာသီဥတုက စိုထိုင်းနေတော့ မီးဖိုစရာ ထင်းရှာရတာ ခက်တယ်။

ပဲပြုတ်ထားရင်း ယူလာတဲ့ နေရှင်နယ် ဓါတ်ခဲရေဒီယိုလေးကိုဖွင့်နားထောင်ကြတယ်။ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို မာနယ်ပလောမှာဖွဲ့လိုက်ပြီလို့ ကြားကြရလို့ ဝမ်းသာအားရဖြစ်ကြတာ အမောတွေပါ ပြေသွားကြရပါတော့တယ်။

ညဥ့်နက်လို့ ဆာလာတဲ့အထိ ချင်းပဲက မကျက်သေးပါ။ မစောင့်နိုင်ကြတော့လို့ ရှိတာနဲ့သာ ညစာစားလိုက်ကြတယ်။ စားပြီးလည်း ပဲကမနပ်သေး။ တရေးအိပ်ကြမယ်။ ယာတဲမှာ အမိုးရှိပေမယ့် အောက်ခံမြေကြီးက စိုထိုင်းနေတယ်။ စစ်မိုးကာအခင်းစက တတည်းသာပါလို့ နှစ်ယောက်စာမျှရတယ်။ ကျန်တဲ့လူတွေက မိုးရွာရင်ဆောင်းရတဲ့ ခပ်ပါးပါး ပလပ်စတစ်စခင်းပြီးသာ အိပ်ကြရတယ်။ ပဲအိုးကိုတော့ မီးထိုးထားဆဲပါ။

အနာဂတ်ကိုမျှော်ဘို့ရာ ဓူဝံကြယ်ကို မမြင်ရပါ။ ဆောင်းအိပ်မက်တွေကတော့ တခုပြီးတခုလာ။ မနက်ဝေလီဝေလင်းမှာ ရှေ့ခရီးဆက်ကြရတော့မယ့်အချိန်ထိ ပဲပြုတ်အိုးက မနပ်သေးပါ။ နေရစ်ပေတော့

ခုချိန်မှာတော့ ပဲပြုတ်နပ်လောက်ပြီ။ ခက်တဲ့ပဲကို ပြုတ်ရတာ ၂၅ နှစ်ကြာသွားပါတယ်။ ယာတဲပိုင်ရှင်အား ဘုရားသခင် ကောင်းချီးပေးပါစေ။

ခုချိန်မှာ အတူထွက်ရသူတွေက တယောက်နေရာ၊ သည်ကြားထဲမှာ အယူအဆတွေက တဘာသာဖြစ်သွားရပေမယ့် အခက်အခဲတွေနဲ့အတူ အေးအတူပူအမျှ တခရီးတည်းသွားခဲ့ကြသူတွေကို သတိရလျက်ပါ။ တဦးကတော့ မရှိတော့ပါ။

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၆
၁၈-၁၂-၂ဝ၁၇
ဓါတ်ပုံ = ၁၉-၁၂-၁၉၉ဝ နေ့က ပုလဲမြို့နယ် NLD အဖွဲ့ဝင်များ ချင်းတောင်တန်းတနေရာမှာ နေ့လယ်စာစားကြစဉ်

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး