မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, January 31, 2016

A Clarification ရှင်းလင်းချက်

ကျွန်တော့်ပို့စ်တခု = Dr. Tin Mar Aung ဒေါက်တာတင်မာအောင်

ကွန်မင့် (၁) = MrChit Htwe dr စိုင်းခမ်းလိတ် တို့လို့ စိတ်ထားမျိုး မထား နိုင်တာပဲ အနားယူသွားတဲ့ လူကို အပြစ်တင်

ကွန်မင့် (၂) = Ko Oo Naing ပြည်သူတရပ်လုံးကိုယ်စား အမေ့ကို အနီးကပ် လိုလေသေးမရှိပြုစုစောင့်ရှောက်ပေးတဲ့ Dr တင်မာအောင်ကို ပြောမပြတတ်အောင် ကျေးဇူးအထူးတင်ရှိပါတယ်။ အနာဂတ်တိုင်းပြည်ရဲ့ ခေါင်းဆောင် PA ကို နားလည်ပေးစေချင်ပါတယ် ဆရာခင်ဗျား

ကွန်မင့် (၃) = Pe Thet Han ဘာကိုဆိုလိုချင်တာလဲ။ ရင်ထဲက အမှတ်အတေးနဲ့ မကျေနပ်နေတာလား။ မဖြစ်သင့်ပါ။ ဒီအချိန်မှာ ပိုပြီးညီညွတ်သင့်ပါတယ်။

• ဒေါက်တာစိုင်းခမ်းလိတ်အဖြစ်တာတော့ မသိပါ။ သူက ကျွန်တော်သူငယ်ချင်းပါ။
• ဒေါက်တာတင်မာအောင်ကိုလည်း ဆရာဝန်ချင်းဖြစ်လို့ မောင်နှမလို့ပဲသဘောထားပါတယ်။ လေးစာပါတယ်။ သူ့နောက်ခံကို သူနဲ့ဌာနတခုတည်းမှာ အလုပ်လုပ်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းအရင်းကိုလည်း ဟိုအရင်ကတည်းက မေးမြန်းထားပြီးဖြစ်ပါတယ်။
• ကျွန်တော်ရေးတာက ဒေါက်တာတင်မာအောင်မှားတယ်လို့ ရေးတာမဟုတ်ပါ။ သူက သူ့တာဝန်အရ အတိအကျ အကြောင်းကြားတယ်။ ကျွန်တော်ကလည်း သူပြောတဲ့အတိုင်း တလုံးမကျန် အစည်းအဝေးမှာပြောပြတယ်။ တကယ်လုပ်သွားတာက ပြောတဲ့အတိုင်းမဟုတ်တာတွေကို ထောက်ပြတာဖြစ်တယ်။
• ဒါ့အပြင် ကျွန်တော်ကပဲ ကြားကနေ လီဆယ်သလိုလို ပြောကြတယ်။ ဂုံးချောစကားပြောတယ်။
• စည်းကမ်းအတိုင်းသာလုပ်ရင် ကွန်မြူနတီအတွက် ဒေါ်စုပေးနိုင်တဲ့အချိန်ပိုရပါမယ်။ ပရိုတိုကောဌာနက တနာရီပြည့်တာနဲ့ ဒေါ်စုကို နောက်တနေရာသွားဘို့ ကားပေါ်ခေါ်သွားမယ်လို့ပြောထားပါတယ်။ အဲဒီအတိုင်းလုပ်ပါတယ်။
• စည်းကမ်းနဲ့မညီတာမှန်သမျှ ကျွန်တော်မကြိုက်ကြောင်းကို ကျွန်တော့်ဖေ့စ်ဘွတ်ကို ဖတ်နေသူတွေနဲ့ ကျန်းမာရေး မေးဘူးသူတိုင်းက သိကြပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆

Dr. Tin Mar Aung ဒေါက်တာတင်မာအောင်

ဒေါ်စုရဲ့ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင် လက်ရှိတာဝန်ကနေ အနားယူတော့မယ်တဲ့။ အမှတ်ရတာလေးတခု ရှိပါတယ်။

၂ဝ၁၁ တုံးက အိန္ဒိယကို ဒေါ်အောင်ဆန်းစုကြည့်လာတော့မယ်ဆိုတော့ ပြင်ကြဆင်ကြရပါတယ်။ အိန္ဒိယကနေ ဒေါ်စုကို ဖိတ်တာကလည်း နိုင်ငံခေါင်းဆောင်တယောက်အဆင့်နဲ့ အလားတူဖြစ်လို့ ဒေါ်စုသွားမယ့်လာမယ်ခရီးစဉ်တွေ၊ တွေမယ့်သူတွေ၊ လုံခြုံရေးစတာတွေအသေးစိတ်ကို အစိုးရကနေတာဝန်ယူပါတယ်။ Protocol department ကနေ အားလုံးစီစဉ်တယ်။

တခြားအစီအစဉ်တွေနဲ့အတူ မြန်မာကွန်မြူနတီနဲ့ပါတွေ့ဘို့ပါတယ်။ ဒေါ်စုသိထားတာက သူဆုရတဲ့ငွေနဲ့ ဖွင့်ထားတဲ့ Prospect Burma ကျောင်းသာရှိတော့ (ပရိုတိုကော်လ်) အရာရှိတွေက အဲဒီကျောင်းကိုလာကြတယ်။ ကျွန်တော်က ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်လို့ ဆွေးနွေးရတယ်။ အချိန်က စုစုပေါင်းတနာရီတိတိရမယ်တဲ့။

(ပရောစပက်ဘာမား) ကျောင်းလေးကသေးသေးလေး။ ဒေလီမှာနေကြတဲ့ မြန်မာပြည်က လူဦးရေက ၄-၅ ထောင်။ အဲတာနဲ့ ရတဲ့တနာရီကို ၂ နေရာခွဲရအောင် (ပရိုတိုကော်လ်) အရာရှိတွေနဲ့ ညှိရတယ်။ (အောက်စဖို့ဒ်) ကျောင်းကို ရွေးတယ်။ အဲဒီကျောင်းကို ဦးမောသီရိ (ကွယ်လွန်) မိသားစုကပိုင်တာပါ။ ဆရာမကြီးကိုသွားပြောရတယ်။ ဝမ်းသာအားရ လက်ခံပြီး စီစဉ်ပေးမယ်လို့သိရတယ်။ ဒေါ်စုကို လက်ဖက်ရည်နဲ့ဧည့်ခံရင်း မိတ်ဆက်ဘို့နဲ့ စကားပြောမဲ့စဉ်မြင့်၊ စတာတွေ အစီအစဉ်ဆွဲကြတယ်။ အဲတာကို (ပရိုတိုကော်လ်) အရာရှိတွေကိုပြန်ပြောတော့ သူတို့ကလည်းရတယ်။ ဒေါ်စုကို ဧည့်ခံမယ့် အစားအသောက်တွေကို စစ်ဆေးမယ်။ ဆက်မယ့်ပန်းစည်းတွေကို စစ်ဆေးမယ်။ အနီးကပ် ထိုင်မယ့်သူတွေ စာရင်း စတာတွေယူပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးနာမည်တွေပါတယ်။

အိန္ဒိယအစိုးရအရာရှိတွေကလည်း သဘောတူ၊ အောက်စ်ဖို့ဒ်ကျောင်းကလည်း လက်ခံမှ မြန်မာကွန်မြူနတီကို ပြောရတယ်။ အဲလိုချိန်မျိုးမှာ ဒေါ်စုကိုသူတို့လောက် ချစ်တဲ့သူ၊ လေးစားတဲ့သူ၊ ထောက်ခံသူမရှိဆိုသူတွေက ရေတွက်မကုန် ထွက်ပေါ်လာစမြဲပါ။

ဒေါ်အောင်ဆန်းစုကြည့်ကို ဘယ်တုံးကမှ တိုက်ရိုက်မဆက်သွယ်တဲ့ကျွန်တော်က ဒေါက်တာတင်မာအောင်ဆီ ဆက်သွယ်ရပါတော့တယ်။ သူကလည်း အချိန်တိကျဘို့၊ လဖက်ရည်သောက်ချိန်မရှိ၊ လူတဦးချင်းနဲ့ မိတ်ဆက်ချိန်မရှိ၊ ဓါတ်ပုံရိုက်ချိန်မရှိ စတဲ့စည်းကမ်းတွေပြောပါတယ်။ အဲတာနဲ့ အောက်စဖို့ဒ်ကျောင်း + ကွန်မြူနတီကို ပြန်ပြောပြပါတယ်။ ဒိနောက်ပိုင်း ကွန်တော်က (ပရောစပက်ဘာမား) ကျောင်းကိုသာ အသေးစိတ်စီစဉ်ပြီး ကွန်မြူနတီကိစ္စကို တိုက်ရိုက် ဝင်မပါတော့ပါ။

၁၆-၁၁-၂ဝ၁၁ နေ့မှာ (ပရောစပက်ဘာမား) ကျောင်းကို အရင်ဆုံးလာတယ်။ အဲဒီတုံးက ကချင်တွေကမကျေနပ်လို့ မလာကြဘူးဆိုတဲ့သတင်းကို ဒေါ်စုကကြားထားပြီးပါပြီ။ စကားပြောအပြီးမှာ အနားမှာရှိတဲ့ကျွန်တော့်လက်ကိုကိုင်ပြီး ကချင်တွေက ကျမကိုမကျေနပ်လို့ မလာဖူးကြားတယ်။ လာစေချင်ပါတယ်။ ဘာမဆို သဘောထားမတူတာရှိရင် ဆွေးနွေးဖြေရှင်းတာ အကောင်းဆုံးပါလို့ ပြောပါတယ်။ ဒေါ်စုကို ကျွန်တော်က ၁၉၉ဝ NLD အမတ်ပါလို့ မိတ်မဆက်ခဲ့ပါ။ သူပြောခဲ့တာကိုတော့ ကြုံတိုင်းကြုံတိုင်း လူအများသိအောင်ပြန်ပြောပါတယ်။

အဲဒီကနေ နောက်ကျောင်းကို လုံခြုံရေးကားတန်းနဲ့အတူလိုက်ရတယ်။ အလိုက်သိတဲ့တယောက်က သူ့နေရာဖယ်ပေးလို့ ထိုင်ခွင့်ရပါတယ်။

နောက်ဆုံးမှာ ဒေါက်တာတင်မာအောင်ပြောတဲ့ စည်းကမ်းတွေကိုပြောပြမိတဲ့ ကျွန်တော့်မှာ အောက်စ်ဖို့ဒ်ကျောင်းနဲ့ မျက်နှာပျက်ရပါတယ်။ ကွန်မြူနတီထဲ ဟိုပြောသည်ပြောတာတွေတော့ ခေါင်းထဲမထည့်ပါ။ လဖက်ရည်ပွဲလည်းဖြစ်တယ်။ ဓါတ်ပုံစုရိုက်တာလည်းဖြစ်တယ်။ ကျွန်တော်ကဖိတ်လို့ Press card ရပြီးသားသထင်းထောက်တွေနဲ့လည်း အထဲမဝင်ရလို့ မျက်နှာပျက်ရတယ်။ ကျောင်းလေးမှာတော့ သတင်းသမား ကိုဇာနည်တို့ လင်မယားကလာနိုင်ကြလို့ အခုတင်တဲ့ ဓါတ်ပုံတွေရပါတယ်။ လက်ဖက်ရည်ဝိုင်းနဲ့ အုပ်စုဓါတ်ပုံတွေမှာ ကျွန်တော်တို့ဇနီးမောင်နှံ မပါရပါ။

ဒေါက်တာတင်မာအောင် ကျန်းမာပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆
ဓါတ်ပုံ = ဒေါက်တာရွန်ဘိတ် (အဲဒီတုံးက ကျောင်းအုပ်နဲ့ အခု ဖလမ်း NLD)၊ ဒေါက်တာခါလီက (ဒေါ်စုနဲ့ အောက်စဖို့ဒ်မှာ ကျောင်းနေဖက်)

The Guests သပြေပင်နား လက်ဖက်စားခြင်း

ကိုတရုပ်ကြီး (ခေါ်) ကိုမြင့်တိုးနဲ့ မစူးတို့အိမ်မှာ ဧည့်သည်လုပ်၊ လက်ဖက်သုပ်စားခဲ့ပါတယ်။ အဲတာက ကရင်နဲ့ မွန်အိမ်က ကလေးမွေးနေ့မှာ ထမင်းစားခဲ့ပြီးအပြန်မှာပါ။

အိမ်မပြန်ခင် Gold Mon Grocery မွန်စတိုးဆိုင်မှာ ဈေးဝင်ဝယ်ပါတယ်။ ဆိုင်ရှင် မွန်အမျိုးသားက စိတ်ဝင်စားလို့ နိုင်ငံရေးအခြေအနေ မေးတယ်။ သူက မြန်မာပြည်မှာ NLD အစိုးရတက်မှမို့ တိုင်းပြည်အတွက် အားတက်စရာလို့ဆိုပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆

Zika virus ဇီကာဗိုင်းရပ်စ်

တောင်အမေရိကတိုက်နဲ့ ကရစ်ဘီယန်ဒေသမှာ ကူးစက်နေတဲ့ ဇီကာဗိုင်းရပ်စ် ကိုယ်ဝန်ဆောင်မိခင်ကို ကူးစက်ခံရရင် Microcephaly ဦးနှောက်သေးတဲ့ကလေးမျိုးမွေးလာစေနိုင်တယ်။ ကလေးကခေါင်းသေးနေမယ်။ အသက်တိုမယ် ရှင်နေသလောက်လည်း အဆင့်မမီပါ။

ကူးစက်ခံရရင် ကိုယ်ပူမယ်။ မျက်စိနာမယ်။ ခေါင်းကိုက်မယ်။ အဆစ်တွေနာမယ်။ အရေပြားမှာ အနီပြင်ထွက်မယ်။ ရှားတဲ့ Guillain-Barre ဆင်ဒရုမ်းဖြစ်ရင် ယာယီလေဖြတ်သလိုနေမယ်။ ကာကွယ်ဆေးမပေါ်သေး။ ပျောက်အောင် ကုသပေးနိုင်တဲ့ဆေး မပေါ်သေးပါ။ နားနေခိုင်းပြီး အရည်များများသောက်ဘို့သာတတ်နိုင်သေးတယ်။

ဇီကာဗိုင်းရပ်စ်ကို ၁၉၄၇ တကည်းက အာဖရိကတိုက်၊ ယူဂန်ဒါမှာ စတွေ့တာဖြစ်ပါတယ်။ လူ ၂ ယောက်သာတွေ့ခဲ့တယ်။ နိုက်ဂျီးရီးယားမှာ ၁၉၅၄ မှာတွေ့လာတယ်။ ဒိနောက် အရှေ့တောင်အာရှနဲ့ ပစိဖိတ်ကျွန်းတွေဆီအထိရောက်လာခြံပြီး အခုမှသာ လက်တင်အမေရိကကိုရောက်လာတယ်။

ကူးစက်မှုကို Aedes aegypti ခြင်ကနေတဆင့်ဖြစ်တယ်။ ဒီခြင်က ရေသန့်-ရေသေမှာနေတယ်။ အဝါရောင်အဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးကိုလည်း ကူးစက်စေတယ်။

အဲလို ဦးနှောက်သေးတဲ့ကလေးမျိုးမွေးတာနဲ့ ဗိုင်းရပ်စ်ဆက်စပ်မှုကိုတော့ တိတိကျကျမပြောနိုင်သေးပါ။ ဖြစ်နိုင်ခြေ ပိုများတယ်လို့တော့သိတယ်။ ဘရာဇီးလ်မှာ ၂ဝဝ၄ တုံးက ကူးစက်ခံထားရသူ  ၁၅ဝ သာရှိခဲ့ရာကနေ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလအထိ ၃၅ဝဝ ရှိလာတယ်။ အဲဒီဒေသတခုလုံးမှာ အရေးပေါ်အခြေအနေဖြစ်နေပါတယ်။ ၁၉၇၇-၇၈ တုံးက ပါကစ္စတန်၊ အင်ဒိုနီးရှားနဲ့ မလေးရှားမှာဖြစ်ခဲ့တယ်။ မြန်မာပြည်မှာ အခုထိကူးစက်လာမှုမရှိသေးပါ။ ဖြစ်နေတဲ့နေရာတွေဆီ မသွားရ။ ခြင်ကိုက်မခံရ။ ခြင်နှိမ်နင်းပါ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆

Gold plate sets မျက်နှသာပေး ရွှေရေးပန်းကန်တက်

သမ္မတ၊ ဒုသမ္မတ ဘယ်သူဘယ်ဝါ၊ ပြောကြတာများပြီ။ ဖေ့စ်ဘုတ်မှာက ဘာဟုတ်သေးလည်း၊ ရေဒီယိုတွေမှာ တဝီဝီညံ၊ ဂျာနယ်တွေမှာလည်း ပလူပျံနေတာပဲ။ မကြာမီကြေညာမည်ဆိုတော့ ထီမထိုးပဲ ပေါက်ချင်သူမျိုးလည်း ရှိမှာပဲ။

ပြောတဲ့အသံတွေနားထောင်၊ တင်တဲ့သတင်းခေါင်းစီးတွေကြည့်ရင် အရည်အသွေးကို မှန်းလို့ရတယ်။ တချို့ဟာတွေကို ကြားရတာ အားတက်စရာမကောင်းပါ။ ထင်ကြေးပေးရင်း ထောက်ပြတဲ့အချက်အလက်တွေက အပြုသဘောတော့ မှန်ပါတယ်။ ဒါပေမယ့် အခွံတွေကများတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းရင်းသားအရေးနဲ့ ဘာသာရေးကို ပြောရတာ အတော်ကို (အတော်ကြီးကို) သတိထားရတယ်။ အဲလို အထိမခံရွှေပန်းကန်ဖြစ်နေတာ ကောင်းစေတဲ့လက္ခဏာာမဟုတ်ပါ။ ကွဲလွယ်ရှလွယ်တဲ့အရာဆိုတာ နေရာတိုင်းမှာအသုံးမကျပါ။

အပြောမခံရတိုင်းတော့ အဟုတ်မှတ်မနေနဲ့။ မျက်နှသာပေး ရွှေရေးပန်းကန်တက်၊ ခက်တယ်ဗျာ။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆

Cataract မျက်စိတိမ်

ဆရာ မျက်စိအတွင်းတိမ်ကို ခွဲကုမှပျောက်မှာပါလား ဆရာ။ တခြားနည်းရှိသေးလားဆရာ။ ဘာ့ကြောင့် တိမ်ဖြစ်ရတာလဲသိချင်ပါတယ်။ ရေပေါင်တက်နေတယ်လဲ ပြောပါတယ်ဆရာ။နားသိပ်မလည်လို့ ရှင်းပြပေးစေချင်ပါတယ်ဆရာ။

နာတာကျင်တာ ဘာမှမခံစားရဘဲ တဖြေးဖြေးနဲ့ ရေရှည် မျက်စိမှန်ဘီလူးမှာ တိမ်လိုဖြစ်လာတာကို ခေါ်တယ်။ အမြင်စွမ်းအားက တဖြေးဖြေးမှုံဝါးလာမယ်။ ကြာရင် မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်တယ်။

• Blurry Vision မျက်စိမှုံမယ်၊ 
• Glare ဝေဝါးလာမယ်၊ အလင်းရောင်များတာကို မခံနိုင်ဘူး။ ညအချိန်ကားမောင်းဘို့ ခက်လာမယ်။
• Double Vision (diplopia) အရုပ်ကို နှစ်ခုမြင်လာမယ်။
• Color Changes အရောင်တွေကိုခွဲခြားရတာခက်လာမယ်။ အညိုနဲ့ အဝါခွဲဘို့ခက်လာမယ်။ နောက်ပိုင်းမှာ အပြာနဲ့ ခရမ်းရောင်ကိုခွဲဘို့ခက်လာမယ်။
• Second Sight တခါတလေ အနီးကိုကြည့်ရတာ ခဏတာ ပိုကောင်းလာတတ်တယ်။ ကြာရင်တော့ ပိုပိုဆိုးလာမယ်။
• New Prescription မျက်မှန်တပ်နေရသူဆိုရင် ပါဝါလဲလဲပေးရမယ်။ 

• အသက်ကြီးမှဖြစ်တာများပေမဲ့ ငယ်သူတွေမှာလဲ ဖြစ်တတ်တယ်။ အမေရိကားမှာ အသက် ၆၅ နှစ်ကျော်သူတွေမှာ တဝက်မက တိမ်ရှိကြတယ်။ မွေးကတည်းက ရောဂါကြောင့်ဖြစ်ဖြစ်၊ ခိုက်မိလို့ဖြစ်ဖြစ် တိမ်ဖြစ်တာလဲ ရှိတတ်တယ်။ ဆီးချို၊ ဆေးလိပ်၊ အရက်၊ ထိခိုက်မိတာ၊ (စတီရွိုက်) ဆေးအကြာကြီးသုံးရတာ၊ နေရောင်၊ ဓါတ်ရောင်ခြည်သင့်တာတွေကနေ ဖြစ်စေနိုင်တယ်။ 

မျက်စိစမ်းသပ်ပါ။ လိုအပ်ရင် သူငယ်အိမ်ကျယ်စေပြီးမှ စမ်းရမယ်။
• ခွဲစိတ်ကုသခြင်း၊ အကြည့်ကို မျက်မှန်နဲ့ မမြင်ရတော့ရင် ခွဲစိတ်ရမယ်။ ဆေးရုံမတက်ဘဲလဲခွဲလို့ရတယ်။
• ခွဲစိတ်နည်း ၂ နည်းရှိတယ်။ 
Phacoemulsification (Phaco) နည်းကို အများဆုံးသုံးတယ်။ မှန်ဘီလူးကို Ultrasound waves နဲရှင်းပေးပြီး ထုတ်ပြစ်တယ်။ Intraocular lens (IOL) ကိုအစားထိုးပေးမယ်။ extracapsular cataract surgery နည်းမှာ ဒါးရာပိုကြီးရတယ်။ 
• ခွဲစိတ်နည်းသစ်တွေလဲရှိလာတယ်။ 
• ခွဲပြီးစမှာ အလင်းရောင်ကို ကောင်းကောင်းအထိမခံနိုင်သေးဘူး။ နေကာမျက်မှန်တပ်ရမယ်။ အနာကျက်ဘို့ရာ ၈ ပါတ်လောက် ကြာနေမယ်။ ကြည့်ရတာတော့ ချက်ချင်းဆိုသလို ကောင်းလာမယ်။
• ခွဲပြီး အဆင်မသင့်ဖြစ်တာ ရှားပါတယ်။ သွေးယိုတာ၊ ပိုးဝင်တာ၊ မျက်စိဖိအား ပြောင်းသွားတာတွေ ဖြစ်ချင် ဖြစ်နိုင်တယ်။ Retinal detachment ဆိုတာဖြစ်ရင် ချက်ချင်းကုသရမယ်။ ထပ်ခွဲရတတ်တာလဲရှိနိုင်တယ်။ ဖြစ်တာကို လေဆာနဲ့ ကုသနိုင်တယ်။ 
• တိမ်ဖြစ်လာလို့ ချက်ချင်းလဲ ခွဲချင်မှ ခွဲရတယ်။ 
• ကာကွယ်ဘို့ရာ-
- ဆေးလိပ်မသောက်ပါနဲ့၊
- နေကာမျက်မှန်တပ်ပါ။
- ဆီးချို ရှိရင် ထိန်းနေပါ။
- အရက် မသင့်ပါ။

Cataract မျက်စိတိမ် http://dts-medicaleducation.blogspot.in/2012/03/cataract.html
Eye Astigmatism and Amblyopia သူငယ်အိမ်စောင်းခြင်း နဲ့ ပျင်းတဲ့မျက်စိ http://doctortintswe.blogspot.com/2014/10/astigmatism-and-amblyopia.html 
Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း http://doctortintswe.blogspot.com/2016/01/laser-eye-operation.html

Dr. တင့်ဆွေ

Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း

၁။ ကျွန်တော်က အသက် ၂၃ နှစ်၊ အဝေးမှုန် မျက်မှန်တပ်ပါတယ်။ တက္ကသိုလ် ပထမနှစ်လောက်မှ စတပ်တာပါ။ အခု ကျောင်းပြီးပါပြီ။ ပါဝါက ဘယ် ၃ဝဝ၊ ညာ ၁၅ဝ ရှိပါတယ်။ ဒီပါဝါမှာတင် တန့်နေတာကြာပါပြီ။ ထပ်မတိုးပါ။ အဲဒါ လေဆာနဲ့ ဖျောက်လို့ရ၊ မရသိချင်ပါတယ်။ လေဆာနဲ့ ပါဝါဖျောက်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးပြစ် ကုသမှုစရိတ် ဘယ်လောက် ကုန်နိုင်မလဲပါ သိချင်ပါတယ်။ နောက်ပြီး လေဆာနဲ့ တကြိမ်ဖျောက်ပြီးရင် အရင်လို ပါဝါ ပြန်တက်လာနိုင် မလားလဲ သိချင်ပါတယ်။

၂။ ဆရာလို့ရေးရအောင် အသက်က နှစ် ၄ဝ လောက်ကွာနေတော့ သိပ်ရေးမထွက်ဖူး။ ကျန်မက စကားပြောရင် ခင်ဗျား၊ ကျန်တော်လို့ ပြောတာ အကျင့်ပါနေတယ်။ အဲ့ဒါ တောကျတယ်လို့ ပြောကြတာပဲ။ ဖုန်းနဲ့ ရေးရင်း လက်ကွက်က ဖုန်သွား မမြင်ရတော့ဘူး။ မျက်စိပါဝါဖျောက်မလို့ စုံစမ်းတာ တစ်ဖက်ကို ၈ သိန်းလောက်ကုန်မယ်တဲ့။ ဘယ်ဘက်မျက်စိက -450 နဲ့ ညာဘက်မျက်စိက -500 မျက်ကြည်လွှာရောဂါ။ ဆလင်ဒါ မရှိဘူးပြောတာပဲ။ မျက်စိအဝေးမှုန်တဲ့သူတွေအတွက် အကြံလေးရေးပါဦး။ မျက်ကပ်မှန်တခါတလေ တပ်ပါတယ်။

မေးတာ-ရေးတာတွေကို သဘောပေါက်အောင် ၄-၅ ခေါက် ကြိုးစားဖတ်ပါတယ်။ သိပ်တော့ နားမလည်သေးပါ။ မေးတဲ့သူက အမျိုးသမီးလား၊ အမျိုးသားလား မသိပါ။ အသက်လဲမသိပါ။ ဖုန်းနဲ့ ဆက်သွယ်ရသူတွေရဲ့ အခက်အခဲကို နားလည်ပါတယ်။ စာရိုက်တာကိုလဲ ကြိုးစားပြီး ထပ်ရေးထားလိုက်တယ်။ ဆောရီး။ မျက်စိကို လေဆာနဲ့ကုသတာကို ပြောတာလားမသိပါ။ ပဌမဆုံးပြောပါရစေ။ ကျွန်တော် မျက်စိအထူးကု ဆရာဝန် မဟုတ်ပါ။

မျက်စိအမြင်ရောဂါ Nearsightedness, Farsightedness and Astigmatism တွေကို Laser eye surgery နည်းနဲ့ ကုလို့ ရတယ်။ Excimer laser လေဆာနဲ့ကုသနည်းကို ၁၉၈၅ ကတည်းက စခဲ့တယ်။ တိုးတက် လာနေတာပါ။ LASIK ခွဲစိတ်နည်းဟာ အံသြလောက်အောင် ကောင်းတယ်။ Myopia ခေါ်တဲ့ ဆိုတဲ့ အနီးမြင်-အဝေးမှုန်တာ အတွက် (LASIK) Laser Assisted In-Situ Keratomileusis က နောက်ဆုံးပေါ်ပါ။ အနာလဲ သက်သာတယ်။ အလွန်တရာတကျ၊ အတော် စိတ်ချ၊ တကယ် ကောင်းတယ်လို့ ဆိုကြပါတယ်။ Refractive surgery ခေါ်တဲ့ Laser eye correction ဖြစ်တယ်။

ArgonFluoride (ArF) gas ကို UV wavelength of 193nm ရှိတဲ့ high-energy photons နဲ့သုံးပြီး 0.25 microns သာထူတဲ့ Corneal tissue မျက်ကြည်လွှာကို တိတိကျကျ ဖြတ်ပေးတယ်။ ဘေးကို မထိစေဘူး။ ဆေးရုံတက်စရာ မလိုဘဲ ရတယ်။ ၁၅ မိနစ်၊ နာရီဝက်သာကြမယ်။ နှစ်ဖက်လုံးကို တထိုင်ထဲကုလို့ရတယ်။ ၁ ရက်နေရင် ကောင်းကောင်းမြင်လာပြီး ၂-၃ လမှာ (ပါဖက်) ဖြစ်သွားမယ်။ ခွဲပြီး မျက်မှန်မလိုတော့ဘူး။

ဈေးကြီးပါတယ်။ ဘာဘဲလုပ်လုပ် စွန့်စားရတာမျိုးရှိတာပါ။ ဒီနည်းမှာ အကြီးအကျယ် မရှိပါ။ နဲနဲလေး လုပ်မိလိုက်ရင် ဒုတိယတကြိမ်လုပ်ရနိုင်တယ်။ များများကြီးလုပ်လိုက်မိရင်တော့ အပြင်ရပိုခက်တယ်။ တချို့မှာ မှောင်နေရင် မမြင်ရတာ၊ အဝိုင်းတွေ မြင်ရတာ၊ အရုပ် ၂ ထပ်မြင်တာ၊ မျက်စိခြောက်တာတွေ ဖြစ်တတ်တယ်။

မခွဲခင် ပြင်ဆင်တာ အလွန်အရေးကြီးတယ်။
• Visual acuity, fundus inspection, corneal curvature, corneal topography, corneal thickness, tear secretion, wave-front aberration, and other preoperative examination တွေ လုပ်ရမယ်။ • လူတိုင်းကိုတော့ လုပ်မရပါ။
• Myopia upto -20.0 to +8.0 with cylinder +/- 4 ရှိသူတွေ၊ +- 3 D to 20 or more ရှိသူတွေ၊
• အသက် ၁၈-၂ဝ ကျော် ရမယ်။ အမြင်စွမ်းအားလဲ ငြိမ်လာ၊ မျက်ကြည်လွှာကလဲ လိုသလောက် ထူလာလို့။
• တခြား မျက်စိရောဂါတွေ Cataract, Glaucoma Keratoconus, Retinal detachment မရှိသူ ဖြစ်ရမယ်
၊ • လေဆာ မလုပ်ခင် တပ်နေတဲ့ မျက်မှန်ကို ၂-၃ ပါတ် ဖြုတ်ထားရမယ်။
• Eye makeup လဲ မလုပ်ရပါ။
• ရုပ်ရှင်၊ ဘောလုံးပွဲကြည့်တာလဲ နားထားပါ။

NearVision CK နည်းကတော့ Radio waves ရေဒီယိုလှိုင်းသုံး ကုသနည်းဖြစ်တယ်။ လေဆာတို့ ဓါးတို့ မသုံးပါ။ ဆံပင်ထက်သေးတဲ့ Probe အချောင်းလေးနဲ့ Cornea မျက်ကြည်လွှာက Collagen တွေကို သေးကျုံ့သွာစေတယ်။ လုပ်ပေးနိုင်တဲ့ မျက်စိ အထူးကု ဆရာဝန်နဲ့ သေသေခြာခြာ တိုင်ပင်ပါ။ ဒီစာက ဆေးပညာ-ဗဟုသုတထက် မပိုလောက်ပါ။

Cataract မျက်စိတိမ် http://dts-medicaleducation.blogspot.in/2012/03/cataract.html
Eye Astigmatism and Amblyopia သူငယ်အိမ်စောင်းခြင်း နဲ့ ပျင်းတဲ့မျက်စိ http://doctortintswe.blogspot.com/2014/10/astigmatism-and-amblyopia.html

ဒေါက်တာတင့်ဆွေ

Saturday, January 30, 2016

Old Black and White

လွန်ခဲ့တဲ့ (၄) နှစ်တုံးက သမီးတင်ခဲ့တဲ့ပို့စ်ကို မနေ့ကနဲ့ကနေ့ ကွန်မင့်တွေထပ်လာလို့ထင်ပါတယ်၊ ပြန်ပေါ်လာလို့။

June 16, 2012 Happy Father's Day ဖေဖေ ဒေါက်တာ Tint Swe

ဓါတ်ပုံကတော့ ဟိုလွန်ခဲ့တဲ့ ၁၉၇၇ ခုနှစ်၊ မြို့သာမှာတိုက်နယ်ဆရာဝန်လုပ်ခဲ့စဉ်ကဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁-၂ဝ၁၆

Dinner ဒင်နာ

သမီးနေနေအိမ်မှာ ညနေစာ၊ ဘာနေ့ရယ်တော့ မဟုတ်ပါ။

ဝက်စတူးမှာ ကန်စွန်းရွက်တင်၊ ဝက်ခေါက်ကင်နဲ့ အချဉ်၊ ပုဇွန်ဟင်းတခွက်နဲ့ ပဲသီးချက်၊ ပဲလိပ်ပြာရွက်သုပ်၊  ငရုပ်သီးစိမ်းထောင်း၊ မြိန်ယှက်စားကောင်း။

လက်ဖက်ခြောက်ကောင်းမွှေးမွှေးနဲ့ ရေနွေးကြမ်း၊ ဇယန်းလက်ဖက်၊ မနက်စာအတွက်လည်းထည့်ပေး၊ ကလေးတွေလည်းဆော့ကစား ပျော်ပျော်ပါးပါး။ အမေရိကားမှာ ဗမာလိုသာစားတဲ့ မိသားစုများ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၆
Photo by Thadar Tint Swe

1947 and 2008

ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၄၇ နှင့် ၂ဝဝ၈ နှိုင်းယှဉ်ချက် (နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများ)

၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်ချင်သူတွေက အဲတာဟာ ဗိုလ်ချုပ်အောင်းဆန်းရေးခဲ့တဲ့ ၁၉၄၇ အတိုင်းဘဲလို့ ပြောနေကြတယ်။ အဲလိုပြောတာ မှားပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံကို မြန်မာဘာသာနဲ့ အလွယ်မရှာနိုင်သေးလို့ အင်္ဂလိပ်လိုသာကိုးကားပါရစေ။ ၁၉၄၇ ထဲမှာ ပုဒ်မ ၄၉၊ (၁) နဲ့ (၂) ပါပြီး၊ ၂ဝဝ၈ မှာ (က) ကနေ (ဆ) အထိပါပါတယ်။

THE CONSTITUTION OF THE UNION OF BURMA 1947
49. No person shall be eligible for election to the office of President unless he –
(i) is a citizen of the Union who was, or both of whose parents were, born in any of the territories included within the Union, and
ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)
၄၉။ (က) မိမိကိုယ်တိုင်သော်၎င်း၊ မိမိ၏မိဘနှစ်ပါးသော်၎င်း၊ ပြည်ထောင်စုနိုင်ငံ၏ပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင်
(ii) is qualified for election to the Union Parliament.
(ခ) ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံနိုင်သည့် အရည်အချင်းနှင့်ပြည့်စုံသည်လည်းဖြစ်သော ပုဂ္ဂိုလ်မျိုး မဟုတ်လျှင်၊ မည်သူမျှ နိုင်ငံတော်သမ္မတရာထူးအတွက် ရွေးကောက်ခံနိုင်ခွင့် မရရှိစေရ။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)
၅၇၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်၊
၅၈၊ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး အထွတ်အထိပ်နေရာ ရရှိသည်၊
၅၉၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။
( ခ ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော့်အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
( ဂ ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်။
( င ) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂ဝ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။
ချွင်းချက်၊ နိုင်ငံတော့်ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်၊
( စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ့ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။
(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်၊

အချုပ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံမှာပါတာနဲ့ မတူပါ။

ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၄

Stay away အမြဲခွါရှင်း ဖဲကြဉ်မင်း

• ဗူးခါးရေနဲ့ ကြမ်းကြားလေ၊
• မိုးခါးရေသောက်သူတွေများလို့ ကျောင်းကား ဇရပ်သွင်ဖြစ်ရ၏။

• ရေဗူးပေါက်တာ မလိုချင်ဘူးဆိုလို့၊
• အညွန့်အဖူးလေးတွေ အပေါက်ဆန်ခါတွင် စာသင်ကြရ၏။

• ပညာရှာ ပမာသူဖုန်းစား၊
• ဘုန်းတန်ခိုးထွားသူတွေများလို့ ကျောင်းသားတွေ သူဖုန်းစားဖြစ်ရ၏။

• သူတော်မဟုတ် ယုတ်သည့်စရိုက်၊
• လူသူမိုက်ကို မကြိုက်မချစ်၊
• ရန်သူစစ်သို့ မနှစ်သက်ဘဲ၊
• ဝေးစွာရှဲ၍ အမြဲခွါရှင်း၊ ဖဲကြဉ်မင်း။

ဒေါက်တာတင့်ဆွေ
၉-၂-၂ဝ၁၄
(လောကသာရဆုံးမစာကို မှီငြမ်းပါသည်။)

Pantoprazole ပန်တိုပရာဇိုးလ်

ဆရာ ပုံပါဆေးကို အမြဲသောက်လို့ရလားဆရာ။

(ပန်တိုပရာဇိုးလ်) ဆေးဟာ လူသုံးများတယ်။ Proton pump inhibitors အမျိုးအစားဆေးဖြစ်တယ်။ အစာအိမ်လေနာ၊ အူသိမ်အစပိုင်းလေနာ၊ အစာမျိုပြွန်ကနေ အစာခြေရည်အထက်ဆန်တာအတွက်ပေးတယ်။ အစာအိမ်က အက်စစ်ရည် ထွက်တာကို နည်းစေတယ်။ ရင်ပူတာသက်သာစေမယ်။ အစာမျိုခက်တာနဲ့  မပြတ်တမ်းချောင်းဆိုးနေတာအတွက်ပါ ပေးနိုင်တယ်။ ဆေးန်ာမည်အမျိုးမျိုးရှိတယ်။ Pantocid 40 နာမည်နဲ့လည်းလာတယ်။

ဆေးဘယ်လိုပေးမလည်း
• Duodenal ulcer အူသိမ်အစပိုင်းလေနာဆိုတာ Helicobacter pylori infection ဗက်တီးရီးယားကနေဖြစ်တယ်။
• Zollinger-Ellison Syndrome ရောဂါအတွက်လည်းပေးတယ်။ အဲတာက ရှားတဲ့ သရက်ရွက်နဲ့ အူသိမ်အစပိုင်းမှာ အကျိတ်ဖြစ်တာ။ အစာခြေရည်တွေအများကြီးထွက်စေတယ်။
• အူသိမ်အစပိုင်းလေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၂-၄ ပါတ်။ Helicobacter pylori infection ကြောင့်ဖြစ်ရင် ပိုးသေဆေးနဲ့ပါတွဲပေးရတယ်။
• Gastric ulcer အစာအိမ်လေနာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပါတ်။
• Reflux oesophagitis အစာခြေရည်အထက်ဆန်လို့ရောင်တာတာအတွက် 40 mg တနေ့ ၁ ကြိမ်၊ ၄-၈ ပါတ်။
• Zollinger-Ellison Syndrome ရောဂါအတွက် 40 mg တနေ့ ၂ ကြိမ်။
• Gastro-oesophageal reflux disease (GERD) အစာခြေရည်အထက်ဆန်တာအတွက် 20 mg တနေ့ ၁ ကြိမ်၊ ၄ ပါတ်။ လိုသေးရင် နောက်ထပ် ၄ ပါတ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ ခေါင်းကိုက်၊ ဝမ်းပျက်၊ ပျို့-အန်၊ အာခေါင်ခြောက်၊ သွေးဖြူဥနည်း၊ သွေးမှုံနည်းတာ ဖြစ်နိုင်တယ်။ တာရှည် (၃ နှစ်ကြာ) သောက်ရင် ဗီတာမင် ဘီ-၁၂ နည်းစေတတ်တယ်။ အဲတာနည်းရင် အားနည်းမယ်။ လျှာအနာပေါက်မယ်။ ခြေလက်ထုံမယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၆

Military expenditure စစ်သုံးစရိတ်

တကမ္ဘာလုံးက နိုင်ငံအလိုက် စစ်သုံးစရိတ်ဆန်းစစ်မှုကို Stockholm International Peace Research Institute (SIPRI) ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျုက လုပ်ထားတာရှိပါတယ်။ SIPRI ၂ဝ၁၃ နှစ်စဉ်စာအုပ်မှာ ဒီလိုတွေ့ရပါတယ်။

စစ်သုံးစရိတ်အများဆုံး (၁၅) နိုင်ငံတွေကတော့
၁။ အမေရိကန်ပြည်ထောင်စု
၂။ တရုပ်
၃။ ရုရှား
၎။ ယူကေ
၅။ ဂျပန်
၆။ ပြင်သစ်
၇။ ဆော်ဒီအာရေးဗီးယား
၈။ အိန္ဒိယ
၉။ ဂျာမနီ
၁ဝ။ အီတလီ
၁၁။ ဘရာဇီး
၁၂။ တောင်ကိုရီးယား
၁၃။ ၾသစေတးလ်
၁၄။ ကေနဒါ
၁၅။ တူရကီ

အရှေ့တောင်အာရှနိုင်ငံတွေက စစ်ရေးအသုံးစရိတ်ကို % of GDP ဂျီဒီပီ ရဲ့ ရာနှုန်းဘယ်လောက်သုံးကြသလဲနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။
၁။ စင်္ကာပူ = ကမ္ဘာ့အဆင့် ၂၂ = GDP ၃့၆% (၂ဝ၁၂)
၂။ အင်ဒိုနီးရှား = ကမ္ဘာ့အဆင့် ၂၈ = GDP ဝ့၇% (၂ဝ၁၂)
၃။ ထိုင်း = ကမ္ဘာ့အဆင့် ၃၅ = GDP ၁့၅% (၂ဝ၁၂)
၎။ မလေးရှား = ကမ္ဘာ့အဆင့် ၃၉ = GDP ၁့၅% (၂ဝ၁၂)
၅။ ဖိလစ်ပိုင် = ကမ္ဘာ့အဆင့် ၅၃ ဖိလစ်ပိုင် = GDP ၁့၂% (၂ဝ၁၂)
၆။ ကမ္ဘောဒီးယား = ကမ္ဘာ့အဆင့် ၁ဝ၆ = GDP ၁့၁% (၂ဝ၁၁)
၇။ ကမ္ဘာ့အဆင့် ၁၄၄ လာအို = GDP ဝ့၃% (၂ဝ၁၁)

SIPRI Yearbook 2013 ထဲက ၁၅၄ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကိုမတွေ့ရပါ။ CIA World Factbook (January 1, 2012) ထဲက ၁၇၁ နိုင်ငံထဲမှာ ကမ္ဘာ့အဆင့် ၆၇ မြန်မာ = GDP ၂့၁% လို့ ပါရှိပါတယ်။ တခြားစာရင်းတခုအရ မြန်မာနိုင်ငံဟာ ၂ဝ၁၂ မှာ GDP ရဲ့ ၄့၈% သုံးခဲ့တာ တွေ့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၂-၂ဝ၁၄

911 လက္ခဏာရေးသုံးပါး

• ကျွန်တော်နေရတဲ့နေရာမှာ (နိုင်းဝမ်းဝမ်း) ဆိုတာ လက္ခဏာရေးသုံးပါး။
• မီးသတ်ကားလား၊ ရဲလား၊ လူနာတင်ကားလား၊ သုံးခုလုံးလား။

• မြန်မာပြည်မှာ တော်တီတော်တီ အသံမည်ကား၊
• လူကြီးကားလား၊ လူနာကားလား၊
• ခွဲခြားမရ ဖယ်ပေးကြရ၊ မရဏ၊ အနိစ္စနဲ့ ဒုက္ခပါတကား။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၆
Photo: Hillary Clinton makes historic visit to Burma as she attempts to persuade regime to sever nuclear ties with North Korea on 1 December 2011

Friday, January 29, 2016

Words လူသိရှင်ကြားနဲ့ လူသိထင်ရှား

ဘီဘီစီမှာဆွေးနွေးတာကို နားထောင်ရပါတယ်။ (လူသိရှင်ကြား) စကားလုံးကို (လူသိထင်ရှား) လို့သုံးလာနေတယ်ဆိုပြီး တက္ကသိုလ်ဆရာဟောင်းတဦးကထောက်ပြတာဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်က ဒီလိုမြင်ပါတယ်။

လူသိရှင်ကြားဆိုတာ လူတွေရော ရှင် (ရဟန်း) တွေရာ သိကြတယ်လို့ဆိုလိုပါတယ်။ လူတွေလည်းသိ၊ ရှင်တွေလည်းကြား အလွန်လှတဲ့စကားစုဖြစ်ပါတယ်။

လူသိထင်ရှားဆိုတာ လူတွေသာသိပြီး၊ ရဟန်းတော်တွေကတော့ မသိသလိုလိုသဘောဆောင်ပါမယ်။ ရဟန်းရှင်လူပြည်သူဆိုတဲ့အသုံးလည်းရှိပါတယ်။ ရှေးခေတ်မှာ မင်း၊ ပုဏ္ဏား၊ ရဟန်းရှင်လူလို့ရေးရင် တိုင်ပြည်တခုလုံး လူစုံတက်စုံ ဖြစ်သွားတယ်။

လူသိရှင်ကြားဆိုရင် All-known လူကတာသိတယ်လို့ဆိုလိုတယ်။ ကောင်းတာကိုဖြစ်ဖြစ် ဆိုးတာကိုဖြစ်ဖြစ် လူတိုင်းက သိတယ်လို့ ဆိုလိုပါတယ်။ ဆဲရေးတာလည်းပါမယ်။ ကြေညာတာလည်းပါမယ်။

လူသိထင်ရှားဆိုတာ Prominent ထင်ရှားခြင်းသဘောကို ဖေါ်ညွှန်းတာဖြစ်တယ်။ အကောင်းသဘောအတွက်သာသုံးဖို့ သင့်ပါမယ်။

ဒီစကားစုနှစ်ခုဟာ အဓိပ္ပါယ်ခြင်းကွဲလွဲပါတယ်။ အစားထိုးသုံးလို့ နေရတိုင်းမှာတော့မရပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၆

Graceful

လက်ရှိလွှတ်တော်နောက်ဆုံးနေ့ကသတင်းတွေ ဖတ်ရတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌက ဒေါ်စုကိုအလှဆုံးလို့ အကဲဖြတ်တာကိုလည်း ကြားရပါတယ်။

ကျွန်တော်နယူးဒေလီမှာနေတုံးက အိန္ဒိယနိုင်ငံရေးသမားတွေ၊ ပညာရှင်တွေနဲ့ မီဒီယာကပုဂ္ဂိုလ်တွေနဲ့ နေ့တိုင်း တွေ့ဆုံ ပြောဆို ဆွေးနွေးရပါတယ်။ တခါတော့ ဒေါ်အောင်ဆန်းစုကြည်ကို ချောမောတဲ့သဘော အင်္ဂလိပ်လိုအသုံးအနှုန်းသုံးဘို့ နည်းနည်းအခက်အခဲရှိနေတဲ့ အိန္ဒိယပညာရှင်တယောက်ကို ကျွန်တော်က Graceful လို့ထောက်ပေးလိုက်တာ သူက သဘောကျ လက်ခံသွားပါတယ်။

မြန်မာစကားမှာလည်း အမျိုးသမီးတဦးကို လှတယ်၊ ချောတယ်လို့ပြောတာမှာ နေရာနဲ့ လူပုဂ္ဂိုလ်ရွေးချယ်ရပါတယ်။ ကျွန်တော်သာ ဒေါ်စုလိုအရွယ်နဲ့ ဂုဏ်ရှိတဲ့အမျိုးသမီးတဦးကို လူအများရှေ့မှာ မှတ်ချက်ပေးစရာရှိလာရင်တော့ ကျက်သရေရှိတယ်လို့သာ ပြောမှာပါ။

Graceful = Beautiful, Elegant, Smart, Stylish, Well-dressed, Well-designed, Sophisticated, Attractive

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၆

Amazing beauty benefits of Neem တမာရဲ့ဆေးစွမ်း

(၁) Treating Skin Infections အရေပြားနာများ
တမာရွက်ကို နူးသွားအောင်ပြုတ်ပါ။ ပြုတ်ရည်ကအစိမ်းရောင်ဖြစ်လာမယ်။ အရွက်တွေအရောင်ပြောင်းလာမယ်။ ပြုတ်ရေကို ဆေးအဖြစ်လိမ်းပါ။ ရေချိုးရေထဲလဲထည့်သုံးပါ။

(၂) Addressing Acne Problems ဝက်ခြံ
တမာရွက် ပြုတ်ရည်ကို ဂွမ်းစလေးနဲ့ ဝက်ခြံပေါ်လိမ်းပေးပါ။ (တမာ+သခွါးသီး) နဲ့ (တမာ+ရောဂတ်) တွေကို မျက်နှာမှာ ကပ်နိုင်တယ်။

(၃) Used as Skin Toner အရေပြားတင်းဆေး
တမာရွက် ပြုတ်ရည်ကို မျက်နှာအရေးအကြောင်းတွေထင်နေတာ သက်သာစေမယ်။ ငယ်ရုပ်ဆင်စေမယ်။ ဝက်ခြံအမာရွတ် ထင်နေတာ သက်သာစေမယ်။ (တမာ+နှင်းဆီ) ကိုမျက်နှာမှာကပ်နိုင်တယ်။ ပြီးရင်မျက်နှာသစ်လိုက်ပါ။

(၄) Remedy for Dry Skin အရေပြားခြောက်နေရင်
တမာမှုံ့ထဲမှာ စပျစ်စေ့ဆီနဲ့ရောပြီး မျက်နှာကို ညီညီညာညာလိမ်းပါ။ မိနစ်အနည်းငယ်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပါ။

(၅) Cure for Skin Pores အရေပြားအပေါက်များ
ဝက်ခြံခေါင်းမဲကနေ ကျန်ရစ်တဲ့အပေါက်တွေကို သက်သာစေမယ်။ (တမာရွက် + လိမ်မော်ခွံ) ရောထောင်းပါ၊ (ပျားရည် + ရောဂတ် + ပဲပုပ်ဆီ) နဲနဲစီရောပါ၊ တပါတ် ၃ ကြိမ်လိမ်းပါ။ တမာဆီလဲသုံးနိုင်တယ်။

(၆) Takes care of Hair Troubles ဆံပင်
ဆံပင်ပေါက်သန်စေမယ်။ တမာဆီကို ဘောက်၊ မှိုရောဂါတွေအတွက်သုံးနိုင်တယ်။ တမာမှုံ့နဲ့ရေရောပြီး ခေါင်းလိမ်းပြီး တနာရီစောင့်ပါ၊ နောက် ခေါင်းလျှော်လိုက်ပါ။

တမာထဲကဓါတ်ကို Azadirachta indica ခေါ်တယ်။ Ayurveda အာယုဗေဒဆေး၊ Unani အူနာနီ နဲ့ Homoeopathic medicine ဟိုမီယိုပက်သစ်ဆေးနည်းတွေမှာသုံးကြတယ်။ ခေတ်ပေါ်ဆေးနည်ရဲ့ အဓိကသုံးလို ဖြစ်လာနေတယ်။

သူ့ကိုဓါတ်ခွဲရင် ဒြပ်ပေါင်း ၁၄ဝ မကပါတယ်။ တမာရွက်၊ တမာပွင့်၊ တမာစေ့၊ တမာမြစ်၊ တမာသီး၊ တမာခေါက်တွေကို စမ်းတာဖြစ်တယ်။ ရောင်ရမ်းဖြစ်စဉ်၊ ပိုးဝင်ခြင်း၊ ကိုယ်ပူ၊ အရေပြားနာတွေနဲ့ သွားမကောင်းတာတွေအတွက် သုံးကြတယ်။ အများဆုံးက တမာရွက်ကိုသုံးတယ်။

ဆေးဝါးဗေဒအရ Immunomodulatory ခုခံအား၊ Anti-inflammatory ရောင်ရမ်းဖြစ်စဉ်၊ Antimalarial ငှက်ဖျား၊ Antifungal ဖန်းဂတ်စ်၊ Antibacterial ဗက်တီးရီးယား၊ Antiviral ဗိုင်းရပ်စ်၊ Antimutagenic and Anticarcinogenic properties ကင်ဆာ၊ အစွမ်းတွေအပြင် Antiulcer, Antioxidant, Antihyperglycaemic အစွမ်းတွေလဲရှိတယ်။

ဒေါက်တာတင့်ဆွေ

U Labang Grong သမိုင်းကောင်းကြပါစေ

ပင်လုံညီလာခံကိုတက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေထဲမှာ ကချင်ကိုယ်စားလှယ် ဦးလဘန်ဂရောင်ပါခဲ့တယ်။ ၁၉၉ဝ ရွေးကောက်ပွဲ ကာလမှာတော့ ဒီနာမည်ဟာ လူတွေကို အော့နှလုံးနာစေခဲ့တယ်။ (တစည) ပါတီဟာ NLD ရဲ့ အဓိက ပြိုင်ဘက်ဖြစ်လို့ (တစည) ကိုသာ အပြစ်မြင်ခဲ့ကြတယ်။

သူ့တူမ ရွှေကူမေနှင်းကနေ အင်တာဗျူးလုပ်တော့ ဒီလိုဖတ်ရပါတယ်။
“အန်ကယ် ဒေါ်စုကို ဘာလို့ ကန့်ကွက်တာလဲဟင်။ အန်ကယ့် ဘာသာ ကန့်ကွက်တာလား။ ပါတီက ခိုင်းတာလား”
“ဒီမယ် မိစံမေ၊ ငါ့ကို ဘယ်သူက ခိုင်းလို့ ရမှာလဲ။ ငါ့ဟာငါ ကန့်ကွက်တာ”
“ဘာဖြစ်လို့”
“ဟ ဘာဖြစ်ရမှာလဲ။ သူက ဗဟန်းမှာ လာဝင်တယ်၊ ငါကလည်း ဗဟန်းဆိုတော့ ငါ ကန့်ကွက်ရမှာပေါ့။ အဲဒီ ဥပဒေက သူ့ အဖေကိုယ်တိုင် လုပ်ခဲ့တာပါ။ နင်သိချင်ရင် ဥပဒေစာအုပ်မှာ သွားကြည့်။ နင့်မှာစာအုပ်မရှိရင် စာကြည့်တိုက်မှာသွားရှာ။”

ကောက်ချက်
(၁) သမိုင်းကောင်းခဲ့သူတွေလဲ လူပေါင်းမှားတတ်တယ်။
(၂) ကိုယ်နဲ့ပြိုင်ဖက်ဟာ ဘယ်သူဖြစ်နေနေ ငါ့ရန်သူဘဲလို့ သတ်မှတ်သူလဲရှိတယ်။
(၃) မှန်တယ်ထင်ပြီးလုပ်ပေမဲ့ သမိုင်းမကောင်းဖြစ်သွားတတ်တယ်ဆိုတဲ့ သင်ခန်းစာတွေရစေပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁-၂ဝ၁၄
ဓါတ်ပုံထဲမှာ ရပ်နေတဲ့ရှေ့တန်း ညာအစွန်က U Labang Grong ဖြစ်ပါတယ်

Proton beam cancer therapy ကင်ဆာကို ပရိုတွန်ရောင်ခြည်နဲ့ကုသ

ဒီနည်းသစ်မှာ ဘေးထွက်ဆိုးကျိုးနည်းတယ်လို့ လွန်ခဲ့တဲ့ ၂ နာရီကထွက်တဲ့ ဆေးပညာသုတေသနသတင်းကဆိုပါတယ်။ ထိလည်းထိရောက်ပါတယ်။ အသက်ရှင်နှုန်းလည်း အတူတူသာဖြစ်ပါတယ်။

ယူအက်စ် မက်ဆာချူးဆက်ဆေးရုံမှာ ဒေါက်တာတော်ရန်း ယော့ခ်ကနေဦးဆောင်းစမ်းသပ်တွေ့ရှိတာဖြစ်ပါတယ်။ ၂ဝဝ၃ ကနေ ၂ဝဝ၉ ကြားမှာ Medulloblastoma ခေါ် ဦးနှောက်ကင်ဆာရှိတဲ့ကလေး ၅၉ ယောက်ကို ကုပေးခဲ့တာပါ။ လက်ရှိနည်း X-ray radiotherapy ထက် နှလုံးနဲ့ အဆုပ်မှာဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ နည်းတာတွေ့ရတယ်။

တခြား Spinal cord tumours ခါးရိုးဆစ်ထဲကအာရုံကြောကင်ဆာ၊ Sarcomas near the spine or brain ဦးနှောက်နဲ့ ခါးရိုးဆစ်ထဲကအာရုံကြော ဆာကိုးမား၊ Prostate cancer ဆီးကျိတ်ကင်ဆာ၊ Lung cancer အဆုပ်ကင်ဆာနဲ့ Liver cancer အသည်းကင်ဆာတွေကလည်း သုံးနိုင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၆
http://www.bbc.com/news/health-35440016

HIV becoming resistant to Tenofovir ဆေးယဉ်ပါးလာတဲ့ HIV ပိုး

HIV ပိုးဟာ လက်ရှိသုံးနေတဲ Tenofovir ဆေးကို ခံနိုင်ရည်ရှိတာတာ အာဖရိက တချို့နေရာတွေမှာ ၆ဝ% အထိ ရှိတယ်လို့ သိလာရပါတယ်။ အဲလိုသိအောင် လူနာ ၁၉၂ဝ ယောက်ကို ၁၉၉၈ ကနေ ၂ဝ၁၅ အထိ၊ ၁၇ နှစ်ကြာ လေ့လာခဲ့တာပါ။

ဥရောပမှာ အဲလိုဆေးယဉ်တာ ၂ဝ% သာရှိပါတယ်။ ဆေးယဉ်တဲ့ HIV ပိုးရှိသူကနေ နောက်တယောက်ကို ကူးစက်နေတယ်လို့ယူဆနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၆
http://www.bbc.com/news/health-35433856

Sayagyi ဆရာကြီး

- ဆေး-ကျန်းမာရေးလောကမှာ အထူးကုတွေနဲ့ ဌာနမှူးတွေကိုသာ ကြီးထည့်ခေါ်ပါတယ်။ ကျွန်တော်က ဆေးပညာဘွဲ့ တခုသာရတယ်။

- မြို့နယ်ဆရာဝန်လည်း TMO 2 သာလုပ်ရတယ်။ TMO 1 ကိုသာ မြို့နယ်ဆရာဝန်ကြီးလို့ခေါ်တယ်။

- ကြီးထည့်တာမကြိုက်တာဟာ အသက်ငယ်တယ်ထင်စေချင်တာမဟုတ်ပါ။ About မှာ မွေးနေ့အတိအကျ ထည့်ထားတယ်။ ပရိုဖိုင်းပုံကလည်း ငယ်တုံးကပုံမဟုတ်ပါ။ နောက်ဆုံရိုက်ပုံကိုလည်း မကြာမကြာသုံးပါတယ်။

- ဆရာကြီးဆိုပြီး ရွဲ့စောင်းခေါ်တာမျိုးလည်း တချို့နေရာမှာရှိတယ်။ (ဆြာ) လို့ရေးတာလည်း ပြောင်လှောင်ရာကျတယ်။

- လေးစားသမှုကြောင့် အဲလိုခေါ်ပါတယ်လို့ ပြန်ရေးလာတာတွေလည်း မနည်းပါ။ ကျွန်တော့်ရပ်တည်ချက် မပြောင်းပါ။ (ဆရာ) ဆိုတာထက် ပြည့်စုံမှန်ကန်တဲ့စာလုံး မရှိပါ။ အပို-အလိုမရှိပါ။ (ဒေါက်တာ) လို့ရေးတာကိုတော့ ယဉ်နေပါပြီ။

ဒေါက်တာတင့်ဆွေ

Victoria University Collage ပထမဆုံး ပုဂ္ဂလိကဆေးတက္ကသိုလ် ရန်ကုန်တွင်ဖွင့်မည်

သတင်းကို အခုပဲဖတ်ရပါတယ်။ ကျွန်တော့်သူငယ်ချင်းကဖွင့်မှာပါ။ သူက လက်ရှိ NLD/LA ကိုခေါင်းဆောင်နေပါတယ်။

သတင်းက ဒီလိုဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးပုဂ္ဂလိကဆေးတက္ကသိုလ်ဖွင့်လှစ်မယ့် သတင်းစာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းမှာရှိတဲ့ Victoria University Collage (VUC) မှာ ၂၈-၁-၂ဝ၁၆ နေ့လည် (၁) နာရီက ကျင်းပခဲ့ပါတယ်။ NLD နာယက ဦးတင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

Victoria Oxford Medical University (VOMU) လို့ အမည်ပေးထားပြီး ကျောင်းအုပ်ကြီးဒေါက်တာဝင်းနိုင်က သင်ကြားပေးမယ့် MBBS ဘွဲ့ဆိုင်ရာ ဘာသာရပ်တွေအကြောင်းရှင်းပြခဲ့ပါတယ်။ မလေးရှားနိုင်ငံ MAHSA University နဲ့ ပညာရေးပူးတွဲစာချုပ်ချုပ်ဆိုထားပြီး ၂ဝ၁၆ ဇွန်လကုန်မှာ စတင်ဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ်။

ကျွန်တော် နယူးဒေလီမှာနေစဉ်ကတည်းက ဒီကျောင်းဖွင့်ဘို့စီစဉ်နေတာပါ။ အိန္ဒိယကနေ ဆေးစာအုပ်တွေကိုဝယ်ပြီး ရန်ကုန်ကိုပို့ပေးဘို့ပါစီစဉ်ပါတယ်။ ကျွန်တော့်ကိုလည်း ဧည့်သည်ဆရာ လာလုပ်ဘို့ကပါသေးတယ်။ သူ့ညီ ကျွန်တော့် သူငယ်ချင်းကလည်း ကလေးအထူးကုဆရာဝန်။ ကျန်သူငယ်ချင်းတွေလည်း ဆရာတွေလုပ်ကြပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၆
Photo of Dr. Win Naing (The Irrawaddy)

HPV Vaccine for Ca Cx သားအိမ်အဝကင်ဆာ ကာကွယ်ဆေး

၁။ ဆရာ ကျွန်မ အသက် ၃၁ ရှိပြီး ရန်ကုန်မှာနေပါတယ်။ အိမ်ထောင်ပြုတာ ၃နှစ်ကျော်ရှိပြီး သားသမီးမရှိသေးပါ။ ကျွန်မ miscarriage ဖြစ်တာ၃ခါရှိပါပြီ။ တတိယအကြိမ် ကိုယ်ဝန် ၃ လောက်မှာ ထပ်ဖြစ်လို့ D&C လုပ်ရပါတယ်။ လုပ်ပြီး အသားစအဖြေရတဲ့နေ့မှာပဲ OG ကို သားအိမ်ခေါင်းကာကွယ်ဆေးထိုးချင်တဲ့အတွက် အရင်စစ်ရမလားမေးတော့ စစ်စရာမလိုဘူး တစ်ခါတည်းထိုးလို့ ရတယ်ဆိုလို့ ပထမဆုံး ၁ လုံးကိုထိုးခဲ့ပါတယ်။ အသားစအဖြေအရ သားအိမ်ခေါင်း ကင်ဆာမရှိဆိုတာ စိတ်ချလို့ မစစ်ခိုင်းတာလား၊ Pep Smear Test လုပ်ဖို့များ လိုဦးမလားလို့ ကျွန်မ စိတ်ပူနေမိလို့ပါ။ ဒုတိယဆေးထိုးဖို့လည်း ၁ဝ ရက်ကျော်သွားပါပြီ။ ကျွန်မအရင်စစ်ပြီးမှ ထိုးရမလား။ ဒီတိုင်းပဲဆက်ထိုးရမလား လမ်းညွုန်ပေးပါလားဆရာ။ ဒုတိယဆေးကို အခုမှထိုးရင်ရော မှီနိုင်ပါသေးလားဆရာ။ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါဆရာ။ ကျွန်မစိတ်ထဲမှာမရှင်းတာတွေကို မေးဖို့ရာလည်း ဒီကဆရာများက consult လုပ်ပေးလေ့မရှိကြလို့ပါဆရာ။

၂။ မင်္ဂလာပါဆရာ HPV နဲ့ cervical cancer အကြောင်းလေးကို စုံစုံလင်လင်သိချင်လို့ပါဆရာ။ ဆရာရေးထားတဲ့ အဲ့ဒီအကြောင်းလေးများရှိရင် သမီးကို တချက်လောက်ပို့ပေးစေချင်ပါတယ်ရှင့်။ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ဘယ်နေရာနဲ့ ဘယ်လို dose မျိုးထိုးရမလဲဆိုတာလဲသိချင်ပါတယ်ရှင့်။

ကင်ဆာမှန်သမျှ ဘာကနေဖြစ်သည်း တိတိကျကျမသိနိုင်ပါ။ အဆုပ်ကင်ဆာနဲ့ ဆေးလိပ်ဆက်စပ်မှုရှိတယ်။ သားအိမ်အဝ ကင်ဆာနဲ့ ကြွက်နို့ဖြစ်စေတဲ့ဗိုင်းရပ်စ်နဲ့ဆိုင်တယ်။ Human papilloma virus (HPV) ဗိုင်းရပ်စ်ကနေ ကြွက်နို့ ဖြစ်စေတယ်။ လိင်ကတဆင့်ကူးစက်တဲ့အမျိုးအစားကသာ သားအိမ်အဝကင်ဆာဖြစ်စေတယ်။ သားအိမ်ဝနဲ့ မိန်းမကိုယ်မှာ ကင်ဆာမဖြစ်ခင်အပြောင်းအလဲတွေကနေ သားအိမ်ဝကင်ဆာဆက်ဖြစ်လာစေနိုင်တယ်။ မျိုးပွါးနိုင်တဲ့ မိန်းမ၊ ယောက်ျား ၁% မှာ လိင်လမ်းကြွက်နို့ရှိကြတယ်။

လိင်လမ်းကြွက်နို့ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံရာကနေကူးစက်တယ်။ အတော်များများမှာ ပိုးရှိနေမှန်း မသိကြဘူး။ သူ့ဖါသူလည်းပျောက်သွားနိုင်တယ်။ ငယ်ရွယ်သူတွေမှာ ပိုများကြတယ်။ အမျိုးအစားပေါင်း ၄ဝ လောက် ရှိတယ်။ အများစုကတော့ ရောဂါမရစေပါ။ တချို့အမျိုးအစားတွေကနေ မိန်းမသားအိမ်အဝ၊ ယောက်ျားလိင်တံ၊ မွေးလမ်းကြောင်း၊ မိန်းမကိုယ်၊ အာခေါင်နေရာတွေမှာ ကင်ဆာဖြစ်စေနိုင်တယ်။ တချို့အမျိုးအစားတွေက ယောက်ျားရောမိန်းမပါ လိင်လမ်းကြွက်နို့ဖြစ်စေနိုင်တယ်။

သားအိမ်အဝကင်ဆာ ကာကွယ်ဆေးတွေဟာ လိင်လမ်း ကြွက်နို့ကို ကာကွယ်တာဖြစ်တယ်။ သားအိမ်ဝ (ခေါင်း) ကင်ဆာအတွက်သာမက ဂေး (ယောက်ျားလိင်တူ) တွေမှာဖြစ်နိုင်တဲ့ စအိုလမ်းကင်ဆာကိုလည်း ကာကွယ်ပါမယ်။

သားအိမ်အဝကင်ဆာ ကာကွယ်ဆေး (၂) မျိုးရှိတယ်။ Cervarix ဆိုတာကို Bivalent vaccine နှစ်မျိုးပြီးလို့ခေါ်ပြီး၊ Gardasil ကို Quadrivalent vaccine လေးမျိုးပြီးလို့ ခေါ်တယ်။ Gardasil ကာကွယ်ဆေးဟာ ယောက်ျားလေး-မိန်းကလေးတွေအတွက် HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုးထဲသောဆေး ဖြစ်တယ်။

Cervarix ကာကွယ်ဆေးကတော့ HPV 16 နဲ့ 18 တွေကို ကာကွယ်ပေးနိုင်တဲ့ မိန်းကလေးတွေအတွက်ဆေးဖြစ်တယ်။ မိန်းကလေး ၁ဝ နှစ်ကနေ ၂၅ နှစ် အရွယ်တွေကိုထိုးပေးဘို့ ၂ဝဝ၉ မှာ သတ်မှတ်ခဲ့ပါတယ်။ HPV types 16 နဲ့ 18 ဗိုင်းရပ်စ်အမျိုးအစားကို ကာကွယ်ပေးမယ်။ ဒီ ၂ မျိုးကနေ ၇ဝ% သော သားအိမ်အဝကင်ဆာကို ဖြစ်စေနိုင်တယ်။ တခြားကင်ဆာဖြစ်စေနိုင်တဲ့ HPV types 31, 33 နဲ့ 45 တွေကိုလဲ ကာကွယ်မှုပေးတာကို တွေ့ရသေးပါတယ်။

Gardasil ကာကွယ်ဆေးကို မိန်းကလေးတွေကိုသာမကပါ ယောက်ျားလေး ၉-၂၆ နှစ်ကိုထိုးတယ်။ တချို့နိုင်ငံတွေမှာ ၁၁-၁၂ နှစ်တွေကို ၃ ခါပြည့်အောင်ထိုးစေတယ်။ အဲဒီနည်းအတိုင်း ဆေးထိုးဘို့အဆင်မပြေရင် ပဌမဆေးပြီးနောက် ၂ လခွဲမှာ ဒုတိယဆေးနဲ့ တတိယဆေးကို ၅ လ နဲ့ တနှစ်အတွင်းမှာ ထိုးနိုင်တယ်။ HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုးထဲသောဆေး ဖြစ်တယ်။ အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား မိန်းကလေးတိုင်း ထိုးကြဘို့ ၂ဝဝ၆ ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့တာပါ။ Gardasil ကာကွယ်ဆေးဟာ လိင်လမ်း ကြွက်နို့အပြင် စအိုကင်ဆာ၊ မိန်းမကိုယ် ကင်ဆာ၊ မွေးလမ်းကြောင်း ကင်ဆာတွေကိုလဲ ကာကွယ်နိုင်တယ်။

0.5 mL ကို IM အသားဆေးထိုးရတယ်။ (၃) ခါထိုးရမယ်။ ဒုတိယဆေးကို ပဌမဆေးနောက် ၁-၂ လအကွာမှာ ထိုးတယ်။ တတိယဆေးကို ပဌမေးထိုးပြီးနောက် ၆ လအကြာမှာထိုးတယ်။ ဝ-၁-၆ ပုံသေနည်းသုံးတယ်။ ပဌမဆေးထိုးပြီး နောက် ၁ လမှာ ဒုတိယဆေးနဲ့ တတိယဆေးကို ၆ လအပြည့်မှာ ထိုးရမယ်။ ဝ-၂-၆ ဆိုတဲ့ ဖေါ်မြူလာအတိုင်းလည်း ထိုးပါတယ်။ ဒုတိယဆေးကို ပဌမတခါပြီးနောက် ၂ လမှာထိုးပါ။ ပဌမတခါပြီးနောက် ၆ လမှာ တတိယဆေးထိုးပါ။ ဆေးထိုးပြီး ၁၅ မိနစ်ကြာနားနေသင့်တယ်။

တကယ်လို့ကာကွယ်ဆေးမထိုးခင်က HPV ပို တမျိုး ဒါမှမဟုတ် တမျိုးမကနဲ့ ထိတွေ့ဘူးပြီးဖြစ်နေရင် ကာကွယ်ဆေးရဲ့ ထိရောက်မှုနည်းနိုင်တယ်။ ကာကွယ်ဆေးတွေက ပိုးကြောင့်ဖြစ်နေပြီးသားရောဂါကိုတော့ မကာကွယ်နိုင်ပါ။ ဆေး ၃ လုံး ထိုးထားပြီးရင် ၆ နှစ်အထိကာကွယ်တာ သေခြာတယ်။ ဒိနောက်လဲ ကာကွယ်နိုင်စွမ်း မလျှော့သေးပါ။၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေတာပါ။ ကာကွယ်ဆေးမထိုးခင် အပျိုလား၊ အပျိုမဟုတ်တော့ဘူးလား မေးမနေပါ။ သားအိမ်အဝကင်ဆာ ရှိ-မရှိစစ်တဲ့ Pap test ရော၊ HPV test ပါ စစ်ကြည့်ဘို့မလိုအပ်ပါ။ ဒါပေမဲ့ ဆေးထိုးထားလဲဆေးက အကုန်လုံးကို ကာကွယ်နိုင်တာမဟုတ်လို့ သားအိမ်အဝကင်ဆာရှိ-မရှိဆိုတာကို စစ်ဘို့တော့ လိုအပ်ပါမယ်။ ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေးမထိုးသေးပဲ နေသင့်တယ်။ ကာကွယ်ဆေးက ကိုယ်ဝန်ကို ထိခိုက်စေတာ မတွေ့ရသေးပေမဲ့ သုတေသနတွေကမပြည့်စုံသေးပါ။ ကိုယ်ဝန်ဆောင်နေမှန်းမသိဘဲ ကာကွယ်ဆေး ထိုးမိရင်လဲ ကိုယ်ဝန်ဖျက်ပြစ်ဘို့ မလိုအပ်ပါ။ ဆက်ထိုးရမဲ့ဆေးကိုတော့ ကလေးမွေးပြီးမှ ထိုးသင့်တယ်။ အစကနေပြန်ထိုးဖို့မလိုပါ။

ဒီကာကွယ်ဆေးဟာ ကင်ဆာဆေး၊ စတီရွိုက်ဆေး (များရင်) နဲ့ ခုခံအားကျဆေးေGင်္သုံးနေချိန်မှာ ထိရောက်မှုနည်းမယ်။ တခြားကာကွယ်ဆေးတွေ Diphtheria, Tetanus, Pertussis and Polio vaccines နဲ့ တရက်ထဲ ထိုးလို့ ရပါတယ်။ ဆေးထိုးတဲ့နေရာတော့ အတူမဖြစ်ရပါ။ ပိုးဝင်ထားပြီးအမျိုးသမီးတွေက ရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်။ ပိုးကိုရော ရောဂါကိုပါ ကာကွယ်ဆေးက ပျောက်အောင်လုပ်မပေးနိုင်ပါ။ ကာကွယ်ဆေးတွေက ပိုးကြောင့်ဖြစ်နေပြီးသား ရောဂါကိုတော့ မကာကွယ်နိုင်ပါ။

ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးထိုးတဲ့နေရာမှာ နာမယ်၊ နီမယ်၊ ရောင်မယ်။ ခေါင်းကိုက်၊ ကြွက်သားနာ၊ အားယုတ်နိုင်တယ်။ သက်ရှိဗိုင်းရပ်စ်ကိုသုံးထားတာ မဟုတ်လို့ HPV ပိုးဝင်တာအတွက် စိတ်ချရတယ်။

1. Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/cervarix.html
2. Gardasil vaccine သားအိမ်အဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/03/gardasil-vaccine.html
3. HPV vaccine and Marriage သားအိမ်ကင်ဆာ ကာကွယ်ဆေးနှင့် လက်ထပ်ခြင်း http://doctortintswe.blogspot.com/2014/12/hpv-vaccine-and-marriage.html
4. HPV Vaccine for Ca Cx သားအိမ်အဝကင်ဆာ ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hpv-vaccine-for-ca-cx.html
5. Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင် http://doctortintswe.blogspot.com/2014/11/pregnancy-and-hpv-vaccination_4.html

ဒေါက်တာတင့်ဆွေ

Thursday, January 28, 2016

The Wiseman ဝိဓူရ

သတင်း = သူရဦးရွှေမန်း နှုတ်ဆက်မိန့်ခွန်း နားထောင်စဉ် အမျိုးသမီးအမတ်အချို့ မျက်ရည်က

ဝိဓူရဦးချစ်မောင် မိန့်ခွန်းပြောခဲ့တာကို အမှတ်ရတယ်။ သခင်ချစ်မောင် (၁၉၁၅-၂ဝဝ၅) ဟာ (ဖဆပလ) ခေတ်မှာ (ပမညတ) ပါတီခေါင်းဆောင်တဦးဖြစ်ပါတယ်။ ၁၉၆၂ မှာ ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကြီးကို ဝန်ကြီးချုပ် ဦးနုကဦးဆောင်ပြီးကျင်းပတော့ (ပမညတ) ကိုယ်စားလှယ်အနေနဲ့ မိန့်ခွန်းပြောရတယ်။ အဲဒီနေ့ဟာ ၁-၃-၁၉၆၂ ရက်နေ့ဖြစ်လို့ ဗိုလ်ချုပ်နေဝင်းအာဏာမသိမ်းခင် တရက်အလိုမှာဖြစ်ပါတယ်။ ဦးချစ်မောင်ရဲ့ ဆွေးနွေးချက်ကို ကျွန်တော့ဘလော့တခုမှာ တင်ထားပါတယ်။ http://union-affairs.blogspot.com/2009/03/blog-post_02.html

ဇာတ်တော်ကြီးဆယ်ဘွဲ့ထဲက ဝိဓူရအမတ်ကြီးဟာ ကောရဗျမင်းကြီးရဲ့ ပညာရှိအမတ်ကြီးဖြစ်တယ်။ သူ့ဂုဏ်သတင်းဟာ ဘောဂဝတီနဂါးပြည်အထိရောက်တယ်။ နဂါးမင်းကြီးရဲ့မိဖုရားက ဝိဓူရအမတ်ကြီးရဲ့တရားကို နာယူလိုတာနဲ့ မိန်းမတို့ မာယာသုံးပြီး နဂါးမင်းကြီးကို ချဉ်းကပ်ပြီး၊ ဝိဓရအမတ်ကြီးရဲ့ နှလုံးသည်းပွတ်ကိုစားသုံးလိုကြောင်းလျှောက်ပါသတဲ့။

နဂါးမင်းကြီးရဲ့သမီးတော် နဂါးမင်းသမီးလေး ဣရန္ဓတီက သူရအောင်ယူပေးမယ်လို့ကတိပေးတယ်။ နတ်၊ ဂန္ဓဗ္ဗဘီလူး၊ နဂါး၊ ကိန္နရာနဲ့ လူပညာရှိတွေကြားအောင် ဝိဓုရရဲ့နှလုံးသည်းပွတ်ကို ဆောင်ယူပေးနိုင်သူကို သူ့ခင်ပွန်းအဖြစ် လက်ဆက်ပါမယ်လို့ ကြေညာလိုက်တယ်။ ပုဏ္ဏနတ်ဘီလူးက နဂါးမင်းသမီးလေးကိုသဘောကျပြီး သူရယူပေးမယ်လို့ ကတိပြုလိုက်တယ်။

ပုဏ္ဏနတ်ဘီလူးက သိန္ဓောမြင်းကိုစီးပြီး ကောရဗျပြည်ကိုသွားတယ်။ ကြွေအံကစားဝါသနာကြီးလှတဲ့ ကောရဗျဘုရင်နဲ့ ကြွေအံကစားတယ်။ သူရှုံးရင် သိန္ဓောမြင်းနဲ့ အဖိုးထိုက်သည့် ပတ္တမြားကိုပေးမယ်။ သူအနိုင်ခဲ့ရင် ဝိဓူရသုခမိန်ကိုပေးလို့ လောင်းကြေးထပ်တယ်။ ကောရဗျဘုရင်ရှုံးလို့ ဝိဓူရကို ပေးလိုက်ရတယ်။

ပုဏ္ဏကဘီလူးက ဝိဓူရကို သိန္ဓောမြင်းမြီးကိုဆွဲခိုင်းပြီး နဂါးပြည်ကိုသွားတယ်။ လမ်းတလျှောက်လုံးမှာ ဝိဓူရကို အမျိုးမျိုး နှိပ်စက်ပြီးခေါ်သွားတယ်။ ဝိဓူရဟာ ဘီလူးကို သာဓုရနတရားဟောလို့ အသက်မသေပါ။ နဂါးပြည်ရောက်တော့ ဝိဓူရကနေ မင်းကျင့်တရား ဆယ်ပါး၊ တိုင်းသူပြည်သားတွေရဲ့ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေနဲ့ မင်းမှုထမ်းတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဟောကြားပါတယ်။

အပြောအဟောကောင်းသူတွေကနေ ဒီဇာတ်တော်ကို ဇာတ်နာအောင် တန်းဆာဆင်ကြတယ်။ ဟိမဝန္တာတောင်တွေနဲ့ တိုက်ခံရတာစသဖြင့် ကြားတဲ့သူတွေငိုချင်လာအောင်ဖွဲ့ဆိုသီကုံးကြတယ်။ သခင်ချစ်မောင်ကလည်း ပါလီမာန်ထဲမှာ အပြောကောင်းလို့ သူ့မိန့်ခွန်းပြီးကတည်းက ဝိဓုရချစ်မောင်လို့ တွင်ခဲ့ပါတယ်။

၂-၃-၁၉၆၂ နေ့မှာ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတော့ ဝိဓူရချစ်မောင်က ခေတ်ပြောင်းတော်လှန်ရေးမှာ ကျရာနေရာက ထမ်းပါ့မယ်၊ ခွေးကတက်မှာ နေရနေရဆိုပြီးပြောလို့ ခွေးကတက်လမ်းစဉ်ဆိုပြီး နာမည်တွင်ပြန်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၆

VOA interview on U Shwe Mann

နေ့ခင်းတုံးက VOA ကမေးလို့ ဦးရွှေမန်းနှုတ်ဆက်မိန့်ခွန်းအပေါ်သုံးသပ်ချက်ဖြေရတယ်။ ရေဒီယိုရဲ့ အချိန်အကန့်အသတ်ကြောင့်  (၂) ချက်သာ အသံလွှင့်နိုင်တယ်။

(၁) ၅ နှစ်စာ လွှတ်တော်ဥက္ကတာဝန်အရ ကြည့်ရင်တော့ ဦးရွှေမန်းဟာ စွမ်းနိုင်သလောက်လုပ်သွားသူအဖြစ် အသိအမှတ်ပြုရမယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။

(၂) ဒေါ်အောင်ဆန်းစုကြည်နဲ့ တရင်းတနှီးလုပ်ဆောင်ချက်တွေကိုကြည့်ရင် ဘယ်သူကနေ ဘယ်သူ့ကိုစည်းရုံးသလည်း မပြောနိုင်ပေမယ့် အကျိုးရလဒ်ဟာ သိသာပြီး တိုင်းပြည်အတွက် ကောင်းမယ်လို့ယူဆပါတယ်။

(၃) ဦးရွှေမန်းဟာ စစ်တပ်တာဝန်ရှိစဉ်တုံးက ဗခမကသန်းရွှေပြီးရင် နောက်တက်မယ့်သူလို့တစ်ပြေးထားသူဖြစ်တယ်။ သူ့အဝန်းအဝိုင်းမှာ ခရိုနီတွေရှိတယ်။ အဲဒီလို အနုတ်သဘောဒေါင့်ကနေ လွန်ခဲ့တဲ့ ၅ နှစ်အစမှာ စောင့်ကြေည့်နေခဲ့ရသူ ဖြစ်တယ်။

(၄) မြောက်ကိုရီးယားနဲ့ဆက်ဆံရေးမှာ ဦးရွှေမန်းဟာ အရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ မြောက်ကိုရီးယားနဲ့ ဘာတွေ သဘောတူခဲ့သလည်းက နိုင်ငံတော်လှို့ဝှက်ချက်လုပ်တားတယ်။ မြောက်ကိုရီးယားနဲ့ မြန်မာစစ်တပ်ဆက်ဆံရေးကို အမေရိကန်က စောင့်ကြည့်နေတယ်။

(၅) တပ်မတော်သားအမတ်တွေကို သူကနေ သတိပေးစကားမျိုးပြောခဲ့တာရှိတယ်။ သတ္တိရှိပါတယ်။ ဒါပေမယ့် မထွက်ရခင်လေးမှာ NLD ကိုယ်စားလှယ်ကနေ စစ်တပ်စီးပွါးရေးလုပ်နေတာကိုဆွေးနွေးလို့ သတိပေးခဲ့တာကတော့ မပြောသင့်တာလို့မြင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁-၂ဝ၁၆

An injectable HIV treatment could be ready by 2017

ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့အခြေစိုက် CytoDyn Inc. ဆေးကုမဏီကနေ ၂ဝ၁၇ မှာ HIV ကုသဘို့ ထိုးဆေး ပေါ်လာမယ်လို့ ပြောလိုက်ပါတယ်။

ဒီဆေးသုတေသနကို PRO 140 monotherapy ဆေးထိုးကုသနည်းလို့ခေါ်ပါတယ်။ စမ်းသပ်နေတာ တချို့လူနာတွေ ၁၇ လရှိပါပြီ။ အဆင့် (၁) မှာ လူနာပေါင်း ၂၃ ယောက်ကိုစမ်းသပ်နေပါတယ်။ ဒီဆေးကနေ Complete viral-load suppression ဗိုင်းရပ်စ်အရေအတွက်ကိုဖိနှိမ်ထားစေပါမယ်။ ဆေးက တမျိုးတည်း ဖြစ်ပါတယ်။ လက်ရှိသုံးနေတာက HAART combination therapy ဆေးအတွဲစားဆေးဖြစ်ပါတယ်။

PRO140 ဆေးကနေ T-cells တွေပေါ်မှာရှိတဲ့ HIV co-receptor CCR5 ကို ဘလော့ခ်လုပ်ပေးလို့ HIV ဗိုင်းရပ်စ်တွေ ဝင်မလာစေနိုင်တော့ပါ။ ဆေးဟာ ခုခံအားခေါ် (အင်တီဘော်ဒီ) ဖြစ်ပါတယ်။ ဆေးထိုးကာလသတ်မှတ်မှုကို အတည်မပြုသေးပါ။ ၁၂ ပတ် အနည်းဆုံးထိုးမယ်။ ၆ဝ ပတ်အထိ ထိုးတာကိုလည်း စမ်းသပ်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆
http://www.hivequal.org/hiv-equal-online/breaking-an-injectable-hiv-treatment-could-be-ready-by-2017

Union spirit of Bogyoke Aung San ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်ထောင်စုစိတ်ဓာတ် (ခ)

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်ထောင်စုစိတ်ဓာတ်

ရေးသားသူ = ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ

အပိုင်း (ခ)
တိုင်းရင်းသားလူမျိုးများအပေါ် သဘောထား သို့မဟုတ် ပြည် ထောင်စုစိတ်ဓာတ်ကို ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းခဲ့သော အဆိုများ၌ ပီပြင်စွာတွေ့မြင်ရသည့်အပြင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများ၏ ဖြစ်တည်မှုအခြေခံနှင့်လည်း အလွန်ကိုက်ညီမှုရှိသည်ကို တွေ့ ရပေသည်။ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် အဆို (၁၄)ချက်ကိုတင် သွင်းခဲ့ရာ အပိုဒ် (၃)တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်-
၃(၁) အောက်ပါ အင်္ဂါလက္ခဏာအားလုံးနှင့်သော်လည်းကောင်း၊ အချို့ သော်လည်းကောင်း၊ ပြည့်စုံ၍ (ခ)(ဂ)(ဃ)(ခ)တို့၌ ဖော်ပြထားသော နယ်မြေများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်သတ်မှတ်၍ နောင်အခါ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွင် ထိုသို့ ဆုံးဖြတ် သတ်မှတ်သောတရားဥပဒေနှင့်အညီပြည်ထောင်စုပြည်နယ် အဆင့်အတန်းကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ်အဆင့်အတန်းကိုဖြစ်စေ လူမျိုးစုပြည်နယ် အဆင့်အတန်းကိုဖြစ်စေရရှိမည်။

အင်္ဂါလက္ခဏာများကား-
၁) ပထဝီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း။
၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း။
၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း။
၎) ရာဇဝင်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း။
၅) စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးနှင့်စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း။
၆) လူဦးရေ အတော်အတန်ရှိခြင်း။
၇) သီးခြားပြည်ထောင်စု အဖွဲ့ဝင်တခု အဖြစ်ဖြင့် မိမိ၏ ကိုယ်ပိုင် ထင်ရှားချက်အတိုင်းနေလိုသော ဆန္ဒရှိခြင်းတို့ဖြစ်လေသည်။
ထိုနယ်မြေများသည် မိမိတို့အားအပ်နှင်း၍သော်လည်း ကောင်းခွဲဝေ လွှဲအပ်၍သော်လည်း ရရှိသောအာဏာနှင့် အလုပ်ဝတ္တရားများကို သုံးစွဲ ဆောင်ရွက်ရမည်။

၃(၂) ထိုအာဏာနှင့် အလုပ်ဝတ္တရားများသည်ပဏာမပြင်ဆင်မှုညီလာခံ သဘင်ကခန့်သော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဘက် သဘောတူညီချက်ကိုရပြီးမှ ဆုံးဖြတ်သတ်မှတ်ရမည့် အာဏာနှင့်အလုပ်ဝတ္တရားများဖြစ်ကြသည်။ အထက်ပါ ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် ရရှိလာသော သဘောတူညီချက်သည် ဖဆပလ အမှုဆောင်အဖွဲ့၏အတည် ပြုချက်ကို ခံယူရမည်။

အထက်ပါဖေါ်ပြခြင်များကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို ဖွဲ့စည်းရာတွင် အဖွဲ့ဝင်ပြည်နယ်များ၏ အဆင့်အတန်းကို အခြေခံအင်္ဂါရပ်(၇)ရပ်သတ်မှတ်ပြီး ထိုအင်္ဂါရပ်များပေါ်မူတည်၍ ပြည်ထောင်စုပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစု ပြည်နယ်ဟူ၍ ပြည်နယ်များ၏ အဆင့်ကို ခွဲခြားသတ်မှတ်ဖေါ်ပြထားသည်ကို တွေ့ရသည်။ ဤသည်မှာ မြန်မာနိုင်ငံရှိ လူမျိုးများ ဖြစ်ပေါ်တိုးတက်မှုအားဖြင့် အဆင့်ဆင့်ကွဲပြားလျက်ရှိရာ ထိုအခြေအနေများနှင့် လွန်စွာကိုက်ညီမှု ရှိသည်ဟု ဆိုရပေမည်။ အပိုဒ်ငယ်(၂)တွင်လည်း ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာများကို ဆွေးနွေးညှိနှိုင်းပြီး နှစ်ဦးနှစ်ဘက် သဘောတူမှ ဆုံးဖြတ်မည်ဟူ၍ ပါရှိသည်မှာ ဒီမိုကရေစီကျပြီး လူမျိုးများ၏ အခြေခံအခွင့်အရေးများကို လေးစားရာရောက်ပေသည်။

အပိုဒ်(၄)တွင် အောက်ပါအတိုင်းဖေါ်ပြထားပေသည်-
၎။ (ဤနေရာမှစ၍အောက်တွင်ပြည်ထောင်စုဥပဒေပြုအဖွဲ့ဟုခေါ်ဆိုအပ်သော)ဗဟိုဥပဒေပြုအဖွဲ့၏ စီရင်ပိုင်ခွင့်အာဏာသည် ပြည်ထောင်စု နိုင်ငံ တဝှမ်းလုံး၌တည်ရမည်။ ပြည်ထောင်စုပြည်နယ် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ရပြည်နယ် သို့မဟုတ် လူမျိုးစုပြည်နယ် တို့၏ ဥပဒေအဖွဲ့များကို လုံးဝခွဲဝေ လွှဲအပ်ပေးသည့် ဌာနအမျိုးအစားထဲတွင်မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားစေကာမူ ပြည်ထောင်စုဥပဒေအဖွဲ့၏ ဥပဒေပြုအမိန့်အာဏာသည် အောက်၌သီးခြားဖေါ်ပြထားသော ဌာနအမျိုးအစားများတွင် ပါဝင်သည့် ကိစ္စအားလုံးတို့ အပေါ်၌ တည်ရမည်။

၁) ပြည်ထောင်စုအစိုးရဌာနများကိစ္စ။
၂) ပြည်နယ်အချင်းချင်းကိစ္စများ။
၃) ကျန်ကိစ္စများ။
၎) ပြည်ထောင်စုတစ်နိုင်ငံလုံးနှင့်ချီ၍ စီးပွားရေးတိုးတက်အောင်ပြုရန်ရှိသော ကိစ္စများ။
၅) ပြည်ထောင်စုနယ် ကိုယ်ပိုင်အုပ်ချုပ်ရ ပြည်နယ် လူမျိုးစု ပြည်နယ် တို့မှတပါး ကျန်နယ်မြေများနှင့် စပ်လျဉ်းသောကိစ္စများ။
(မှတ်ချက်။ အထက်ပါပုဒ်မ(၄)ပုဒ်မခွဲ(၅)တွင်ဆိုထားသောကျန်နယ်မြေများအတွက် ဥပဒေပြုအဖွဲ့များသတ်သတ်ထားရှိမည်မဟုတ်ချေ။)

အထက်ဖေါ်ပြပါအချက်များကို သုံးသပ်မည်ဆိုပါက ပြည်ထောင်စု ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်၊ လူမျိုးစု ပြည်နယ်များသည် လုံးဝ ဥပဒေပြုအာဏာများရှိကြပြီး၊ ကျန်ဒေသများတွင်ကား ဥပဒေပြုအာဏာပေးထားမည် မဟုတ်သည်ကို တိတိကျကျ ဖေါ်ပြထားပေသည်။

၇(၁) တိုင်းရင်းသားလူနည်းစုများ ၏ အခွင့်အရေးများဖြစ်သော
၁) လူတို့၏ အခွင့်အရေး။
၂) လူမျိုးတို့၏ စရိုက်၊ ထုံးစံဓလေ့၊ စသည်တို့နှင့် ဆိုင်သော သို့မဟုတ် ယဉ်ကျေးမှုနှင့်ဆိုင်သော အခွင့်အရေးများ။
၃) ကိုယ်ပိုင်ယဉ်ကျေးမှုပြဌာန်းနိုင်ခွင့်ကိုမထိခိုက်စေပဲ လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံနိုင်သော အခွင့်အရေး
၎) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သောကိုယ်စားလှယ်ဦးရေပါဝင် နိုင်ရေး။

ထိုအခွင့်အရေးများကို လူမျိုးရေးအားဖြင့်လည်းကောင်း၊ ဘာသာ စကားအားဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုအားဖြင့် လည်းကောင်း၊ ရာဇဝင် အစဉ်အလာများအားဖြင့်လည်းကောင်း၊ လူများစုနှင့်ကွဲပြားခြားနားသော သူများလည်းဖြစ်၍ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့ဝင်တခုတွင် လူဦးရေ ဆယ်ပုံတပုံထက်မနည်းရှိသည့် သူများလည်းဖြစ်သော ပြည်သူတစုသည် ခံစားနိုင်သည်ဟု အာမခံချက် ရှိရမည်။

ဤအပိုဒ်တွင်မူ လူနည်းစုလူမျိုးစုအရေးကို အလေးပေးဖေါ်ပြထားသည်ကို တွေ့ရပေမည်။
၈။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ် လူမျိုးစု ပြည်နယ်တို့အား ပိုင်းခြား ခွဲဝေလွှဲအပ်ထားသောအာဏာများမှတပါးလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမတမြန်မာနိုင်ငံတော်၏ ဥပဒေပြု အာဏာကိုလည်းကောင်း၊ အုပ်ချုပ်မှုအာဏာကိုလည်းကောင်း၊ တရားစီရင်မှုအာဏာကိုလည်းကောင်း စိုးပိုင်ရမည်။ ထိုအာဏာတို့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကတည်ထောင်ထားသောပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရဌာနများက သော်လည်းကောင်း၊ ထိုဌာနများ၏ အမိန့်အရသော်လည်းကောင်း သုံးစွဲနိုင်ရမည်။ ပြည်ထောင်စုအာဏာနှင့် ပြည်နယ်၏အာဏာကို ခွဲဝေသတ်မှတ်ထား မည်ကို အတိအကျဖေါ်ပြထားခြင်းဖြစ်ပေသည်။

၉။ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိပြည်သူအားလုံးတို့၏ အထွဋ်အမြတ်ဖြစ်ထိုက်သော နိုင်ငံတော်၏ အကြီးအမှူးဖြစ်သည့် နိုင်ငံတော် သမတနှင့်တကွ ပြည်သူ့လွှတ်တော်၊ လူမျိုးစုလွှတ်တော် နှစ်ရပ်ပါသော ပြည်ထောင်စု မဟာလွှတ်တော်သည် ပြည်ထောင်စု ဥပဒေပြု အာဏာကိုစိုးပိုင်ရမည်။ နိုင်ငံတော်သမတအား ပြည်ထောင်စု မဟာလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။ ပြည်သူ့လွှတ်တော် အမတ်များကို လျို့ဝှက်သော မဲဆန္ဒပေးစနစ်ဖြင့် အရွယ်ရောက်သူတိုင်းက ရွေးကောက်တင်မြှောက်ရမည်။ လူမျိုးစုလွှတ်တော်တွင် ပြည်ထောင်စုပြည်နယ်မှလည်းကောင်း တိုင်းရင်းသားလူနည်းစုမှ လည်းကောင်း ပြည်ထောင်စုအဖွဲ့ဝင်တခုအဖြစ်ဖြင့် စုရုံးဖွဲ့စည်းအပ်သော ကျန်နယ်မြေများ မှလည်းကောင်း၊ ကိုယ်စားလှယ်အမတ်များ ပါဝင်ရမည်။

ဤအပိုဒ်သည်လည်း ပြည်ထောင်စု နိုင်ငံတနိုင်ငံအတွက် အဓိကကျသည့်အပြင် လူမျိုးများတန်းတူရေးအတွက် အရေးပါသည့် လွှတ်တော်နှစ် ရပ်ထားရှိရေးကို ထင်ထင်ရှားရှားဖေါ်ပြထားခြင်းဖြစ်သည်။ အားလုံးကို ခြုံ၍ ပြောပြရမည်ဆိုပါက ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သော ပြည်ထောင်စုမူသည် ပြည်ထောင်စုမြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေနှင့် ကိုက်ညီသော မူတရပ်ဖြစ်သည်ဟုဆိုရပေမည်။

၎င်းအပြင် မြန်မာနိုင်ငံအတွက် ရေးဆွဲရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များနှင့်၎င်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားချက်များတွင် ဗိုလ်ချုပ်၏ ပြည်ထောင်စု သဘောတရားနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပိုမို၍ ရှင်းလင်းစွာ တွေ့နိုင်ပေသည်။

လမ်းညွှန်မူ(၇)ချက်မှာ-
၁။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် သမတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြစ်စေရမည်။

ထို့ပြင်-
၂။ ပြည်ထောင်စုနိုင်ငံတော်တွင်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကသတ် မှတ်ဖေါ်ပြသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက်၊ သို့သတ်မှတ် ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာရရှိစေရမည်။

ထို့ပြင်-
၃။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော သမတမြန်မာနိုင်ငံတော်နှင့်တကွ အပါအဝင်ဖြစ်သည့် ပြည်နယ်များနှင့် အစိုးရအဖွဲ့အစည်း အားလုံးတို့၏ အခွင့်အာဏာဟူသမျှတို့သည် တိုင်းသူပြည်သားတို့ထံမှ သက်ဆင်းစေရမည်။

ထို့ပြင် -
x x x
၅။ ဤဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လူနည်းစုအဖို့ လုံလောက်သော ကာကွယ်ချက်များ ထည့်သွင်းပြဌာန်းထားရှိစေရမည်။

ထို့ပြင်-
x x x
လမ်းညွန်ချက်များအရဆိုပါက မြန်မာနိုင်ငံတော်ကို ပြည်ထောင်စုနိုင်ငံအဖြစ် ဖွဲ့စည်းရမည်ဖြစ်ပေသည်။ ထိုပြည်ထောင်စုတွင် တသီးပုဂ္ဂလ ပြည်နယ်များ(သို့မဟုတ်)သီးခြားပြည်နယ်များပါရှိရမည်။ ၄င်းအပြင် ပြည်နယ်မရရှိသော လူမျိုးများအတွက်လည်း တိုင်းရင်းသားလူနည်းစု လူမျိုးစု အခွင့်အရေးများ သတ်မှတ်ထားရှိပြီး လုံလုံလောက်လောက် ကာကွယ်ပေးရမည်ဟူသည့် အချက်များအထင်အရှားပါရှိပေသည်။ ရှင်းလင်းချက်များ၌ဖေါ် ပြရာတွင်လည်း ပြည်ထောင်စုစိတ်ဓာတ် အခြေခံများကို ထင်ဟပ်စေပါသည်။

မြန်မာ ပြည်ထောင်စုနိုင်ငံတော်ဆိုတာကို ကျနော် အထူးရှင်းပြ နေစရာမလိုပါဘူး။ သည်နိုင်ငံတော်ကို ပြည်ထောင်စုတွေ စုထားမည်ဆိုတဲ့ သဘောလောက်ပါပဲ။ ပြည်ထောင်စုနိုင်ငံတော်ဆိုကတည်းက ကျနော်တို့ အခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ (Unitary Constitution) လူတမျိုး တည်းဆိုတဲ့ နိုင်ငံမျိုးမဟုတ်ဘဲနှင့် လူမျိုးပေါင်းစုံပြည်ထောင်စုနိုင်ငံဆိုတဲ့ အဓိပ္ပါယ် ရောက်သွားပါတယ်။ အဲသည်တော့ ကျနော်ကနေပြီးပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ့စည်းအပ်တယ်လို့ အဆိုသွင်းတဲ့ကိစ္စမှာ ယခု ကြွရောက်လာကြတဲ့ အမတ်မင်းများက ဗမာနိုင်ငံတော်ကို သည်လိုပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ်နှင့် ဖွဲ့စည်းအပ်တယ်လို့ဆိုတဲ့ အခြေခံမူဟာ သင့်မသင့်ကို သည်လွှတ်တော်ကြီးက စဉ်းစားဘို့ပါပဲ။

ကျနော်တို့အခုဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေတွေကို ထောက် လို့ကြည့်လျှင် ကျနော်တို့နိုင်ငံကို ပြည်ထောင်စုနိုင်ငံအဖြစ်နှင့် ဖွဲ့စည်း တည်ထောင်မှသာလျှင် သင့်လျော်လျောက်ပတ်လိမ့်မယ်လို့ ယူဆတဲ့အတိုင်း သည်အခြေခံသဘောကို သည်အဆိုထဲမှာ ထည့်သွင်းပြီး သည်လွှတ်တော်ကြီးမှာတင်သွင်းခြင်းဖြစ်ပါတယ်။ ပြည်ထောင်စုနိုင်ငံတော်ဆိုသည်မှာ တင်ပြထားခြင်းအားဖြင့် ယခု သည်တိုင်းပြည်ပြု လွှတ်တော်မှာကြွရောက်လာကြတဲ့ တောင်တန်းဒေသများ ကိုယ်စားလှယ် အမတ်မင်းများဟာ ပြည်ထောင်စု နိုင်ငံတော်တွင် သူတို့သက်ဆိုင်ရာနယ်များက ပါဝင်ပြီးသားဖြစ်သွားမည်လားဆိုပြီး သံသယရှိနေတယ်လို့ ကျနော်သိရပါတယ်။

အဲသည်တော့ ဒီကစ္စနှင့်ပတ်သက်လို့ ကျနော် တိတိလင်းလင်း ရှင်းလင်းချင်တာကတော့ ဗမာပြည်ထောင်စုနိုင်ငံတော် လို့ခေါ်တွင်ဖို့ဆိုပြီး တော့ သည်အဆိုထဲမှာတင်ပြထားပေမည့်သည်ပြည်ထောင်စုနိုင်ငံတွေထဲမှာ ဘယ်နယ်တွေပါလို့၊ ဘယ်နယ်တွေပါရမည်လို့၊ သတ်မှတ်ထားခြင်း မရှိသေး ပါဘူး။ သည်တော့ တောင်တန်းဒေသကနေပြီးတော့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဘာမျှသည်ကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်စရာအလျှဉ်း မရှိပါဘူး။ သည်ပြည်ထောင်စုနိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ် ဆိုင်ရာမှနေပြီးတော့ ပါချင်မှပါနိုင်တာပဲ။ သည်တိုင်းပြည်ပြုလွှတ်တော် မဖွဲ့ စည်းမီအခါမှာ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းရန်အလို့ငှါ ကျနော်တို့သဘော တူညီချက်တွေ စာချုပ်အမျိုးမျိုးချုပ်တဲ့အခါတုန်းက တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် ကျနော်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရဆိုလို့ရှိရင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံးစမ်းရေးအဖွဲ့ အစီရင်ခံစာမှ ထောက်ခံချက်များကို ကျနော်တို့ လက်ခံလာခဲ့သည့် အတိုင်းဖြစ်စေ၊ အဲသည်လို လက်ခံထားခဲ့သည့် စာသဘောတွင်မကဘဲ (Not only the letter of agreement) သည်စာသဘောကို ကျနော်သဘောတူညီလာခဲ့တာတွင် မကဘဲ၊ ကျနော်တို့အဘို့မှာဆိုလိုရှိရင် (The spirit of agreement) သဘောတူညီလာခဲ့တဲ့ တကယ့်အရင်ခံ သဘောတရားကို လက်ခံပြီးတော့၊ သည် အတိုင်းဘဲ သည်တိုင်းပြည်ပြု လွှတ်တော်မှာ လုပ်မှာပါဘဲဆိုတာ၊ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များ တိတိလင်းလင်း နားလည်စေချင်ပါတယ်။ ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘောတူညီချက်တွေကို၊ နယ်ချဲ့သမားတွေလို ကျနော်တို့ ဖောက်ဖျက်ခြင်းမလုပ်ပါဘူး။ သည်လို ပေးပြီးသား ကတိနှင့် နားလည်ပြီးသား သဘောတူညီချက်ကို ဖေါက်ဖျက်မည်လားလို့ သံသယရှိတဲ့လူတွေဟာ ဥက္ကဋ္ဌမင်း ခွင့်ပြုချက်အရပြောရလျင် ကျနော်တို့ ရဲ့ (Sensne of honour, Sense of self-respect, Sense of pride) တို့ကို စော်ကားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲသည်တော့ ကျနော်တို့ ပေးပြီးသားကတိ၊ နားလည်ပြီးသား သဘောတူညီချက်တို့အရ၊ တောင်တန်းနယ်က ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ပြု လွှတ်တော်ထဲ ရောက်လာတဲ့အခါ သေသေချာချာနားလည်စေချင်တာက ဘယ်နည်းနှင့်မျှ ကျနော်တို့ဗမာ လူများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို့ကို အတင်းအားဖြင့် ကျနော်တို့ ပြည်ထောင်စုထဲမှာ မသွင်းပါဘူး။ သဘောမတူဘဲနေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးကြား လိမ်တဲ့နည်းနှင့်လည်း ကျနော်တို့ မလုပ်ပါဘူးဆိုတာ အတိအလင်းနားလည်စေချင်ပါတယ်။

ဤရှင်းလင်းချက်များက ပေါ်လွင်စေသည်မှာ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့် အားလျော်စွာ လူမျိုးပေါင်းစုံ ပြည်ထောင်စု နိုင်ငံသာဖြစ်ရမည်။ ပြည်ထောင်စုများကို ပေါင်းထားသည့် ပြည်ထောင်စု ဖြစ်ရမည်ဟူ၍ ထပ်မံ ရှင်းလင်းထားသည်ကို တွေ့ရပေသည်။ ပြည်ထောင်စုတွင် ပါဝင်မည့် ပြည်နယ်များအနေဖြင့်လည်း လွတ်လပ်မူရှိပြီး မိမိ၏ ဆန္ဒသဘော အလျောက်သာ ပါဝင်ရမည်။ အတင်းအကျပ်အားဖြင့် ပါဝင်စေခြင်းပြုလုပ်ရမည် မဟုတ်သည်ကိုလည်း ရှင်းလင်းထားပေသည်။ တဖန် ပင်လုံတွင်ချုပ်ဆိုခဲ့သော စာချုပ်စာတမ်း၏သဘောအရ၊ ၄င်းတောင်တန်းဒေသဆိုင်ရာ အစီရင်ခံစာမှ ထောက်ခံချက်များကိုသာမက၊ နှစ်ဦးနှစ်ဖက် သဘောတူညီ ချက်များကိုပါ ဖေါက်ဖျက်မည်မဟုတ်ကြောင်း၊ ရှင်းလင်းဖေါ်ပြထားပေသည်။

ဤရှင်းလင်းချက်၏အခြေခံအကြောင်းတရားများကိုနားလည်နိုင်ရန်အတွက် ပင်လုံစာချုပ်နှင့်တကွ ပင်လုံစာချုပ်တွင် မပါသော်လည်း ဗိုလ်ချုပ်နှင့် တိုင်းရင်း သားခေါင်းဆောင်များ ဆွေးနွေးခဲ့သည့် ဆွေးနွေးချက်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၏ တင်ပြချက်များ၊ အပြန်အလှန် သဘောတူညီချက်များ ကတိကဝတ်များကိုပါ နားလည် သဘောပေါက်ရန်လိုပေသည်။

ဗိုလ်ချုပ်နှင့် ရှမ်း၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံစားချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်သည် သာမန် ရိုးရိုးရှင်းရှင်းစားချုပ်တခုမျှသာဖြစ်သည်။ ပြည်ထောင်စုဖွဲ့စည်းရေးဆိုင်ရာ အခြေခံအချက်အလက်များနှင့် လုပ်ပိုင်ခွင့်အာဏာများကိုမူ ပြည့် ပြည့်စုံစုံ ဖေါ်ပြထားခြင်းမရှိပေ။ ၄င်းစာချုပ်တွင် ဖေါ်ပြထားသည်မှာ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ခြင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်း တို့သည် လွတ်လပ်ရေးကို ပိုမိုလျှင်မြန်စွာရလိမ့်မည်ဟု ယုံကြည်ကြသည် ဟူ၍ လည်းကောင်း၊ နယ်စပ်ဒေသများနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်တန်းဒေသများကိုယ်စားလှယ်တဦးခန့်ထားရေး၊ ထိုကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ၊ ကချင်ပြည်နယ်ဖွဲ့စည်းရေးကိစ္စနှင့် ဤစာချုပ်ကို အကြောင်းပြု၍ ရှမ်းပြည်နယ်၏ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးများကို မထိခိုက်စေရန်စသည့် အချက်များလောက်သာ ဖေါ်ပြထားပေသည်။

သို့ရာတွင် ပြည်ထောင်စုဖွဲ့စည်းရေးနှင့် သက်ဆိုင်သောအချက်များကိုကား တိုင်းရင်းသားခေါင်းဆောင်များ၏ တင်ပြချက်များ၊ ဆွေးနွေးချက်များနှင့် အပြန်အလှန်သဘောတူနားလည်မှုများ၊ ကတိကဝတ်များ အနေဖြင့်သာ ရှိနေကြပေသည်။ ထိုကြောင့် ဗိုလ်ချုပ်၏ ရှင်းလင်းချက်တွင်- ကျနော်တို့ပေးပြီးသားကတိ၊ နားလည်ပြီးသော သဘောတူညီချက်တွေကို နယ်ချဲ့သမားလို ကျနော်တို့ ဖောက်ဖျက်ခြင်း မလုပ်ပါဘူး။ သဘောမတူဘဲ နေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးကြားလိမ်တဲ့နည်းနှင့်လည်း ကျနော် တို့မလုပ်ပါဘူး- ဟူ၍ပင် ထပ်လောင်း ကတိပြုခဲ့ပေသည်။

ပြည်ထောင်စု ပြည်နယ်များနှင့် ပတ်သက်၍လည်း အောက်ပါအတိုင်း ရှင်းလင်းထားသည်ကို တွေ့ရပေသည်-
အဲသည် နိုင်ငံဟာလည်းသမတနိုင်ငံဖြစ်ရမယ်။ သမတစနစ်အရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဖြစ်ရမယ်ဆိုတဲ့မူတွေ ထည့်ထားပါတယ်။ သည် နိုင်ငံတော်ဟာလည်း ပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမယ်-

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်ပတ်သက်သည့် လမ်းညွန်ပြ ဌာန်းချက်(၂)တွင်- ပြည်ထောင်စုနိုင်ငံတော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သတ်မှတ်ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များပါဝင်စေလျက် ဟု ပါရှိပါသည်။ ထိုအချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ရှင်းလင်းခဲ့သည်မှာ- ကျနော်တို့သည် ပြည်ထောင်စုထဲမှာ ဘယ်နယ်ပယ်တွေ ပါမလဲဆိုတာကို သတ်မှတ်ရမည်။ အခု မသတ်မှတ်ရသေးဘူး၊ ပါချင်တဲ့နယ်တွေသာသတ်မှတ် ရမည်။ အခုမသတ်မှတ်ရသေးဘူး။ ပါချင်တဲ့နယ်မှ ပါကြပါဆိုတာ ရှင်းပါတယ်။ သို့သတ်မှတ်ဖေါ်ပြထားသည့် တသီးပုဂ္ဂလပြည်နယ်များသည်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ်ဖေါ်ပြထားသည်နှင့်အမျှ ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများရှိစေရမည်။

ထိုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နောက် ကျနော်တို့ အချင်းချင်း ဆွေးနွေး၊ တိုင်ပင်၊ ညှိနှိုင်းဆုံးဖြတ်ပြီးတဲ့နောက် သတ်မှတ် ဖေါ်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများလည်း ရှိလိမ့်မည်။ အဲသည်တော့သည်ကိစ္စမှာ ရှင်းလင်းနားလည်စေချင်တာက သည်လို ပြည်ထောင်စုနိုင်ငံတော်ထဲမှာ တသီးပုဂ္ဂလ ပြည်နယ်များဟာ ဘယ်ပြည်နယ်တွေလဲ ဆိုတာသည်အထဲမှာ မပါသေးဘူး။ ဘယ်နယ်တွေက ပါချင်လို့ ဘယ်နယ်တွေက မပါချင်ဘူးဆိုတာ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သတ်မှတ် ဖေါ်ပြထားသည့် ပြည်နယ်များဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများ ရှိစေမယ်ဆိုတဲ့အတိုင်း၊ အဲသည် ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာတွေကို သတ်မှတ်ဖို့ လိုတယ်။ အထူးသဖြင့် တောင်တန်းနယ်ပယ် ကိုယ်စားလှယ်များနှင့် တိုင်ပင် ဆွေးနွေးပြီး လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။

အဲသည်လိုလုပ်ပြီးမှ သဘောတူသည်ဖြစ်စေ၊ နောက်ဆုံး ဆုံးဖြတ် ချက်ကျသည်ဖြစ်စေ၊ အဲသည်လို ဆုံးဖြတ်ကြတဲ့အခါမှာ၊ သတ်မှတ် ဖေါ်ပြထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာများကို သဘောတူကျေနပ်လို့၊ ဝင် လာတဲ့ပြည်နယ်များသာ ပါလိမ့်မယ်။ ပြည်ထောင်စုနိုင်ငံဆိုပြီး အဲသည်လို သဘောလောက်သာထည့်ထားတယ်။ ဘယ်နယ်ကိုမှ ကျနော်တို့ အတင်း ထည့်ထားတာ မဟုတ်ပါဘူး။

ဤရှင်းလင်းချက်များအရဆိုပါက ပြည်ထောင်စု ဖွဲ့စည်းရာတွင် တသီးပုဂ္ဂလပြည်နယ်များနှင့် ဖွဲ့စည်းရမည်။ ထိုပြည်နယ်များတွင် ကိုယ်ပိုင် အုပ်ချုပ်ရေးအာဏာများရှိရမည်။ ထိုအာဏာများကိုပင်လျှင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေးဆုံးဖြတ်မည်။ ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဆုံးဖြတ်ချက်ကျပြီးပါမှ ထိုအချက်ပေါ်မှာ နှစ်သက်မှုရှိမှသာ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်နိုင်သည်။ မိမိသဘောဆန္ဒအရ မပါဝင်ဘဲလည်း နေနိုင်သည်များကို ရှင်းလင်းထားပေသည်။ ဤအချက်များကို ကြည့် ခြင်းအားဖြင့် ပြည်ထောင်စုပြည်နယ်များ ပါဝင်ရေးသည် အတင်းအကျပ် ပါဝင်စေခြင်းမရှိ၊ လွတ်လပ်ပြီးသဘောတူညီမှုရှိမှသာ ဝင်ရောက်နိုင်သည်ကို တွေ့ရပေမည်။ ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြည်ထောင်စုစိတ်ဓာတ်သည် လွတ်လပ်မှု၊ တန်းတူမှု၊ ဒီမိုကရေစီကျမှု၊ လူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိမှု၊ လူမျိုးစုလူနည်းစု၏ အခွင့်အရေးများကို အလေးအနက်ထား အသိအမှတ်ပြုမှု စသည့် အခြေခံမူများပေါ်တွင် တည်ပေသည်။

ဤသို့အားဖြင့် ဗိုလ်ချုပ်သည် မှန်ကန်သော အမျိုးသားရေးဝါဒနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပေါင်းစပ်ကာ အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်ခဲ့၏။ တိုင်းရင်းသားလူမျိုးများပြဿနာကို ရှုမြင်သုံးသပ်ရာ တွင် လူမျိုးစွဲ၊ ဆန္ဒစွဲကင်းရှင်း၏။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေများကို နိုင်ငံတကာအတွေ့အကြုံများနှင့် ပေါင်းစပ်ကာ စစ်မှန်သော ပြည်ထောင်စုမူတရပ်ကို ချမှတ်နိုင်ခဲ့၏။ တိုင်းရင်းသားလူမျိုးများ၏ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအသိအမှတ်ပြု၏။ စိတ်တူ၊ သဘောတူ၊ တန်းတူ ရည်တူမှုဖြင့် ပြည်ထောင်စုကိုတည်ဆောက်ခဲ့၏။ ဗိုလ်ချုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံကို စတင်တည်ထောင်ခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီးလည်း ဖြစ်ပေသည်။ ဗိုလ်ချုပ်၏ ပြည်ထောင်စုစိတ်ဓာတ်ကား ချီးကျူးလေးစားအပ်သည်။ စံပြုအတုယူလောက်ပေသည်။ ယနေ့ကာလသည်ကား ဗိုလ်ချုပ်၏ ကောင်းမြတ်သောစံနမူနာနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို လက်ကိုင်ထား ပြီး၊ အမျိုးသားသွေးစည်းညီညွတ်ရေးကို ပြန်လည်တည်ဆောက်ကြရမည့် အချိန်သမယဖြစ်ပေသည်။

အေးသာအောင်
အတွင်းရေးမှူး
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ

ဒေါက်တာတင့်ဆွေ
http://union-affairs.blogspot.in/
Photo = ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်း လူထုအားဟောပြောစဉ်။

Union spirit of Bogyoke Aung San ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်ထောင်စုစိတ်ဓာတ် (က)

ရေးသားသူ = ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ၏ (၅၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုသဘောတရားများစာအုပ် ကောက်နုတ်စာ

အပိုင်း (က)
ဤကမ္ဘာ၌ များစွာသောနိုင်ငံတို့သည် လူမျိုးအများအပြား ပါဝင်ပေါင်းစပ်လျက် ပြည်ထောင်စု နိုင်ငံတော်များကို ဖွဲ့စည်းခဲ့ကြ၏။ ဤသို့ ဖွဲ့စည်းခဲ့ကြသည့် ပြည်ထောင်စုများအနက် အချို့သော ပြည်ထောင်စုတို့၌ တန်းတူညီမျှသော အခြေခံဖြင့်ဖွဲ့စည်းကာ၊ အမျိုးသား အကျိုးစီးပွါးကို အညီအမျှပြု၍ ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းလျက်ပင်ရှိကြ၏။ ပြဿနာကြီးငယ် ပေါ်ပေါက်သည်ကိုလည်း ဆွေးနွေးညှိနှိုင်း ဖြေရှင်းကာ ပြေငြိမ်းစေ၏။ အချို့သော ပြည်ထောင်စုများတွင်မူ အပေါ်စီးရနေသော၊ အင်အားကြီးသော၊ လူဦးရေအားဖြင့် များသောလူမျိုးများက လွဲမှားသော အမျိုးသားရေးဝါဒ ကို ကျင့်သုံးလျက် လွှမ်းမိုးအုပ်ချုပ်ကြ၏။ ပြည်ထောင်စုဖွဲ့ရာ၌လည်း မညီမျှသော အခွင့်အရေးများကို ပြဌာန်း ကျင့်သုံးကြ၏။ အချို့မှာမူညီမျှသော အခွင့်အရေးများကိုပင် ပြဌာန်းထားသော်လည်း၊ ထိုအခွင့်အရေးများကို ကျန်လူမျိုးများက မကျင့်သုံးနိုင်အောင် ဖိနှိပ်လွှမ်းမိုးထားကြ၏။ ထိုကြောင့် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ လူ့အခွင့် အရေးများတွင် မညီမျှမှုဖြစ်ပေါ်ကာ နက်ရှိုင်းသော အမျိုးသားရေး ပြဿနာ များပေါ်ပေါက်လာကြ၏။ လူမျိုးအချင်းချင်း မကြေနပ်မှု၊ မုန်းတီးမှုများ ပွားများ၍ ပဋိပက္ခများ ကျယ်ပြန့်လာ၏။ နောင်သောအခါ ပြည်ထောင်စုကြီးပါ ပြိုကွဲ ပျက်စီးရပေသည်။

ပြည်ထောင်စုကြီးကို ဖွဲ့စည်းရာ၌လည်း ကွဲပြားခြားနားသည့် လူမျိုးများ၏ မတူညီ ကွာဟသော နိုင်ငံရေး၊ စီးပွါးရေး၊ အခြေခံများပေါ်တွင် ပေါင်းစပ်ဖွဲ့စည်းကြရ၏။ ထိုအခြေအနေများကိုအခွင့်ကောင်းယူ၍ လွဲမှားသော အမျိုးသားရေးဝါဒ ကျင့်သုံးကာ လူမျိုးတမျိုးက ကျန်လူမျိုးများအပေါ် စိုးမိုး ချယ်လှယ် အုပ်ချုပ်လေ့ရှိကြပေသည်။ လွဲမှားသော အမျိုးသားရေးဝါဒဆိုသည်မှာ မိမိတို့လူမျိုးသည် မြင့်မြတ်သော အမျိုးအနွယ်ဖြစ်သည်ဟူ၍ ကြွေးကြော်လျက် ထိုသို့ မြင့်မြတ်သည့် အမျိုးအနွယ်ဖြစ်ခြင်းသည် ပင်လျင် အခြားသော လူမျိုးများအား စိုးမိုးအုပ်ချုပ်စီမံခွင့်ရှိသည့် နိမ့်ကျသော အမျိုးအနွယ်များကို ဖိနှိပ်စိုးမိုးချယ်လှယ်ရန် အခွင့်အရေးများ ရှိသည်ဟူ၍ ယူဆတတ်ကြသည်။ ထိုအယူအဆဖြင့်ပင် ပြည်တွင်း၌ ဖိနှိပ်စိုးမိုးအုပ်ချုပ်ပြီး အင်အားကြီးထွားလာသောအခါ ပြည်ပနိုင်ငံများကို အင်အားသုံး၍ ကျူးကျော် သိမ်းပိုက်ခြင်းများ ပြုလုပ်တတ်ကြပေသည်။ မှန်ကန်သောအမျိုးသားရေးဝါဒမှာမူ မည်သည့်လူမျိုးရေး ဖိနှိပ်မှုကိုမဆို ပြတ်သားစွာ ဆန့်ကျင်၏။ မိမိလူမျိုးအား အခြားလူမျိုးက ဖိနှိပ်ချုပ်ချယ်သည်ကို ဆန့်ကျင် တိုက်ခိုက်ရုံ သာမက မိမိလူမျိုးက အခြားလူမျိုးအပေါ် ဖိနှိပ်ချယ်လှယ်ကျူးကျော်သိမ်းပိုက်သည်ကိုလည်း ဆန့်ကျင်ပေသည်။

မြန်မာနိုင်ငံ၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများတွင် မှန်ကန်သော အမျိုးသားရေးဝါဒကို ကိုင်စွဲကာပြည်သူလူထု ကြီးတရပ်လုံးကို စည်းရုံး သိမ်းသွင်းနိုင်ခဲ့ပေသည်။ ထူးခြားသည်မှာ မှန်ကန်သော အမျိုးသားရေးဝါဒကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပေါင်းစည်းပြီး အမျိုးသား သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ခြင်းပင်ဖြစ်ပေသည်။ ဗိုလ်ချုပ်သည် (၁၉၃၂) ခုနှစ်လောက်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ခဲ့သည်။ နိုင်ငံရေးစိတ်ဓာတ် (ဝါ) အမျိုးသားရေးစိတ်ဓာတ် ရင့်ကျက်လာပြီး အမျိုးသားပညာရေး တိုက်ပွဲများတွင် ပါဝင် ခေါင်းဆောင်ခဲ့သည်။ (၁၉၃၆) ခုနှစ် ကျောင်းသား သပိတ်ကြီးမှာ ပါဝင်ခေါင်းဆောင်ခဲ့သည်။ သပိတ်ကြီးအပြီးတွင် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲသို့ ခြေစုံပစ်၍ဝင်ခဲ့သည်။ ဒို့ဗမာအစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူး ဖြစ်လာသည်။ (၁၃ဝဝ) ပြည့် အရေးတော်ပုံတွင် ပါဝင်ဦးစီးခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို တည်ထောင်ကာ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့သည်။

ဤသို့ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲရာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဒို့ဗမာအစည်းအရုံးခေတ်တွင်ချမှတ်ခဲ့သော ဗမာပြည်သည်ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စကားကို ချီးမြှင့်ပါ၊ ဒို့စာကိုလေးစားပါဟူသည့် အမျိုးသားရေးဝါဒအလံကိုပင် ကိုင်စွဲခဲ့ပေသည်။ မြန်မာတမျိုးသားလုံးသည် အမျိုးသားရေးစိတ် နိုးကြားလာပြီး ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ အသင်းချုပ်ကြီးအောက်တွင် ညီညွတ်သော အင်အားစုအဖြစ် စုစည်းမိခဲ့ကြသော်လည်း အင်္ဂလိပ်နယ်ချဲ့တို့၏ ပရိယာယ် ကျောက်ဆောင်များ ဖြစ်သော တွဲရေး/ခွဲရေး၊ ဒိုင်အာခီ အုပ်ချုပ်ရေး၊ (၉၁) ဌာနအုပ်ချုပ်ရေးများနှင့် တိုက်မိသောအခါ ပြိုကွဲခဲ့ရသည်။ ထိုသို့ပြိုကွဲနေသော အမျိုးသားအင်အားစုများ၏ ညီညွတ်ရေးကို တည်ဆောက်သည့် အနေဖြင့် ဗမာ့ထွက်ရပ်ဂိုဏ်းအဖွဲ့ကြီးကို ဖွဲ့စည်းခဲ့ပေသည်။ ထိုအဖွဲ့ကြီးသည် ပါတီပေါင်းစုံ၊ ပုဂ္ဂိုလ်ပေါင်းစုံ ပါဝင်သော အဖွဲ့ကြီးဖြစ်သည်။ အဖွဲ့ကြီး၏ ရည်ရွယ်ချက်မှာ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးဟူ၍ ဖေါ်ပြထားပေ သည်။ ဤသို့အားဖြင့် အမျိုးသားရေးဝါဒကိုပြောင်းလဲနေသောအခြေအနေ နှင့်ကိုက်ညီအောင်ချမှတ်ခဲ့ပေသည်။ အလုပ်သမား၊ လယ်သမားနှင့် လူထုလူတန်းစားအလွှာပေါင်းစုံကိုလည်းစည်းရုံးနိုင်ခဲ့ပေသည်။ ၄င်းအပြင် ရဲဘော် (၃ဝ)မှ သောင်းချီသော အမျိုးသားတပ်မတော်ကိုလည်းတည်ထောင်ခဲ့ပေ သည်။ နောက်ပိုင်းတွင် အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုကြီးဖြစ်သော ဖတပလ (နောင် ဖဆပလ)ကိုဖွဲ့စည်းလျက် တပ်မတော်ကိုပါ ၄င်းအဖွဲ့နှင့် ပေါင်းစပ်ပေးကာ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ လက်နက်ကိုင်တိုက်ပွဲကို ဆင်နွှဲခဲ့ပါသည်။ နောင် ဗြိတိသျှတို့ကို နိုင်ငံရေးအရ တိုက်ပွဲဝင်ရာတွင်လည်း တမျိုးသားလုံးကို သိပ်သိပ်သည်းသည်းဖြင့် နက်ရှိုင်းစွာ စည်းရုံးနိုင်ခဲ့ပေသည်။

သို့ရာတွင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွင် ဗမာတမျိုးသားလုံးကို စည်းရုံးနိုင်ရုံမျှနှင့် မပြည့်စုံ၊ မလုံလောက်၊ တိုင်းရင်းသားလူမျိုးများပါဝင်သော အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရန် လိုအပ်သည်ကို ကြိုတင် သိမြင်ခဲ့ပေသည်။ ထို့ကြောင့် တိုင်းရင်းသား စည်းရုံးရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပေသည်။ ဗိုလ်ချုပ်၏ တိုင်းရင်းသား စည်းလုံးရေးအတွက် ကြိုးပမ်းမှုကို ဂျပန်ခေတ်၌ စတင်တွေ့ရပေသည်။

ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် တမျိုးသားလုံးအကျိုးဖြစ်ရကား မြန်မာနိုင်ငံမှာ လူဦးရေအားဖြင့် အတော်အသင့်များသည့် ကရင်အမျိုးသားများပါဝင်လာရေးသည် အရေးကြီး ပေသည်။ ထိုနည်းတူစွာ ကရင်အမျိုးသားများကို မစည်းရုံးနိုင်လျှင် တနည်းအားဖြင့် ကရင်အမျိုးသားများ မပါဝင်လျှင် အခက်အခဲများရှိနိုင်ပြီး ကရင်နှင့်မြန်မာအမျိုးသားများပါ နစ်နာမည်ကို ကြိုတင်သိမြင်ခဲ့ပေသည်။ ထို့အပြင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတရပ်လုံးတွင် ကရင်အမျိုးသားများ ပါဝင်လာရေးအတွက် စည်းရုံးရေးသည် မရှိမဖြစ် လိုအပ်သကဲ့သို့ ကရင်-ဗမာညီညွတ်ရေးသည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် လွတ်လပ်ရေးအတွက် သော့ချက်ကျသော ပြဿနာတရပ်ဖြစ်သည်ကိုလည်း သဘောပေါက်ခဲ့ပေသည်။

ထိုအချိန်၌ မြစ်ဝကျွန်းပေါ်ဒေသတွင် ကရင်-ဗမာလူမျိုးရေးဆန်သော ပြဿနာများ စတင်ဖြစ်ပေါ်လျက်ရှိပေရာ ဗိုလ်ချုပ်သည် ကရင်-မြန်မာ ညီညွတ်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရပေသည်။ ကရင်ခေါင်းဆောင်များကို ရန်ကုန်သို့ ဖိတ်ခေါ် တွေ့ဆုံ ဆွေးနွေးသည့်အပြင် ပြည်သူလူထုကိုလည်း ကရင်မြန်မာချစ်ကြည်ရေးအတွက် ဟောပြောစည်းရုံးခဲ့ပေသည်။ ထို့အပြင် ကရင်အမျိုးသား ခေါင်းဆောင်များကို တပ်မတော်အတွင်းသို့ ဝင်ရောက်စေခြင်း၊ အထူးသဖြင့် ဗြိတိသျှ လက်အောက်တွင် အမှုထမ်းခဲ့ကြသော ကရင်အရာရှိများကိုလည်း အမြင်ကျယ်စွာဖြင့် တပ်မတော်တွင် နေရာပေး သိမ်းသွင်းခဲ့ပေသည်။

ဤသို့ ကရင်ဗမာစည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် ဗိုလ်ချုပ်၏ မှန်ကန်သော အမျိုးသားရေးဝါဒနှင့် တိုင်းရင်းသားများအပေါ် သဘောထားကို ကရင်အမျိုးသားညီလာခံကွန်ဖရင့်သို့ ပေးပို့သော ဗိုလ်ချုပ်၏သဝဏ်လွှာက အလေးအနက် သက်သေပြလျက်ရှိပေသည်။

ကရင်အမျိုးသား ရဲဘော်အပေါင်းတို့ -
မြစ်ဝကျွန်းပေါ်ဒေသများသို့ ယခင်အခါ ကျွန်ုပ်လှည့်လည် လာရောက်စဉ်က ကျွန်ုပ်အား ကရင်အမျိုးသားများ၏ အကြီးဆုံးမိတ်ဆွေ တဦးအဖြစ် အသိအမှတ်ပြုစေလိုကြောင်း ကျွန်ုပ်ပြောခဲ့သည်ကို ရဲဘော်တို့ အချို့ ကြားမိကောင်း ကြားမိပါလိမ့်မည်။ ကျွန်ုပ်သည် ယခုတဖန် ဤစကားကို ထပ်မံ ဖေါ်ပြကမ်းလှမ်းလိုပါသည်။ ဗမာနိုင်ငံတွင် လူမျိုးများ တစည်းတရုံးတည်းဖြစ်မှုကိုလည်းကောင်း၊ ဗမာနိုင်ငံလူမျိုးများသည် မှန်ကန်သော လူမျိုးရေး တရားလက်ကိုင်ထား၍ ကမ္ဘာသူကမ္ဘာသားတို့နှင့် အကျိုးတူ ဆောင်ရွက်မှုကိုလည်းကောင်း၊ ကျွန်ုပ်သည် ရှေးယခင်ကစ၍ ယုံကြည်ခဲ့ပါသည်။ ထိုသို့ ယုံကြည်သည့်အတိုင်း ကျွန်ုပ်တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ပင် ဖြစ်ပါသည်။ ကျွန်ုပ်၏ ဤစိတ်ထားမှာ ယခုစစ် အခြေအနေတွင် ခါတော်မီဝါဒသဘော မဟုတ်သည်ကို တိတိလင်းလင်း နားလည်စေလိုပါသည်။ ကျွန်ုပ်၏ စေတနာသည် ကရင်အမျိုးသားများအပေါ်သာမက ဗမာနိုင်ငံလူမျိုးအားလုံးပေါ်တွင် ထားပါသည်။ ဤစေတနာ ဤစိတ်ထားသည် တနေ့နေ့ လက်ငင်းအားဖြင့် လက်တွေ့ ကျွန်ုပ် ပြနိုင်သည့်အခါတွင် ထင်ထင်ရှားရှား တွေ့မြင်ရပါလိမ့်မည်။

လူမျိုးများနှင့် ပတ်သက်၍ ကျွန်ုပ်၏သဘောထားကို အကျဉ်းအားဖြင့် ဖေါ်ပြရသော် အောက်ပါအတိုင်းပင် ဖြစ်ပါသည်-
၁) မည်သူမဆို ဘာသာ၊ သာသနာအရေးတွင် လွတ်လပ်စွာ မိမိတို့ကိုး ကွယ်လိုရာ ဘာသာကို ကိုးကွယ်ခွင့် ရှိရမည်။ နိုင်ငံတော်အစိုးရသည် ဘာသာရေးတွင် ကြားနေရမည်။
၂) လူမျိုး ကွဲပြားမှုကိုလည်းကောင်း၊ ဘာသာ ကွဲပြားမှုကိုလည်းကောင်း၊ ယောက်ျား/မိန်းမ လိင်ကွဲပြားမှုကိုလည်းကောင်း အခြေပြုကာ နိုင်ငံတော်အတွင်း ရာထူးဌာနအရ အလုပ်အကိုင်များရရှိရေးတွင် ချုပ်ချယ်မှုများ မရှိစေရ။
၃) xxx
၎) ပညာရေးကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး သင်ကြားနိုင်ခွင့် ရှိရမည်။
၅) လူမျိုးကွဲပြားသူများသည် မိမိတို့ သီးသန့်ယဉ်ကျေးမှုကို ပိုင်ခွင့်ရရှိရမည်။ ဥပမာ ကရင်များအတွက် ကရင်ကျောင်းများ၊ ရှမ်းများအတွက် ရှမ်းကျောင်းများ ကရင်များအတွက်ကရင်နေ့များ၊ ရှမ်းများအတွက် ရှမ်းနေ့များ၊ ကရင်များအတွက် ကရင်ဘာသာကို အစိုးရရုံးသုံး ကျောင်းသုံးဘာသာအဖြစ် အသိအမှတ်ပြုခြင်း၊ ကရင်အမျိုးသားအဝတ်၊ ကရင် ခရိုင်ဓလေ့ထုံးစံတို့ကို အသိအမှတ်ပြုခြင်း၊ ကရင်စာပေ ယဉ်ကျေးမှုများကို အသိအမှတ်ပြုခြင်း စသည်တို့ပင်ဖြစ်သည်။
၆) လူမျိုးများ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုဆက်ဆံရေးနှင့် ပတ်သက်သော အခွင့်အရေးများကို တတ်နိုင်သမျှ ဥပဒေအားဖြင့် အသိအမှတ်ပြုရမည်။
၇) ဗမာများထက် အဆင့်အတန်းနိမ့်သော လူမျိုးများ၏ အဆင့်အတန်းများကို မြှင့်တင်ရန် အထူးကြိုးစား ဆောင်ရွက်ပေးပြီးလျှင် ဗမာများနှင့် အတူ ကမ္ဘာ့အဆင့်အတန်းသို့ အမြန်ဆုံး တက်လှမ်းနိုင်ရမည်။ လူမျိုး အချင်းချင်း နှိမ့်ချသည့် အသုံးအနှုန်း၊ အခေါ်အဝေါ်၊ စာပေအမှတ်အသား၊ အထိမ်းအမှတ် အလံ အစရှိသည်တို့ကို အစိုးရက ဥပဒေတား မြစ်ပေးရမည်။ လူမျိုးများညီညွတ်မှုကိုသာ ရှေ့ရှုအမှတ်အသားအထိမ်း အမှတ် စာပေများကိုသာ သုံးရမည်။ အထက်ပါအချက်တို့ကား ကျွန်ုပ်၏ သဘောထားပုံကို သိသာစေရန် ဖေါ်ပြခြင်းဖြစ်ပါသည်။ ဤသဘောထားအတိုင်း အထမြောက်ရန် ကျွန်ုပ်သည် အစဉ်တစိုက် ကြိုးပမ်းသွားမည်ကို ရဲဘော်တို့အား စကားလက်ဆောင်ပါးလိုက်သည်။ xxx
ပုံ(အောင်ဆန်း)
(၁၉၊ ၂၊ ၄၅)

ဤသဝဏ်လွှာကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်၏ မှန်ကန်သော အမျိုးသားရေးဝါဒနှင့် တိုင်းရင်းသား လူမျိုးများအရေးနှင့် ပတ်သက်၍ မှန်ကန်သော သဘောထားရည်တည်ချက်များကို လေးစားဖွယ်ရာ တွေ့မြင်ရပေသည်။ အထူးသဖြင့် လွတ်လပ်ရေး အကြိုကာလတွင် ဗိုလ်ချုပ်၏ တိုင်းရင်းသားလူမျိုးများအပေါ် သဘေားထားနှင့် ပြည်ထောင်စု စိတ်ဓာတ်များကို ပီပြင်ထင်ရှားစွာ တွေ့လာရပေသည်။ ဗိုလ်ချုပ်၏ ပြည်ထောင်စု စိတ်ဓာတ်သည် ဗိုလ်ချုပ်ပြောခဲ့သော မိန့်ခွန်းများတွင် ထင်ဟပ်လျက်ရှိပေသည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးရယူရာ၌ ဗမာပြည်ကိုသာမက တောင်တန်း ဒေသများကိုပါ ပူးပေါင်း၍တပြိုင်တည်း လွတ်လပ်စေလိုသည်။ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် ဗမာပြည်၏ ပြီးပြည့်စုံသော လွတ်လပ်ရေးဟု မယူဆပေ။ ဘဝတူ တိုင်းရင်းသားများကိုလည်း လွတ်လပ်စေလိုသည်။ ထိုသို့ ဆောင်ရွက်ခြင်းမှာ အခြားတိုင်းရင်းသားလူမျိုးများအရေးကို ဗမာများက စိုးမိုးခြယ်လှယ်ရန်အတွက် မဟုတ်ပေ။ တမျိုးသားလုံး၏ အကျိုးကို ရည်မျှော်ပြီး ဆောင်ရွက်ခြင်းသာဖြစ်သည်။ ဘဝတူ ညီအကို တိုင်းရင်းသားများသည် အကွဲကွဲအပြားပြား ဆောင်ရွက်နေခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အကျိုးများနိုင်မည်ဟုပင် ယုံကြည်သည်။ ပူးပေါင်းသည်ဆိုရာ၌လည်း မိမိသဘောဆန္ဒအလျောက် ပူးပေါင်းရေးကိုသာ လိုလားပုံကို အောက်ပါ မိန့်ခွန်း ကောက်နှုတ်ချက်များမှ သက်သေပြလျက်ရှိပေသည်။

ကျွန်ုပ်သည် ယခုဘုရင်ခံမင်းကြီးတိုက်ရိုက် အုပ်ချုပ်နေသောနယ်များပါ ဗမာပြည်နှင့်တပြိုင်တည်း လွတ်လပ်စေရန် ဆန္ဒရှိကြောင်း၊ ဖဆပလ ၌လည်း ဤအတိုင်းအတာထား၍၊ အမှုဆောင်ဝန်ကြီးများကလည်း ဤ အတိုင်းပင်ဖြစ်ကြောင်း (ဘုရင်ခံမင်းကြီးနှင့် တွေ့ဆုံရာတွင် ပြောကြားချက်မှ)

နယ်စပ်ဒေသများနှင့်စပ်လျဉ်း၍ အခက်အခဲရှိမည်မထင်ကြောင်း၊ ၄င်းတို့အား ကျွန်ုပ်တို့နှင့် အလိုအလျောက် ပူးပေါင်းရန် သဘောကျကြောင်း၊ သို့ရာတွင် အတင်းအကြပ် ပူးပေါင်းခိုင်းရန် မကြံရွယ်ပဲ ၄င်းတို့အနက်မှ အမှုဆောင်ဝန်ကြီးတဦး ခန့်ထားရန် သဘောတူခဲ့ကြောင်း။ (မန်ချက်စတာ ဂါးဒီယန်း သတင်းထောက်နှင့်တွေ့ဆုံရာတွင် ပြောကြားချက်မှ)

ဗမာပြည်လွတ်လပ်ရေးရပြီဟု မဆိုနိုင်ကြောင်း၊ တောင်တန်းနယ်များ ပြဿနာသာ ကျန်ရှိတော့ကြောင်း၊ တောင်တန်းနယ်များ မလွတ်လပ် သရွေ့ဗမာပြည်လွတ်လပ်ပြီဟု မဆိုနိုင်ကြောင်း၊ ဗမာများသည်တောင်တန်း လူမျိုးများကို ၄င်းတို့ဘာသာ အုပ်ချုပ် စေလိုကြောင်း၊ ဗမာများသည် ရှမ်း၊ ကချင်၊ ချင်းတို့၏ ပြည်တွင်းရေးကို စွက်ဖက်မည် မဟုတ်ကြောင်း (ပင်လုံတွင် ပြောကြားချက်မှ)

မြန်မာများသည် ဗြိတိသျှ၏ကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများသည် ဗြိတိသျှကျွန်အဖြစ် မရောက်စေလိုကြောင်း၊ ထို့ပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန်အဖြစ်လည်း မဖြစ်စေလို ကြောင်း (ပင်လုံတွင် ပြောကြားချက်မှ)

တိုင်းပြည်ကြီးပွားစေချင်ရင်- ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာ မဟုတ်ဘူး၊ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မည်(ရှမ်းစော်ဘွားများတည်ခင်းသည့် ထမင်းစားပွဲတွင် ပြောကြားချက်မှ)

၎င်းအပြင် မြန်မာနိုင်ငံတွင် တည်ရှိနေသည့် တိုင်းရင်းသားလူမျိုး များ၏ပကတိ အခြေအနေများကို နိုင်ငံတကာ အတွေ့အကြုံများနှင့် ပေါင်း စပ်ကာတင်ပြခဲ့သည့် ဗိုလ်ချုပ်၏ တိုင်းရင်းသားလူမျိုးများ အရေးနှင့်ပတ်သက်သည့် သဘောထားရေး ဆိုင်ရာများကိုလည်း ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံ မိန့်ခွန်းတွင် ပီပြင်စွာတွေ့မြင်ရပေသည်။ (ဗိုလ်ချုပ်၏ တင်ပြချက်များ)

ဒီနေရာမှာ လူမျိုးရေးကိစ္စကို ဆွေးနွေးလိုတယ်။ အင်္ဂလပ်လိုမှာ- (Nation or Nationality, Race, Tribe) အစရှိသည်အားဖြင့် လူမျိုးရေးတွေ ကိုအသီးသီးခေါ်ထားတာရှိတယ်။ (Nation or Nationality) ဆိုတာ အဓိပ္ပါယ်ကတော့ ဥပမာ- ဗြိတိသျှလူမျိုးဆိုရင် အင်္ဂလိပ်၊ စကော့၊ ဝေလ၊ အိုင်းရစ် လူမျိုးတွေပေါင်းထားတာကို ခေါ်တာပဲ။

အမေရိကန်လူမျိုးဆိုရင်လည်း ဥရောပလူမျိုးစုံ အမေရိကန်မှာ လာနေပြီး အမေရိကန်လူမျိုးလို့ခေါ်တဲ့ လူအားလုံးကို ခေါ်တာပဲ၊ ဒီတော့ (Nation) သို့မဟုတ် (Nationality) ခေါ်တဲ့ လူမျိုးကြီးကိုဆိုကြပါစို့- အဲဒီ လူမျိုးကြီးဆိုတာ ဘယ်လိုအချင်းအရာတွေနဲ့ပြည့်စုံမှ လူမျိုးကြီးလို့ခေါ်မလဲ။ အဲဒီလူမျိုးပြဿနာနဲ့ပတ်သက်ပြီး ဘယ်လို သရုပ်ဖေါ်ထားသလဲဆိုရင်လူမျိုး ကြီးဆိုတာ ရာဇဝင်အရဖြစ်ပွားပြီး၊ တည်တည်တံ့တံ့နေလာတဲ့သူ၊ ဘာသာစကားနဲ့၊ သူ့နယ်မြေနဲ့၊ သူ့စီးပွားရေးနဲ့၊ သူ့ယဉ်ကျေးမှု ပညာ ထုံးစံဓလေ့နဲ့  ညီညွတ်စည်းရုံးထားတဲ့ လူပေါင်းစုပဲလို့ သရုပ်ဖေါ်ပြခဲ့တယ်။ ဒီနေရာမှာ လူပေါင်းစုဆိုတာဟာ (A Nation is not a racial or Tribal community of people) လို့အတိအလင်းဖေါ်ပြထားတယ်။ အဓိပ္ပါယ်ကတော့ လူမျိုးကြီးဆို တာ အသွေးအဆင်တူတဲ့ (Race) တို့ (Tribe) လို့ခေါ်တဲ့ လူမျိုးစုမျိုးမဟုတ် ဘူး၊ အဲဒီ (Race) တို့ပေါင်းစပ်ထားခြင်းဖြစ်တယ်လို့ ရှင်းလင်းပြန်တယ်။ x x x

ဒါဖြင့် အဓိပ္ပါယ်က ဘယ်လိုသဘောလဲ။ လူမျိုးကြီးဆိုတာ အချင်း ချင်းပေါင်းသင်းနေရင် (Ragional autonomy) ဆိုတဲ့ နယ်မြေအရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြီး၊ ခွဲထွက်ခွင့်ပါရထိုက်သတဲ့ (The right of self-determi-nation means that a nation can arrange its life according to its own will. It has the right to arrange its own life on the basis of autonomy. It has the right to enter into federal relation with other nation. It has the right to complete secession) လို့ဆိုထားတယ်။ ဒါပေမယ့် ဆက်ပြော ထားတာ ရှိသေးတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လူမျိုးကြီးဆိုတာတိုင်း ရထိုက်တယ်ဆိုပေမယ့် နေရာတကာမှာ အမြဲတမ်း မဟုတ်ဘူး ကောင်းကျိုး လုပ်ဖို့သာဖြစ်တယ်။ ဆိုးကျိုးလုပ်ဖို့ မဟုတ်ဘူးဆိုတာ ပြောထားတယ်။ လူမျိုး အချင်း ချင်းချယ်လှယ်လွှမ်းမိုးမှု၊ နှိပ်စက်မှု မဖြစ်ရအောင် ဒီအခွင့်အရေးမျိုးကို လူမျိုးကြီးတိုင်းကို ပေးထားတာပဲ။

ဒါတွေအားလုံးðခံလိုက်တော့ ဘာအဓိပ္ပါယ်ထွက်သလဲဆိုရင် လူမျိုး ကြီးဆိုတာ အချင်းချင်းပေါင်းကြရင် ကိုယ်ပိုင်ပြဌာန်းခွင့်အရ ပေါင်းကြ။ ဒါပေ မယ့် နေရာတကာ အချိန်အခါတိုင်းမှာ အခြေအနေအကျိုးအကြောင်းကို မထောက်ပဲ အရမ်းကိုယ်ပိုင်ပြဌာန်းခွင့် မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါက (Nation or Nationality) ဆိုတဲ့လူမျိုးကြီးများနှင့်ပတ်သက်ပြီးသိသင့်သိထိုက်သော သဘောတရားတွေပဲ။ ပြီးတော့ -
x x x ဒီဟာတွေကတော့ လူမျိုးရေးလူနည်းစုအခွင့်အရေးတွေနှင့် ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အချက်တွေပဲ။ ပြီးတော့ လူမျိုးရေး လူနည်းစုဆို တာ လူဦးရေးဘယ်လောက်ရှိမှ လူမျိုးရေးလူနည်းစုခေါ်မလဲဆိုတာကို သိဖို့ လိုတယ်။ အရင်စစ်မဖြစ်ခင်ရှိခဲ့တဲ့ နိုင်ငံပေါင်းစုံအသင်းချုပ်ကြီးက သရုပ်ပြဌာန်းထားတာကတော့ လူမျိုးရေးလူနည်းစုဆိုတာ လူမျိုးရေးလူများစုရဲ့ ငါးပုံတပုံလောက်ရှိမှ လူမျိုးရေးလူနည်းစုလို့ ခေါ်နိုင်မယ်လို့ ဆိုထားတယ်။ ဘာပြုလို့လဲဆိုတော့ ရှမ်းပြည်မှာ လူမျိုးပေါင်း (၂ဝ-၃ဝ)လောက်ရှိတယ်။ အဲဒီလိုသာ လူမျိုးကွဲတိုင်း လျှောက်ခေါ်နေရင် ဆုံးမှာမဟုတ်ဘူး။ ဒါကြောင့် လူဦးရေ သတ်မှတ်ရတာပဲ။ သို့ပေမယ့် ဗမာပြည်အဖို့မှာ လူမျိုးရေး လူများစုရဲ့ ငါးပုံတပုံဆိုတာကတော့ များလွန်းအားကြီးတယ်ထင်တယ်။ ဆယ်ပုံတပုံ လောက်ရှိရင်ပဲလူမျိုးရေးလူနည်းစုလို့ ခေါ်သင့်တယ်လို့ ကျနော်ယူဆတယ်။ လူမျိုးရေး၊ လူများစုရဲ့ ငါးပုံတပုံရှိမှ လူမျိုးရေးလူနည်းစု ဆိုရင်တော့ ဗမာပြည်မှာ လူမျိုးရေး၊ လူနည်းစုကို မရှိနိုင်တော့ဘူး။

x x x ဒီတော့ လူမျိုးရေးပြဿနာနဲ့ပတ်သက်ပြီး ကျနော် တော်တော်စုံစုံ လင်လင်ပြောပြပြီးတဲ့နောက် ကျနော်တို့ ဗမာပြည်သစ်ကို တည်ထောင်တော့ ပြည်ထောင်စုသဘောတည်ထောင်မလား၊ လူမျိုးကြီးတမျိုးတည်းပဲဆိုတဲ့ တိုင်းပြည်မျိုး (Unitary State) တည်ထောင်မလားဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုတယ်။ ကျနော့်အမြင်အရဆိုရင်တော့ အထက်ကဆိုခဲ့တဲ့ လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ်မှတ်ပေးပြီးတော့ (Unitary State) လူမျိုးကြီးတမျိုးဆိုတဲ့ နိုင်ငံမျိုးတော့ ထောင်လို့မဖြစ်ဘူး။ ပြည်ထောင်စုသဘောမျိုးပဲဖြစ်မှာပဲ။ ဒါပေမယ့် ပေါင်းကာမှ ဆေးအတွက် လေးဆိုတဲ့ ပြည်ထောင်စုမျိုးတစိတ်တဒေသက တခုလုံးကို ဆန့်ကျင်တဲ့ ပြည်ထောင်စုမျိုးဆိုရင်တော့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ပြည်ထောင်စုဟာ စီးပွားရေးတိုးတက်မှုကို စုပေါင်းပြီး စနစ်တကျ စီစဉ်နိုင်မယ့် ပြည်ထောင်စုမျိုး ဖြစ်ရမယ်။ ဒါမှ လူမျိုးအားလုံး တိုင်းသူပြည်သားအများဆုံး တိုးတက်မှုကို လုပ်နိုင်မှာပဲ။ ပေါင်းတယ်ဆိုတာ အချင်းချင်း ကောင်းကျိုးရှိအောင် ပေါင်းကြတာဖြစ်ပြီး ဆိုးကျိုးရှိအောင် ပေါင်းတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဒီလိုလူမျိုးရေး ပြဿနာနဲ့ပတ်သက်ပြီး နောက် အကြောင်းပေါ်ရင် ပေါ်သလို ဆွေးနွေးသင့်ရင် ဆွေးနွေးပါအုံးမယ်။ အခု မိန့်ခွန်းမှာတော့ ဒီ လောက်နဲ့ပဲတော်လောက်ပြီလို့ ကျနော်ယူဆတယ်။ (ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမိန့်ခွန်းမှ)

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သောနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးများအပြင် အခြားလူမျိုးအများအပြားလည်း စုဖွဲ့ပေါင်းစည်း နေလျက်ရှိကြပေသည်။ မြန်မာနိုင်ငံတွင် နေထိုက်လျက် ရှိကြသောလူမျိုးများ၏ အခြေအနေမှာလည်း စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုအားဖြင့် မညီမညာ အဆင့်ဆင့် ကွဲပြားခြားနားပြီး အချို့မှာ အလွန်ခေတ်နောက်ကျလျက် ရှိကြပေသည်။ ထို့ကြောင့် လူမှုရေးပုံစံစနစ်များအစ ယဉ်ကျေးမှုထုံးတမ်း ဓလေ့များနှင့် နေထိုင်ပုံများပါ ကွဲပြားလျက်ရှိပေသည်။ ဤကဲ့သို့စီးပွားရေးနှင့်ဖွံ့ဖြိုးမှု အဆင့်ဆင့်ကွဲပြားမှုသည် လူမျိုးတမျိုးနှင့်တမျိုး နားလည်မှုလွဲမှားပြီး မယုံ မကြည်မှုများကို ပေါ်ပေါက်စေနိုင်ပေသည်။

ထို့အပြင်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစသည့်ဖွံ့ဖြိုးတိုးတက်ရေး အားဖြင့် အဆင့်ဆင့်ကွဲပြားနေပြီး အချို့မှာ အလွန် ခေတ်နောက်ကျလျက် ရှိနေခြင်းကြောင့်ယင်းအခြေခံများနှင့်ကိုက်ညီသောတိကျသည့်သဘောထား မူဝါဒတရပ်ကို ချမှတ်အကောင်အထည်ဖေါ်နိုင်ရေးသည်လည်း အလွန်ခက်ခဲ နက်နဲသောပြဿနာတရပ်ဖြစ်ပေသည်။ မည်သို့ပင်ရှိစေ ဤပြဿနာကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ပကတိအခြေအနေနှင့် ကိုက်ညီစွာ လက်တွေ့ကျကျ ဖြေရှင်းပေးခဲ့ပေသည်။ တနည်းအားဖြင့် ဗိုလ်ချုပ်၏ ပြည်ထောင်စု(ဝါ) တိုင်းရင်းသားလူမျိုးများအပေါ် သဘေားထားကိုလည်း လက်တွေ့ပြသရာလည်း ရောက်ပေသည်။

ဒေါက်တာတင့်ဆွေ
http://union-affairs.blogspot.in/

Signature Psychology လက်မှတ်စိတ္တဗေဒ

လူတယောက်ရဲ့လက်မှတ်ဟာ သူ့ရုပ်ပုံဖြစ်တယ်။(စနက်ပ်ရှော့) ဖြစ်တယ်။ သူ့ (ဆယ်လ်ဖီ) ဖြစ်တယ်။ လက်မှတ်ပုံစံ၊ စာလုံးအကြီးအသေး၊ ထင်ထင်ရှားရှား၊ မထင်မရှား၊ ပြတ်ပြတ်သားသား၊ မှုံဝါးဝါး၊ အကောက် အဖြောင့် စတာတွေကို ကြည့်ပြီး လက်မှတ်ပိုင်ရှင်အကြောင်း မှန်းသိနိုင်တယ်။ အဆုံးမှာ အစက်အပျောက်ချတာ၊ အောက်မှာမျဉ်းဆွဲတာ၊ ဒေါင့်ကျတာ၊ အစဆုံးစာလုံးနဲ့ အဆုံးစာလုံးတွေကိုလည်း ကြည့်ရတယ်။ ရိုးသားမှု၊ ဆက်သွယ်ရေးကောင်းမွန်မှု၊ ဖန်တီးနိုင်စွမ်း၊ စိတ်လှုပ်ရှားမှု၊ ကိုယ့်ကိုယ်ကိုယုံကြည်မှု စတာတွေကလည်း သိနိုင်တယ်။ သူ့အကြောင်းဆိုတာထက် သူကနေသူများတွေကိုပြလိုတာလို့ပြောရင် ပိုမှန်တယ်။

လက်မှတ်အောက်မှာ မျဉ်းလေးတကြောင်းတည်းဆွဲသူမျိုးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တတ်သူ။ အစဉ်အလာ ယုံကြည်စရာနဲ့ တန်ဘိုးထားမှုတွေကို လိုက်နာသူဖြစ်မယ်။ အဲဒီမျဉ်းက နည်းနည်းကောက်နေရင် သူများတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားချင်သူဖြစ်မယ်။ (ဇစ်ဇက်) လိုဖြစ်ရင် သူ့အမူအယာ မသေချာတတ်သူဖြစ်မယ်။ (ဇစ်ဇက်) ရှည်လေ အဲမသေချာမှု ကဲလေ။ ရှေ့သွားလိုက်နောက်ပြန်လိုက်ဆိုရင် စိတ်ရှုတ်ထွေးမှုရှိသူဖြစ်မယ်။ လှိုင်းလိုတွန့်နေရင် ဟာသသဘောရှိတဲ့သူ။

လက်မှတ်အရွယ်အစားဟာ သူများကသိစေလိုတာကိုညွှန်းတယ်။ သူ့ကိုသိစေချင်ရင် ကြီးကြီးထိုးတယ်။ မသိလည်း နေပါစေသမားက သေးသေးထိုးတယ်။ ကဲလွန်ရင် အဲဒီသဘောမျိုးက လွန်ကဲတယ်။ လက်မှတ်ကို ထင်းထင်းကြီးထိုးရင် သူ့ဆိုင်းဘုတ်ကို တင်နေသူမျိုးဖြစ်မယ်။ အစက်အပျောက်ချတဲ့သူဟာ သူများတွေနဲ့ မတူထူးလို့ပြဆိုတာ ဖြစ်တယ်။ မျဉ်းဆွဲတာမှာ လက်မှတ်ထိုးစာရွက်တောင် ကျော်သွားအောင်ဆွဲသူမျိုးဟာ ဖန်တီးတတ်သူဖြစ်မယ်။ ဉာဏ်လည်း သုံးတတ်သူဖြစ်မယ်။

မထိုးအပ်တဲ့ လက်မှတ်အမျိုးအစားများ
၁။ Strike-through signature လက်မှတ်ကို ဖြတ်မျဉ်းဆွဲခြင်း
ပုံပါလက်မှတ်ပိုင်ရှင်ဟာ သူ့ကိုသူသတ်သေသွားတဲ့မိန်းကလေးတယောက်ဖြစ်တယ်။ ၂ဝဝ၈ ခုတုံးက ဘုံဘေမှာပါ။

၂။ Camouflage signature ကိုယ်ဖျောက်လက်မှတ်
လက်မှတ်ကြည့်ရတာတော့ရှင်းတယ်။ ပဌမစာလုံးနဲ့ စက်ဝိုင်းပါတယ်။ ဆွဲနည်းကမမှန်ဘူး။ အဲတာက ပဌမစာလုံးကို ဖျောက်ထားတာ။ သူ့ကိုယ်သူ ကိုယ်ရောင်ဖျောက်ဘို့ကြိုးစားတယ်။ သူ့ကို ထိခိုက်လာမှာကို အလွန်စိုးရိမ်တယ်။ လူပေါင်းသိပ်မဆန့်ဘူး။

၃။ Small signature လက်မှတ်သေးသေး
ကိုယ်ကိုယ်ကိုယုံကြည်မှု နည်းတယ်။

၎။ Trace-back signature မျဉ်းနောက်ပြန်ဆွဲလက်မှတ်
အချိန်တော်တော်များများ သူတို့အတိတ်ထဲကနေထွက်မလာသူမျိုး။ စိတ်ထဲမှာ အတိတ်ကြောင်း ကောင်းကောင်းဆိုးဆိုး လွှမ်းမိုးနေတယ်။

၅။ Scribbled signature သုတ်သီးသုတ်ပြာ
အကွေ့တွေများတယ်။ ပြာလောင်ခတ်နေတတ်တယ်။ လက်ထက် စိတ်ကပိုမြန်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆

Genital Herpes Antiviral Medicines လိင်လမ်းရေယုံဆေးများ

ဆရာခင်ဗျာ ကျွန်တော်သည် အသက် ၅၂ ရှိအမျိုးသားပါ။ ရေယုံလိင်အင်္ဂါရောဂါအတွက် ယခင်က acyclovir သောက်နေပြီးယခု valacyclovir ပြောင်းသောက်ပါသည်။ တလနင့် ၁ဝ ရက်ခန့်ကြာလျင် ပြန်ပေါ်လေ့ရှိပါသည်။ အမြဲသောက်နေရသည်မှာ ၃ နစ်ကျော်ပါပြီခင်ဗျာ။ ကြာလျင် ကျေက်ကပ်ပျက်စီးထိခိုက်နိင်ပါသလားခင်ဗျာ။ နောက်ထပ်ဘယ်နယ်နှစ်ခန့်အသက်ရှင်နေနိင်ပါသလဲ။ သက်သာစေသောတိုင်ရင်ဆေးများရှိပါသလားခင်ဗျာ။ လေးစားစွာဖြင့် အကူညီတောင်းခံအပ်ပါသည်။

ကျောက်ကပ်ကို စစ်ဆေးမှသာ သိပါမယ်။ ဗိုင်းရပ်စ်ဆေး ဘေးထွက်ဆိုးကျိုးတွေက မဆိုးလှပါ။ တိုင်းရင်းဆေးတွေကို မသိပါ။ မသင့်ပါ။

လိင်လမ်းရေယုံအတွက် အများဆုံး ဆေး (၃) မျိုးသုံးကြတယ်။
၁။ Acyclovir (Zovirax)
၂။ Famciclovir (Famvir) နဲ့
၃။ Valacyclovir (Valtrex) တွေဖြစ်တယ်။

အားလုံးက ထိရောက်ပါတယ်။ နံပါတ် (၁) ကို ပိုသုံးတယ်။ အစာလမ်းကစုပ်ယူတာချင်း မတူလို့ပါ။ ပါးစပ်ကသောက်ရတာ ပိုသုံးပြီး သွေးကြောထဲထိုးတာလဲရှိတယ်။ Acyclovir (Zovirax ointment) လိမ်းဆေးလဲရှိတယ်။ ထိရောက်မှု အသင့်အတင့်သာရှိတယ်။ စဖြစ်နေသူ၊ ပြန်ပြန်ဖြစ်နေသူ၊ ထပ်မဖြစ်စေချင်လို့ တားထားချင်သူတွေ သုံးနိုင်ကြတယ်။ ချက်ချင်းဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာလဲ သုံးနိုင်တယ်။ မွေးကာနီး နောက်ဆုံး ၂ လ မှာသုံးနိုင်တယ်။ ခုခံအားကျနေသူတွေလဲ သုံးနိုင်တယ်။

စဖြစ်ဖြစ်ချင်းကိုပေးရင် ဖြစ်တာသက်သာစေမယ်။ ပျောက်တာ မြန်စေမယ်။ ၅-၇ ရက် ပေးတယ်။ ခံစားရတာ သက်သာတဲ့အထိလဲပေးတယ်။ ပြန်ဖြစ်နေတာအတွက်လဲပေးတယ်။ တနှစ်အတွင်းမှာ ၆ ခါလောက်အထိ ပြန်ဖြစ်နေသူက တနေ့ ၁ ကြိမ်နှုန်းနဲ့သောက်နေနိုင်တယ်။ တလင်တမယားမှာလဲ နှိမ်ထားတဲ့သဘောနဲ့ တနေ့ ၁ ကြိမ်ဆက်သောက်နေနိုင်တယ်။

ကိုယ်ဝန်ဆောင်အတွက် Acyclovir သောက်ဆေးပေးတယ်။ စဖြစ်တာအတွက်ရော၊ ပြန်ဖြစ်လာတာအတွက်ပါ ပေးတယ်။ ကိုယ်ဝန် နုနု ရင့်ရင့်ပေးနိုင်တယ်။ သိပ်ဆိုးရင် သွေးကြောထဲထိုးပေးနိုင်တယ်။ မွေးဖွါးချိန်မှာ မွေးလမ်းမှာ Genital herpes blister or sore အနာရှိနေရင် ဗိုက်ခွဲမွေးပေးသင့်တယ်။ ကိုယ်ဝန်ဆောင်နေတုံးမှာ ၄ ပါတ်ကြာဆေးသောက်ထားရင် ဗိုက်ခွဲရမဲ့ အခွင့်အလမ်းနည်းစေတယ်။ HIV ရှိနေရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

Acyclovir ဘေးထွက်ဆိုးကျိုးတွေဟာ သာမန်သာရှိတယ်။ ဆေးဖြတ်တာနဲ့ သက်သာသွားမယ်။ မအီမသာဖြစ်၊ ခေါင်းကိုက်၊ ပျို့-အန်၊ ဝမ်းပျက်။ အစားပျက်၊ ဗိုက်အောင့်၊ ခြေ-လက်ရောင်။ စိတ်ကြမ်းတမ်း၊ စိတ်တို၊ သတိမေ့၊ စိတ်ရှုတ်ထွေး၊ ခေါင်းမူး၊ ကယောင်ခြောက်ခြား စတဲ့ အာရုံကြောစနစ်ဆိုင်ရာ အပြောင်းအလဲမျိုး ခပ်ရှားရှား ဖြစ်တတ်တယ်။ သွေးဖိအားကျနိုင်တယ်။ ဆေးလိမ်းရာနေရာမှာ ဆံပင်ကျွတ်၊ အရေပြားနီ၊ ယားယံ စတဲ့အရေပြား အပြောင်းအလဲတွေလဲ ဖြစ်တတ်တယ်။ သွေးအားနည်း၊ သွေးခဲခြင်း စတဲ့ သွေးအပြောင်းအလဲတွေလဲ ရှိတတ်တယ်။ အသဲအပြောင်းအလဲတွေလဲ တွေ့နိုင်တယ်။

Famciclovir ဘေးထွက်ဆိုးကျိုးတွေ = အားနည်း၊ စိတ်ရှုတ်၊ အစားပျက်၊ အန်၊ ရင်တုန်၊ ကိုယ်ရေင်၊ ဝမ်းပျက်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊ ယား၊ ထုံ-ကျင်။

Valacyclovir ဘေးထွက်ဆိုးကျိုးတွေ = ကိုယ်ပူ၊ သွေးယို၊ အရေပြားအနီစက်၊ ဝမ်းထဲသွေးပါ၊ အန်၊ အသားဝါ၊ အားနည်း၊ အိပ်ချင်၊ ရေငတ်၊ အစားပျက်၊ ကိုယ်ရောင်၊ စိတ်ရှုတ်၊ စိတ်တို၊ အာရုံစူးစိုက်မရ၊ တက်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆

Handicapped အင်္ဂါမစုံတာ ဒုက္ခိတ

ကျွန်တော့်ပို့စ် Alphabet အက္ခရာမှာ ကွန်မင့်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။

သတင်းကို ရေဒီယိုကနေ နှစ်ခါပြန်နားထောင်လိုက်ပါတယ်။ အဲတာကြောင့် ဒုက္ခိတဖြစ်ရတော့မယ်လို့သာရေးပြီး သေတော့မယ်လို့မရေးပါ။

ဆေးကျောင်းမှာ ဆေးပညာစာတွေအကုန်ပါတဲ့ စာအုပ်ထူထူကြီးတွေသုံးရတယ်။ ဒါပေမယ့် အကုန်လုံးစေ့ပတ်စေ့ မသင်ပါ။ မြန်မာဖတ်စာမှာလည်း စာအုပ်ထဲပါသမျှ အပုဒ်တိုင်းကိုမသင်ပါ။ သင်မယ့်စာကိုသာ ကျောင်းသုံးစာအုပ်ထဲ ထည့်မယ်ဆိုရင်တော့ တစ်ကြိုတို့ အောင်ရမည်တို့ကထုတ်တဲ့စာအုပ်ကိုသာ ပြဋ္ဌာန်းပေတော့ဗျာ။

ကလေးတွေ စာဆိုတာနဲ့စတွေ့ချိန်မှာ အင်္ဂါစုံတာကိုသာ တွေ့စေချင်တယ်။ သင့်တာကိုရွေးသင်တာက တမျိုးပါ။ ကျွန်တော်က ကိုယ်ဝန်ဆောင်တို့၊ သွေးနုသားနုတို့ကို မွေးရာပါချို့ယွင်းချက်အကြောင်းစာတွေကို မဖတ်ပါနဲ့လို့ အမြဲသတိပေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆

Alphabet အက္ခရာ

သတင်း = သူငယ်တန်းမြန်မာစာ သင်ပုန်းကြီးဖတ်စာသစ်မှာ ဗျည်း (၃၃) လုံးအစား (၈) လုံးဖြုတ်ပြီး ဗျည်း (၂၅ ) လုံးဖြင့်သာ သင်ကြားမည့်အစီအစဉ်

အဘိဓာန်မှာ Alphabet = အက္ခရာ၊ ဗျည်းသရအက္ခရာလို့ ဘာသာပြန်တယ်။ ဗျည်း၊ သရ၊ အက္ခရာ၊ မတူကြပါ။

ဘာသာစာတခုတိုင်းမှာ အက္ခရာအရေအတွက် သတ်သတ်မှတ်မှတ်ရှိတယ်။ မြန်မာစာမှာ ရုရှားနဲ့အတူတူ (၃၃) လုံး ရှိတယ်။ အင်္ဂလိပ်စာမှာ ဂျာမန်နဲ့အတူတူ (၂၆) လုံးရှိတယ်။ စပိန် (၂၉) လုံးနဲ့ ဟင်ဒီ (၁၁) လုံးရှိကြတယ်။ တရုပ်စာကို Characters သင်္ကေတစာလို့ခေါ်တယ်။ သုံးထောင်ကျော်ရှိတယ်။ ဂျပန်စာကလည်း နှစ်ထောင်ကျော်ရှိတယ်။

ပညာရေးကိုလက်တည့်စမ်းသူတွေလက်ချက်နဲ့ မြန်မာစာ ဒုက္ခိတဖြစ်ရတော့မယ်။

• ဈေးသည်ဈေးဝယ် ကွယ်၊ ဈေးပေါင်ကျိုး အရိုးရောဂါထင်မှားမိ၊ ဈေးချို မန္တလေးမှာမလိုတော့လားမသိ၊
• ဈာပနကို အသုဘလို့မသိ၊ ဈာန်တရားမရ၊ ဈာန်ပျံမကြွ၊ မဇ္ဈိမဒေသ ဘုရားဖူးမသွားကြ၊ မဇ္ဈိမပဋိပဒါတရား ကျင့်ကြံဘို့မလိုတော့တာလား။

• ဃနာနို့ဆွမ်း ဘာမှန်းမသိ၊ သံဃာ လာတရားမဟောနဲ့၊ ဃရာဝါသအမှုသာပြု၊

• ဥက္ကဋ္ဌမရှိ၊ ဒုဥက္ကဋ္ဌဘယ်သူဖြစ်လာမှန်းမသိ၊

• ဋီကာကျော် မကျော်တော့၊ ဋီကာချဲ့မရ၊

• ပါဠိ အနိစ္စရောက်သွားရ၏။ ဝေဠုဝန်ကျောင်းတော်ကြီး ကွယ်ပျောက်သွားတော့သတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆