The Voice of Hope

မျှော်လင့်ချက်ရောင်ခြည်စာအုပ်ကို ၁၉၉၇ ခုနှစ်မှာ နယူးယောက် Seven Stories Press ကနေထုတ်ဝေခဲ့တယ်။ အဖုံးမှာ ဒေါ်စုမျက်နှာပုံနဲ့။ ၂ဝဝ၈ ခုနှစ်မေလမှာ ထပ်ပြီးထုတ်ဝေတော့ သံဃာတော်တွေဆန္ဒပြနေတဲ့အဖုံးနဲ့ ဖြစ်လာတယ်။

(အယ်လင် ကလီမင့်) ကနေ ဒေါ်အောင်ဆန်းစုကြည့်ကို အင်တာဗျူးတွေ စဉ်တိုက်ဆက်တိုက်လုပ်ပြီး ထုတ်ဝေတာပါ။ စာရေးသူဟာ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးဝတ်ခဲ့တဲ့ ပဌမဆုံး အမေရိကန်လူမျိုးဖြစ်ပါတယ်။ ရန်ကုန် ဘုန်းကြီးကျောင်း တကျောင်းမှာ ၅ နှစ်နေခဲ့တယ်။

စာအုပ်ဝေဖန်ရေးသမားတွေက ဒေါ်စုကို ဗုဒ္ဓဘာသာကိုရိုသေကိုင်းရှိုင်းသူလို့ရေးကြပါတယ်။ ဒီစာအုပ်မှာ ဝိဉာဉ် (နမ်တရား) ပိုင်းနဲ့ နိုင်ငံရေး ဆက်စပ်နေတာတွေပါတယ်လို့ဆိုကြပါတယ်။ စာအုပ်ထုတ်ပြီးကတည်းက (အယ်လင် ကလီမင့်) မြန်မာပြည်ဝင်ခွင့်ဗီဇာ ရာသက်ပန်ပိတ်ခံလိုက်ရပါတယ်။

ဒီစာအုပ်ဟာ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုရဲ့အသည်းနှလုံးထိရောက်အောင်သွားဘို့ကြိုးစားခဲ့တာဖြစ်တယ်။ ၁၉၉၅ ခုနှစ် ပဌမအကြိမ် နေအိမ်အကျယ်ချုပ်ကနေလွတ်လာအပြီး ကိုးလကြာအင်တာဗျူးတွေလုပ်ခဲ့ရတယ်။ ဒေါ်စုဟာ မေးခွန်းတွေကို တိုက်ရိုက်ဖြေတယ်။ စူးစူးရှရှရှိတယ်။ မပျက်ယွင်းတဲ့မေတ္တာစိတ်နဲ့ မျှော်လင့်ချက်ကြီးကို သူဘယ်လို ဆက်ပြီးထိန်းထားခဲ့သလည်းဆိုတာကို ဖြေဆိုခဲ့တယ်။

ဒေါ်စုရဲ့ မြန်မာ့နိုင်ငံရေးအပေါ်အမြင်နဲ့ ဗုဒ္ဓဘာသာဖလော်ဆော်ဖီ နှစ်မျိုးတွဲပါနေတယ်။ မြန်မာအမျိုးသမီးတွေနဲ့ ကမ္ဘာ့အမြင်လည်းပါတယ်။ ဒေါ်စုပြောပြတဲ့အမြင်ဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ စာအုပ်ဝေဖန်ရေးသမားတွေ အဆိုအရ ဝိဉာဉ်ပိုင်း၊ ကျွန်တော်တို့အဆို စိတ်ပိုင်းအပြောင်းအလဲ တော်လှန်ရေးလိုအပ်တယ်လို့ ဖေါ်ညွှန်းပါတယ်။ လူသားတွေရဲ့ ဝိဉာဉ်ပိုင်းအရပါ ညီညွတ်ရေးလို့ ဆိုလိုတယ်။

ဒေါ်စုဟာ ၆ နှစ်တာ အကျယ်ချုပ်ခံခဲ့ရတာ ပူပူနွေးနွေးသာရှိသေးပေမယ့် ခါးသီးတဲ့ခံစားချက်မျိုး ထုတ်ဖေါ်ပြောတာ ကင်းရှင်းပါတယ်။ ကျမ ဘယ်လိုမှ (နဝတ) ကို လူဆိုးတွေလို့မမြင်ပါဘူး။ တခါတခါတော့ သူတို့လုပ်တာတွေကို ကျမ စိတ်တိုတာပေါ့။ တချိန်တည်းမှာ ကျမ သူတို့ရဲ့အခက်အခဲတွေကို နားလည်နေပါတယ်။ သူတို့မှာ ကောင်းတာအတွက် ဆိုပြီး ယုံကြည်မှုကင်းမဲ့နေကြတာပါ။ စိတ်မကောင်းစရာတော့ ကောင်းတာကို မယုံကြည်ကြတာဖြစ်တယ်။

မြန်မာပြည်မှာ အဲလောက်တောင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ လွန်လွန်ကဲကဲဖြစ်နေတာကို ဒေါ်စုက လက်နက်ကိုင်နည်းကို မလိုလားပါ။ အကြမ်းသုံးနည်းမှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဒေဝါလီခံထားရလို့ပါ။ ဗျူဟာအရလည်း ထိရောက်မှုမရှိပါလို့ဖြေပါတယ်။

ဒေါ်စုရဲ့ ဗုဒ္ဓဘာသာအမြင်အရ တဦးတယောက်ဟာ ကိုယ်တိုင်ကစရမယ်။ ကိုယ်တိုင်က ဒီမိုကရေစီအတွက် အဆင်သင့် ပြင်ထားရမယ်။ နောက်အစိုးရအတွက်လည်း လုပ်ရမယ်။

ဒေါ်စုက မေတ္တာတရားတိုးပွါးစေဘို့ပြောပါတယ်။ အဲတာဟာ ပြောင်းလဲစေဘို့ရာ ခွန်အား (စွမ်းအား) ဖြစ်တယ်။ စာရေးသူကနေ ရန်ကုန်စာအုပ်ဆိုင်တခုက NLD နဲ့ပတ်သက်တဲ့အကိုးအကားတခုကို ဓါတ်ပုံရိုက်ခွင့်ပေးပြီး အဲဒီစာအုပ်ကို ဆုတ်ဖြဲပြစ်တယ်လို့ ဒေါ်စုကိုပြန်ပြောတော့ ဒေါ်စုက အကြောက်တရားနဲ့ မေတ္တာ ဖီလော်ဆော်ဖီကို ရှင်းပြပါတယ်။

အဲလိုဟာတွေဖြစ်နေရတာက (အက်တစ်ဖြစ်နေတဲ့) ရှင်သန်နေတဲ့မေတ္တာဓါတ် နည်းသေးလို့ပဲ။ ချစ်ခြင်းနဲ့ အကြောက်တရားက တိုက်ရိုက်ဆက်စပ်နေတယ်။ (ဘိုင်ဘယ်) သမ္မာကျမ်းထဲမှာပါတယ်။ ပြည့်စုံတဲ့အချစ်ကနေ အကြောက်တရား ပေါက်ဖွားစေတယ်တဲ့။ ကျမတခါတလေ စဉ်းစားတယ်။ အဲတာဟာ သိပ်ပြီးဗုဒ္ဓဘာသာဆန်တယ်လို့။ ပြည့်စုံတဲ့ချစ်ခြင်းဆိုတာ မေတ္တာတရားပဲ။ တကိုယ်ကောင်းမဆန်ရဘူး။ တွယ်ကပ်နေတဲ့ချစ်ခြင်းမဟုတ်ဘူး။ ကျမတို့ဆီမှာ အဲလိုမေတ္တာတရားတွေ ပိုများဘို့လိုတယ်။

နှစ်သစ်ကစပြီး စစ်မှန် ရှင်သန်တဲ့ မေတ္တာတရားတွေ ပွါးများကြပါစေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၅
(လင့်ခ်) ကနေ ပီဒီအက်ဖ်ဖိုင်ကို ဖတ်နိုင်ကြပါတယ်။ http://www.amazon.com/The-Voice-Hope-Aung-San/dp/0140266151

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး