မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, December 25, 2016

Nurse Uniform သူနာပြုဝတ်စုံ

By ဒီဗွီဘီ 26 December 2016

မြန်မာပြည်မှာ သူနာပြုဝတ်စုံသစ် ပြောင်းတော့မယ်ဆိုတဲ့သတင်း ဖတ်ရပါတယ်။ ဘောင်းဘီဝတ်စုံ ပြောင်းမယ်တဲ့။ ရာထူးနဲ့ အဆင့်အတန်းကို ခေါင်းဆောင်း၊ အိတ်ကပ်နဲ့ လက်အနားကွပ်နဲ့ ခွဲခြားမယ်တဲ့။ စိတ်ဝင်စားစရာကောင်းပြီး၊ ထောက်ခံသင့်တယ်လို့ ယူဆပါတယ်။ (စာထဲမှာ အင်္ဂလိပ်စာလုံးလေးတွေပါတာကို နားလည်စေချင်ပါတယ်။)

သူနာပြုဝတ်စုံမှာ သမိုင်းရှိတယ်။ Hygiene သန့်ရှင်းရေးနဲ့ Identification ဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ပြချက်အနေနဲ့ သူနာပြုတွေ ဝတ်စုံဝတ်ကြရပါတယ်။ အစဉ်အလာ သူနာပြုဝတ်စုံမှာ Dress ကိုယ်ဝတ် အထက် အောက်၊ Cap ခေါင်းဆောင်းနဲ့ Pinafore apron အေပရွန်ခေါ် ရှေ့ကာတခု ပါတယ်။ အမျိုးမျိုး ကွဲပြားကြပေမယ့် ဒီအခြေခံအင်္ဂါရပ်တွေ ပါကြတယ်။

ဟိုရှေးခေတ်သူနာပြုဝတ်စုံ စပေါ်တော့ ခရစ်ယာန်သီလရှင်တွေ ဝတ်စားတာကို အတုယူခဲ့တာပါ။ ၁၉ ရာစုမတိုင်ခင်အထိ လူနာတွေ၊ ဒဏ်ရာရသူတွေကို သီလရှင်တွေကပဲ ပြုစုခဲ့ကြပါတယ်။ သူနာပြု စစ်စတာဆိုတာလည်း အဲဒီကနေ လာတယ်။ Florence Nightingale (ဖလောရင့်စ် နိုက်တင်ဂေးလ်) ဟာ သမိုင်းတွင် သူနာပြုသီလရှင် ဖြစ်ပါတယ်။ သူ့တပည့် သူနာပြုကျောင်းသူ Miss van Rensselaer (ဗန် ရင်နက်ဆယ်လာ) ကပဲ သူနာပြုဝတ်စုံဒီဇိုင်း ဆွဲခဲ့ပါသတဲ့။

အရင်က အပြာရောင်အခံကိုသာ အသုံးများခဲ့တယ်။ ဆေးရုံတိုင်းမှာ ကြိုက်သလို အရောင် ဒီဇိုင်းရွေးချယ်နိုင်ကြပါတယ်။ ဗြိတိန်မှာတော့ ၁၉၄၈ ခုနှစ်မှာ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကနေ သတ်မှတ်ပေးခဲ့တယ်။ ၁၉၆ဝ ကျော်လာတော့ လည်ပင်းနေရာမှာ အဖွင့်ဒီဇိုင်း ဖြစ်လာတယ်။ ၁၉၇ဝ ကျော်တော့ ချည်ထည်ခေါင်းဆောင်းအစား အဖြူရောင် တခါသုံး ခေါင်းဆောင်း ဖြစ်လာတယ်။ ၁၉၈ဝ ကျော်မှာ ပလပ်စတစ်အေပရွန် ဖြစ်လာတယ်။

၁၉၉ဝ ကျော်မှာ Scrubs (စခရပ်) ခေါ် ဝတ်စုံ ခေတ်စားလာပါတယ်။ ခွဲစိတ်ခန်းဝတ်စုံလိုပါပဲ။ အထက်တခုနဲ့ အောက်တခု၊ အရောင်ဆင်တူ။ (ယူအက်စ်အေ) ကစပြီး ဥရောပမှာလည်း လိုက်သုံးလာကြတယ်။ အခု နိုင်ငံအတော်များများမှာ သုံးလာတယ်။ နောက်မှာ အေပရွန်အစား Cobbler style apron ပြောင်းလာတယ်။ မီးဖိုသုံး အေပရွန်နဲ့ ဆင်တယ်။ တချို့ သူနာပြုကျောင်းတွေမှာ ကျောင်းသူတွေက Nursing pin သုံးရတယ်။ ယောက်ျားသူနာပြုတွေမှာလည်း သီးခြားဒီဇိုင်းတွေ အဆင့်ဆင့်ပြောင်းလာတယ်။ အဖြူရောင်က စသုံးခဲ့တယ်။ သင်တန်းနှစ်အလိုက် အရောင်မတူတာကို ဝတ်စေတယ်။

အခုခေတ်မှာ အများသုံးဖြစ်လာတဲ့ Scrubs (စခရပ်) မှာ V-neck ဗွီလည်ပင်းသုံးတာများပြီး တချို့က ကော်လာပါတယ်။ ဒါပေမယ့် သန့်ရှင်းရေးလုပ်တဲ့သူနဲ့ တူတယ်၊ ခွဲစိတ်ဆရာဝန်နဲ့ တူတယ် စသဖြင့် ဝေဖန်ကြတယ်။ ကမ္ဘာမှာ အများစုက အဖြူဆင်ကို ဝတ်ဆင်ကြပါတယ်။ ခေါင်းဆောင်းသုံးတာလည်း များပါသေးတယ်။

ဥရောပတိုက် ခရိုင်းမီးယားစစ်ပွဲမှာ နိုင်တင်ဂေးကနေ စတယ်ဆိုတာ သီအိုရီလို့သာ ယူဆချက်လည်း ရှိတယ်။ အဲဒီတုန်းက မီးခိုးရောင် ဂါဝန်ရှည်နဲ့ အင်္ကျီလက်ရှည် ဝတ်ခဲ့ကြတာပါ။ ရှေးခေတ်က သူနာပြုတွေဟာ အညိုရောင်ဂါဝန်နဲ့ ကက်ဦးထုပ်အဖြူ ဆောင်းကြတယ်။ အဲဒီခေတ်က လူလတ်တန်းစားအိမ်ရှင်မတွေ ဝတ်စားတာနဲ့ တူပါတယ်။

၁၈၅၄ အမေရိကန်ပြည်တွင်းစစ်ကာလမှာ အရောင်ပြောင်းလာတယ်။ ရိုးရိုးလေးပါပဲ။ မီးခိုးရောင်၊ အနက်ရောင်နဲ့ အညိုရောင် ဝတ်ကြတယ်။ အေပရွန်က အဖြူရောင်။ သူတို့ဆောင်းတဲ့ ဦးထုပ်အဖြူကို White bonnet လို့ ခေါ်တယ်။

၁၉ဝဝ ကျော်မှာ သန့်ရှင်းရေးကို ပိုပြီးဂရုပြုလာကြတယ်။ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကိုလည်း သိလာကြပြီ။ အဖြူရောင်ကို သန့်ရှင်းမှုနဲ့ သပ်ရပ်မှုအတွက် ပိုသဘောကျတာလို့ တကိုယ်လုံး အဖြူဆင်ဝတ်လာကြတယ်။ ရှူးဖိနပ်ကိုတော့ အနက်ရောင် စီးကြတယ်။ နောက်တော့ အရောင်ပြောင်းလာပါတယ်။ ဖိနပ်ပါအဖြူ စီးတာလည်းလုပ်တယ်။

၁၉၆ဝ ကျော်မှာ သိသိသာသာ ပြောင်းလဲလာပြန်တယ်။ အမျိုးသမီးဦးစားပေး အယူအဆလည်း ပေါ်လာချိန်ဖြစ်တယ်။

စခရပ်ဝတ်စုံ စသုံးလာတယ်။ ခေါင်းဆောင်း (ကက်ပ်)ကို ပယ်လာတယ်။ သူနာပြုတိုင်းက အဲဒီလို သဘောတူကြတာတော့ မဟုတ်ပါ။ အစဉ်အလာဝတ်စုံကို ဆက်ပြီးဝတ်စားကြတယ်။ ၁၉၇ဝ ကျော်မှာ ဓာတ်ခွဲခန်းဝတ်စုံတွေ ပေါ်လာတယ်။ တိုလာတယ်။ ခေတ်အလျောက် သက်သောင့်သက်သာရှိပြီး အသုံးလည်းကျတဲ့ (စခရပ်) ဝတ်စုံကို ပိုသုံးလာကြတယ်။

စိတ်ဝင်စားစရာ သမိုင်းဝင်အချက်က နိုက်တင်ဂေးခေတ်မှာ သူနာပြုဝတ်စုံဆိုတာ အဖျားရောဂါကို ကာကွယ်ဖို့ ဖြစ်တယ်။ Fever-proof gowns လို့ ခေါ်တယ်။

ကျနော် မသိတဲ့အချက်တချို့ကို ကွန်မင့်ကနေ ဝင်ကူပေးတာတွေရှိလို့ ကျေးဇူးတင်ပါတယ်။ ဒီသုံးစုံလုံး အသုံးပြုမှာပါ။ Working dress 1 နဲ့ 2 ကို သူ့ရက်နဲ့သူ ဝတ်ရမှာလို့ ကြားသိကြောင်းပါရှင့်။ အဖြူရောင်ဝတ်စုံကို နေ့တိုင်းမဝတ်ရပါ။ သူရက်နဲ့သူ ဝတ်ရမှာပါ။ အရင်ဝတ်စုံကို အခမ်းအနားတွေမှာ ဝတ်ရမှာပါ။ အရင်ဝတ်စုံလည်း ပျောက်မသွားပါ။ ဒီဇိုင်းမတူ နောက်နှစ်စုံ တိုးလာခြင်းသာ ဖြစ်ပါကြောင်း ပြောပါစေရှင့်။ ကျေးဇူး။

ယဉ်ကျေးမှုအရ နိုင်ငံတွေမှာ သူနာပြုဝတ်စုံတွေက မတူကြပါ။ အိန္ဒိယမှာ ဆာရီပေါ်မှာ ဂျူတီကုတ်အဖြူ ဝတ်ကြတယ်။ ကျနော့်မျက်စိထဲမှာတော့ ကန့်လန့်ကြီးဖြစ်တယ်။ ပန်ချာပီဝတ်စုံနဲ့က နည်းနည်းတော်သေးတယ်။ ကျနော့်ဇနီးကတော့ သူ့သွားပြတဲ့ ဒေလီ မာတာချန္နန်ဒေဝီဆေးရုံက အထူးကုဆရာဝန်မတဦး ဆာရီနဲ့ဝတ်ထားတာ ကျက်သရေရှိတယ်လို့ ပြောပါတယ်။

မြန်မာပြည်မှာ သူနာပြုထဘီဝတ်စုံကတော့ အသားကျနေတာမို့ရော ယဉ်ကျေးမှုအရပါ ဆီလျော်ပါတယ်။ ဒါပေမယ့် အရင်ခေတ်ကတည်းက ခွဲစိတ်ခန်းမှာ (စခရပ်) ဝတ်စုံနဲ့ ဂါဝန် မတိုမရှည် ဝတ်တာမို့ အခုဝတ်စုံသစ်ဟာ အဆန်းကြီးတော့ မဟုတ်ပါ။ သူနာပြုဝတ်စုံသစ် ပြောင်းမယ်ဆိုတော့ စိတ်ဓာတ်ကော မပြောင်းဘူးလား စသဖြင့် ပြောကြတယ်။ ဆရာဝန်တွေရော သူနာပြုတွေပါ လူနာဖြစ်ရတဲ့အခါ ဖြစ်ကြရပါတယ်။ စိတ်ဓာတ်ပိုမိုကောင်းမွန်ရေးဆိုတာ မြန်မာ့လူ့အဖွဲ့အစည်းကြီး တခုလုံးအတွက် လိုအပ်ကြောင်းပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.