Lesson from Singapore လီကွမ်းယုကပေးတဲ့ သင်္ခန်းစာ

စင်္ကာပူသတင်း ပူပူနွေးနွေးရှိနေတုန်းမှာ စာအဟောင်းတပုဒ်ကို နောက်ဆုံးအခြေအနေတွေနဲ့ ကိုက်ညီအောင် မွမ်းမံပြီး တင်ပါရစေ။

လီကွမ်းယုကို အိုဘားမားအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက ချီးကျူးကြတယ်။ သူတော်တာကို ချီးကျူးကြတာ သဘောမတူစရာမရှိပါ။ ကျွန်တော် အိန္ဒိယမှာနေစဉ်က မဏိပူပြည်နယ်၊ အင်ဖါးမြို့မှာ အစည်းအဝေးတခုသွားတော့ ပုဂ္ဂလိကကျောင်းတခုက ကျောင်းအုပ်ကနေ ကျွန်တော့်ကို လက်ဆောင်ပေးတာ လီကွမ်းယုအကြောင်းစာအုပ်ပါ။

လီကွမ်းယူ သူ့နိုင်ငံအတွက် အလွန်တော်တဲ့သူဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် လွတ်လပ်ရေးရအောင်လုပ်ပေးသွားတယ်။ လီကွမ်ယုက စင်္ကာပူတိုးတက်သွားအောင်လုပ်ပေးသွားတယ်။ သူဟာ မလေးရှားကနေခွဲထွက်အပြီးမှာ၊ ရန်ကုန်ကိုလာကြည့်တယ်။ မြန်မာပြည်ကိုမီအောင် ၁၅ နှစ်လောက်လုပ်ယူရမယ်လို့ အားခဲသွားခဲ့တယ်။ မျက်စိအောက်မှာပဲ စင်္ကာပူကို တကယ်တိုးတက်သွားတယ်။ အာရှကျားလေးကောင် (တိုင်ဝမ်၊ တောင်ကိုရီးယား၊ စင်္ကာပူ၊ ဟောင်ကောင်) ဖြစ်လာနိုင်စေခဲ့တယ်။

ဒါပေမယ့် လီကွမ်းယုလက်ထက်မှာ ဒီမိုကရေစီမရှိသလောက်ပဲ။ တိုင်းပြည်ကောင်းစားရေးအတွက် နာမည်ပျက်ခံတယ်။ လူ့သက်တမ်းလေးပုံတပုံလောက်နဲ့ တကယ်တိုးတက် ချမ်းသာသွားတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီမရှိတာ လူ့သက်တမ်းတဝက်ရှိပြီ။ တိုင်းပြည်ချမ်းသာဖို့နေနေသာသာ LDC မှာ တပ်စွဲထားတုံးပဲ။ လီကွမ်းယုက သူ့နိုင်ငံအတွက်သာမက မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေအတွက်လည်း အလွန်ကောင်းခဲ့သူပါ။ စစ်ဗိုလ်ချုပ်တွေ သူတို့ကိုယ်ပိုင်ငွေတွေ သွားထားလို့ရတယ်။ ငွေမည်းခဝါချပေးတယ်။ လက်နက်ဝယ်ဖို့ ကြားခံလုပ်ပေးတယ်။ စစ်ရေးအမြင်ရှိသူတွေက ကျန်းမာရေးအမြင်ပါရှိကြတော့ စင်္ကာပူကို ဆေးသွားကုကြတယ်။

လီကွမ်းယုဟာ ထားဝယ်စီမံကိန်းအထိလာကြည့်တယ်။ မြန်မာပြည်မှာ နိုင်ငံခြားကုမ္ပဏီကြီးတွေကနေ စီးပွါးရေးလုပ်ကွက်ကြီးတွေလာလုပ်တော့ သူ့နိုင်ငံရဲ့လုံခြုံရေးကို စိုးရိမ်လို့ပါ။ စစ်ရေးအမြင်ရှိပါတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ကတော့ သူတို့အတွက် ဘယ်လောက်ရမလည်းသာ ကြည့်ကြတယ်။

အခု စင်္ကာပူမှာ နောက်မျိုးဆက် တက်လာပြီ။ မြန်မာပြည်မှာလည်း ခေါင်းဆောင်မှုအသစ်ဖြစ်လာပြီ။ ဟိုတနေ့က ကျူးဘားကျန်းမာရေးဝန်ဆောင်မှုမှာ ချီးမွမ်းစရာတွေရှိတာကို တိုတိုလေးရေးခဲ့ပါတယ်။ ကျူးဘားရော စင်္ကာပူရောမှာ တူတာတခုက အဲဒီကျွန်းနိုင်ငံလေးတွေက အလွန်သေးငယ်တယ်။ ကွဲပြားမှုတွေကို နည်းအောင်လုပ်ထားနိုင်တယ်။ ကျွန်တော်တို့နဲ့ ကွာနေတာက အဲတာ။ စုစည်းညီညွတ်မှုရလာရင် ရသလောက် တိုးတက်ဖွံဖြိုးအောင်လူပ်ရတာ လွယ်ကူလာတယ်။ ခက်နေသေးတဲ့နောက်တချက်ကတော့ ဒီမိုကရေစီလည်းမဟုတ်၊ အာဏာရှင်လည်းမဟုတ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဖြစ်တယ်။ မြန်မာပြည်မှာ ခေါင်းဆောင်ကောင်းတာအပြင် ဖွဲ့စည်းပုံပြင်တာနဲ့ စည်းလုံးမှုဆိုတဲ့ အချက်ကြီးနှစ်ချက် လိုအပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၁၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး