မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, December 2, 2016

Injection Abscess ပြည်တည်နာ (၂)

ဆရာရှင့်မေးခွင့်ပြုပါနော်။ သမီးအသက်က ၂၆ နှစ်ပါ။ ပိုးသတ်ဆေးထိုးရာကနေ အခုနင်ပါးမှာ အကျိတ်ကလေး ဖြစ်နေပါတယ်။ အစတုန်းကတော့ မာမာကြီးပေါ့နော်။ ဆရာဝန်က ရေနွေးနဲ့လှိမ့်ခိုင်းပါတယ်။ လှိမ့်ရာကနေ တဖြေးဖြေးပျော့လာပြီး အခုအထဲမှာ သွေးနဲ့ပြည်နဲ့ဖြစ်နေပြီထင်ပါတယ်။ ဆက်လှိမ့်ရင် သက်သာနိုင်မလားဆရာ။ သမီးဘာလုပ်သင့်ပါလဲရှင့်။ ဖြေကြားပေးပါနော်။

ဆောရီး။ ပြည်မှန်ရင် အနာအလယ်နေရာ အိလာမယ်။ အတော်နာမယ်။ အတွင်း မနက်ရင် အပေါ်ကအရေပြား နီလာမယ်။ ပြည်က ထွက်ဘို့ကြိုးစားနေမယ်။ ပြည်ထွက်မှသာ ပျောက်မယ်။ ခွဲရနိုင်တယ်။ သေချာခွဲပါ။ မဟုတ်ရင် မပျောက်နိုင် ကြာနေတတ်တယ်။ ပြည်မဟုတ်ရင် ပိုးသေဆေး (စားဆေး) + အနာသက်သာဆေးနဲ့ ပျောက်မယ်။

ကျေးဇူးပါဆရာ။ ဆရာပြောတာကွက်တိပါ။ အရေပြားနီနေပါတယ်။ အတော်နာပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။

Ulcer အနာဆိုတာ အရေပြားမှာ ဖုံးထားရတဲ့တာဝန်ပျက်ကွက်စေတာကိုခေါ်တယ်။ အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါး ဖြစ်လာတယ်။ ဖြစ်တဲ့နေရာ (တစ်ရှူး) အင်္ဂါအစိတ်အပိုင်းဟာ နီ-နာ-ရောင်-ပူ ဆိုတာအပြင် သူလုပ်ရမဲ့ အလုပ်ကို မလုပ်နိုင် ဖြစ်လာတယ်။ ဒီအဆင့်မှာ Infection ရောင်ခြင်းဆိုတာသာ ရှိပါသေးတယ်။ ရောဂါနာမည်တွေအဆုံးမှာ -itis ပါရင် ဒါဖြစ်တာလို့ မှတ်ပါလေ။ Stomatitis လျှာနာ၊ Conjunctivitis မျက်စိနာ၊ Appendicitis အူအတက်ရောင်၊ Hepatitis အသည်းရောင်။ အနာမှာပြည်ရှိလာရင် Abscess ခေါ်တယ်။ ပြည်တည်နာက ချိုင်း (ဂျိုင်း) မှာပေါက်တာ ကိန္နရာနာ ခေါ်ကြတယ်။ ချိုင်းကနာလို့ လက်ကိုကိုယ်မှာ မကပ်နိုင်တော့ ကိန္နာက ကသလိုနေရတာမို့ပါ။

အနာက အတွင်းနက်မှာဖြစ်ရင် တော်တော်နဲ့ မပေါ်ဘူး။ ဥပမာ တင်ပါးနဲ့ ရင်သား။ ဖြစ်တဲ့နေရာ အနီးအနားမှာ အာရုံကြောရှိရင် ပိုနာမယ်။ လက်ချောင်းခြေချောင်းတွေမှာနေရာက ကျဉ်းတော့ အာရုံကြောနဲ့မဝေးဘူး။ ဒါ့ကြောင့် နာတယ်။

လုပ်ပေးဘို့က ပိုးကိုနိုင်တဲ့ဆေးတွေပေးရမှာပါ။ ပိုးကိုနိုင်တဲ့ဆေးအမျိုးမျိုးရှိတယ်။ ပဋ္ဋိဇီဝဆေးတွေထဲမှာ အများဆုံး သိကြတာကတော့ (ပနယ်စလင်) တွေပါ။ Amoxicillin, Ampicillin, Cloxacillin အပြင် Penicillin ထိုးဆေးနဲ့ စားဆေးတွေပါတယ်။ အနာကပြည်ရှိရင် Ampicillin နဲ့ Cloxacillin ၂ မျိုးတွဲပေးမှ ပိုကောင်းတယ်။ ဆေးနှစ်မျိုးတွဲ တပါတည်း ထုတ်တာလဲရှိတယ်။ Ampiclox ခေါ်တယ်။ အများအားဖြင့် ၂၅ဝ အားက ၆ နာရီခြား၊ ၅ဝဝ အားကို ၁၂ နာရီခြားသောက်ရမယ်။ ၄ ရက် အနည်းဆုံးသောက်ရတယ်။ မဟုတ်ရင် နောက်ဖြစ်တော့ ဆေးယဉ်သွားမယ်။

ပိုးကိုနိုင်ဆေးတွေအပြင် အနာ-အရောင်ကို သက်သာဆေး (ပါရာစီတမော၊ အိုင်ဘူပရိုဖင်) လဲ ပေးသင့်တယ်။ အနာမှန်သမျှကို ငြိမ်ငြိမ်ထားပေးရင် အနာကျက်မြန်စေတယ်။ အနာမပေါက်ခင် အပေါ်ကနေ ပိုးသတ်ဆေးရည်တခုခု လိမ်းပေးတာလဲ အကျိုးရှိတယ်။ ဒက်တော၊ အရက်ပြန်၊ အိုင်အိုဒင်း။ အနည်းဆုံးတော့ ရေ-ဆပ်ပြာနဲ့ မကြာမကြာ ဆေးပေးပါ။ အပူပေးတာဟာ သွေးကိုပိုလျှောက်စေတာမို့၊ အနာကို မြန်မြန်ပျောက်စေတယ်။ ရေနွေးအိပ်တင်တာ၊ ရေနွေးပုလင်း ကပ်တာ။ ပရုပ်ဆီလိမ်းတာ၊ ဇာတိပ္ဖိုလ်သီး သွေးလိမ်းတာ၊ ကြပ်ထုပ်ထိုး၊ ကြပ်ပူတိုက်တာလဲ ဒီအတွက်ဖြစ်မယ်။ ဒါပေမယ့် ပြည်ရှိလို့ခွဲရမှာဆိုရင် အပေါ်ကလိမ်းထားတွေက ရှင်းနေရတာ အလုပ်ပိုဖြစ်စေတယ်။ ရေနွေးကပ်တာသာလုပ်သင့်တယ်။

အနာဆိုတာ ပြည်တည်လာရင်တော့ ခွဲထုတ်ရမယ်။ ခွဲစိတ်ပညာမှာ ပြည်ရှိရင်-ခွဲထုတ်ဆိုတာ ဖေါ်မြူလာပါ။ ဦးနှောက်၊ ခြေထောက်၊ အသည်း ဘယ်ထဲရှိရှိ ပြည်ကိုထုတ်ရပါမယ်။ ပြည်ပေါက် ပျောက်ပြီဆိုတာ အမှန်ပါ။ တင်ပါးမှာ ဆေးထိုးရာကနေဖြစ်တာနဲ့ ကလေးအမေနို့တာတွေကို ခွဲတဲ့အခါ မညှာရပါ။ ဆောရီး။ မဟုတ်ရင် တော်တော်နဲ့ ပြည်အကုန်မထွက်ဖြစ်တယ်။ ဆိုင်းနပ်စ်ခေါ် အနာပြွန်လမ်းဖြစ်လို့ ကြာနေမယ်။ ထပ်ခွဲရတတ်တယ်။

Dr. တင့်ဆွေ
၂-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.