First Aid for Seizure တက်နေသူ ပြုစုနည်း

မင်္ဂလာပါဆရာ။ သားအသက် ၂ နှစ် ၁လပါဆရာ။ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ဖျားပြီး တက်ပါတယ်ဆရာ။ ဆေးရုံမှာ ၁၈ ရက်နေ့ထိ ဆေးကုလိုက်ရပါတယ်။ ဆရာဝန်တွေကတက်တဲ့ရောဂါက ၅ နနှစ်ကျော်မှ ပျောက်တာလို့ပြောပါတယ်။ ကလေးကိုအဖျားမခံနဲ့ပြောပါတယ်။ ကိုယ်ပူလာရင်ရေပတ်တိုက်ပေးရမယ်။ ပါရာစီတီမော့ရည်တိုက်ရမယ်လို့လဲ မှာထားပါတယ်။ မနေ့ညကသားပြန်ဖျားတယ်ဆရာ။ ဆရာဝန်ပြောသလိုလုပ်ပေးလိုက်တာ ပြန်ကောင်းသွားတယ်ဆရာ။ သားမှာငယ်ငယ်ကတည်းက တခါမှမတက်ဖူးပါဘူးဆရာ။ ပထမဆုံးအကြိမ်ဖြစ်တာပါ။ ကျွန်မတို့မိဘတွေမှာလည်း တခါမှမဖြစ်ဖူးပါဘူးဆရာ။ သားရဲ့သွေးအဖြေလည်းရှိပါတယ်ဆရာ။ ပေးထားတဲ့ဆေးမှတ်တမ်းလည်းရှိပါတယ်။ တက်တဲ့ရောဂါကို ပျောက်အောင်ကုလို့မရဘူးလားဆရာ။ ကလေးတက်လာရင်လည်း သတိလည်အောင် ဘယ်လို ပြုစုပေးရမလဲဆရာ။ စုံအောင်ရှင်းပြပေးပါဆရာ။ ကျွန်မသားလေး တကယ်ရော ငါးနှစ်ကျော်မှ ကိုယ်ပူကြီးတိုင်းတက်တာ ပျောက်တော့မှာလားဆရာ။ ပထမဆုံးအကြိမ် တက်တက်ခြင်း ဆေးရုံသွားလိုက်တာပါဆရာ။ အရပ်ထဲကိုကယ်ပါယူပါ အော်လိုက်တော့ အရပ်ဆေးနည်းနဲ့ သတိပြန်လည်လာတာပါ။ ပြီးမှဆေးရုံသွားတာပါဆရာ။ ဘာကြောင့် ကလေးတွေ တက်ရတယ်။ ကလေးတက်လာရင် ရှေးဦးသူနာပြုအနေနဲ့ ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ ဖြေပေးပါနော်ဆရာ။ ဆရာကျန်းမာချမ်းသာပါစေ။

အတက်ရောဂါနဲ့ ဖျားလို့တက်တာ ၂ မျိုးရှိတယ်။ ဒါအပြင် ဦးနှောက်ရောင်၊ ဦးနှောက်အဖုံးလွှာရောင်ရောဂါတွေရှိတယ်။ မေးခွန်းထံက ကလေးမှာ ကိုယ်ပူလို့တက်တာသာဖြစ်ပါမယ်။ သိပ်မစိုးရိမ်ပါနဲ့။ ရှေးဦးသူနာပြုစာ (၂) ပုဒ်ပို့ပါမယ်။

တက်နေရင် ပြုစုသူက စိတ်တည်ငြိမ်ပါ။ တက်နေမှတော့ ရှေးဦးသူနာပြုစုနည်းနဲ့ ရပ်အောင် လုပ်လို့မရပါ။

လုပ်နိုင်တာတွေရှိတယ်။ တက်ပုံတက်နည်း နည်းနည်းမတူတာရှိတယ်။ အသံထွက်အော်ခြင်း၊ လဲကျ-လိမ့်ကျခြင်း၊ ခြေလက်တွေ ကေး-တန်းခြင်း၊ တောင်းတင်းခြင်း၊ ဘေးမှာဘာရှိသလဲ မသိပါ။ လူနာဟာ သတိလစ်နေတယ်။ လဲကျ-လိမ့်ကျနိုင်တယ်။ ဘေးမှာ-အောက်မှာ-အနားမှာ ရှိတာတွေနဲ့ ထိခိုက်မိမယ်။

• လူနာကို ကြမ်းပြင်မှာ လဲလျောင်းနေအောင်လုပ်ပါ။ တဖက်ဖက်ကို စောင်းထားပေးပါ။ ခေါင်းအောက်မှာ ခပ်ပျော့ပျော့ တခု ဥပမာ ဂျက်ကက်၊ မျက်နှာသုပ်ပုဝါ ခံထားပေးပါ။ မျက်မှန်တပ်သူ ဖြုတ်ယူထားပါ။ သူ့အဝတ်အစားတွေ ချောင်ချိစေပါ။ အနီးအနားကနေ ဖယ်စရာရှိတာ ဖယ်ပါ။ ခုခံပေးစရာလိုတာ လုပ်ပေးပါ။ ချွန်ထက်တာတွေ ဖယ်ရှားပါ။ အသက်ရှူလမ်းမှာ ဆို့မနေအောင် သတိထားပါ။ လဲမကျ-လိမ့်မကျအောင် သတိထားပါ။ ရေနား၊ မီးနား သတိထားပါ။

• လျှာကိုက်မိမယ်။ ပါးစပ်နဲ့ နှာခေါင်းကနေ အရည်၊ အမြှုပ်ထွက်တာ သန့်ရှင်းပေးပါ။ သွေးနည်းနည်းထွက်တာ မစိုးရိမ်ပါနဲ့။ လူနာမှာ သွေးကနေ ကူးစက်နိုင်တာ (HIV နဲ့ အသည်းရောင်စီ၊ ဘီ) ရှိရင် ပြုစုသူလက်အိတ်သုံးပါ။

• အထက်သွားနဲ့ အောက်သွားကြားမှာ ထည့်လို့ရတာတခုခု ထည့်လို့ရရင် ထည့်ပါ။ မရရင် သည်အတိုင်းသာ ထားပါ။ ပြုစုသူလက် မထည့်ပါနဲ့။ ဖြစ်တတ်တဲ့လူနာဆိုရင် အနေတော်တာတခုခု အဆင်သင့်လုပ်ထားပါ။ ဥပမာ သစ်သားပြားမှာ အဝတ်စ၊ ပတ်တီးပတ်ထားတာ။ ဇွန်းအမြီးပိုင်း။ ဒါပေမဲ့ ဒီနည်း မသင့်လို့ နောက်ပိုင်းမှာ အကြံပေးချက်အသစ် ထွက်လာပါတယ်။

• လူနာလှုပ်ရှားမှုတွေကို ရပ်တန့်သွားအောင် မကြိုးစားပါနဲ့။ အလိုက်သင့်သာနေပါစေ။ နှိပ်တာ နင်းတာ ချိုးဖဲ့တာ မလုပ်ပါနဲ့။ သတိရတဲ့အခါ အဲဒီဒဏ်တွေခံနေရမယ်။

• ပါးစပ်ခြင်းတေ့ လေမှုတ်ပေးစရာ မလိုပါ။ ရင်ပတ်ကိုဖိပြီး CPR လုပ်စရာမလိုပါ။

• လူနာအနားက မခွါပါနဲ့။ တက်တာ အချိန်မကြာပါ။ သတိလည်လာမယ်။ အလိုလို ပြန်ကောင်းလာတာပါ။ နေသာသလို နေပါစေ။ စကားကြားနိုင်ပြီဆိုရင် အားပေးနှစ်သိမ့်ပါ။ အဝတ်အစားပေတာရှိရင် လဲလှယ်ပေးပါ။ လူနာ ပင်ပန်းနေတယ်။ သတိကောင်းကောင်းမရမခြင်း သောက်စရာ စားစရာ မပေးပါနဲ့။

Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း http://doctortintswe.blogspot.com/2016/07/fever-first-aid.html

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး