မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, December 2, 2016

Hydronephrosis ဟိုက်ဒရိုနဖရိုးဆစ် ကျောက်ကပ်ရောဂါ

ကျွန်မအသက် ၂၂ပါ။ အိမ်ထောင်မရှိပါဘူးဆရာ။ ဓမ္မတာလည်းမှန်ပါတယ်ဆရာ။ ဖြစ်နေတာ ဆီးခဏခဏ သွားတာပါဆရာ။ တနေ့ကို အကြိမ်၃၀ကျော်လောက်သွားပါတယ်။ ultrasound ရိုက်တော့ဆီးကျန်နေတာလို့သိရပါတယ်။ သားဥပြွန်တွေမှာလည်း ရေအိတ်တွေရှိနေတယ်လို့ ပြောပါတယ်။ ဆီးကအမြဲလိုလိုသွားချင်နေတော့ အပြင်တွေသွားရင် အောင့်ထားတော့ ခါးဘေးနားတွေအရမ်းအောင့်ပါတယ်။ ဆီးကတခါတလေနောက်နေပါတယ်ဆရာ။ ဆီးလည်းခဏခဏ ကျင်ပါတယ်။ ဒါပေမယ့် အိပ်နေရင်တော့ ဆီးသွားချင်တာမဖြစ်ပဲ နိုးလာမှသာသွားချင်ပါတယ်။့ မှာပြပါတယ်။ ဆီးကျန်တာကို မကုပေးပါဘူးဆရာ။ ဒီအတိုင်းပျောက်သွားမယ်လို့ပြောပါတယ်။ ဖြစ်နေတာ ၉ လလောက်ရှိပါပြီ။ ပျောက်သွားမယ်ဆိုလို့ ဒီအတိုင်းနေနေရင်း အခုဘယ်ဘက်ကျောက်ကပ်အရမ်းအောင့်လို့ မှာပြတော့ မှန်ပြောင်းနဲ့ ကြည့်ပါတယ်ဆရာ။ ဆီးအိမ်ကနီရဲပြီးယောင်နေပါတယ်လို့ပြောပါတယ်ဆရာ။ ဆေးရုံ ၁ ရက်တက်ရပြီး ဆီးပိုက်လည်း တပ်ခဲ့ရပါတယ်ဆရာ။ ၆ ရက်စာ ဆေးထိုးခိုင်းပါတယ်။ ဒါပေမဲ့ မသက်သာတဲ့အပြင် တော်တော်ကြီးကို အခြေအနေ ဆိုးနေပါတယ်။ အရင်ကလည်း ဆီးက ၂၄ နာရီလုံးလုံး သွားချင်ပေမယ့် ၁ နာရီ လောက်တော့ အောင့်ထားနိုင်ပါတယ်။ အခု ၅ မိနစ်လောက်တောင် မအောင့်နိုင်တော့ပါဘူး။ အောင့်ထားရင် ဆီးက သွေးခဲတွေရော၊ အနည်တွေရော၊ သွေးလိုမျိုးပဲထွက်နေပါတယ်။ ရေသောက်ရင်တော့ ဆီးကပြန်ကြည်ပါတယ်။ နည်းနည်းလေး အောင့်တာနဲ့ ပြန်နီလာပြန်ရောဆရာ။ ဆီးစပ်ကလည်း အရမ်းကိုက်နေပါတယ်။ ကျောက်ကပ်ကလည်း အရမ်း အောင့်နေပါတယ်။ ဘာဆေးမှသောက်ဖို့မပေးလိုက်တော့ အတော်ဒုက္ခရောက်နေပါတယ်။ ကျွန်မတော်တော် ကြောက်နေပါတယ်။ စဖြစ်ကတည်းကကုနေတာ အခုထိလုံးဝမသက်သာတဲ့အပြင် ပိုပိုဆိုးနေပါတယ်။  ဘာလုပ်သင့်သလဲဆိုတာ ညွှန်ကြားပေးပါဦးဆရာ။

ဆေးစစ်ချက်တွေမှာ သားအိမ်အနားမှာ ရောင်နေတယ်။ သားအိမ်နောက်မှာ အရည်ပိုစုနေတယ်။ PID တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ခြင်းရောဂါနဲ့ တူတယ်လို့ မှတ်ချက်တခုမှာ ဖတ်ရတယ်။ နောက်တခုက ကျောက်ကပ်အတွင်းပိုင်းမှာ Hydronephrosis အရည်များတာဖြစ်နေတယ်။ တခုနဲ့တခု ဆက်စပ် မစပ် စဉ်းစားရတယ်။ ခုထိတော့ ဆက်စပ်မှု စဉ်းစားမရသေးပါ။ ဆောရီး။ PID အမျိုးသမီးတင်ပါးဆုံတွင်းရောင်ခြင်း စာတပုဒ်ပို့ပါမယ်။

ဟိုက်ဒရိုနဖရိုးဆစ် ကျောက်ကပ်ရောဂါ

ဆီးလမ်း (ကျောက်ကပ်-ဆီးပြွန်-ဆီးအိမ်) တနေရာမှာ ပိတ်ဆို့နေလို့ ဆက်ဖြစ်တယ်။ ကျောက်ကပ်ကျောက်၊ မွေးရာပါ၊ သွေးခဲပိတ်ခြင်း၊ ကျောက်ကပ်ခွဲစိတ်မှုနဲ့ ထိခိုက်မှုကနေ အမာရွတ်ကြောင့်ဖြစ်ခြင်း၊ ကင်ဆာ၊ ယောက်ျားဆီးကျိတ်ကြီးခြင်း၊ မိန်းမကိုယ်ဝန်နဲ့ ဆီးလမ်းပိုးဝင်ရာကနေဖြစ်နိုင်တယ်။

ကျောက်ကပ်နေရာ အောင့်-နာမယ်။ ပျို့မယ်။ အန်မယ်။ ဆီးသွားရင်နာမယ်။ ဆီးမကုန်သလိုနေမယ်။ ချမ်းဖျားမယ်။ ဆီးထဲအနယ်ပါမယ်။ ဆီးသွားရတာအားမပါသလိုဖြစ်မယ်။ ဆီးစပ်နာမယ်။

ကုသရာမှာ ဘာကနေဖြစ်သလဲကိုကုရမယ်။ ဆီးပိုက်တပ်ထားရတတ်တယ်။ ဆီးလမ်းပိုးသေဆေးလိုမယ်။ အနာသက်သာဆေးလိုမယ်။ တချို့ ခွဲစိတ်ရတယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.