မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Friday, December 30, 2016

U Kaung ကင်းဝန်မင်းကြီး ဦးကောင်း

ကျွန်တော် ငယ်ငယ်ကပုံဆွဲဝါသနာပါတယ်။ အသက်လုထွက်ပြေးရတော့ တခြားဟာတွေနဲ့အတူ ဘွဲ့လက်မှတ်နဲ့ ပန်းချီပုံလေးတွေ သယ်မလာနိုင်တဲ့အတွက် ခုထိစိတ်မကောင်းဖြစ်ပါတယ်။ ဆေးကျောင်းနောက်ဆုံးနှစ်တုန်းကဆွဲခဲ့တဲ့ ကင်းဝန်မင်းကြီးဦးကောင်းပုံကို အခုပဲပြန်တွေ့ရတယ်။ ကျွန်တော့်ညီအရင်းကရေးတာကို အခုပဲတွေ့လို့ပါ။ (ကျွန်တော်တို့က ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ မျိုးဆက်တွေပေါ့။ ဦးကောင်း မွေးနေ့နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲကို ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေ ကျင်းပခဲ့ကြသေးတယ်။ မြန်မာနှစ် ၁၃၃၂ ခုကပါ။ ဦးကောင်းရဲ့ ဇာတိရပ်မြေ မင်းတိုင်ပင်ရွာမှာကျင်းပပါတယ်။ ကျွန်တော်ဆွဲတဲ့ပုံလေးကို အဲဒီပွဲအတွက်ထုတ်တဲ့ လက်ကမ်းစာစောင်မှာ သုံးခဲ့ပါတယ်။)

အမေ့ရွာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေကဦးကောင်းရဲ့မြေးတော်တယ်။ ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။ အရင်က (မုံတိုင်ပင်) လို့ ရာဇဝင်စာအုပ်တွေမှာ ရေးတယ်။ ငယ်ငယ်တုံးက ကင်းဝန်ရဲ့အမျိုးလို့ ကြွားချင်ခဲ့တယ်။ မုံရွာ အထက (၂) မှာ ၉ တန်း၊ ၁ဝ တန်းတုံးက ကင်းဝန်နွယ်ဘာညာဆိုပြီး ကလောင်နာမယ်ယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ်နံရံကပ်စာစောင်မှာ တာဝန်ယူရဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေးဘလော့ခ်ကို ပုလဲသွယ်လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကရင်နီလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ်ပြုတာကိုတော့ ကျေနပ်ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေကသူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ်ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။

မင်းတိုင်ပင်ရွာက ဦးကောင်းကောင်းမှု ဘုန်းတော်ကြီးကျောင်းမှာ ငယ်ငယ်ကဆော့ကစားဘူးတယ်။ မယ်မင်းဆီ အုတ်ဂူလေးလဲ ခြုံနွယ်တွေကြားထဲမှာ သွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့ အမျိုးလို့လဲ သိရတယ်။ ကျွန်တော့်အမေရဲ့ အဖေဦးထင်က မင်းတိုင်ပင်တိုက်နယ်သူကြီး။ သူဆုံးတော့ မုံရွာမှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့်အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးမီးလှုံဘို့ ဆွဲယူသွားခဲ့ကြရတာ မှတ်မိနေသေးတယ်။ ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးကဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခု လုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်ကဆေးကျောင်းသားပဲရှိသေးတာ။ ဦးကျော်ဆန်းနဲ့ ကျွန်တော် အမျိုးတော်တယ်လို့ သိတာ ၂ နှစ်လောက်သာရှိသေးတယ်။ အမတယောက် ဗုဒ္ဓဂါယာကို ဘုရားဖူးလာတော့မှ အမျိုးစပ်ပြလို့ နှစ်ဝမ်းကွဲ ညီအကိုတော် မှန်းသိရတယ်။ ဦးထင်က ဦးကျော်ဆန်းအမျိုးမဟုတ်ပါ။

ဆရာမြသန်းတင့်ရဲ့ (တောင်သမန်အင်းက လေညှင်းဆော်တော့) ထဲမှာ ရေးထားတာကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။ ဒိနောက်မှာ သန်းဝင်းလှိုင်ရေးတဲ့ (လူအများစု အမှတ်မှားနေတဲ့ ကင်းဝန်မင်းကြီးဦးကောင်း အကြောင်းကို သမို်င်းအမှန်သိစေချင်) မှာ ပိုပြီးစုံစုံလင်လင်ဖတ်ရတယ်။ အဲတာကို အခုပဲ ဖေ့စ်ဘွတ်မှာတွေ့တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.