မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, March 31, 2016

Cyber and Sidecar ဆိုက်ဘာနဲ့ ဆိုက်ကား

မုံရွာမှာ ဆိုက်ကား အင်အားပြနေကြသတဲ့။ အမေရိကားမှာ အိုဘားမားတက်တုံးက ဆိုက်ကားနဲ့ ထောက်ခံတာမရှိခဲ့ပါ။

၃ဝ-၃-၂ဝ၁၆ နေ့က သမ္မတအဟောင်းကနေ မြန်မာနိုင်ငံရဲ့ သမ္မတအသစ်ကို အဆောင်အယောင်လွှဲပြောင်းပေးတဲ့ဓါတ်ပုံ တွေ့လိုက်ရတယ်။ ရွှေစလွယ်ထင်ပါရဲ့။

အမေရိကားမှာတော့ ယူအက်စ် နူကလီယာလက်နက်များ အမိန့်ပေးခြင်း၊ ထိန်းချုပ်ရေး၊ စိတ်ချရေးနဲ့ လုံခြုံရေးအရ အမေရိကန်သမတဟာ အွန်လိုင်း နူကလီယာ ပစ်လွှတ်ရေးစနစ်ကို အလွယ်တကူ ဝင်ရောက်ခွင့်ရှိတယ်။ အဲဒီ အောင်မြင်တဲ့ အာဏာပေးခြင်းစနစ်ဟာ လုံးဝစိတ်ချရပြီး၊ Foolproof Presidential Retinal Scan System လို့ခေါ်တယ်။

အမေရိကန်စစ်တပ်အရာရှိတဦးကနေ အဲဒါထည့်ထားတဲ့ အထူးပြုလုပ်ထားတဲ့ ဘရိကေ့စ်ကိုဆွဲပြီး သမတဘယ်သွားသွား လိုက်ပါရတယ်။ အဲဒီလက်ဆွဲသေတ္တာကို Football ဘောလုံးကွင်းလို့ ခေါ်တယ်။ အဲတာထဲမှာ နေ့စဉ်ပြောင်းပေးထားတဲ့ ပစ်လွှတ်ရေးကုဒ်ပါတယ် ပစ်မှတ်တွေပါတယ်။ တိုက်ခိုက်ရေးအခြေပြပါတယ်။ တိုက်ခိုက်မှုလုပ်မယ်ဆိုရင် အမေရိကန် သမတဟာ သူ့ဘယ်သူဆိုတာကို အထောက်အထား ကုဒ်ပြောရမယ်။ အဲဒီကုဒ်ပါတဲ့ ပလပ်စတစ်ကပ်ပြားလေးကို ဘီစကစ်လို့ခေါ်တယ်။ အဲတာကိုတော့ သမတက သွားလေရာယူသွားရတယ်။

ကနေ့တော့ အဲဒီ ဘောလုံးကွင်းနဲ့ ဘီစကစ်ကခေတ်နောက်ကျသွားကြပါပြီ။ အိမ်ဖြူတော် ဆိုက်ဘာလုံခြုံရေးစနစ်သစ်အရ နေ့တိုင်းနေ့တိုင်း အွန်လိုင်းကနေ သမတဝဘ်ဆိုက်မှာ ကုဒ်ကို ဖတ်လို့ရတယ်။ ဒါပေမယ့် သမတရဲ့ မျက်စိမြင်လွှာစကန်နဲ့ ကာကွယ်ထားပါတယ်။

အမေရိကားမှာ ဆိုက်ဘာ၊ ကျွန်တော်တို့ဆီမှာ ဆိုက်ကား။ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်။ မြန်မာ့ဆိုက်ဘာခေတ်ကို ဖွင့်ပေးတာနဲ့လည်းတူတယ်။

ဒေါက်တာတင့်ဆွေ
၁-၄-၂ဝ၁၆

Our valued costume ဒုတိယ ပင်နီခေတ်

မင်္ဂလာပါဆရာ၊ ပင်နီဆိုတဲ့စကားလုံးသမိုင်းကြောင်းလေး အားရင်တင်ပေးပါ။ ပင်နီတွေရောက်လာပြီလို့ ဆရာ ခုနက တင်ထားတာတွေ့လို့ပါ။ ကျေးဇူးတင်ပါတယ်။ မျိုးသန့်၊ ကျား ၅၅ နှစ်၊ ဗိုလ်တထောင်၊ ရန်ကုန်။

- ကုမ္မာရီအပျိုစင်များမှာ မျိုးချစ်စိတ်တွေထက်သန်လာကြပြီ၊ ဝတ်ကြဆင်ကြပါသည်၊ တို့ဗမာဖျင်နီ၊ တို့ဗမာဖျင်နီ၊ အမော်အကြွားအတုအပ တခုမျှမရှိကြပါသည်၊ ယခုမှ သတိရလေတော့သည့့်

ပင်နီဖျင်၊ ပင်နီအင်္ကျီနဲ့ ယောထဘီတွေကို ရှေးပဝေသဏီကတည်းက ဝတ်ဆင်ခဲ့ကြတယ်။ စိုက်ပျိုးရေးသာအားကိုးရပြီး၊ တခြားနိုင်ငံတွေနဲ့လည်း ခရီးမပေါက်ခင်ကာလမှာ သဘာဝထွက်နဲ့သာ လူလုပ်ခဲ့ကြတယ်။ စားစရာကို အောက်အရပ်နဲ့ ဝတ်စရာကို အညာဒေသကနေ စိုက်ပျိုးထုတ်လုပ်ပေးခဲ့ပါတယ်။ မုတ်သုန်ဥတုရှိတဲ့တိုင်းပြည်မှာ ဖျင်ထည်-ခြည်ထည်ဟာ အကောင်းဆုံးဖြစ်တယ်။ အေးလွန်းတဲ့အခါလည်း
- မပူပေါင်နောက်ဆီကချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလ၊ လွှမ်းတဲ့လို့လွှားကာခြုံ့ လုံခဲ့ကြတယ်။

ကျွန်တော်ငယ်ငယ်က ပုလဲနဲ့ မုံရွာမှာ ပင်နီသုတနည်းနည်းရခဲ့ပါတယ်။ ပင်နီဆိုတာ ချည်ဖြူကို ဆေးနီဆိုးထားတာ မဟုတ်ပါ။ ပင်ကိုယ်အနီဖြစ်ပါတယ်။ ဝါအဖြူနဲ့ ဝါအနီလို့ရှိတယ်။ ဝါနီက ဂွမ်းထွက်လျော့ပြီး အမွှေးလည်းတိုတယ်။ ဝါဖြူပင်ထက် ကြုံလှီတယ်။ ဝါပင်တရာမှာ ဝါနီတပင်နှစ်ပင်သာပါလေ့ရှိတယ်။ ဝါကောက်ခါစမှာ အရောင်မရင့်သေးပါ။ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလမှာ ဝါကောက်ပြီး မြေအိုးကလေးထဲ သိပ်ပြီးနှပ်ထားရတယ်။ တပို့တွဲ၊ တပေါင်းကျတော့ အိုးထဲကနေထုတ်ယူပြီး၊ ဝါကြိတ်၊ ကြိတ်ပြီးရင် ဝါဖန့်၊ ချည်ငင်ပြီး ရက်တော့ ပင်နီဖျင်အုပ်ဖြစ်လာပါတော့တယ်။

ပင်နီအစ ဝိုင်အမ်ဘီအေကလို့ဆိုကြတယ်။ ဝံသာနုခေတ်မှာ အမျိုးသားရေးဝိသေသလက္ခဏာအဖြစ် ပေါ်ထွန်းခဲ့တယ်။ နိုင်ငံခြားဖြစ်အသုံးအဆောင်တွေကို ဆန့်ကျင်ပြီး ရိုးရာပင်နီအင်္ကျီနဲ့ ယောလုံချည်၊ ယောထဘီတွေကိုသာ ဝတ်ဆင်ကြဖို့ လှုံ့ဆော်မှုတွေနဲ့အတူ ကျယ်ပြန့်ခဲ့ပါတယ်။ လူကြီးတွေ၊ လူပျိုတွေ၊ အပျိုတွေပါ အမြတ်တနိုးဂုဏ်ယူဝတ်ဆင်ကြသည်။ ပင်နီဝတ်သူကို ဝံသာနုစိတ်ရှိသူလို့ သတ်မှတ်ခဲ့ကြတယ်။ သပိတ်မှောက်ကျောင်းသားကြီးတွေက ပင်နီကိုဝတ်ပြီး တရားဟောကြတယ်။ အမျိုးသားကျောင်းတွေက ဆရာ၊ ဆရာမတွေကလည်း ပင်နီဝတ်ပြီးစာသင်တယ်။ သခင်တွေက ပင်နီကိုဝတ်ပြီးနိုင်ငံရေးလုပ်တယ်။ ကျောင်းသားခေါင်းဆောင်အောင်ဆန်းလည်းပါတယ်။ အမျိုးသားပညာဝန် ဦးဖိုးကျားနဲ့ ဒီးဒုတ်ဦးဘချိုတို့လည်းပါတယ်။ အထင်ရှားဆုံးပုဂ္ဂိုလ်ကတော့ သခင်ကိုယ်တော်မှိုင်းဖြစ်တယ်။ အဲတာကို ပင်နီတခေတ်ဆန်းခြင်းလို့ ခေါ်ပါတယ်။

- မောင်တို့ရွာမှာ ဘာတွေပေါပါလိမ့်၊ ပင်နီချောနဲ့ ယောထဘီ၊ ပင်အင်္ကျီမှာ ကြွေတွေစီလို့
- အင်္ကျီပါးကိုပယ်မည်၊ ယနေ့ပင် ဝတ်မည်ပင်နီ့
- ကမ္ဘာတွင် မြန်မာမျိုးတို့ ဓမ္မာရိုးအစဉ် ဖျင်ပင်နီနှင့် ဆင်ထဘီ တဘက်ကြမ်းတို့ကို ရက်ကန်းတွင် လွန်းပြန်ထိုးပါလို့ ပန်းဆိုးကာ ကိုယ်စီဝတ်ကြရ မိုးစွတ်နှင့်နေပူခံ့

ခုခေတ်နိုင်ငံရေးမှာ ပြောစရာတွေရှိလို့ ပြောကြရေးကြတယ်။ လူထုဒေါ်အမာက ပင်နီဆိုတာ ပင်ကိုယ်ကနီနေတယ်။ ပေါ်ပင်နိုင်ငံရေးလုပ်သူတွေကို ဆိုးဆေးပင်နီဝတ်တဲ့သူတွေ၊ ပင်နီအတုတွေလို့ ကဲရဲ့ကြတယ်။

ပင်နီချည်စကို ချုပ်မဝတ်ခင်မှာ ပျော့ပျောင်းအောင် ရေစိမ်ပေးရသေးတယ်။ ငယ်ငယ်က မုံရွာအိမ်မှာ မိဘတွေအဲလို တကူးတကလုပ်ခဲ့ကြရတာကို မှတ်မိနေတယ်။ ဆေးကျောင်းသားအထိ ပင်နီတိုက်ပုံဝတ်ရတယ်။ ခေတ်ကာလအလျှောက် ပင်နီအစစ် ဝတ်ကြတာတော့နည်းပြီ။ ပင်နီချော၊ ပင်နီရောင်နဲ့ ဒီဇိုင်နာပင်နီထည်တွေကိုဝတ်နေကြပြီ။ အဲတာအထိတော့ လိုက်မပြောလိုပါ။ ပင်နီတခေတ်ဆန်းချိန်မှာ ခေတ်မီတာကောင်းပါတယ်။ စိတ်ထား၊ အပြောနဲ့ အလုပ်တွေကတော့ ပင်နီစစ်ကြစေချင်တယ်။

- တမျိုးယဉ်တာ ပိုးဖျင်လွှာ၊ မြန်မာပြည် ပင်နီယောနဲ့ ဝတ်ဆင်ဦးမှာ၊ အပေါင်းပြည်ရွာ ကောင်းပေတာ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

In our own ways ဒီမှာလည်း အောင်ပွဲ

မတာရာတင့်ဆွေရဲ့ မီးပူတိုက်သင်္ခန်းစာနံပါတ်တစ်၊ မကြာမီ ပင်နီအင်္ကျီဝတ်ဖြစ်တော့မယ်။

ပြည်တော်ပြန် မခင်အေးမြင့်က မေမေနဲ့ သူ့အတွက် ပင်နီတထည်စီ ပို့ထားတယ်လို့ သမီးက အခုပဲ မက်ဆေ့ခ်ျ ပို့တယ်။ သူကပဲ နောက်နှစ်ပါတ်နေရင် NLD နဲ့ ပြည်သူအောင်ပွဲ (ဝက်စ် ဗာဂျီးနီးယား) မှာ စကားလာပြောပါလို့ တမြန်နေ့က လှမ်းဖိတ်ထားတယ်။ သူနေတာက ၄၈၈့၎ မိုင်ဝေးလို့ ၇ နာရီနဲ့ ၄၁ မိနစ်ကြာ ကားမောင်းရမယ်။

မနေ့ကတော့ (ပစ်ဘတ်) နေ ကိုကျော်ရွှေကလည်း သူဖွင့်ထားတဲ့စားသောက်ဆိုင်မှာ ဒီမိုသမား အလကားလာစားပါတဲ့။ သူ့နေရာက ၃၅၉့၂ မိုင်ဝေးလို့ ၅ နာရီ ၂၈ မိနစ်ကြာကားမောင်းရမယ်။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Pinny dresses အေးစရာ

- အခုရောက်လာ၊ ဗမာပြည် ညီဆီကပို့တာ။
- ပင်နီတွေများစွာ၊ တမိသားစုလုံးအတွက်တဲ့ဗျာ။
- အဝေးမှာအနေကြာ၊ နွေမှာ မင်္ဂလာယူဖို့ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Medical Students ဆေးကျောင်းသားခေတ်

- စစ်ကိုင်း၊ တနင်္သာရီ၊ ရှမ်းပြည်၊ မန္တလေး၊ မကွေး၊ ဆေးကျောင်းသားတွေလုပ်တဲ့ နိုင်ငံရေး၊
- ကြွားချင်လို့တော့ မရေး၊ လူငယ်တွေ လူရွယ်တွေလုပ်ကြစေချင်လို့ အသိပေး။
- ရေပေါ်ဆီ၊ ခါတော်မီ၊ ဖျာခင်းတာနဲ့ ခြံခုန်တာတော့ သတိပေး။
- စစ်ကြောရေး၊ ထောက်လှမ်းရေး၊ မတရားစီရင်ရေး၊ ဆဲရေး၊ မိသားစုအရေး၊ စားဝတ်နေရေး၊ ပေးဆပ်ကြေး။
- ဆေးကျောင်းမှာက အချိန်ခုနစ်နှစ်ပေး၊ နိုင်ငံရေးမှာတော့ အကန့်အသတ်မရှိတဲ့ဘေး။
- ခေတ်ဟောင်းအညစ်အကြေးတွေဆေး၊ ကျွန်တော် စိတ်အေး၊ အလွန်အားပေး။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

HIV Prevention ကာကွယ်ဆေး

ဆရာခင်ဗျာ ကျွန်တော် အသက် ၃ဝ နှစ်ဖြစ်ပါတယ်။ ကျွန်တော် ငွေကြေးဖြင့် ငှားရမ်းနိုင်သောမိန်းမနဲ့ ကွန်ဒုံးမပါပဲ့  ရက်နေ့ကဆက်ဆံမိခဲ့ပါတယ်။ နောက်တနေ့မှာ HIV prevention အဖွဲ့အစည်းခုအား မည်သည့်နည်းဖြင့် HIV ကို ကာကွယ်ရန်ဆေး မရှိဘူးလားဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ကာကွယ်ရန်ဆေးမရှိကြောင်းနှင့် နောက် ၃ လနေက ဆေးစစ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျွန်တော်သိလိုသည်မှာ ကာကွယ်ရန်ဆေး တကယ်မရှိတာလား။ မြန်မာနိုင်ငံအခြေအနေနှင့် မရှိတာလား။ ကျွန်တော် ပြင်ဦးလွင်မြို့တွင်နေထိုင်ပါသည်။ ၃ လကြာနေပြီးမှ ဆေးစစ်ချက်ကို အတည်ပြုယူနိုင်မှာလား။ ၃ လထက်စော၍ စစ်ဆေးလို့မရနိုင်ဘူးလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

HIV စစ်ဆေးတာကို အခုစာရေးတဲ့အချိန်ထိတော့ သံသယဖြစ်စရာနဲ့တွေ့ကြုံအပြီးနောက် (၃) လနေမှသာစစ်နိုင်ပါတယ်။ စောသိနိုင်တဲ့နည်း စမ်းသပ်မှုတွေတော့ရှိပါတယ်။ အတည်ပြုထားတာတော့မရှိသေးပါ။

HIV ကို Pre-exposure Prophylaxis (PrEP) ပိုးနဲ့ မတွေ့ခင် ဆေးကြိုတင်သောက်နည်းနဲ့ ကာကွယ်နိုင်တယ်။ HIV သံသယရှိတဲ့ လိင်မှုပြုမယ်ဆိုသူတိုင်း Truvada ဆေး ၂ ပြားကို ၂၄ နာရီ ကြိုတင်သောက်ပါ။ အဲလိုအမှုပြုပြီးရင် တရက် ၁ လုံး၊ ၂ ရက်ဆက် သောက်လိုက်ပါ။ ၃ နေရင် ဆေးစစ်ပါ။ Truvada ဟာ ဆေးပြားဖြစ်တယ်။ လူကြီးတွေကို တနေ့မှာ Tenofovir (Viread) 300 mg နဲ့ Emtricitabine (Emtriva) 200 mg ပါတဲ့ တွဲထားတဲ့ဆေးဖြစ်တယ်။ အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ ကျောက်ကပ်မကောင်းရင် ဆေးလျှော့ရမယ်။

ဆေးဝါးဗေဒလို Nucleoside analog reverse transcriptase inhibitors (Nukes) ဖြစ်တယ်။ HIV ရဲ့ RNA ကနေ DNA ဖြစ်လာအောင် ကူညီပေးတဲ့ (အင်ဇိုင်းမ်) အပြောင်းအလဲကို သက်ရောက်စေတယ်။ ဒီဖြစ်စဉ်ဟာ HIV ပိုးရဲ့ Genetic code မျိုးဗီဇ (ကုတ်) ကို ကူးစက်ခံရတဲ့ (ဆဲလ်) ရဲ့ Genetic code မျိုးဗီဇ (ကုတ်) ထဲကိုမဝင်နိုင်ခင် လုပ်ပေးတာ ဖြစ်တယ်။ Truvada ဆေးကို ၂ဝဝ၄ ကတည်းက အသိအမှတ်ပြုထားခဲ့ပါတယ်။ ၁၈ နှစ်အောက် ကလေးလူငယ်တွေနဲ့ Hepatitis B ဘီပိုးရှိနေသူတွေအတွက် စမ်းသပ်မှုတွေ မစုံသေးပါ။ ဆေးမပေးခင် CD4 Cell count နဲ့ Viral load (ဗိုင်းရပ်စ်) အရေအတွက်၊ ရောဂါလက္ခဏာတွေကိုပါ သိရမယ်။ ဒီဆေးနဲ့ တခြား (ARVs) တွေနဲ့ တွဲသောက်သူတွေမှာ (ဗိုင်းရပ်စ်) အရေအတွက် သိသိသာသာ လျှော့လာတာတယ်။ CD4 cell counts တက်လာတယ်။

ဘယ် ART/ARV ဆေးမဆို သောက်ခါစမှာ ခေါင်းကိုက်၊ သွေးဖိအားတက်၊ နေမကောင်းသလို ခံစားရတာတွေ ဖြစ်တယ်။ ဆေးသောက်တာ ကြာရင်တော့ ခံစားရတာတွေသက်သာလာမယ်။ Truvada ဆေးကြောင့် ခေါင်းကိုက်၊ ပျို့-အန်၊ အနီပြင်ထွက်၊ အစားပျက်တာတွေ ဖြစ်စေနိုင်တယ်။ တချို့ လူတွေမှာ Creatinine နဲ့ Transaminases (အင်ဇိုင်းမ်) တွေတက်တာ ဖြစ်စေနိုင်တယ်။ အသည်း၊ ကျောက်ကပ် မကောင်းရင် ဒါတွေများနေတယ်။ ရိုးတွင်းခြင်ဆီ အားနည်းစေနိုင်သေးလို့ (ကယ်လ်စီယမ်) နဲ့ ဗီတာမင် (ဒီ) တွေပါ သောက်တာကောင်းတယ်။ တချို့မှာ Lactic acid လဲတက်နိုင်တယ်။ အသည်းအဆီဖုံးတာ ဖြစ်လာနိုင်တယ်။ Lamivudine (Epivir, 3TC), Combivir, Trizivir or Epzicom ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။ အမေရိကန် ဖက်ဒရယ်လမ်းညွှန်ကို ၁၄-၅-၂ဝ၁၄ နေ့က ထုတ်ထားတယ်။ Truvada ဆေးက ၉၂% ကာကွယ်တယ်။ (ဂေး) တွေ၊ စအိုလမ်းသုံးသူတွေ နေ့တိုင်းသောက်ရတယ်။ ၃ လနေရင် ဆေးစစ်ပါ။

အမေရိကန်ပြည်ထောင်စု ဆီယာတယ်လ်မှာကျင်းပခဲ့တဲ့ ကွန်ဖရင့်မှာ ယူကေနိုင်ငံကပညာရှင်တွေကနေ Truvada ဆေးဟာ HIV ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ်လို့ ပြောလိုက်ပါတယ်။ အဲလိုဆေးပေးနည်းကို Pre-exposure prophylaxis (PrEP) လို့ခေါ်တယ်။ ၂ဝ၁၂ ကတည်းက လူပေါင်း ၅၄၅ ယောက်ကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ၂၇၆ ယောက်ကို အဲလိုဆေး ချက်ချင်း ပေးခဲ့ပြီး၊ ၂၆၉ ယောက်ကိုတော့ ၁၂ လနေမှသာ ဆေးပေးပါတယ်။ ၂၂ ယောက်မှာ ပထမနှစ်အတွင်း HIV ကူးစက်ခံရတယ်။ ၃ ယောက်က ပထမအုပ်စုကဖြစ်ပြီး၊ ကျန် ၁၉ ယောက်က ဒုတိယအုပ်စုက ဖြစ်ပါတယ်။ ၁့၃% နဲ့ ၈့၉% ကူးစက်ကြတယ်။ ဒါကြောင့် HIV ပိုးရှိနေသူနဲ့ အတူနေသူတွေဟာ Truvada ဆေးကို ချက်ချင်းသောက်ရင် HIV ကူးစက်လာမှာကို ကာကွယ်ဖို့ သုံးနိုင်ကြပါတယ်။

နေ့စဉ် tenofovir disoproxil fumarate (TDF) 300 mg နဲ့ emtricitabine (FTC) (Truvada) 200 mg ပေးနည်း ဖြစ်တယ်။ ကျား-ကျား လိင်ဆက်ဆံသူ၊ ကျား-မ လိင်ဆက်ဆံသူ၊ HIV အလာအလာရှိတဲ့ မူးယစ်ဆေး ထိုးသူတွေကို ပေးတယ်။ HIV infection ကို ၃ လတခါ ဆေးစစ်နေသင့်တယ်။ ကျောက်ကပ်အခြေအနေကို ၆ လတခါ စစ်နေသင့်တယ်။

1. HIV အတွက် Truvada ဆေး http://doctortintswe.blogspot.com/2014/12/hiv-truvada.html
2. HIV Prevention ကာကွယ်ဆေး http://doctortintswe.blogspot.com/2014/10/hiv-prevention.html
3. HIV အတွက် ART ဆေးများ http://doctortintswe.blogspot.com/2015/02/hiv-art.html

ဒေါက်တာတင့်ဆွေ
၈-၃-၂ဝ၁၅
၁၉-၄-၂ဝ၁၅
၃၁-၃-၂ဝ၁၆

End of an Era ဆုတောင်းရင်ပြည့်တယ်

သတင်း = မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အစိုးရအဖွဲ့ရုံးများ လိုက်လံစစ်ဆေးစဉ် ဝန်ထမ်းများက “အဘ” ဟု ခေါ်ဆိုသည့်အပေါ် သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ (ဧရာဝတီ)

ကျွန်တော်ဆီ မေးလာ-ရေးလာသူတွေက (အဘ) ကို ဗုံးပေါလအောသုံးနေကြလို့ သိုက်စာဘာသာပြန်ရသလိုဖြစ်လို့ အဘတို့ခေတ်-သမီးတို့ခေတ်ကျဆုံးပါစေလို့ ခဏခဏ (ခဏခဏ) ရေးနေခဲ့ရတယ်။

ကျွန်တော်ကို အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်ခံရတာနဲ့ စာရေးတဲ့သူကနေ သား၊ သမီးလို့ရေးတာတွေဟာ အခက်အခဲတွေ ဖြစ်စေပါတယ်။ သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ သမီးလို့ ရေးတဲ့သူဆိုရင် ရေးတဲ့သူလား၊ သူ့သမီးလား၊ သူ့ (မြေးမလေး) လား စဉ်းစားရတယ်။ ကိုယ့်နာမည်ကို အဖျားဆွတ်ရေးတာလည်း နားလည်ရခက်တယ်။

အဘလို့ရေးတာကိုတော့ မသတီပါ။ အဘဆိုတာ စစ်အစိုးရထဲကလူကြီးတွေကို ခေါ်ကြတယ်၊ တပ်ရင်းမှူးကို ခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူကိုယ်တိုင်က ထောင်ကနေလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။

ကိုယ့်အမျိုးတွေ၊ ရင်းနှီးသူတွေအချင်းချင်း ကြိုက်သလိုခေါ်ကြတာ ဘာမှပြောစရာမရှိပါ။ ကျွန်တော့်ဆီရေးရင်တော့ မလိုတဲ့အချိန်လည်းကုန်ရလို့ပါ။ အဘလို့လည်း မခေါ်ကြနဲ့။ အဘလိုလည်းမလုပ်ကြနဲ့။ အဘခေတ် ကျဆုံးပါစေ။

နာမည်နဲ့ အချိန်အပိုတွေ ကုန်ခဲ့ရတယ်။ (ဦးကြီး) ခေတ်လည်း အဲလိုကျဆုံးခဲ့ပြီးပါပြီ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Wednesday, March 30, 2016

Black and White အဖြူနဲ့အမည်း လွန်သဲကွဲ

အာဏာလွှဲပြောင်းပေးသွားတဲ့အစိုးရကို ကျေးဇူတင်စရာတခုရှိပါတယ်။

၂ဝ၁၂ သြဂုတ်လထဲမှာ ဦးသိန်းစိန်အစိုးရကနေ နိုင်ငံရေးလုပ်သူ ၂ဝဝဝ ကျော်ကို Black list အနက်ရောင် အမည်စာရင်းကနေ ပယ်ဖျက်တဲ့ထဲမှာ ကျွန်တော့်နာမည်က နံပါတ် (၇) မှာပါခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အဖြူ-အမည်း သဲကွဲလွန်းလှတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

9-9-1996 Press conference အစိုးရသတင်းစာဆိုတာ

ကနေ့ထုတ် (ယခင်) အစိုးရပိုင် သတင်းစာတွေ တမူထူးခြားလာတာတွေ့လို့ ဒီပို့စ်လေးတင်ပါရစေ။ ကျွန်တော့် နာမည်နဲ့သတင်းတွေကို စစ်အစိုးရပိုင်သတင်းစာတွေထဲမှာ အနည်းဆုံး (၃) ကြိမ်ပါဖူးတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်သတင်း၊ ပြည်ပြေး၊ ဝရမ်းပြေးအဖြစ်ကြေညာတဲ့သတင်းနဲ့ စစ်အစိုးရ သတင်းစာရှင်းလင်းပွဲတွေမှာဖြစ်ပါတယ်။ အမည်မည်းစာရင်းကိုတော့ (ယခင်) သမတရုံး ဝဘ်ဆိုက်မှာဖေါ်ပြပါတယ်။

၉-၉-၁၉၉၆ နေ့ကပြုလုပ်သော (နအဖ) သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာတင့်ဆွေ၏ ပြည်တွင်း အဆက်အသွယ် လုပ်ငန်းများအပေါ် စွပ်စွဲချက်များ ပြုလုပ်ခဲ့သည်။

BURMA PRESS SUMMARY
The New Light of Myanmar
Information Committee Briefing
Sept. 2, 1996: Minister for Information Maj-Gen. Aye Kyaw and Head of Office of the Strategic Studies Col. Kyaw Thein
သတင်းအကျဉ်းချုပ်
မြန်မာ့အလင်း
သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ
စက်တင်္ဘာ (၂) ရက်၊ ၁၉၉၆
ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်အေးကျော် နှင့် မဟာဗျူဟာလေ့လာရေးဌာနအကြီးအကဲ (ဗိုလ်မှူးကြီးကျော်သိန်း)

Allow me now to give you some information about one of the groups which was formed under the name the National League for Democracy (Expatriate-India) and which is headed by Dr. Tint Swe NLD and ex-representative-elect U Than Sein NLD of Pale Township, U Bo Thaung NLD of Yin Mar Bin Township and U Za Hle Htang of Falam. This group, after July 1995, made efforts to gain contact with members of the National League for Democracy within the country. Dr. Tint Swe, who resides in New Delhi, got in touch with representative-elect of Kalemyo U Dho Htaung through an ABSDF member named Kyaw Moe also known as Nyi Nyi who lives in Champhai, India.
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ အိန္ဒိယ) (ဒေါက်တာ တင့်ဆွေ၊ ပုလဲ (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် (ဦးသန်းစိန်၊ ပုလဲ (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့သည် NLD ပြည်ပကို ဦးဆောင်ပြီး၊ ဦးဗိုလ်သောင်း၊ ယင်းမာပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာဇလှေထန်း၊ ဖလမ်း CNLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့အပါအဝင် အဆိုပါအဖွဲ့သည် ၁၉၉၅ ဇူလိုင်လမှစပြီး ပြည်တွင်း NLD အဖွဲ့နှင့်ဆက်သွယ်ရန် ကြိုးပမ်းခဲ့ကြသည်။

နယူးဒေလီတွင်နေထိုင်သည့် ဒေါက်တာတင့်ဆွေသည် ABSDF အဖွဲ့ဝင် အင်ဖါးမှာနေထိုင်သော ကိုကျော်မိုး  (ခေါ်) ညီညီမှတဆင့် ကလေးမြို့နေ ဦးဒိုထောင်းနှင့် အဆက်အသွယ်လုပ်ခဲ့သည်။ ဦးဒိုထောင်းအား အောက်ပါတို့ကို ဆောင်ရွက်ရန် တာဝန်ပေးသည်။
U Dho Htaung was then assigned the following three tasks:
- to recruit and dispatch trainees to attend a political defiance training course in political [sic] to be conducted under the auspices of the NLD (Expatriate-India) group.
- to employ U Sa Kon Nga (ကျွန်တော်မသိသူ) , a merchant, trading between Kalemyo and Aizawl in India, as courier for keeping in continuous touch.

U Dho Htaung, carried out the tasks assigned by Dr. Tint Swe and collected information on location of army encampments, routes used and other relevant facts by using three persons, namely; Tin Cho (ကိုတင်ချို), Win Naing (ကိုဝင်းနိုင်) and Ba Min (ဦးဘမင်း). He then passed the information on to ABSDF member Kyaw Moe (ကိုကျော်မိုး) (a) Nyi Nyi. For establishing an NLD Expatriate Group branch office in Monywa, U Dho Htaung approached one Daw Khin Mar Kyi (ဒေါက်တာဒေါ်ခင်မာကြည်၊ မုံရွာ), a resident of Monywa. She in turn enlisted one Tin Hlaing (ဦးတင်လှိုင်၊ မုံရွာ) and together they tried to organize and persuade people to join the NLD Expatriate Group. They also distributed anti-government publications.

These people use code names and Dr. Tint Swe's code name is Mr. Thomas, U Dho Htaung's is Lucky Seven and Daw Khin Mar Kyi's is Victory. Dr. Tint Swe used Kyaw Moe (a) Nyi Nyi to get in touch with his spouse Daw Mya Aye (ဒေါ်မြမြအေး၊ ဒေါက်တာတင့်ဆွေ၏ဇနီး) who lives in Monywa. Kyaw Moe then communicated with NLD organizers Sein Myint (ဦးစိန်မြင့်၊ မုံရွာ) of Monywa Township and Hla Soe of Mandalay South-East Township through Daw Mya Aye. These groups, in addition to dispatching local news to the NLD Expatriate Groups abroad, distributed anti-government propaganda leaflets within the country itself. Much of the printed matter was circulated in Mandalay, Sagaing and Monywa (မန္တလေး၊ စစ်ကိုင်း၊ မုံရွာ) townships. It has been found that members of the legitimate NLD party were also involved in these acts of subversion.

The following are some of the pamphlets sent by the NLD (Expatriate-India) (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ အိန္ဒိယ) group and distributed within the country;
- pamphlets inciting opposition to the National Convention (အမျိုးသားညီလာခံ).
- pamphlets on political defiance tactics and methods.
- illustrated pamphlets inciting opposition against the Government.
- handbook on intelligence gathering and dissemination of information.
- handbook on the Strategic Plan of the NCGUB (ပြည်ထောင်စုမြန်မာနိုင်ငံ၊ အမျိုးသားညွန့်ပေါင်းအစိုးရ).

These various pamphlets and handbooks were distributed not only in Mandalay, Monywa and Sagaing but were also sent on to Yangon. Hla Soe (ဦးလှစိုး၊ မန္တလေး) of Mandalay South-East Township sent some of these publications to Khun Myint Htun (ဦးခွန်မြင့်ထွန်း သထုံ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) at the NLD in Yangon for distribution among NLD youths.

Moreover, it was discovered that Dr. Tint Swe had also established communications with the NLD in Yangon mainly through U Dho Htaung of Kale. On 21 November, 1995 a letter from the NLD (Expatriate-India) group for the purpose of establishing contacts was brought to Yangon by Secretary of the Kale Township NLD, Ba Min himself and delivered personally to U Tin U (ဦးတင်ဦး). Information was received that U Dho Htaung's sons, U Ri Dein (ဒေါက်တာရိုဒင်း၊ ဦးဒိုထောင်း၏သား၊ ကလေးမြို့) and U La Lao Han visited Daw Aung San Suu Kyi on 27 November 1995, and gave her a video tape entitled 'Beyond Rangoon,' and other documents. Again on 5 December 1995, Organizer of the Sagaing Division NLD, U Kyaw Thaung (ဦးကျော်သောင်း၊ စစ်ကိုင်း) went to Daw Aung San Suu Kyi (ဒေါ်အောင်ဆန်းစုကြည်) to deliver the message issued on the occasion of the fifth anniversary of the NCGUB and some other documents. The letters were accepted in the presence of U Tin U who was there at the time. They have made no attempts whatsoever to inform the authorities concerned as required by law, that an unlawful organization from abroad had communicated with them.

Of the documents found and confiscated, the most significant is the Handbook on the Strategic Plan of the NCGUB. This plan prescribes two courses of action. The first advocates the convening of parliament on the basis of dialogues to be held. The second proposes the formation of an interim coalition government again on the basis of dialogues. But for implementation of either course of action, it calls upon the legitimate party within the country and all illegal expatriate political organizations to exert pressure with the backing of foreign countries and place the State Law and Order Restoration Council Government in a predicament.

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

Breaking news သတင်းထူးဆိုတာ

မနေ့က တီဗွီကြည့်နေရတာ ဒီအချိန်မှာ၊ ကနေတော့သတင်းစာ။ နေ့နေ့ညည ဆိုရှယ်မီဒီယာ။
ရေဒီယိုတွေကလည်း မနက်နဲ့ညပါ၊ မီဒီယာအစုံပြောပြနေတဲ့ ပြည်မြန်မာ။

၁၉၆၂ ခုနှစ် မတ်လ (၂) နေ့မနက် ၉ နာရီခွဲလောက်မှာ၊ နေရှင်နယ်စားပွဲတင်ရေဒီယိုလေးကနေသာ။
မြန်မာပြည်ရဲ့ အထူးခြားဆုံးသတင်းကို စစ်သီချင်းတွေနဲ့အတူ နားထောင်ခဲ့ရပါ။

ကျွန်တော့်ဘဝမှာ သတင်းထူးတခုနဲ့တခုဟာ ၅၄ နှစ်နဲ့ ၂၈ ရက်ကွာ။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၆

Prostatitis ဆီးကျိတ်ရောင်ခြင်း

ကျနော် အသက် ၂၇ နှစ်ပဲ ရှိပါပြီ။ အိမ်ထောင်မရှိပါ။ ဆီးသွားပြီးတိုင်း ဆီးကျန်သလို ခံစားရပါတယ်။ ဆီးသွားတာ အားမရပါဘူး။ ဆီးသွားပြီး ပြန်သွားရင်လည်း တစက်တစက်ပဲကျပါတယ်။ အမြဲညစ်ရပါတယ်။ ချွေးတွေတောင် ထွက်ပါတယ်။ ဒီလိုဖြစ်နေတာ ၆နှစ်၊ ၇ နှစ်လောက် ရှိပါပြီ။ ကျနော်သေချာပြောနိုင်တာက ကျနော် မိန်းမ အပျော်အပါး လုံးဝမလိုက်စားပါဘူး။ ဒီနှစ်ပိုင်း ပိုးဆိုးလာပါတယ်။ ဓါတ်မှန်ရိုက်တာ ဘာကျောက်မှတော့မရှိပါဘူး။ ဆေးရုံမှာ ဆ၇ာဝန်နဲ့ ပြပါတယ်။ Utrasound ထွက်လာတော့ ဆီးကျိတ်ရောင်နေတယ်လို့ ပြောပါတယ်။ ပြည်တည်နေတယ်၊ ပြည်တွေကို ထုတ်ပစ်ရမယ်လို့လည်း ပြောပါတယ်။ ပြည်တွေကို ခွဲစိတ်ပြီး ထုတ်ပစ်ရတာမျိုးလား။ မခွဲဘဲနဲ့ထုတ်လို့ရလား။ ဆီးကျိတ်ရောင်နေတာကို ဆေးစားပြီးကုလို့ရတာလား။ ခွဲစိတ်ရမှာလား။ တိုင်းရင်းဆေးနည်းနဲ့ရော ကုလို့ရနိုင်လား။ ကျနော့်လိင်တံထိပ်မှာ ကြွက်နို့လို အရည်ကြည်ဖုတခုပေါက်ပါတယ်။ ၆ နှစ် ၇ နှစ်လောက် ရှိပါပြီ။ နောက်ပိုင်း တဖြည်းဖြည့် ကြီးလာပါတယ်။ Ultrasound ရိုက်ထားတဲ့ပုံကို ပို့လိုက်ပါတယ်။

မေးခွန်းထဲ စာထပ်နေတာတွေနဲ့ မခံစားရတာတွေရေးထားတာကိုလည်းဖြုတ်လိုက်ပါတယ်။ တိုင်းရင်းဆေးကို မသိပါ။

ဆီးကျိတ်ရောင်တာ အသက် ၃ဝ-၅ဝ အတွင်းမှာ အဖြစ်များတယ်။ အများအားဖြင့် ပိုးဝင်လို့ ကျားဆီးကျိတ်ရောင်တယ်။ တခါတလေ ပိုးမတွေ့ရပါ။ ဆီးစပ်အတွင်းပိုင်းနေရာနာမယ်။ ကျားအင်္ဂါနေရာတဝှိုက် နာမယ်။ ထိုင်နေချိန်မှာပိုနာမယ်။ စက်ဘီးစီးရင်နာမယ်။ ကျားအစိနေရာနာမယ်။ ဆီးသွားရင် နာမယ်။ ဆီးသွားရခက်တတ်တယ်။ အတူနေချိန်နဲ့ သုက်ရည်ထုတ်ချိန်မှာနာမယ်။

Acute infectious prostatitis ရက်တိုဆီးကျိတ်ရောင်ခြင်း
လူတစ်သောင်းမှာ တယောက်သာဖြစ်တယ်။ ချက်ချင်းကောက်ဖြစ်တာ။ ဗက်တီးရီးယားကနေဖြစ်တယ်။ ပိုးသေဆေး ချက်ချင်းပေးရတယ်။ ခံစားရတာက ၂ ပါတ်နဲ့ပျောက်ပေမဲ့ ဆေးကို ၄ ပါတ်ကြာပေးရတတ်တယ်။ Paracetamol နဲ့ Ibuprofen အနာသက်သာဆေးလဲလိုတယ်။ အပြင်းစား ဥပမာ Codeine ပါတာမျိုးလိုတတ်တယ်။

Fluoroquinolones ကို အများဆုံးသုံးတယ်။ ဆေးယဉ်တာလဲရှိနေပြီ။ ceftazidime, ceftriaxone, imipenem or ertapenem ဆေးတွေ ၁၄ ရက်ပေးနိုင်တယ်။ Kanamycin A, Amikacin, Tobramycin, Gentamicin, Neomycins B, C, E နဲ့ Streptomycin တွေ သုံးနိုင်တယ်။ Clindamycin နဲ့ trimethoprim တွေကိုလဲသုံးနိုင်တယ်။ ဥပမာ Ceftazidime 250 mg IV or IM ထိုးဆေး၊ တနေ့ ၂-၃ ကြိမ်၊ ၃-၇ ရက်။ Ceftazidime 500 mg IV or IM ထိုးဆေး၊ တနေ့ ၂-၃ ကြိမ်၊ ၂-၃ ပါတ်။

ပိုသေဆေးကို ၁၂ ပါတ်ကြာအထိပေးမယ်။ ၇၅% က ပျောက်တယ်။ မပျောက်သေးသူကို ဆေးအဆနည်းနဲ့ ရက်ပိုကြာကြာပေးတယ်။ TMP-SMZ at 80-400 mg ကို တနေ့ ၂ ကြိမ်။ ၃၃-၅ဝ% ဟာ ၄-၆ ပါတ်မှာကောင်းတယ်။ Ciprofloxacin at 500 mg or Ofloxacin at 400 mg တနေ့ ၂ ကြိမ်၊ ၃၃-၅ဝ% ဟာ ၄-၆ ပါတ်မှာကောင်းတယ်။ TMP-SMZ ဆေးက ဈေးလည်းချိုတယ်။ ဒါပေမယ့် အသက် ၃၅ နှစ်အောက် လိင်ဆက်ဆံမှုရှိနိုင်သူတွေဆိုရင် လိင်ကတဆင့် ကူးစက်ရောဂါတွေ (chlamydial and gonorrheal) တွေပါရှိနိုင်လို့ Ofloxacin ပေးသင့်တယ်။

သတိထားဘို့က တချို့ပိုးတွေက ဆေးယဉ်နေတယ်။ အဲဒီပိုးသေဆေးတွေနဲ့မရသေးရင် Carbenicillin (သို့) doxycycline စားဆေးတွေနဲ့ gentamicin ထိုးဆေးတွေသုံးနိုင်တယ်။gentamicin ထိုးဆေးကို ဆီးကျိတ်ထဲထိုးပေးနိုင်တယ်။ ဆေးတွေ ပေးပေမယ့် ဆက်ကျန်သူတွေကို ဆေးအဆနည်းပြီးရက်ကြာကြာပေးတယ်။ တခြားပိုးသေဆေးတွေ nitrofurantoin, nalidixic acid, cephalexin နဲ့ trimethoprim ပေးနိုင်တယ်။

Chronic infectious prostatitis နာတာရှည်ဆီးကျိတ်ရောင်ခြင်း
ပိုများတယ်။ တခါဖြစ်ရင် ၃ လလောက်ကြာတတ်တယ်။ ဖြစ်လိုက် သက်သာလိုက်နေတယ်။ ဘာလို့ဖြစ်သလဲက မရှင်းလှပါ။ ဗက်တီးရီးယားကနေလဲဖြစ်နိုင်တယ်။ ပိုးသေဆေး ၆ ပါတ်ကြာ ပေးရတတ်တယ်။ Alpha-blockers ဆေးအမျိုးအစားကနေ ကြွက်သားပြေလျှော့စေလို့ အနာသက်သာမယ်။ ဒါပေမဲ့ ဒီဆေးက အိပ်ချင်တယ်။ ခေါင်းကိုက်တယ်။ အားယုတ်တယ်။ ပန်းအဖျားနေရာ၊ ကျားအစိနေရာနဲ့ စအိုနေရာနားနာမယ်။ ဆီးသွားရင် နည်းနည်း နာမယ်။ ဆီးသွားချင်ရင် မြန်မှရတယ်။ သုက်လွှတ်တဲ့အခါ အားနည်းမယ်။ လိင်အင်္ဂါသန်မာမှုအားနည်းမယ်။ လိင်ဆက်ဆံရင်လည်း နာမယ်။ လိင်ကတဆင့်ကူးစက်တာတော့မဟုတ်ပါ။

Finasteride ဆေး ပေးနိုင်တယ်။ Fluoxetine ဆေးကို စိတ်ဓါတ်ကျနေသူတွေကိုပေးတယ်။ ဆီးကျိတ် ထုတ်ပေးရတာလဲရှိတယ်။ ကျောက်တည်နေသူကိုလုပ်မယ်။ Alpha-blockers ဆေးအမျိုးအစားလဲ ပေးနိုင်တယ်။ Bioflavonoids (Quercetin) နဲ့ Finasteride ဆေးကိုလဲပေးတာရှိတယ်။ ဆီးကျိတ် အရွယ်အစား သေးစေတယ်။ Paracetamol နဲ့ Ibuprofen အနာသက်သာဆေးပေးတယ်။ ကြွက်သားပျော့ဆေးလဲတွဲနိုင်တယ်။ နည်းနည်း အိပ်ချင်မယ်။ Gabapentin ဆေးကို တာနာရှည် နာနေတာအတွက်ပေးတယ်။ Amitriptyline ဆေးအဆ နည်းနည်းကို နာတာနဲ့ အိပ်နိုင်စေဘို့ပေးတယ်။

ဆီးကျိတ်နှိပ်နည်း၊ လေ့ကျင့်ခန်းလုပ်တာ၊ ကောင်ဆယ်လင်းလုပ်တာတွေကနေ ကူနိုင်တယ်။ စိတ်ဖိအားများနေသူတွေက လျှော့ချနည်းလုပ်ရမယ်။ ရေခပ်နွေးနွေးထဲထိုင်နည်း ကောင်းတယ်။ အပူအစပ်၊ ကေဖင်း၊ ကေဖင်းများတာ မသင့်ဘူး။ အရက်မသင့်ပါ။ စက်ဘီးစီးတာမသင့်ပါ။ ထိုင်တာလည်း အကြာကြီးမသင့်ပါ။ ဝမ်းပျော့ဆေးလဲ ကူနိုင်တယ်။ ဆီးကျိတ်နေရာ နှိပ်နယ်ပေးတာလဲ ကူနိုင်တယ်။ အစပ်စားတာလျှော့တာလဲ တချို့မှာသက်သာတယ်။

ဒေါက်တာတင့်ဆွေ

ယောက်ျားမှာ အတူနေစဉ်နာခြင်း
သမီးအမျိုးသားအတွက်မေးချင်းလို့ပါ။ အသက် ၃၈ နှစ်၊ ပထမအိမ်ထောင်  ၉ နှစ်၊ သားသမီးမရခဲ့ပါဘူးဆရာ။ မထမ အိမ်ထောင်ဆုံးပြီး၊ အခုသမီးနဲ့ အိမ်ထောင်ကျတာ ၂ နှစ်ပြည့်ပါတော့မယ်။ ကလေးရပြီး ပျက်ကျခဲ့ပါတယ်။ ကန်တော့ပါဆရာ  အခုနောက်ပိုင်း သမီးတို့အတူနေတဲ့ခါ အမျိုးသားက ပြီခါနီးရင် အရမ်းနာလို့ဆိုပြီ အော်တယ်ဆရာ။ အဲလိုဖြစ်တာ ၁ လလောက်ရှိပြီ။ မနေ့က အတူနေတော့  အစပိုင်းမှနာလို့ဆိုပြီး သမီးတို့အတူဆက်မနေဖြစ်တော့ပါဘူး။ အဲဒါ ဘာဖြစ်လို့လဲဆရာ။  အမျိုးသားက ဆေးခန်း မသွားချင်ဘူးဆရာ။ သူက တခြားဘာရောဂါမှမရှိပါဘူး။ ဖျားတာနားတာလဲမဖြစ်ပါဘူးဆရာ။ ဒါပေမဲ့ ဆေးလိပ် အရမ်း သောက်တယ်။ အလုပ်ပင်းပန်ရင် အရမ်းသောက်တတ်ပါတယ်ဆရာ။ သူခံစားနေတဲ့ဝေဒနာက ဘာဖြစ်တာလဲဆရာ။ ဘယ်လိုဆေးတွေသောက်လို့ရလဲဆရာ။

ယောက်ျားတွေမှာ အတူနေချိန်မှာနာစေတဲ့အကြောင်းတွေ အမျိုးမျိုးရှိတယ်။ Prostatitis ဆီးကျိတ်ရောင်တာဖြစ်နေရင် ဆီးသွားရင်လဲနာတယ်၊ လိင်ဆက်ဆံပြီးချိန်မှာလဲနာတာဖြစ်တယ်။ အထက်မှာ ဒီရောဂါအကြောင်းရေးထားပါတယ်။ ဒီရောဂါကို အရင်ဦးစားပေးစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် -
• Peyronie's disease လိင်တံအတွင်းမှာ အရွတ်ဖြစ်လို့ လိင်တံကောက်နေခြင်း၊
• Urinary tract infections ဆီးလမ်းပိုးဝင်ခြင်း၊
• Yeast infections မှိုပိုးဝင်ခြင်း၊ လိင်တံထိပ်မှာ ယားမယ်။
• Dermatitis မတည့်တာနဲ့ထိတွေမိလို့ လိင်တံအရေပြားရောင်ခြင်း၊
• Herpes ရေယုံ၊
• Psoriasis နာတာရှည်အရေပြားရောဂါ၊
• Phimosis ပန်းငုံတာ၊
• Paraphimosis ပန်းတပိုင်းတစငုံတာတွေကနေလဲ ယောက်ျားတွေမှာ လိင်ဆက်ဆံရင်နာနိုင်တယ်။

Peyronie's Disease ကျား-လိင်အင်္ဂါ ကောက်နေခြင်း http://doctortintswe.blogspot.com/2015/01/peyronies-disease.html

ဒေါက်တာတင့်ဆွေ

Noted Comments ကွန်မင့်တွေနဲ့ စကားပြောခြင်း

ဝန်ကြီးချုပ်သစ်တွေထဲက ကိုယ်နဲ့သိတဲ့သူတချို့အကြောင်းအောက်မှာ ရင်ဖွင့်သူတွေရှိတာကိုတော့ ရေးပြီးပါပြီ။

သက်တမ်းကုန်သွားတဲ့သမတကို ဝေဖန်ချက်ရေးတော့ (ထိုက်သင်တဲ့ချီးမွမ်းခြင်းတွေ မရပေမယ့် နိုင်ငံကို တတ်နိုင်သမျှ ညင်ညင်သာသာ တည်တည်ငြိမ်ငြိမ် ပြောင်းလဲဖို့ ကြိုးစားပေးခဲ့တဲ့အတွက် သမ္မတကြီးဦးသိန်းစိန်ကို ကျေးဇူးတင်ပါတယ်) စသဖြင့် ရေးတာတခုလည်းပါတယ်။

ပြန်ရေးလိုက်ပါတယ်။ သူတက်ကာစမှာ ဗီနိုင်းကိုင်ခဲ့သူတွေလည်းရှိတာမို့ ခုထိ အတိုင်းအတာတခုထိ သဘောကျသူ ရှိနေတာလည်း မဆန်းပါ။ အဲလိုအမြင်မတူခွင့်ရအောင် နှစ် ၂ဝ ကျော်လုံးပမ်းခဲ့ရတယ်။ သမ္မတကလုပ်ပေးတာတော့ မဟုတ်ပါ။ လုပ်ခဲ့သူတွေကျေးဇူးနဲ့သာ သူလည်း ယူနီဖေါင်းချွတ်ပြီး သမတရယ်လို့ လုပ်နိုင်တာမို့ သူကသာ အနစ်နာခံသူတွေကို ကျေးဇူးတင်ရမှာပါ။ သူ ၅ နှစ်အတွင်း အဲလိုထိုက်သင့်တဲ့ချီးမွမ်းစကားမျိုးကို တခွန်းမှမပြောခဲ့ပါ။

မေးကြတာလည်းရှိတယ်။ ဆရာသိပ်ပျော်နေသလားတဲ့။ ပြန်ရေးလိုက်ပါတယ်။ သိပ်ဆိုတာတော့ မဟုတ်ပါ။ သက်ပြင်း ကောင်းကောင်းချနိုင်တယ်။ စိတ်သက်သာမှုလည်း ရပါတယ်လို့။

အများကချီးမွမ်းခံနေရသူ ကျွန်တော့်လုပ်ဖေါ်ကိုင်ဖက်တဦးကို တိုင်တဲ့စာကိုလည်း တိုင်စာပို့သူက စကန်လုပ်ပို့တာလည်း ရပါတယ်။ အသစ်တာဝန်ပေးခံရတဲ့ ကျွန်တော့်လုပ်ဖေါ်ကိုင်ဖက်တဦးကနေ ရေဒီယိုအင်တာဗျူးမှာဖြေကြားတာအားမရလို့ သူ့ဆီကို တိုက်ရိုက်ဆက်သွယ်ရမယ့်လမ်းကြောင်းကို တောင်းထားပါတယ်။ ကိုယ့်လူကို အကြံလည်းပေးချင်၊ အားလည်း ပေးချင်လို့ပါ။

ကျွန်တော်တို့ (အီမိုရှင်း) ခေါ်တဲ့ စိတ်လှုပ်ရှားမှုကို ထိန်းနိုင်သမျှထိန်းဖို့ အမြဲကြိုးစားကြရမယ်။ ကိုယ့်ပါတဲ့ဖက်ကို ထောက်ခံအားပေးတာလည်း အတိုင်းအတာမှန်ရမယ်။ တဖက်သားကို ဝေဖန်တာမှာလည်း ကျိုးကြောင်း ဆီလျှော်ကြရပါမယ်။

ညစာစားပွဲစာအောက်မှာ (ဆရာခင်ဗျာ ဒီပန်းချီကလေးက အဓိပ္ပါယ်အများကြီးရှိပါတယ်။ အဓိကကတော့ ဝမ်းနည်းမှုတွေပေါ့။ ဒီညစာစားပွဲအပြီးမှာ Jesus ကိုဆုံးရှုးံလိုက်ရတယ်။ အဲ့ဒီလိုမျိုး ကျွန်တော်တို့ထပ်အဆုံးရှုံးမခံနိုင်ပါ။ ဖြစ်နိုင်ရင် ဆရာပြန်ဖျက်ပေးပါ) လို့ရေးပါတယ်။

သူအနေနဲ့ အလေးအနက်ရေးတာလို့ နားလည်ပါတယ်။ ကျွန်တော် ရေးစဉ်ကလည်း ဒီအချက်ကို ထည့်တွက်ပါတယ်။ ကိုးကားဖို့ဆုံးဖြတ်ပြီး ရေးပါတယ်။ ဘာသာရေးအရပြောရင် ဗုဒ္ဓဘုရားလည်း အဓိဋ္ဌာန်ယူတုံးက အစားအသောက် တမျိုး၊ ပရိနိဗ္ဗာန်ဝင်ကာနီးမှာလည်း အစားအသောက်တမျိုး ရှိခဲ့ပါတယ်။ အကြောင်းတိုက်ဆိုင်မှုတွေ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီစာမှာ မမေ့အပ်စရာတခုအဖြစ်သာ ကိုးကားပါတယ်။ ဆုံးရှုံးမှုဆိုတာကိုတော့ (ဘုရားအဖြစ် ကိုးကွယ်ခံရသူတွေကိုယ်တိုင်) ဘယ်သူမှ ရှောင်လွှဲလို့မရကြပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

In Quest of Democracy ဒီမိုကရေစီရှာပုံတော် (၁)

သမ္မတသစ်နဲ့ ခေါင်းဆောင်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီးကြပြီ။ ဒေါ်အောင်ဆန်းစုကြည့်ရေးသားခဲ့တဲ့ Quest for Democracy ဒီမိုကရေစီရှာပုံတော် ဘာသာပြန်ထဲက ကောက်နှုတ်ချက်ကို တင်ပါရစေ။

မင်းမှာသစ္စာ လူမှာကတိဟူသော ဆိုရိုးစကားအရ သာမန်ပုဂ္ဂိုလ်တဦးအနေဖြင့် ၄င်းပေးခဲ့သောကတိအတိုင်း လုပ်ဆောင်ရုံမျှသာ လိုအပ်သော်လည်း အုပ်ချုပ်သူတို့မှာမူ ကာယကံ၊ ဝစီကံ၊ မနောကံ အရ သစ္စာတရားကို အစဉ် ထိန်းသိမ်း ထားကြရပါမည်။ သစ္စာတရားသည် ဗုဒ္ဓဘုရားအဆုံးအမသြဝါဒများ၏ အနှစ်သာရပင်ဖြစ်ပါသည်။ ဗုဒ္ဓရှင်တော်သည် မိမိကိုယ်မိမိ တထာဂတ သို့မဟုတ် သစ္စာတရားသို့ရောက်ရှိလာသည်ဟု ရည်ညွှန်းပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မင်းတို့သည် သူ့အမည်သညာနှင့် သူ့သဘာဝ အစဉ်ထာဝရ ညီညွတ်ဖြောင့်မှန်ခြင်းတည်း ဟူသော သစ္စာတရားနှင့်အညီ နေထိုင်အုပ်ချုပ်ကြရမည်ဖြစ်ပါသည်။ ပြည်သူလူထုကို လိမ်လည်လှည့်ဖြားမူ၊ အထင်မှားအမြင်မှား ဖြစ်စေမူ စသည်တို့သည် အလုပ်ဝတ္တရား ပျက်ကွက်ချွတ်ယွင်း၍ ကိုယ်ကျင့်တရားကို ဖောက်ဖျက်ခြင်းပင်ဖြစ်ပါသည်။

• မြားနှယ်စင်း၍၊ ဝမ်းတွင်းဖြောင့်တန်း၊
• မကောက်ယွင်းတည့်၊ တစွန်းဟက၊ နှစ်ခွမသွေ၊ (စတုဓမ္မသာရပျို့ )

အုပ်ချုပ်ရာ၌ စိတ်ထားနူးညံ့မှု (မဒဝြ) ဟူသည်မှာ ပြည်သူလူထုအကျိုးအတွက် စိုးရိမ် ပူပန်ကြောင့်ကြမှုကို ခံစားနိုင်သော သတ္တိပင်ဖြစ်ပါသည်။ မိမိတို့၏ အခွင့်အရေးကို တောင်းဆိုနိုင်စွမ်း အလွန်နည်းပါးနေသူတို့၏ ဆင်းရဲဒုက္ခကို လျစ်လျူရှုခြင်းသည် ၄င်းတို့၏လိုအပ်ချက်ကို ထိရောက်စွာ တုံ့ပြန်အရေးယူလုပ်ဆောင်ပေးခြင်းထက် ပို၍ လွယ်ကူသည်မှာ မငြင်းနိုင်သောအချက်တခုပင်ဖြစ်ပါသည်။ သူတပါးကိုဂရုစိုက်ခြင်းသည် တာဝန်ယူခြင်းပင်ဖြစ်၍ အားနည်းသူတို့၏အားသည် မင်းဖြစ်သည်ဟူသောအဆိုအတိုင်း လုပ်ရဲခြင်းပင်ဖြစ်ပါသည်။

In Quest of Democracy ဒီမိုကရေစီရှာပုံတော် (၂)

သမ္မတသစ်နဲ့ ခေါင်းဆောင်သစ်တွေ ကျမ်းသစ္စာကျိန်ဆိုပြီးကြပြီ။ ဒေါ်အောင်ဆန်းစုကြည့်ရေးသားခဲ့တဲ့ Quest for Democracy ဒီမိုကရေစီရှာပုံတော် ဘာသာပြန်ထဲက ကောက်နှုတ်ချက်ကို တင်ပါရစေ။

အပြည်ပြည်ဆိုင်ရာပညာရှင်များက သမိုင်း၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းအချက်များကို သေချာစွာ ခွဲခြမ်းစိတ်ဖြာလေ့လာ၍ အသေးစိတ်အဖြေများကို ပေးထားပြီးဖြစ်ပါသည်။ မြန်မာပြည်သားတို့ကမူ ယင်းသို့သော ခေတ်မီပညာရပ်ဆိုင်ရာ အချက်အလက်များကို မရနိုင်သောကြောင့် တိုင်းပြည် ဆုတ်ယုတ်ပျက်စီးယိုယွင်းရခြင်း အကြောင်း၏ အဓိကအချက်ကို ရှာဖွေလေ့လာရာတွင် ဗုဒ္ဓဘုရား၏ဆုံးအမသြဝါဒများကိုသာ အားကိုးအားထားပြုကြရာ အကြောင်းရင်းလေးခုကို တွေ့ရပေသည်။
• ပျောက်လျင်မရှာ၊ ပျက်တာမပြင်၊ ဆင်ခြင်မသုံး၊
• အသုံးဟော့ရမ်း၊ လူ့ပေါက်ပန်းကို၊
• ရှေ့ တန်းမှာတင်၊ ဤလေးအင် မှန်ပင်ပျက်စီးကြောင်း။ (အဂုင်္တ္တရနိကာယစတုတ္ထနိပါကပါဠိတော်)

မိမိက ထင်သလို့ချေမှုန်းနိုင်သူများ၏လှုံ့ ဆော်ရန်စမှုနှင့် ချို့ယွင်းချက်များကို ပညာရှိပီသ၍ သဘောထားကြီးစွာ ကိုင်တွယ် နိုင်စေမည့် စစ်မှန်သောသည်းခံခြင်းတရား (ခန္တီ) ကို အုပ်ချုပ်မင်းလုပ်သူတို့ ကျင့်ကြံရမည်ဖြစ်ပါသည်။ အကြမ်းဖက်မူသည် ဗုဒ္ဓဝါဒ အဆုံးအမနှင့် ဆန့်ကျင်ဖက်ဖြစ်ပါသည်။

ရာဇောဝါဒဇာတ်တော်အရ မင်းကောင်း မင်းမြတ်တို့သည် -
• ဒေါသကြီးသူကို မေတ္တာနှင့် အောင်နိုင်၏။
• မကောင်းမှုကို ကောင်းမှုနှင့်အောင်နိုင်၏။
• စေးနဲခြင်းကို ပေးကမ်းခြင်းဖြင့်အောင်နိုင်ရာ၏။
• မမှန်စကားဆိုသူကိုအမှန်ဆိုခြင်းဖြင့်အောင်နိုင်ရာ၏၊

အကြမ်းမဖက်ဘဲ ကရုဏာတရားဖြင့် တိုင်းပြည်ကို အုပ်ချုပ်သူ အာသောကဘုရင်ကြီးကို စံပြဗုဒ္ဓဘာသာဘုရင်အဖြစ် မှတ်တမ်းနမူနာ ပြကြပါသည်။ အစိုးရသည် ကြမ်းတမ်းခက်ထန်ခြင်း သီလနှင့်မညီသော အင်အားသုံးခြင်းတို့ဖြင့် နာခံမူ ရအောင် ကြိုးစား အားထုတ်ခြင်းမပြုဘဲ၊ အမှန်တရားဖြင့် အောင်နိုင်ရန် (ဓမ္မဝိဇယ) ကိုသာ ဦးတည်ရမည် ဖြစ်ပါသည်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

Tuesday, March 29, 2016

The Grand Dinner ဂရင်းဒင်နာ ညစာစားပွဲ

နေ့အကူးမှာ နေမထွက်ခင် ညအမှောင်ကိုဖြတ်ရတယ်။ ကမ္ဘာကြီးမှာပါ။ အုပ်ချုပ်ရေးတခုကနေ နောက်အသစ်တခုကို ကူးရာမှာတော့ ညစာစားပွဲကြီးရှိတယ်။ မြန်မာနိုင်ငံမှာပါ။

The Last Supper လို့ခေါ်တဲ့ အလွန်နာမည်ကြီးတဲ့ပန်းချီကားကြီးတခုရှိပါတယ်။ ၁၄၉၅ ခုနှစ်ကတည်းက အီတလီလူမျိုး ပန်းချီဆရာ (လီယိုနာဒို ဒါဗင်ချိ) ကနေရေးဆွဲခဲ့တာပါ။ ကမ္ဘာမှာ ကနေ့ထိနာမည်အကြီးဆုံး အနုပညာလက်ရာတခုလည်း ဖြစ်ပါတယ်။ အီတလီနိုင်ငံ၊ မီလန်မြို့မှာထားရှိပါတယ်။ ပန်းချီကားဆွဲတာ ၁၄၉၈ အထိ စုစုပေါင်း (၃) နှစ်ကြာပါတယ်။ ခရစ်တော် ယေရှု (ဂျီးဆပ်စ်) ဂျေယူဆလင်မြို့မှာ စားသုံးခဲ့တဲ့ နောက်ဆုံးညစာ (ညလယ်စာ) ကို သရုပ်ဖေါ်ထားတာ ဖြစ်ပါတယ်။

(လီယိုနာဒို ဒါဗင်ချိ) ရဲ့လက်ရာလိုပဲ ကနေ့ နေပြည်တော်က ညစာစားပွဲဟာလည်း နှစ်ပရိစ္ဆေဒရှည်ကြာအောင် အမှတ်ရနေကြမယ်လို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၆

Risk of having a baby with Down Syndrome ဒေါင်းဆင်ဒရုမ်းကလေးရနိုင်ချေ

ဆရာရှင့် သမီးအသက် ၃၅ နှစ်၊ အသက် ၃၁ နှစ်မှာ အိမ်ထောင်ပြုပါတယ်။ ၃၂နှစ်မှာ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်မို့ ကိုယ်ဝန်၂ လနဲ့ ပျက်ခဲ့ပါတယ်။ ၃၃ နှစ်မှာ နောက်ထပ်ကိုယ်ဝန်ရတော့ သေချာဂရုတစိုက်ကို နေထိုင်ခဲ့ပါတယ်။ဒါပေမယ့် မွေးလာတဲ့ သမီးလေးက မွေးရာပါ down syndrome  ရောဂါသည်လေးဖြစ်နေပါတယ်။ အရမ်းကို ဂရုတစိုက်နဲ့ သေချာပြုစုခဲ့ပေမယ့်လည်း သူရဲ့မွေးရာပါ နှလုံးရောဂါနဲ့ အသက် ၄ လ အထိပဲရှင်ခဲ့ပါတယ်။ အမျိုးသားကလည်း သက်တူရွယ်တူပါ။ ၂ ဖက်မျိုးရိုးမှာလည်း ဒီလို down syndrome ရောဂါသည် မရှိခဲ့ကြပဲ ၊ သမီးတို့ ၂ယောက်မှာ ပထမဦးဆုံးပါ။ တစ်ခါမှမကြုံခဲ့ဖူးကြလို့ အားလုံးအံ့သြထိတ်လန့်ပြီး သေချာကိုဝိုင်းဂရုစိုက်ခဲ့ကြတာပါ။ အခုသမီးလေး ဆုံးတာ ၁ နှစ် နှင့် ၄ လရှိပါပြီ။ နောက်ထပ်ကလေးယူရင် သမီးလေးလိုမျိုး ထပ်ပြီးမွေးလာနိုင်လားဆိုတာ သိချင်ပါတယ်။ နောက်ထပ်ရလာမယ့်ကလေးအတွက်လည်း အရမ်းစိတ်ပူနေမိလို့ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်။

ဒေါင်းဆင်ဒရုမ်း ဘာလို့ဖြစ်သလည်း တိတိကျကျမသိသေးပါ။ ကိုယ်ဝန်ကတည်းကတော့ စစ်လို့ရတယ်။ ခရိုမိုဇုမ်း ၂၁ မှာ ချို့ယွင်းနေမယ်။ ဒေါင်းဆင်ဒရုမ်းကလေးတွေ ၃-၄% မှာ ကော်ပီအပို ၂ ခုနဲ့ တဝက်တပျက်တခုပါနေတာတွေ့ရတယ်။ မိသားစုရာဇဝင် မလိုက်ဖူးလို့ ယူဆရတယ်။ ဆရာဝန်တွေက (ဘိုင်ချန့်စ်) ပြောတာကို ကံတရားလို့သာဘာသာပြန်ရမယ်။

မျိုးဗီဇ (၃) မျိုးဖြစ်နိုင်တယ်။ Trisomy 21က ၉ဝ% ရှိတယ်။ Trisomy 21 က ၂% သာရှိတယ်။ Translocation Trisomy 21-Sometimes က ၃-၄% ရှိတယ်။ Trisomy 21 ကလေးမျိုးမွေးဖူးရင် နောက်ကိုယ်ဝန်မှာလည်းထပ်ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မိဘတယောက်ယောက်မှာ ကယ်ရီယာဖြစ်နေလို့ပါ။ ဖခင်က ကယ်ရီယာဖြစ်နေရင် နောက်ကိုယ်ဝန်မှာ ၃% ထပ်ဖြစ်စရာအလားအလာရှိတယ်။ မိခင်ကကယ်ရီယာဖြစ်နေရင် ၁၂% အလားအလာရှိတယ်။ ယေဘုယျ ၁% သာ ရှိပါတယ်။

အိမ်ထောင်ပြုတဲ့အသက်က အချက်တခုဖြစ်တယ်။ ၂၅ နှစ်မှာအိမ်ထောင်ပြုရင် ဒေါင်းဆင်ဒရုမ်းကလေးမွေးဖို့ အခွင့်အလမ်း ၁၂ဝဝ မှာ ၁ ရှိတယ်။ ၃၅ နှစ်ဆိုရင် ၃၅ဝ မှာ ၁ ယောက်၊ အသက် ၄ဝ ဆိုရင် ၁ဝဝ မှာ ၁ ယောက်။ ၄၉ နှစ်ဆိုရင် ၁ဝ ယောက် ၁ ယောက်အလားအလာရှိတယ်။

နောက်လေ့လာမှုတခုအရ အသက် ၂ဝ = ၁၆ဝဝ မှာ ၁ ယောက်၊ အသက် ၂၅ = ၁၃ဝဝ မှာ ၁ ယောက်၊ အသက် ၃ဝ = ၁ဝဝဝ မှာ ၁ ယောက်၊ အသက် ၃၅ = ၃၆၅ မှာ ၁ ယောက်၊ အသက် ၄ဝ = ၉ဝ မှာ ၁ ယောက်နဲ့ အသက် ၄၅ = ၃ဝ မှာ ၁ ယောက် အလားအလာရှိတယ်။ ဒါပေမယ့် ဒေါင်းဆင်ဒရုမ်းကလေး ၈ဝ% ဟာ မိခင်အသက် ၃၅ နှစ်ထက်မကြီးသေးသူတွေကနေ မွေးလာကြတာဖြစ်တယ်။

မိဘတွေမှာ ချို့ယွင်းချက်ရှိနေရင်လည်း ကလေးမရတတ်ပါ။ Trisomy 21 အမျိုးသမီးကနေ ကိုယ်ဝန်ရနိုင်ဘို့ ၁၅-၃ဝ% သာရှိပြီး ၅ဝ% အဲလိုကလေးမွေးလာနိုင်တယ်။ ယောက်ျားမှာ ဒေါင်းဆင်ဒရုမ်းရှိရင် ကလေးမမွေးပါ။

ကိုယ်ဝန်ဆောင်ချိန် Prenatal genetic screening မျိုးဗီဇစစ်ဆေးခြင်းလုပ်နိုင်ပါတယ်။ ကိုယ်ဝန် ၁၁ ကနေ ၁၄ ပတ်မှာ သွေးစစ်မယ်။ အာလ်ထွာဆောင်းရိုက်မယ်။ ကလေးဂုတ်ပိုးနေရာ အထူအပါး ကြည့်ရတယ်။ nuchal translucency ခေါ်တယ်။ ၈၂ ကနေ ၈၇% ကိုစစ်ဆေးတွေ့နိုင်တယ်။

Chorionic villus sampling (CVS) ကို ၉-၁၄ ပါတ်မှာစလုပ်နိုင်တယ်။ ကိုယ်ဝန်ပဌမ ၁၁-၁၄ ပါတ်မှာ စစ်ဆေးမှု ၂ ဆင့် လုပ်မယ်။ သွေးစစ်တာနဲ့ အာလ်ထွာဆောင်း။ Quad Marker Screen သွေးစစ်နည်းကို ၁၅-၂ဝ ပါတ်မှာလုပ်တယ်။ Triple Screen ကို ၁၆-၁၈ ပါတ်မှာလုပ်မယ်။ ကလေးကနေထုတ်တဲ့ Alpha-fetoprotein (AFP) ကိုစစ်မယ်။ human chorionic gonadotropin (hCG) နဲ့ unconjugated estriol အချင်းထုတ်တာတွေစစ်မယ်။ Amniocentesis ကို ကိုယ်ဝန် ၁၅ ပါတ် နောက်မှာသာ သေချာစေဘို့လုပ်မယ်။ Percutaneous umbilical blood sampling (PUBS) ကို ၁၈ ပါတ်မှာလုပ်တယ်။

အသက် ၃၅ နှစ်ရောက်မှကိုယ်ဝန်ဆောင်သူတွေက fetal DNA test စမ်းနည်းစစ်ဆေးနိုင်တယ်။ MaterniT21 or Harmony လို့ရောင်းတယ်။ ကိုယ်ဝန်ပဌမ ၃ လအတွင်းစစ်နိုင်တယ်။ ၉၉% တိကျတယ်လို့ဆိုတယ်။ ဒုတိယ ၃ လပိုင်းမှာ သွေးထပ်စစ်မယ်။ multiple marker screening (သို့) quad screening လို့ခေါ်တယ်။ ၈ဝ% သေချာတယ်။

မွေးလာတဲ့ကလေးကို ဒေါင်းဆင်ဒရုမ်းရှိ မရှိ မျက်နှာသွင်ပြင်ကြည့်ရတယ်။
• Short neck လည်ပင်းတိုမယ်။
• Abnormally shaped ears နားရွက်ပုံစံမူမမှန်ပါ။
• Protruding tongue လျှာတစ်လစ်ထွက်မယ်။
• Small head ခေါင်းအရွယ်အစားသေးမယ်။
• Deep crease in the palm of the hand with relatively short fingers လက်ဝါးအရေးအကြောင်းတွေ နက်မယ်။ လက်ချောင်းလေးတွေ တိုမယ်။
• Small hands and feet ခြေရောလက်ပါ သေးနေမယ်။
• White spots in the iris of the eye မျက်စိသူငယ်အိမ်မှာ အဖြေူစက်လေးတွေရှိမယ်။
• Poor muscle tone, loose ligaments, excessive flexibility ကြွက်သား (တုန်း) အားနည်းမယ်။ အရွတ်တွေ ချောင်မယ်။ ကွေးနိုင်စွမ်း လွန်ကဲနေမယ်။

လိုတဲ့ကလေးကို chromosomal karyotype test စစ်မယ်။ chromosome 21 အပိုတွေ့ရင် ဒေါင်းဆင်ဒရုမ်းဖြစ်မယ်။ တခြားတွဲပါနေနိုင်တဲ့မွေးရာပါချို့ယွင်းချက်တွေကိုလည်း စစ်ဆေးရမယ်
• Congenital heart disease မွေးရာပါနှလုံးရောဂါ၊
• Hearing problems နားအကြားမကောင်းတာ၊
• blocked small bowel or esophagus အူလမ်းကြောင်းပိတ်တာ၊
• Celiac disease ဆီးလိယက်ရောဂါ၊
• cataracts မျက်စိအတွင်းတိမ်၊
• Thyroid dysfunctions လည်ပင်းကြီးအလုပ်မမှန်ခြင်း၊
• Skeletal problems အရိုးရောဂါ။
• Dementia similar to Alzheimer’s မှတ်ဉာဏ်ချို့ယွင်းချက်တွေဖြစ်တယ်။ ခုခံအားစနစ်အားနည်းလို့ ရောဂါပိုးဝင်လွယ်လို့ Pneumonia နူမိုးနီးယားကိုလည်းသတိထားရမယ်။

အမေရိကားမှာ ကလေး ၈ဝဝ မွေးတိုင်းတယောက်မှာ အဲဒီရောဂါပါလာတယ်။ တနှစ်မှာ ၆ဝဝဝ ရှိတယ်။ အဲလိုကလေး ၈၅% ဟာ ၁ နှစ်သာအသက်ရှင်တယ်။ ၅ဝ% ဟာ အသက် ၅ဝ အထိရှင်ကြတယ်။ လက်ရှိ လူဦးရေ ၃၅ဝဝဝဝ မှာ ဒေါင်းဆင်ဒရုမ်းရှိကြတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ

(၁) ဆရာ မင်္ဂလာပါရှင့် သမီးအသက်ကအခု ၃၂ ပါဆရာ။ အိမ်ထောင်ရှိပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က Hypothyroid ဖြစ်လို့ တနှစ်လောက် ဆေးစွဲသောက်ခဲ့ရပါတယ်ဆရာ။ ၂ဝ၁၅ ထဲမှာ ဆေးဆက်မသောက်ခိုင်တော့လို့ ရပ်လိုက်ပါတယ်။ အခုကလေးယူဖို့လုပ်တော့ ကလေးမရလို့ OG နဲ့ပြတော့ OG က သွေးပြန်စစ်ခိုင်းလို့ ပြန်စစ်တော့ TSH ပြန်တတ်နေတာတွေ့ပါတယ်ဆရာ။ OG က ကလေးယူဖို့ဆက်မကြိုးစားဖို့ပြောပါတယ်ဆရာ။ တကယ်လို့များ ကလေးရခဲ့ရင် ကလေးဘယ်လိုဖြစ်နိုင်ပါသလဲသိချင်လို့ပါဆရာ။ ပြီးတော့ ဒီရောဂါက ဘယ်လိုပြုမှုနေထိုင်စားသောက်ရင် မြန်မြန်ပျောက်ကင်းနိုင်ပါသလဲဆရာ။ သမီးကိုကျေးဇူးပြုပြီးရှင်းပြပါလားဆရာရှင့်။

ကိုယ်ဝန်ဆောင်ရင် TSH ဟော်မုန်းတက်လာနိုင်တယ်။ အီစထိုဂျင်လည်းတက်တယ်။ TBG လည်းတက်တယ်။ FT3 နဲ့ FT4 တက်မယ်။ ဒါပေမယ့်လည်ပင်းကြီးဟော်မုန်းနည်းသူ ကိုယ်ဝန်ဆောင်ရင်တော့ သွေးတိုးစေနိုင်တယ်။ သွေးအား နည်းစေနိုင်တယ်။ ကလေးကိုယ်အလေးချိန်နည်းနိုင်တယ်။ ကိုယ်ဝန်ပျက်နိုင်တယ်။ ကလေးဖွံ့ဖြိုးမှု (ဦးနှောက်အပါအဝင်) များစေနိုင်တယ်။

(၂) ကျွန်တော့် အမျိုးသမီးက အသက် ၃ဝ နှစ်၊ ကိုယ်အလေးချိန် ၄၇ ကီလို၊ လွန်ခဲ့တဲ့ ၅ နှစ်က ၅၃ ကီလိုရှိပါတယ်။ အိမ်ထောင်ကျတာ ၃ နှစ်လောက် ရှိပါပြီ။ လွန်ခဲတဲ့ ၂ နှစ် နီးပါးလောက်က Thyroid ရောဂါဖြစ်လို့ လည်ပင်းက အကျိတ်ကို ခွဲထုတ်လိုက်ပါပြီ။ အခု ဟိုမုန်းဓါတ်နည်းလို့ဆိုပြီး Thyroxine sodium 100mg ကို တနေ့ တလုံးစား နေရပါတယ်။ အခု အသက်ရှူမဝတဝ (သို့ ) အသက်တဝက်ဘဲ ရှုရသလိုဖြစ်နေပြီးတော့ မကြာမကြာ အသက်ပြင်းပြင်း ရှူပေးရပါတယ်။ နောက်ပြီး နှလုံးတုန် ရင်တလှပ်လှပ်ဖြစ်ပြီး ခြေလက်အားမရှိပါဘူး။ အခြေအနေက ဖြစ်လိုက် ပျောက်လိုက်ပါ။ ခုရက်ပိုင်းမှာ ပိုစိပ်လာပါတယ်။ တပတ်မှာ သုံးလေးရက်လောက်ပါ။ အလုပ်မလုပ်လည်းဖြစ်ပါတယ်။ ဒီနှစ်ခုက တပြိုင်တည်း ဖြစ်တတ်သလို တစ်ခုချင်းလည်း ဖြစ်ပါတယ်။ အသက်ရှူ မဝတာက ငယ်ငယ်က ဖြစ်ဖူးတယ်။ နောက်ပိုင်းမှာ မဖြစ်တော့ဘဲနဲ့ လည်ပင်းခွဲခါနီးနဲ့ ခွဲပြီးနောက်မှ ပြန်ဖြစ်ပါတယ်။ ရင်တုန်တာက မခွဲခင်က ဖြစ်ပြီးတော့ ခွဲပြီးနောက်ပိုင်း အဖြစ်များလာတယ်။ နောက်တခုက ဇက်ကျောတက် ခေါင်းကိုက်ပါ။ ဒါကတော့ အမြဲလိုလို ဖြစ်နေပါတယ်။ နေကောင်းတဲ့ရက် တလမှာ ငါးရက်လောက်ပဲ ရှိပါတယ်။ ဆေးစစ် သွေးစစ်တော့လည်း Thyroid ဟိုမုန်း နည်းတာကလွဲပြီး ဘာရောဂါမှ မရှိပါဘူးတဲ့။ နှလုံး၊ သွေးတိုး၊ အားလုံး ကောင်းတယ်တဲ့။ နှလုံးခုန်နှုန်းက 78/min ပါ။ လည်ပင်းကြီးကြောင့် ခွဲခဲ့ရတာကို တိတိကျကျ မသိရသေးဘူး။ အရွယ် ကြီးနေလို့လား၊ ဟော်မုန်း များနေလို့လား။ ဘယ်နိုင်ငံမှာ ဘယ်အဆင့် ဆေးရုံမှာ ခွဲလဲ မသိပါ။ ခွဲလိုက်တုံးက လည်ပင်းကြီး-အကျိတ်ကို လိုတာထက် ပိုခွဲထုတ်လိုက်မိတယ် ထင်ရတယ်။ ခွဲစိတ်ဆရာဝန်ကို အပြစ်တင် ပြောချင်တာတော့ မဟုတ်ပါ။ ဘယ်လောက်အထိ ခွဲစိတ် ထုတ်ရမလဲ ဆိုတာကလည်း ဆရာဝန်တွေ အားလုံးက လက်ခံထားတဲ့ ပုံသေနည်း မရှိလို့၊ များတာ-နည်းတာ ဖြစ်နိုင်ပါတယ်။

Thyroid surgery လည်ပင်းကြီး ခွဲရတာဟာ အင်မတန်ကို သတိကြီးရတဲ့ ခွဲစိတ်မှုဖြစ်တယ်။ မတော်လာ၊ လွဲချော်တာ၊ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ အများကြီး။ Hypothyroidism လည်ပင်းကြီး-ဟော်မုန်းနည်းလွန်းတာ၊ သွေးယိုတာ၊ Recurrent Laryngeal Nerve အာရုံကြောထိတာ၊ Hypoparathyroidism (ပါရာသိုင်းရွိုက်) ဟော်မုန်း နည်းတာ၊ Thyrotoxic Storm (သိုင်းရွိုက်) မုန်တိုင်းကျသလိုဖြစ်တာ၊ Superior Laryngeal Nerve အာရုံကြောထိတာ၊ ရောဂါပိုးဝင်တာ အားလုံးက အကြီးစားတွေပါ။

Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့ -
• တချို့က ဘာမှ မဖြစ်သလိုဘဲ နေတတ်တယ်။
• သာမန်ဖြစ်သူတွေမှာ အားယုတ်၊ စိတ်ကျ၊ ကိုယ်အလေးချိန်တိုး၊ အအေးမခံနိုင်၊ အိပ်ချင်စိတ်များ၊ ဆံပင်ခြောက်၊ အသားအရေခြောက်၊ ဝမ်းချုပ်၊ ကြွက်သားနာ၊ (ကိုလက်စတီရော) များ၊ အာရုံစိုက်မှုနည်း၊ ဟိုက-ဒီကနာ၊ ခြေထောက်ရောင်၊
• ကြာရင် မျက်လုံးဘေးမှာ ဖေါင်း-ရောင်လာ၊ နှလုံးခုန်နှုန်းနှေးလာ၊ ကိုယ်အပူချိန်ကျလာ၊ နှလုံးရောဂါဝင်လာ၊
• ဒိထက်ဆိုးလာရင် Myxedema coma သတိလစ်တာ ဖြစ်နိုင်တယ်။

လူဦးရေရဲ့ ၃% မှာ လည်ပင်းကြီးဟော်မုန်းနည်းရောဂါရှိတယ်။ ကလေးဖွါးပြီး တနှစ်အတွင်းမှာ ၅% အမေတွေ ဖြစ်တတ်ကြတယ်။ လူက ထိုင်း-လေးနေမယ်။ အေးတာ မခံနိုင်ဘူး၊ ချွေးများတယ်။ ဝမ်းချုပ်တယ်၊ လူက ဝလာမယ်။ စိတ်ဓါတ်ကျတယ်။ ခြေသည်း-လက်သည်းတွေ ကြွပ်ဆတ်နေမယ်။ ဆံပင်ကြမ်းမယ်။ နှလုံးခုန် နှေးနေမယ်။ ကြာလာရင် စကားအပြောအဆိုပါ နှေး-လေးလာမယ်။ အသားအရေလဲ ခြောက်နေမယ်။ မျက်ခုံးမွှေးက ဘေးဘက်မှာ ပါးလာမယ်။ ရာသီမမှန်ဖြစ်မယ်။

Levothyroxine ဆေးပေးကုတယ်။ အရွယ်အစားလည်း လျှော့စေတယ်၊ ကင်ဆာနဲ့ ကင်ဆာမဟုတ် အကျိတ်ဖြစ်တာလဲ နည်းစေတယ်။ ဟော်မုန်းများလို့ ခွဲတဲ့အခါ တချို့မှာ ဟော်မုန်း ဆက်ထုတ်ဘို့တောင် မကျန်တော့ရင် ဟော်မုန်းနည်းရောဂါ ဖြစ်လာပြန်လို့ တသက်လုံး ဆေးသောက်နေရမယ်။

ဆေးကုရတာမှာ တသက်တာကုဘို့ လိုတယ်။ (T4) ဆေးမပေါ်ခင်က တိရစ္ဆာန် လည်ပင်းအကျိတ်ကနေ ထုတ်တဲ့ဆေး ပေးခဲ့တယ်။ Thyroxine sodium 100mg က T4 ဖြစ်ပါတယ်။ ဆေးကို 1.6-1.7 micrograms per kilogram per day ပေးရတယ်။ ကလေးတွေကို ပိုပေးရတယ်။ ဆေးစပေးပြီးနောက် ၁ လ၊ ၁လခွဲမှာ ပြန်စစ်ပြီး ဆေးအဆ ပြင်သင့် ပြင်ရတယ်။ ဆေးကို မနက်ခင်း အစာ မစားခင် နာရီဝက် ကြိုသောက်သင့်တယ်။

ဒီဆေးနဲ့ Amphetamines (အလာဂျီ) အတွက်ဆေး၊ Antacids အက်စစ်ပျယ်ဆေး၊ Anticoagulants သွေးမခဲဆေး၊ Antidepressants စိတ်ကျဆေး၊ Aspirin အက်စ်ပရင်၊ Metoprolol, Propranolol (ဘီတာ-ဘလော့ကာ) ဆေး၊ Cholestyramine (ကိုလက်စတီရော) ကျဆေး၊ ဆီးချိုဆေး၊ Digoxin နှလုံးဆေး၊ Estrogens မ-ဟော်မုန်းဆေး၊ သံဓါတ်ဆေး၊ Methadone အကိုက်-အနာသက်သာဆေး၊ ကိုယ်ဝန်တားစားဆေး၊ Phenytoin အတက်သက်သာဆေး၊ Theophylline ပန်းနာဆေး၊ ဗီတာမင်တွေနဲ့ တချိန်တည်း တွဲမသောက်သင့်ဘူး။

ဆေးကုလို့ ကောင်းတယ်ဆိုတာ Cognition and Mood စိတ်ပိုင်းဖြစ်စဉ်နဲ့ အမူအယာနှစ်ခုက ကောင်းလာရပါမယ်။

(၃) ဒေါက်တာရှင့် Thyroid နဲ့ပတ်သက်ပြီး လည်ပင်းခွဲပြီးတဲ့နောက်မှာ ထုံကျင်တဲ့ဝေဒနာက ဘယ်လောက်ထိဖြစ်မှာလဲရှင့် အစားအစာအနေနဲ့ကုသမှု ရှိနိုင်မလား ဆေးက ဘယ်လောက်ထိ သောက်ရမှာလဲ။

လည်ပင်ကြီးခွဲပြီးလို့ဖြစ်ရတဲ့ ထုံတာပျောက်သွားဘို့ မဖြစ်နိုင်တော့ပါ။ ခွဲပြီးတာမကြာသေးရင်တော့ ဖြေးဖြေး တိုးတက်လာနိုင်ပါတယ်။ ဓါးနဲ့ခွဲရတယ်ဆိုတာ လည်ပင်းမှ မဟုတ်ပါ၊ ဘယ်နေရာခွဲခွဲ အလှီးဖြတ်ခံရရင် ထိခိုက်ရတယ်။ အရိုး၊ ကြွက်သား၊ အဆီ၊ အရေပြား၊ အမှေးပါး၊ အရွတ်၊ ဒါတွေက အသစ်ပြန်ဖြစ်နိုင်တယ်။ သွေးကြောဆိုရင်တောင် ပြန်ဖြစ်သေးတယ်။ အာရုံကြောကတော့ ဒါးနဲ့ခွဲတာ မဟုတ်ဘဲ၊ ထိခိုက်မိတာဖြစ်ဖြစ်၊ လေဖြတ်တာဖြစ်ဖြစ်၊ ပြန်ကောင်းဘို့ မဖြစ်နိုင်ပါ။ ဒါ့ကြောင့် ဓါးမသုံးဘဲ ခွဲစိတ်နည်းတွေ အတော်အောင်မြင်လာနေပြီ။ အကြီးအကျယ်လုပ်နေတဲ့ Stem cell သုတေသနအောင်မြင်လာရင် ဖြစ်လာနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

At a glance ဦးသိန်းစိန် ၅ နှစ်အပေါ်သုံးသပ်ချက်

VOA က မေးလို့ဖြေရပါတယ်။

၁။ ဦးသိန်းစိန်က ယေဘုယျပြောရရင် အရင်စစ်အစိုးရတွေကနေလိုင်းခွဲထွက်တာတဲ့ သမတတော့ မှန်ပါတယ်။ ဖွဲ့စည်းပုံမရှိပဲ အုပ်ချုပ်နေခဲ့တာကနေ ရွေးကောက်ပွဲတက်လာသူဖြစ်လို့ အမြင်အရရော အသွင်အရပါ မတူပါ။

၂။ သူ့လက်ထက်မှာ တိုင်းပြည်ရဲ့မဏ္ဍိုင်ကြီးလေးရပ်ထဲက မီဒီယာကိုတော့ သိသာထင်ရှားတဲ့အပြောင်းအလဲကို အတိုင်းအတာတခုထိ လုပ်နိုင်ခဲ့ပါတယ်။ သမတနဲ့ တိုက်ရိုက်ဆိုင်တဲ့ အုပ်ချုပ်ရေးမှာတော့ အဂတိလိုက်စားမှု လျှော့တာ မရှိတဲ့ပြင် သူကိုယ်တိုင်က (၃) သိန်းဆိုတဲ့ ကိန်းဂဏန်းကိုထုတ်ပြောလိုက်ပါသေးတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေးကလည်း ဝန်ကြီးဌာနသာတိုးလာပြီး လူတွေပိုသက်သာရာရတယ်လို့တော့ မရှိသလောက်ပါ။

၃။ လူ့အခွင့်အရေးကလည်း ကော်မရှင်သာပေါ်လာတယ်။ လုံထိန်းနေရာမှာ လက်ပတ်နီအစားထိုးလိုက်တယ်။ နိုင်ငံရေး အကျဉ်းသားတွေ နည်းသွားပါတယ်။ ကောင်းပါတယ်။ အကျဉ်းသားသစ်လည်း တိုးတာပါပဲ။ မကောင်းပါ။

၎။ ကျွန်တော်တို့အပါအဝင် အမည်မည်းစာရင်း ၂ဝဝဝ ကျော်ဖျက်ပေးတယ်။ ကောင်းပါတယ်။ ဒါပေမယ့် သူ့ဝန်ကြီးတွေကတော့ အမေရိကန်အမည်းစာရင်းထဲ သွင်းခံရတယ်။

၅။ ပြည်ပနေရသူတွေ ပြည်တော်ပြန်လာနိုင်တဲ့အရေအတွက်က အလွန်နည်းလွန်းပါတယ်။ နိုင်ငံရေးထဲက လူတချို့ ပြည်တော်ပြန်နိုင်တာက သူ့အစိုးရအမှုတော်ထမ်းသူမျိုးသာဖြစ်ခဲ့တယ်။ တခြားနိုင်ငံတွေထွက် အလုပ်လုပ် နေကြရတဲ့ ၂-၃ သန်းလောက်ထဲကပြန်လာနိုင်သူ ရှိပါမလား မသိပါ။

၆။ မြစ်ဆုံရေကာတာစီမံချက်ကို (၅) နှစ်ကြာတားခဲ့တာကို ကြိုဆိုပါတယ်။ ရဲရင့်တဲ့အဆုံးအဖြတ်ဖြစ်တယ်။ ဒါပေမယ့် တရုပ်ပြည်နဲ့ နယ်စပ်အရေးတွေဖြစ်ပေါ်စေခဲ့တယ်။ အကြွေးတွေကို အတိုးနှုန်းအများကြီးနဲ့ချေးယူပြီး တရုပ်ကို မျက်နှာပြန်ရအောင်လုပ်ခဲ့တာလား မေးရမလိုဖြစ်စေတယ်။

၇။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဆင့်တခုကိုတော့ လုပ်သွားနိုင်ပါတယ်။ ဒါပေမယ့် အပစ်ရပ်စဲမှု အတိုင်းအတာ တခုနဲ့ လက်မှတ်ထိုးစာရွက်စာတမ်းတခုသာ ကျန်ရစ်တယ်။ စစ်ရေးအင်အားနဲ့ နိုင်ငံရေးအင်အား ကောင်းတဲ့ အဖွဲ့တွေ ကျန်နေရစ်ပါတယ်။ ယာယီအစီအစဉ်တရပ် တနည်းအားဖြင့် (၅) နှစ်ခံစီမံချက်တရပ်ကို ငွေသန်းပေါင်းများစွာနဲ့ ဝယ်လိုက်တာသာ ဖြစ်နေပါတယ်။

၈။ ချုပ်ပြောရရင် ဦးသိန်းစိန်ဟာ ပြုပြင်ရေးသမား မဟုတ်ပါ။ ပြုပြင်ပြောင်းလဲရေးကို NLD ကအဓိကဦးဆောင်ပြီး ကြိုးပမ်းနေခဲ့တာမှာ အတိုင်းအတာတခုထိ ရလာချိန်မှာ စတင်ကပြရတဲ့ ပွဲဦးထွက်မှာ ဦးသိန်းစိန်က သရုပ်ဆောင်ခွင့်ရတဲ့ မင်းသားတလက်ဖြစ်ပါတယ်။ သူဟာ မူဟောင်းကြီးကို အဓိကဆုပ်ကိုင်ထားခဲ့သူတွေထဲက ထိပ်ဆုံး ၄-၅ ယောက်ထဲမှာ ပါခဲ့သူဖြစ်ပြီး၊ ဆက်လက်ပြုပြင်ပြောင်းလဲရေးလုပ်ရမှာကို ခုခံကွယ်နေသူသာ ဖြစ်ပါတယ်။ အဲတာကြောင့်လည်း ဦးသိန်းစိန်နဲ့သူ့ပါတီကို ၂ဝ၁၅ ရွေးကောက်ပွဲမှာ လူထုကနေဖြုတ်ချလိုက်ကြပါတယ်။ လာမယ့် (၅) နှစ်မှာ တည်ဆောက်ရေးနဲ့အတူ ပြုပြင်ရေးကိုဆက်လုပ်ကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Points of Interest ကိုယ်ကျိုးစီးပွါးနဲ့ မဟာဗျူဟာ

နိုင်ငံရေးမှာ မတူတာကိုတွဲလုပ်ကြလို့ အဆိုအမိန့်မျိုးရှိတယ်။ ကျောင်းသားခေါင်းဆောင်တယောက်ကတော့ ရီစရာ ပြောဖူးတယ်။ တူတာကိုတွဲလုပ်ရင် ပြဿနာပိုကြီးတတ်တယ်တဲ့။

အမြင်ချင်းမတူပါကိုရေးတော့ တယောက်ကနေ မတူတာပေါင်း အားဖြစ်ပါစေ ဆုတောင်းလို့ ကွန်မင့်ရေးတယ်။

တခါတလေမှာ အဆိုအမိန့်တို့၊ စကားပုံတို့ကို ကာရံကိုက်လို့ မှတ်ချက်ပေးလိုက်ကြတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာ လွဲနေတတ်တယ်။ ပြိုင်တူတွန်းလျှင်ရွေ့ဆိုတာမျိုးကို ဖတ်ရဖန်များတော့ အီနောက်လာတယ်။ နိုင်ငံရေးမှာ တွဲလုပ်ဆိုတာ ရှားတယ်။ အခုကြည့်ပါ ဒီမိုကရေစီဆိုသူတွေက ရန်လုပ်ကြတယ်။ ဖက်ဒရယ်ဆိုသူတွေကလည်း မတူတာတွေ ပြောနေကြတယ်။

ပါလီမန်ဒီမိုကရေစီမှာ ကိုယ်ကြိုက်တာကိုယ် မဲပေးကြတယ်။ ကြိုက်တယ်ဆိုတာ အကျိုးစီးပွါး (ကိုယ်ကျိုး) ကို ကြည့်တာ များတယ်။ ရင့်ကျက်သူတွေကတော့ မဟာဗျူဟာကျကျ မဲပေးတယ်။ အဲဒီပုဂ္ဂိုလ်တွေအကုန်လုံးကို မဲနဲ့ရွေးပေးလိုက်တာ ဖြစ်လို့ လာမယ့် ၅ နှစ်မှာ သည်လိုပဲ စခန်းသွားကြလိမ့်မယ်။

ထောက်ပြဝေဖန်သူတွေကလည်း ကိုယ်ကျိုးစီးပွါးအရနဲ့ မဟာဗျူဟာအရ လုပ်ကြလိမ့်မယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့။ ကြာတော့ ခန့်မှန်းရတာ မခက်တော့ပါ။ ပါးစပ်ဟတာနဲ့ အူအခွေ မရေနိုင်ပေမယ့် အာပုပ်နံ့တော့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Breast Cancer writings ရင်သားကင်ဆာစာများ

၁။ ဆရာ ရင်သားကင်ဆာလက္ခဏာနဲ့ ရင်သားကင်ဆာအကြောင်းဖတ်ချင်လို့ ကျေးဇူးပြုပီးညွန်ပေးပါဆရာ။

၂။ ဆရာ မင်္ဂလာပါ။ ရင်သားကင်ဆာဖြစ်နေသူရဲ့ စားသောက်နေထိုင်ပုံကို အသေးစိပ်သိချင်ပါတယ်။ ရှောင်ရန် ဘာတွေရှိပာသလဲဆရာ။ အသား၊ သကြား၊ လက်လုပ်ချဉ်နဲ့ ကော်ဖီ၊ လက်ဖက်ရည် မတည့်တာဟုတ်ပာသလား။ ရင်သားကင်ဆာအဆင့် ၂ မှာဖြစ်ပြီးဖြတ်ထုတ်ထားပါတယ်ဆရာ။ တစ်နှစ်ရှိပါပြီ။ ဒါပေမဲ့တခါတလေ ခွဲထားတဲ့ဘက်က အတွင်းဘက်မှာ စူးသလိုလိုနာပာတယ်။ ဘယ်လိုဆေးစစ်မှုတွေ ပြန်လုပ်သင့်ပာသလဲဆရာ။ ၃ လတစ်ခါတော့ သောက်ဆေးသွားယူရပါတယ်။ ဆရာဝန်ကတော့လက်နဲ့ စမ်းပေးရုံပဲ။ လူနာများတော့ ဘာမှ သေချာမမေးရဘူး။ ဆရာ့ကို အားကိုးပါတယ်။ ကျေးဇူးတင်ပါတယ်။ ဖြစ်တာက ကျွန်မကိုယ်တိုင်ပါ။ အသက် ၃ဝ ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးမရှိပါဘူးဆရာ။ ကျွန်မကမြန်မာနိုင်ငံကပါ။ ပြတာက ထိုင်းအစိုးရဆေးရုံမှာပါ။

၃။ ဆရာ ကျွန်မရင်သားကင်ဆာဖြစ်လို့ ခွဲစိတ်ပြီးပါပြီ။ ဆေးလည်းသွင်းပြီးပါပြီ။ ဓါတ်မကင်ရပါဘူး။ အခုသောက်ဆေး သောက်နေရပါတယ်။ ၅ နှစ်ဆက်တိုက် တစ်ရက် ၂ လုံးသောက်ရမယ်လို့ပြောပါတယ်။ အဲဆေးသောက်ပြီး ရာသီ ၃ လ မလာပါဘူး။ ပြီးတော့ ပြန်လာပြီး ခု ၂ လကျော်ပြီ။ မလာတော့ပြန်ဘူးဆရာ။ အဲတာ ဘာကြောင့်လဲ။ ပြန်လာနိုင်သေးလားဆရာ။ စိုးရိမ်ရလားသိချင်လို့ပါဆရာ။ တခြားဘာဆေးမှမသောက်ပါဘူးဆရာ။ ခွဲစိတ်ပြီးနောက်ပိုင်း ခုထိတားဆေးမသောက်ပါဆရာ။ ရာသီက၂၀ကျော်မှာလာနေကျပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

၎။ ဆရာ ကျွန်မက ရင်သားကင်ဆာတစ်ဘက်ခွဲစိတ်ပြီး ခုသောက်ဆေးသောက်နေချိန်မှာ ကင်ဆာ ပျောက် မပျောက် သိနိုင်ပါသလား။ ဘယ်နှစ်လတစ်ကြိမ် ဘယ်လိုဆေးစစ်တာတွေ ပြုလုပ်ရမလဲ သိချင်ပါတယ်ဆရာ။

ရင်သားကင်ဆာဆိုတာ အစားအသောက်ကနေ မဖြစ်ပါ။ စနစ်တကျကုသဖို့သာလိုတယ်။ ရင်သားကင်ဆာမှာ အမျိုးအစားရှိတယ်။ ဆေးစကုသချိန်ရှိတယ်။ ဆေးကုသနည်းရှိတယ်။ ကင်ဆာဆေးကနေလည်း ရာသီကိုသက်ရောက်တယ်။ ဆရာ့ဘလော့ခ်မှာ ဖတ်နိုင်ပါတယ်။

1. Bras and Breast Cancer (ဘရာစီယာ) နဲ့ (ဘရက်စ်) ကင်ဆာ http://doctortintswe.blogspot.com/2015/02/bras-and-breast-cancer.html
2. Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ http://doctortintswe.blogspot.com/2014/10/breast-benign-lumps.html
3. Breast Cancer (1) ရင်သား-ကင်ဆာ (၁) http://doctortintswe.blogspot.com/2015/02/breast-cancer-1.html
4. Breast Cancer (2) ရင်သားကင်ဆာ (၂) http://doctortintswe.blogspot.com/2015/02/breast-cancer-2_5.html
5. Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း http://doctortintswe.blogspot.com/2015/02/breast-cancer-chemotherapy_5.html
6. Breast Cancer Risk ရင်သားကင်ဆာ အန္တရာယ်များ http://doctortintswe.blogspot.com/2015/06/breast-cancer-risk.html
7. Breast Cancer Today ရင်သား-ကင်ဆာ အရင်ကနဲ့မတူပါ http://doctortintswe.blogspot.com/2015/02/breast-cancer-today.html
8. Breast Cancer Treatment regimes ရင်သား-ကင်ဆာ ကုထုံးများ http://doctortintswe.blogspot.com/2015/02/breast-cancer-treatment-regimes.html
9. Breast Cancer ကိုယ့်ပေါင်ကို လှန်ထောင်းရခြင်း (၁) http://doctortintswe.blogspot.com/2015/02/breast-cancer-2_5.html
10. Breast Cancer ရင်သား-ကင်ဆာ http://doctortintswe.blogspot.com/2014/10/breast-cancer.html
11. Breast Conditions ရင်သား ကျန်းမာရေး http://doctortintswe.blogspot.com/2015/02/family-history-of-cancer.html
12. Breast Fibroadenosis (ဖိုက်ဘရို-အဒီနိုးဆစ်) ရင်သားရောဂါ http://doctortintswe.blogspot.com/2014/11/breast-fibroadenosis.html
13. Breast Reconstruction ရင်သား အသစ်တပ်ပေးခြင်း http://doctortintswe.blogspot.com/2014/11/breast-reconstruction.html
14. Breast-feeding cuts moms’ risk of breast cancer နို့တိုက်မိခင်များ ရင်သားကင်ဆာမဖြစ်နည်း http://doctortintswe.blogspot.com/2015/04/breast-feeding-cuts-moms-risk-of-breast.html
15. Breath test could give clues to stomach cancer risk http://doctortintswe.blogspot.com/2015/04/breath-test-could-give-clues-to-stomach.html
16. Cancer and Diet ကင်ဆာ နဲ့ အစားအစာ http://doctortintswe.blogspot.com/2015/02/cancer-and-diet.html
17. Cancer tests ကင်ဆာ စစ်ဆေးခြင်း လမ်းညွှန်သစ် http://doctortintswe.blogspot.com/2014/12/cancer-tests.html
18. Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ http://doctortintswe.blogspot.com/2015/02/cancer-fighting-foods.html
19. Cancers of Women Reproductive system အမျိုးသမီး မျိုးပွါးလမ်းမယ်ဖြစ်တဲ့ ကင်ဆာတွေ http://doctortintswe.blogspot.com/2015/02/breast-cancer-today_5.html
20. Carcinoembryonic Antigen (CEA) http://doctortintswe.blogspot.com/2015/06/carcinoembryonic-antigen-cea.html
21. Family History of Cancer ကင်ဆာမိသားစုရာဇဝင် http://doctortintswe.blogspot.com/2014/11/breast-conditions.html
22. Fibrocystic breasts ရင်သားအကျိတ် http://doctortintswe.blogspot.com/2015/04/fibrocystic-breasts.html
23. HIFU ကင်ဆာကုသဘို့ရာ ရန်ကုန်မှာစက်သစ်ဖွင့်ပြီတဲ့ http://doctortintswe.blogspot.com/2015/06/hifu.html
24. Hormone therapy and breast cancer http://doctortintswe.blogspot.com/2015/04/hormone-therapy-and-breast-cancer.html
25. Hormone therapy and breast cancer ရင်သားကင်ဆာနဲ့ ဟော်မုန်းဆေး http://doctortintswe.blogspot.com/2015/04/hormone-therapy-and-breast-cancer.html
26. Hormone therapy and breast cancer ရင်သားကင်ဆာနဲ့ ဟော်မုန်းဆေးကုသနည်း ဆန်းစစ်ချက်အသစ် http://doctortintswe.blogspot.com/2015/04/hormone-therapy-and-breast-cancer.html
27. Invasive ductal carcinoma ပြန့်နိုင်သော နို့ပြွန်ကင်ဆာ http://doctortintswe.blogspot.com/2015/09/invasive-ductal-carcinoma.html
28. Most cancer types just bad luck ကင်ဆာနဲ့ ကံတရား http://doctortintswe.blogspot.com/2015/02/most-cancer-types-just-bad-luck_5.html
29. New treatment for drug-resistant breast cancer found ဆေးယဉ် ရင်သားကင်ဆာအတွက် ဆေးကုနည်းသစ် http://doctortintswe.blogspot.com/2015/04/new-treatment-for-drug-resistant-breast.html
30. Nipple discharge နို့ကနေ နို့မဟုတ်တာထွက်ရင် http://doctortintswe.blogspot.com/2015/06/nipple-discharge.html
31. Smoking and Cancer ဆေးလိပ် နဲ့ ကင်ဆာ http://doctortintswe.blogspot.com/2015/02/smoking-and-cancer.html
32. Types of Brest Cancers ရင်သားကင်ဆာအမျိုးအစားများ http://doctortintswe.blogspot.com/2015/04/types-of-brest-cancers.html

ဒေါက်တာတင့်ဆွေ

Monday, March 28, 2016

MP Hostel အောင်ဆန်းဆောင်

Thet Lwin အမတ်တို့၏ အဆောင်အယောင်ပါတဲ့။

တင်ပေးသူကလည်း ဆရာဝန်။ ကျွန်တော်နဲ့အတူ မန္တလေးဆေးတက္ကသိုလ်၊ အောင်ဆန်းဆောင်မှာ တချိန်တည်း နေဖူးသူဖြစ်ပါတယ်။ ကျွန်တော်တို့တတွေကလည်း တခန်းမှာ ၂ ယောက်နေကြရတယ်။ ပုံထဲကနဲ့ သိပ်မကွာပါ။ ကုတင်ခေါင်းရင်းမှာ စာကြည့်စားပွဲတခုစီရှိတယ်။ ကုတင်တခုနဲ့တခုကြား ၃ ပေလောက်ကျယ်တယ်။ ကျွန်တော်တို့က ထမင်းစားဆောင်သွားစားကြရတယ်။ တခါတလေတော့ ကိုယ့်အခန်းမှာပဲ ချက်ပြုတ်တာလည်းလုပ်ကြတယ်။

ကျွန်တော်တို့က အမတ်တွေထက်သာတာရှိတယ်။ သူတို့က ၅ နှစ်၊ ကျွန်တော်တို့က ၇ နှစ်။ ဒါပေမယ့် သူတို့ထဲမှာ နှစ်ကြီးသမားက များတယ်။ ထောင်သက်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Good orators (2) စကားပြောကောင်းတဲ့ တိုင်းရင်းသားတွေ (၂)

ကျွန်တော့ပို့စ်တခု = Good orators စကားပြောကောင်းတဲ့ တိုင်းရင်းသားတွေ

ကွန်မင့်တခု = Myat Ko အခုလည်း လွှတ်တော်မှာ ကချင်အမတ်က ဝန်ကြီးဋ္ဌာနတွေနဲ့သွားတာကောင်းကြောင်း၊ အရင်လို ဘော်လီဘောပုတ်စရာမလိုတော့ကြောင်း ပြောတယ်ဆရာ။

၁၉၉ဝ အမတ်တွေထဲက ကချင်အမတ် ဒူးဝါးဇော်အောင်က စကားပြောရင် ပုံတိုပတ်စမပါမပြီးဘူး။ တခါက ဒေါ်စန်းစန်းကို ခင်ဗျားနဲ့ကွန်တော် စစ်ကျောရေးစခန်းမှာလည်းဆုံတယ်။ ထိုင်းနယ်စပ်မှာလည်းလာဆုံတယ်၊ ဖူးစာပါတယ်လို့ပြောတော့ ဒေါ်စန်းစန်းက ရေစက်လို့ပြောပါ ဒူးဝါးကြီးရယ်လို့ တည့်ပေးရတယ်။ Smile

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

Different opinion အမြင်ချင်းမတူပါ

သတင်းတခု = ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင်မှ တရုတ်ပြည်ခရီးစဉ်တွင် ကျွန်တော်တို့ တရုတ်ကို လိုအပ်ပါတယ်။ အမေရိကန်နဲ့ စင်ကာပူကိုလည်းလိုအပ်ပါတယ်။ တကယ်လို့ အိန္ဒိယက ကျွန်တော့်ကိုဖိတ်ခေါ်ရင်လည်း ကျွန်တော် ကြိုဆိုလက်ခံမှာပါ။ ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးဆို့ ရင်းနှီးမြှုပ်နှံမှု အများအပြားလိုအပ်ပါတယ်ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကျွန်တော် နယူးဒေလီမှာရှိနေတုန်းမှာ ကျွန်တော် (ချယ်ယာမင်) လုပ်နေတဲ့ BCD အဖွဲ့ကနေ ပြည်တွင်းက နိုင်ငံရေး၊ လူမှုရေးနဲ့ မီဒီယာက တာဝန်ရှိသူတွေ ဖိတ်ကြားခေါ်ယူခဲ့ပါတယ်။ တဖွဲ့မှာ RNDP က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်လည်းပါတယ်။ အိန္ဒိယက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲတခုကို IIC မှာ စီစဉ်ပေးပါတယ်။ အိန္ဒိယအစိုးရ နိုင်ငံခြားရေး အတွင်းဝန်တဦးလည်းလာတယ်။

Burma Center Delhi, Society for Policy Studies & Indian International Center
Roundtable on India's response to a changing Myanmar
20-9-2013

အဲဒီမတိုင်ခင်လေးက ရခိုင်ပြည်နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ထားတယ်။ မြန်မာပြည်ကနေ ပူပူနွေးနွေးပြန်လာသူဆီကနေ သိရတဲ့သတင်းတခုကို ကျွန်တော်ကထောက်ပြဆွေးနွေးပါတယ်။ အဲဒီအချိန်က ရခိုင်ဒေသမှာ အကြီးအကျယ် ဒုက္ခရောက်နေချိန်ဖြစ်ပါတယ်။ ကျွန်တော်က အိန္ဒိယနိုင်ငံမှာမှီခိုနေထိုင်ပေမယ့် ကိုယ်နိုင်ငံအရေးပြောရမှာ မကြောက်ပါ။ အားလည်းမနာပါ။

ပုဒ်မ ၁၄၄ ထုတ်ထားချိန်၊ စစ်တွေမြို့ ဆေးရုံနဲ့လည်း မလှမ်းမကမ်းမှာ အိန္ဒိယကနေလုပ်နေတဲ့ ပရောဂျက်က စက်ယန္တယားကြီးတွေကတော့ စစ်အစိုးရခွင့်ပြုချက်နဲ့ နေ့ရောညပါလုပ်နေတယ်။ အဲတာကို ဒေသခံတွေက မေးခွန်းထုတ်ကြတယ်လို့ ကျွန်တော်ကပြောတယ်။

ဒေါက်တာအေးမောင်အလှည့်လည်း ရောက်ရော ကျွန်တော်တို့ ရခိုင်တွေက အိန္ဒိယကနေ စီးပွါးရေးလာလုပ်နေတာကို ကြိုဆိုပါတယ်တဲ့။

ဒေါက်တာအေးမောင်ကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ လေးစားပါတယ်။ ကျွန်တော်က လူထုဖက်ကနေ ပြောတယ်။ သူက စီးပွါးရေးလာလုပ်နေတဲ့ နိုင်ငံခြားသားဖက်ကနေလိုက်တယ်။ သူနဲ့ကျွန်တော် အမြင်ချင်းတော့ မတူကြပါ။ ဒီမိုကရေစီဖြစ်လို့ ကိုယ့်အမြင်ကိုယ် ပြောနိုင်ကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆

William Tell သက်ပြင်းချသံ

ဦးခေါင်းပေါ်မှာ ပန်းသီးတလုံးတင်ထားပြီး မြားနဲ့ပစ်စေတဲ့ပုံပြင်တွေ ၄-၅ ခုရှိတယ်။ (ဝီလီယမ် တဲလ်) ပုံပြင်ကတော့ နာမည်အကြီးဆုံးပါ။ မူရင်းက ဂျာမန်ကဖြစ်ပါတယ်။ William Tell's feat ပုံပြင်လို့တွင်တယ်။

(ဝီလီယမ် တဲလ်) ကတော့ ၁၅ ရာစုကတည်းကပါ။ ၁၈ဝ၄ မှာ ပြဇာတ်ဖြစ်လာတယ်။ (တဲလ်) ဟာ သြစတြီးယန်း (ဗော့ခ်) ကို ဦးညွတ်အလေးပြုဘို့ ပျက်ကွက်လို့ သူ့ကို (အဲလ်ဗတ်ခ်ျ ဂက်စလာ) ကနေ ပြစ်ဒဏ်ပေးတယ်။ ပြစ်ဒဏ်ကတော့ (တဲ့လ်) ရဲ့သားဦးခေါင်းမှာ ပန်းသီးတလုံးတင်ထားပြီး မြားနဲ့ ပန်းသီးကိုမှန်အောင်ပစ်ခိုင်းတယ်။ လေးဆိုတာကတော့ ဒူးလေးဖြစ်တယ်။ မြားတံကလည်း တချောင်းပဲ သုံးခွင့်ရှိတယ်။

အဲဒီနေ့ဟာ ၁၈-၁၁-၁၃ဝ၇ နေ့ဖြစ်တယ်။ ရင်တမမနဲ့စောင့်ကြည့်နေကြတဲ့ လူအုပ်ကြီးရှေ့မှာ (တဲလ်) ဟာ ပန်းသီးကို မှန်အောင်ပစ်နိုင်လိုက်ပါတယ်။

(တဲလ်) က မြားတံအပိုတချောင်းပါ ယူလာတယ်။ အဲတာကိုမေးတော့ သူ့အကျင့်မို့ပါလို့ လိမ်ညာဖြေမယ်လို့ စဉ်းစားသေးတယ်။ အမှန်ကိုပြောပြရင် ဒုက္ခမပေးပါလို့ အာမခံချက်ရမှ ပြောချလိုက်ပါတယ်။ သူ့မြားချက်က ပန်းသီးကို မထိမှန်ပဲ သူ့သားခေါင်းကိုသာထိမှန်သွားရင် ကျန်တဲ့မြားနဲ့ (အဲလ်ဗတ်ခ်ျ ဂက်စလာ) ကိုအသေပစ်ဖို့ပါတဲ့။

(တဲလ်) တို့သားအဖအပေါ်မှာ သနားစာနာစိတ်ရှိကြတဲ့ လူအုပ်ကြီးလိုပဲ မြန်မာပြည်ထဲကနေ ဟင့်း့ ကနည်း သက်ပြင်းချသံကို ကျွန်တော် ကောင်းကောင်းကြားလိုက်ရပါတယ်။

အစိုးရသစ် တက်လာတော့မယ်တဲ့။ ကျွန်တော်တို့မှာ မြားတချောင်းသာယူလာမိတယ်။

မှတ်ချက်။ ဒီပို့စ်ကို သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာ ဖတ်ပါရန်။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၆
Picture = William Tell's apple-shot as depicted in Sebastian Münster's Cosmographia (1554 edition).

But I’m relieved ဝန်ကြီးချုပ် နောက်တယောက်

အခု မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်လာတဲ့ ဒေါက်တာဇော်မြင့်မောင် NLD ပါတီပြောရေးဆိုခွင့်ရှိသူဖြစ်လာတုန်းက အမောပြေရတယ်လို့ ရေးဖူးတယ်။ သူနဲ့ကျွန်တော် မန္တလေး ဆေးကျောင်းတုန်းကတော့ နည်းနည်းသာဆုံဖြစ်တာပါ။ အတန်းချင်းကွာပေမယ့် သူက ကျွန်တော့်ညီနဲ့အတန်းတူမို့ လူချင်းရင်းကြတယ်။ တချို့ကဆို ကျွန်တော့်ညီခေါ်သလို အကိုလေးလို့ပဲခေါ်တယ်။ ဒေါက်တာ ဇော်မြင့်မောင် တမြန်နှစ်လောက်က (ယူအက်စ်) ကိုလာတုန်းမှာ ကျွန်တော်က ဒေလီမှာပဲရှိသေးလို့ ဖုန်းနဲ့သာ စကားပြောဖြစ်တယ်။ သူက အကိုလို့ခေါ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဘွဲ့လွန် (ဇီဝကမ္မဗေဒ) တက်တော့ ပြန်ဆုံတယ်။ ကျွန်တော့်သူငယ်ချင်းအရင်းနဲ့ ဘွဲ့လွန် (ဇီဝဓါတု) တက်ကြလို့ပါ။ တောင်မြို့ခေါ် အမရပူရကသူ့အိမ်လည်းရောက်တယ်။

နိုင်ငံရေးထဲရောက်တော့ ဒေါက်တာဇော်မြင့်မောင်နဲ့ လက်တွဲလုပ်ရတယ်။ လက်ထိပ် အတူခတ်ခံရတော့မလောက်ထိ ရင်းနှီးတာ။ စင်ပြိုင်အစိုးရဖွဲ့ရေးမှာ သူက မန္တလေးတိုင်း၊ ကျွန်တော်က စစ်ကိုင်းတိုင်းတာဝန်ယူရတယ်။ နှစ်ယောက်လုံးက နောက်ကသာနေကြဘို့။ ဖြစ်လာတာတော့ သူကထောင်ထဲ၊ ကျွန်တော်ကပြည်ပြေး။ ဖြစ်မှာပေါ့ သူရောကျွန်တော်ပါ လျှို့ဝှက်ခေါ်တဲ့ အစည်းအဝေးနေရာတွေ စီစဉ်ပေးကြရတယ်။ ထွက်မယ့်သူတွေ ထွက်နိုင်အောင်လုပ်ပေးကြရတယ်။

သူထောင်က လွတ်လာတော့ ကျွန်တော့်ဘလော့မှာ ချက်ချင်းတင်ပါတယ်။ သူတို့အုပ်စုထဲကတချို့လည်း အာဏာရသူတွေဖက်မှာရောက်ကြသလို ကျွန်တော့်သူငယ်ချင်းတချို့လည်း (မဆလ) ထဲမှာရော၊ ပြည်ခိုင်ဖြိုးထဲရော ပါကြတယ်။ အဲလိုအဖြစ်မျိုးက ခေတ်တိုင်းမှာရှိတာပါ။

ဒေါက်တာဇော်မြင့်မောင် အခုလိုတာဝန်ယူခွင့်ရလာတာ အမောပြေစေတယ်။ ၂၅ နှစ်ဆိုတာ တိုတိုလေးပဲ။ ဟူ့း့

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆

Goal! တဂိုးရှူးဘူးတယ်

NLD ပါတီကနေ ၁၉၉ဝ၊ ၂ဝ၁၂ ၊ ၂ဝ၁၅ ရွေးကောက်ပွဲတွေမှာ သုံးကြိမ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ (၁၂) ဦးကို ဟတ်ထရစ်ပိုင်ရှင်လို့ခေါ်ကြတယ်။

ဒေါက်တာအောင်မိုးညို။ ဒေါ်ခင်စန်းလှိုင်။ ဒေါက်တာသန်းဝင်း။ ဒေါက်တာမေဝင်းမြင့်။ ဒေါ်ခင်ဌေးကြွယ်။ ဒေါက်တာဇော်မြင့်မောင်။ ဦးမန်းဂျော်နီ။ ဦးကျော်မြင့်။ ဦးအောင်ကြည်ညွန့်။ ဒေါက်တာမြင့်နိုင်။ ဦးပေါခင်။ ဦးဝင်းမြင့်။

ကျွန်တော်လည်း ၁၉၉ဝ တုံးက ပနယ်တီတဂိုးရှူးရတယ်။ ဒိုင်က အနီကပ်ပြလို့ နောက်ပွဲတွေပါ အပိတ်ခံရပါတယ်။

သူတို့ (၁၂) ယောက်ထဲက ဝန်ကြီးချုပ်ဖြစ်လာသူ ကျွန်တော်သိသလောက် လေးယောက်။ သူတို့အားလုံးနဲ့ လုပ်ဖေါ်ကိုင်ဖက်ဖြစ်ရတာ ဂုဏ်ယူတယ်။ You can do it!

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၅
၂၈-၃-၂ဝ၁၆

Hard to Heart ဟဒ်-တူ-ဟတ်

ဆရာ စစ်ကိုင်း ဒေါက်တာမြင့်နိုင်အကြောင်းလေး သိချင်ပါတယ်။

၁၉၉ဝ အမတ်တွေထဲမယ် Hardliner ဆိုတာရှိခဲ့တယ်။ (နဝတ) ရဲ့ ၁/၉ဝ ကို ရဲရဲဝံ့ဝံ့ အာခံ အန်တုကြသူတွေပေါ့။ အုတ်နံရံကို ခေါင်းနဲ့တိုက်ရသူတွေ၊ လက်နဲ့တွန်းသူတွေ၊ ဖေါက်ထွက်ခဲ့သူတွေဖြစ်ကုန်ကြတယ်။ အခုတော့ ပြည်သူလူထုကနေ ၂ဝဝ၈ ဖွဲ့စည်းပုံကို ရဲရဲဝံ့ဝံ့ အာခံအန်တုကြလို့ ၉ဝ သမားထဲက အမာစားတွေ ကုလားထိုင်တလုံးစီရလာကြပြီ။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဖြစ်လာသူ ဒေါက်တာမြင့်နိုင်လည်းပါတယ်။

စစ်ကိုင်းတိုင်းမှာ NLD အမတ်ပေါင်း ၅၈ ယောက်ရှိတယ်။ ကျွန်တော်နဲ့ လက်ပူးတတွဲလုပ်ခဲ့သူတွေထဲမှာ ရေဦးက ဦးဝင်းကိုက ထိပ်ဆုံးကပါ။ စင်ပြိုင်အစိုးရဖွဲ့ရေးအတွက်ပါ။ ကျွန်တော်က စစ်ကိုင်းတိုင်းအတွင်း လိုက်စည်းရုံးရတယ်။ ပုလဲက ဦးသန်းစိန်နဲ့ ယင်းမာပင်က ဦးဗိုလ်သောင်းတို့ ပါလာတယ်။ နောက်မှာ ကန့်ဘလူက ဒေါက်တာမြင့်နိုင်၊ အင်းတော်က ဦးစောလှိုင်နဲ့ကသာက  ဦးမြင့်ကြည်တို့ သုံးယောက်က အနံ့ရတော့ ပုလဲကကျွန်တော့်အိမ်အထိ ရောက်လာကြတယ်။ ကျွန်တော်တို့ကို Hardliner ဟဒ်လိုင်းသမားတွေလို့ ခေါ်ကြတယ်။ သူတို့အစုကတော့ မာကြလွန်းလို့ အတွင်းစည်း အစည်းအဝေးတွေမှာ မဖိတ်ရဲဘူး။

မကြာပါဘူး အားလုံးအဖမ်းခံကြရတယ်။ ဦးဝင်းကိုက နယ်စပ်အထိရောက်လာ၊ အစိုးရတာဝန်နဲ့သွားရင်း တရုပ်ပြည် ကူမင်း (ကွေ့မင်) မြို့မှာ လုပ်ကြံခံလိုက်ရတယ်။ ကျွန်တော့်လာဖမ်းတော့ လွတ်လို့ (ဂျက်ဆီဂျိမ်း) လို့ ပြောကြတယ်။ ပုလဲအိမ်ကို လာဖမ်းတဲ့ထောက်လှမ်းရေးကတော့ ဒေါက်တာတင့်ဆွေ လက်တလုံးခြားလွတ်မြောက်သွားခြင်းလို့ ပြောသွားသေးသတဲ့။

ထောင်ကလွတ်ပြီး ဦးစောလှိုင်ပြန်လှုပ်ရှားတယ်။ သူမဆုံးခင်မှာ ဒေလီကိုအသည်းအစားထိုးဘို့လာတော့ ဦးစောလှိုင်ကို ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အပယ်ခံရတဲ့သတင်းကို ကျွန်တော်ကပဲ သူ့ကိုပြောပြရတယ်။ ထောင်ကလွတ်လာတဲ့ ဒေါက်တာမြင့်နိုင်ကလည်း ပြန်လှုပ်ရှာပြီး စစ်ကိုင်းတိုင်း NLD ဥက္ကဋ္ဌဖြစ်လာတယ်။ ပုလဲကကျွန်တော့်အိမ်လေးရှေ့မှာ NLD တိုင်းနဲ့ မြို့နယ်ကစည်းရုံးရေးမှူးတွေ ၁၁-၅-၂ဝ၁၅ နေ့က ဓါတ်ပုံရိုက်ပို့တာကို ရတော့ Heart ဟဒ်ထိတယ်လို့ ပြောချင်တယ်။

၁၉၉ဝ သမားတွေက ကျွန်တော့်အတွက် အားရှိအောင်အဲလိုလုပ်ပေးကြတယ်။ တကယ်လို့ သူတို့လိုအပ်ချိန်မှာ ကျွန်တော်က မကူညီနိုင်တဲ့ဘဝဖြစ်နေမှာ စိုးရိမ်မိတယ်။ ဝန်ကြီးချုပ် ဘာလုပ်လုပ် အားပေးနေမယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆
Photo sent by Pale Tun

Sirens and Koel နွေဥသြသံများ

ဥသြသံလို့ခေါ်တာက အမျိုးမျိုးရှိတယ်။ အခုနေရတဲ့အိမ်က မီးရထားသံလမ်းနဲ့ကပ်နေလို့ ရထားဥသြသံကို နေ့တိုင်းလို ကြားရတယ်။ လမ်းမနဲ့လည်းမဝေးတော့ လူနာတင်ယာဉ်ဥသြသံလည်း နေ့နေ့ညညကြားနေရတယ်။ မီးသတ်ကား ဥသြသံလည်း မကြားချင်လို့မရပါ။ ရဲကားဥသြသံကို ဘယ်တော့မှမကြားချင်ပေမယ့် အလိုဆန္ဒမပြည့်ဝပါ။ ဘယ်သူက 911 ခေါ်ခေါ် အဲဒီယာဉ်သုံးစီးကတွဲလာတယ်။

Sirens ဥသြသံတွေထဲမှာ Siren speakers ဥသြသံထွက်တဲ့စပီကာလည်းပါတယ်။ ခရီးလိုက်ပါသူတွေရဲ့ ရှေ့ဖက်မှာ တပ်ဆင်ထားရတယ်။ အသံလယ်ဗယ် 120 dB(A) ထက်မများသင့်ပါ။ လျှပ်စစ်မော်တာသုံးဆိုရင် 50 - 200 အမ်ပီယာနဲ့ 12 volts (DC) ဗို့လ်ဖြစ်သင့်တယ်။ စပီကာတွေကို 135 decibels ရှိစေပြီး၊ ပေ ၁ဝဝ မှာထားရတယ်။

Civil defense siren ဥသြသံဆိုတာက အများပြည်သူကို အန္တရာယ်သတိပေးဥသြမျိုးဖြစ်တယ်။ အမေရိကမှာ ဒုတိယ ကမ္ဘာစစ်တုံးက နူကလီယားအန္တရယ် သတိပေးဘို့သုံးခဲ့တယ်။ အခုတော့ လေဆင်နှာမောင်းသတိပေးချက်အဖြစ် သုံးနေတယ်။ ဂျပန်ခေတ်က မြန်မာပြည်မှာတော့ ဗုံးကျဲလေယာဉ်သတိပေးတဲ့ ဥသြသံကို မီလိုက်သူ နည်းနည်းသာ ကျန်တော့တယ်။

ကြားချင်တဲ့ဥသြသံဆိုတာ Koel အသံသာလှတဲ့ ဥသြငှက်တွန်သံ။ နွေရောက်တော့မယ့်အချိန်တိုင်းမှာ ကြားရပါစေလို့ ဆုတောင်းနေမိတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၂-၂ဝ၁၅
၂၈-၃-၂ဝ၁၆
Photo of Asian koel female bird
Link of Asian koel sounds http://www.soundsnap.com/tags/asian_koel

Doctor ဒေါက်တာ

မြန်မာ့နိုင်ငံရေးမှာ ဒေါက်တာတွေများလာတယ်။ ဆရာဝန်ဝန်ရော ဆရာဝန်မဟုတ်သူတွေပါ များတယ်။ ဒေါက်တာတွေကို ခွဲခြားသိရအုန်းမယ်။ ဆရာဝန်ဆိုလည်း ရိုးရိုးဆရာဝန်လား၊ ဥပမာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိ-မွေး-ကု ဆရာဝန်လား ဥပမာ ရခိုင်က ဒေါက်တာအေးမောင်။ ပီအိတ်ခ်ျဒီရလို့ ဒေါက်တာတွေကိုလည်း တခြားဘာသာရပ် ဒေါက်တာလား ဥပမာ စင်ပြိုင်အစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ ဘာသာရေးဒေါက်တာလား ဥပမာ CNF က ဒေါက်တာ လျန်မုန်း ဆာခေါင်း။

Doctor ဒေါက်တာဆိုတာ အဓိပ္ပါယ် (၃) မျိုး ရှိပါသတဲ့။ Doctor ပါရဂူဘွဲ့ရထားသူ၊ Physician သမားတော်နဲ့ Surgeon ခွဲစိတ်ဆရာဝန်။ Doctor ကို နာမည်ရှေ့မှာ ကင်ပွန်းတပ်ခေါ်ရတာဟာက လက်တင်စကားကနေလာပြီး၊ စာလုံးပေါင်းရော အဓိပ္ပါယ်ပါတူတယ်။ သင်ကြားသည်၊ သင်ကြားရန်ကနေလာတဲ့ Docēre ဖြစ်တယ်။ ဥရောပမှာ တက္ကသိုလ်တွေ စပေါ်ကတည်းကနေ ဂုဏ်ပြုခေါ်လာနေခဲ့တာပါ။

ဆေးပညာရှင်ကို မြန်မာလို သမားတော်လို့ ယေဘုယျခေါ်နေခဲ့တယ်။ ရိုးရိုး MBBS ဆေးပညာဘွဲ့ ရယုံနဲ့ သမားတော်လို့ ခေါ်လေ့မရှိကြဘူး။ သူများနိုင်ငံတွေမှာတော့ ဆရာဝန်မှန်သမျှ Physician လို့ အများဆိုင်နာမ်အနေနဲ့ ခေါ်ပါတယ်။ ဆေးပညာကို အသုံးချသူပညာရှင်လို့ အဓိပ္ပါယ်ဆောင်တယ်။ ဆေးပညာကိုတိုးတက်အာင်လုပ်မယ်၊ ထိန်းသိမ်းတာ လုပ်မယ်၊ လူ့ကျန်းမာရေးကို စောင့်ရှောက်ပေးမယ်၊ လေ့လာသင်ယူ-သင်ကြားခြင်း၊ ရောဂါရှာဖွေခြင်း၊ ကိုယ်ကျန်းမာရေး-စိတ်ကျန်းမာရေးကို ကုသပေးခြင်းတွေပါတယ်။

ဆေးပညာမဟုတ်တဲ့ နယ်ပယ်တွေမှာလဲ ဒေါက်တာခေါ်တယ်။ တခြားဘာသာရပ်တခုခုမှာ Doctor of Philosophy Ph.D. ဘွဲ့ရရင် ဒေါက်တာခေါ်တယ်။ ခရစ်ယာန်ဘာသာမှာ Theology (Th.D.) ဘွဲ့ရထားသူတွေကိုလဲ ဒေါက်တာလို့ ခေါ်တယ်။ Doctor of the Church လို့လဲရှိပါတယ်။

အမေရိကားမှာ (M.D.) နဲ့ (D.O.) ဘွဲ့ ရတာရင် ဒေါက်တာ ခေါ်နိုင်တယ်။ DPM, MD, DMD, DDS, DPT, DC ဘွဲ့ရရင် ဒေါက်တာခေါ်ပြီး၊ ယူကေမှာ MBBS ရရင် ခေါ်တယ်။ တိရစ္ဆာန်ဆေးပညာဘွဲ့ရသူတွေကိုလဲ ဒေါက်တာခေါ်တယ်။ ရိုးရာဆေးပညာ ကျွမ်းကျင်သူကို ခေါ်တာလဲရှိတယ်။ ဆရာဝန်တဦးဟာ ဆေးပညာရပ်နဲ့ဆိုင်တာ၊ ဘာသာရပ်တခုခုကို Ph.D. ဘွဲ့တွေပါထပ်ရရင် အထူးကုဆရာဝန်ဆိုတာထက် ပညာရှင်လို့ သတ်မှတ်တာက ပိုပြီး သင့်လျှော်လာတော့တယ်။

အမေရိကားမှာ ခွဲစိတ်ဆရာဝန်တွေကို တခြားအထူးကုတွေထက်ပိုပြီး ကြာကြာသင်ပေးတယ်။ ရိုးရိုးကောလိပ်မှာ ၄ နှစ်၊ ဆေးကောလိပ်မှာ ၄ နှစ်နဲ့ ဆေးရုံမှာ ၃ နှစ်၊ စုစုပေါင်း ၁၁ နှစ်ကြာသင်ရတယ်။ အထူးကုဆိုရင် ဆေးရုံမှာတင် ၈ နှစ်ထိ နေရတယ်။ ဆရာဝန်ဖြစ်ချင်သူတိုင်း ကောလိပ်မှာ ဇီဝဗဒေ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သင်္ချာတွေအပြင် အင်္ဂလိပ်စာပါ သင်ရတယ်။ ဆေးကျောင်း ၄ နှစ်နဲ့ Residency အနည်းဆုံး ၅ နှစ်။ ပေါင်း ၉ နှစ်ကြာတယ်။ မြန်မာပြည်မှာ ၆ နှစ်နဲ့ အပြီးအစီးလုပ်လိုက်တာဟာ စဉ်းစားစရာဖြစ်မနေပါလား။

ဆရာဝန်တွေဟာ သူများတွေထက် အလုပ်ချိန်ပိုတာများတယ်။ ဆရာဝန် ၁ဝ ယောက်မှာ ၃ ယောက်ဟာ တပတ်မှာ နာရီ ၆ဝ လုပ်ခဲ့ရတယ်။ ထုံးစံက နာရီ ၄ဝ သာဖြစ်တယ်။ ရုံးလို၊ ဓါတ်ခွဲခန်းလိုမှာ လုပ်ရသူတွေက အချိန်သတ်သတ်မှတ်မှတ် ရှိနိုင်ပေမဲ့ တခြားဆရာဝန်တွေက အရေးပေါ်ခေါ်ရင် ထပြေးကြရတယ်။ ဆရာဝန်တွေ ဝင်ငွေကောင်းတယ်။ ရိုးရိုးဆရာဝန်တွေက တနှစ်မှာ ၁၈၆,ဝ၄၄ ရကြပြီး၊ အထူးကုဆရာဝန်တွေက ၃၃၉,၇၃၈ ဒေါ်လာ ရကြတယ်။

ကျွန်တော်တော့ လူကိုခေါ်ရင် ဆရာလို့တလုံးတည်းခေါ်တာ သဘောကျတယ်။ စာရေးရင်တော့ နာမည်ရှေ့မှာ ဒေါက်တာလို့ရေးပါတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ အမည်မည်းစာရင်းက ဖြုတ်ပေးတာမှာလည်း ဒီအတိုင်းပါတာမို့ ဖြစ်ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကရတာဆိုလို့ ဒါတခုဘဲရှိလို့ပါ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆

Good orators စကားပြောကောင်းတဲ့ တိုင်းရင်းသားတွေ

ရခိုင်သံတွေ ကြားနေရတယ်။ တိုင်းရင်းသားတွေကနေ ဗမာလိုပြောတဲ့အခါ အသံနဲ့ကွဲလွဲတာ၊ ဝဲတာမျိုးဆိုရင် နားမလည်ပါ။ ကျွန်တော့် ပြည်ပနိုင်ငံရေးအလုပ်ထဲမှာ တိုင်းရင်းသားပေါင်းစုံသလောက်နဲ့ ထိတွေ့ဆက်ဆံခဲ့ရပါတယ်။ တခါတလေ တိုင်းရင်းသားတွေစကားပြောတာက ဗမာအစစ်တွေထက် နားထောင်ကောင်းတာမျိုးလည်း ကြုံရတတ်ပါတယ်။

တခါက အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့ကဟော်တယ်တခုမှာ ကျွန်တော်တို့တည်းခိုကြရတော့ တခန်းကတခန်း ကူးသန်းသွားလာရတာက ဟိုကွေ့သည်ကောက်၊ ထက်ချည်ဆင်းချည်ဖြစ်နေတာကြောင့် ကရင်နီအမတ် ခွန်တက်ဒီဘူရီကနေ ဟော်တယ်ကလည်းကွာ ကြွက်တွင်းထဲသွားရသလိုပဲတဲ့။ ရီရတယ်။

ကျွန်တော်နဲ့ ကယန်းအမတ် ဦးခွန်မားကိုဘန်းတို့က အာအားရှိတိုင်း ကွမ်းသီးဖြစ်ဖြစ် ဆေးရွက်ဖြစ်ဖြစ် ငုံ-ဝါးနေကြတာကို ကြည့်ပြီး ချင်းအမတ် ဒေါက်တာဇလှေထန်းက ကျွန်တော်တို့နှစ်ယောက်က ဆိတ်လိုပဲ ပါးစပ်ကိုအငြိမ်မနေဘူးတဲ့။ ရီရတယ်။

ရခိုင်လူရွယ်တယောက်လည်း ရခိုင်မှာပြောလေ့ရှိတဲ့ ဥပမာတခုကိုပြောပြတယ်။ ခွေးကို အမြင်ကပ်လို့ ကန်ထုတ်လိုက်တာ ငါးခြောက်ပုံပေါ်ကျသွားတယ်တဲ့။ ရီရတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆

Asian Koel ဥသြတွန်သံ

ဥသြငှက်တွန်သံကို စပြီးကြားရရင် နွေရောက်တော့မယ့်အချိန်ပါ။ ကျွန်တော်နေရတဲ့နေရာမှာလည်း ကြားနေရပြီ။

ဥသြငှက်ဟာ Cuckoos ဆိုတဲ့အုပ်စုထဲကဖြစ်တယ်။ အဲဒီအောက်မှာ Koels, Roadrunners, Malkohas, Couas, Coucals နဲ့ Anis ငှက်တွေ ပါဝင်ကြတယ်။ မြန်မာပြည်မှာရှိတဲ့ ဥသြက Asian koel (Eudynamys scolopaceus) ဖြစ်မယ်။ သက္ကတဘာသာနဲ့ Koel ဖြစ်တယ်။ ဟင်ဒီစကားပြောသူတွေက အဲလိုခေါ်တယ်။ အသံထွက် (ကူယဲလ်) ဖြစ်လို့ ဥသြသံနဲ့ တူတယ်။ သီရိလင်္ကာမှာတော့ ရိုးရာနှစ်သစ်ကူးပွဲနဲ့ ဆက်စပ်နေတယ်။ သူတို့ဆီမှာ Koha (ကိုဟာ) လို့ ခေါ်တယ်။ ဒါလည်း ဥသြသံနဲ့ အသံထွက်တာဆင်တာပဲ။ ဥသြရှိတဲ့တိုင်းပြည်တိုင်းမှာ ဥသြအကြောင်း စာတွေ၊ ကဗျာတွေ၊ သီချင်းတွေ ဖွဲ့ဖွဲ့နွဲ့နွဲ့စပ်ဆိုသီကုံးကြတယ်။

ဥသြငှက်တွေဟာ မျိုးကွဲပေါင်း (၁၄) မျိုးရှိတယ်။ အသီးလေးတွေနဲ့ အင်းဆက်လေးတွေကို စားတယ်။ အစားအသောက်အတွက် လူတွေရှိတဲ့နေရာတွေမှာ ကျင်လည်ကြတာများတယ်။ ဥသြအထီးက ပြာနက်နက် ဒါမှမဟုတ် စိမ်းမည်းမည်းအရောင်ရှိတယ်။ တောင်ပံကတိုပြီး အမြီးရှည်တယ်။ မျက်လုံးက နီရဲနေပြီး ခြေထောက်တွေက မီးခိုးရောင်ရှိတယ်။ နှုတ်သီးအရောင်ဖျော့တယ်။ ဥသြအမက အပေါ်ပိုင်းကခပ်ညိုညိုရောင်မှာ အဖြူပျောက်လေးတွေ ပါတယ်။ အပေါ်ပိုင်းမှာ ခပ်ဖြူဖြူရောင်ရှိတယ်။ အညိုရင့်ရောင်အစင်းလည်းပါတယ်။ အမောက်က ညိုမည်းတယ်။ မျက်လုံးနီတယ်။ နှုတ်သီး ခပ်စိမ်းစိမ်းအရောင်ရှိတယ်။ ဥတဥသာအုတယ်။ ကျီးသိုက်တွေထဲမှာလည်း နေကြတယ်။ ဥကလည်း ကျီးဥနဲ့တူတယ်။ မီးခိုးစိမ်းခပ်ပျောပျော့အရာင်ရှိတယ်။ နီညိုညို တောက်နေတယ်။

ဥသြငှက်တွေက ရှက်တတ်တယ်။ အသံကိုကြားရပေမယ့် အကောင်ကိုမြင်ရတာနည်းတယ်။ အသံသာတယ်။ အသံထွက် နှစ်လုံးပါတယ်။ ko-eeul (ကူ-အဲလ်) ဥ-သြ။ တွန်သံဆက်မည်ရင် အသံမြင့်မြင့်လာတယ်။ အထီးက kuhu, kuhu, kuhu (ကူ-ဟူး၊ ကူ-ဟူး) သံထွက်တယ်။ ကျယ်ပြီး စူးရှတယ်။ အမက wook-wook (ဝုခ်-ဝုခ်) သံနဲ့ စည်းချက်ကျတယ်။ တိုတယ်။ တုန်ခါမှုပါတယ်။

ဒီမှာရှိတဲ့ဥသြသံကလည်း ဗိုလ်သံမပေါက်ပါ။ အသံကြားတိုင်း မြန်မာပြည်ကို ပြန်ရောက်နေရသလိုပဲ။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆
ဥသြငှက်သံတွေ နားထောင်ရန် http://www.xeno-canto.org/species/Eudynamys-scolopaceus

Low blood pressure သွေးဖိအားနည်းခြင်း

• ဆရာခင်ဗျာ ကိုယ်ဝန်က ၂၇ ပတ်ပါ။ ကိုယ်ဝန်ဆောင်က သွေးပေါင်ကျတတ်ပါတယ်။ အဲဒါ အကြောဆေးသွင်းတာတို့ ပလင်းချိတ်တာတို့ ခဏခဏလုပ်ရင် ကလေးကို site effect ရှိလားမရှိလား သိချင်လို့ပါ။
• ကိုယ်ဝန်အပ်တဲ့ဆီကနေညွှန်ပါမယ်။ သွေးဖိအား မသိရပါ။
• သွေးပေါင်ချိန် ပုံမှန်က ၁ဝဝ/၇ဝ ပါ။ ကျတဲ့အချိန်က ၈ဝ/၅ဝ အထိ ကျသွားတတ်လို့ပါ။

သွေးပေါင်ချိန်လို့ပြောတာ မမှန်ပါ။ သူ့ကိုတိုင်းတာတဲ့ (ယူနစ်) က (ပေါင်) မဟုတ်လို့ပါ။ mm Hg မီလီမီတာ မာကျူရီ ဖြစ်ပါတယ်။ BP ဖြစ်ဖြစ်၊ သွေးဖိအားဖြစ်ဖြစ်ပြောရတယ်။

သွေးဖိအားနည်းတယ်၊ များတယ်ဆိုတာမှာ နှိုင်းပြောရတာမျိုးဖြစ်တယ်။ အရင်ကထက် နည်းတာလဲကျတာဘဲ။ ပုံမှန်ထက် နည်းတာလဲ ကျတာဘဲ။ ဆေးပညာမှာ ဘယ်ဂဏန်းကို ကျတယ်ပြောမလဲလို့ အတိအကျမရှိပါ။ အထက်သွေး ဖိအား ၁ဝဝ အောက်ကျရင် နည်းတယ်လို့ပြောရင် မမှားပါ။ သွေးဖိအားနည်းစေတဲ့အကြောင်းတွေ အမျိုးမျိုးရှိတယ်။ ဝမ်းပျက်ရင်။ အန်ရင်၊ အလုပ်ပင်ပန်းရင်လဲဖြစ်တယ်။ သွေးထွက်-သွေးဆင်း များရင်လဲဖြစ်တယ်။ ဖြစ်စေတာကို ကုရမယ်။ နားရမယ်။ မူးမိုက်သွားရင် ချက်ချင်းလှဲအိပ်ရမယ်။ လိုအပ်ရင် Dextrose, RL drip သွင်းရမယ်။ သွေးကြောင့်ဆိုရင် သွေးသွင်းရမယ်။ ကျန်တာအတွက် ORS ဓါတ်ဆားရည် သောက်ရမယ်။ အမြဲလိုနည်းနေရင် ဆေးစစ်ရမယ်။

သွေးဖိအားနည်းတာကို Hypotension လို့လဲခေါ်တယ်။ နှလုံးကနေ လူ့တကိုယ်လုံးအနှံ့ရောက်အောင် ဖိအားသုံးပြီး ညှစ်ထုတ်နေရတာမှာ ဖိအားနည်းရေင် သွေးသန့်တွေ လုံလောက်အောင် မရောက်စေနိုင်ဘူး။ သွေးဖိအား နည်းနေယုံ သက်သက်ဆိုရင် ဘာမှစိုးရိမ်စရာမရှိပါ။ ခေါင်းထဲပေါ့နေမယ်၊ ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်ဆိုရင်တော့ ဆေးကုရပါမယ်။ ဒီလိုဖြစ်တာကလဲ လှဲနေရာကနေ ထတာ၊ ရပ်တာလုပ်မှ ဖြစ်တတ်တယ်။

ဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်သွေးမလုံလောက်တာ၊ ကျောက်ကပ်အလုပ်မလုပ်နိုင်တာတွေဖြစ်နိုင်တယ်။ (ရှော့ခ်) ရနိုင်တယ်။ ဒါပေမဲ့ အဲလိုနည်းနေသူတွေ တခြားလူတွေထက် ဒီရောဂါကြီးတွေ အဖြစ်နည်းကြတယ်။ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ သွေးထုထည်နည်းတာ၊ နှလုံးရောဂါနဲ့ ဆေးတွေကြောင့်ဖြစ်တယ်။ ကုတဲ့အခါမှာလဲ ဘာလို့ ဖြစ်သလဲအပေါ်မှာ မူတည်တယ်။

သွေးတိုးရောဂါမှာလို အထက်ဂဏန်း-အောက်ဂဏန်းကိုကြည့်ပြီး သွေးဖိအားနည်းတယ်ပြောတာထက် ဘာတွေ ခံစားနေရသလဲကို ကြည့်ရတယ်။ BP 90/50 ရှိပြီး ဘာမှမခံစားရတာလဲရှိတယ်။ ဆေးကုစရာမလိုပါ။

ကိုယ်ဝန်ဆောင်ရင် သွေးဖိအားနည်းတတ်တယ်။ 100/60 သာရှိပေမဲ့ ပုံမှန်လို့ပြောနိုင်ပါတယ်။ အားကစားသမားတွေမှာ သူများထက်နည်းနေတယ်။ သွေးဖိအားနည်းနေသူမျိုးဟာ ရေရှည်ကြည့်ရင် ကောင်းတယ်လို့ ပြောနိုင်တယ်။ ရေဓါတ် နည်းခြင်းကြောင့် ဖြစ်နိုင်တယ်။ ဝမ်းလျှောတာ၊ အန်တာ၊ လှုပ်ရှာမှုများတာ၊ ချွေးထွက်များတာ၊ ရာသီဥတုပူပြင်းတာ တွေကနေ ဖြစ်တယ်။

သွေးဖိအားနည်းစေနိုင်တဲ့ ရောဂါတွေ -
• Acute pancreatitis သရက်ရွက်ရောင်ခြင်း၊
• Heart disease နှလုံးရောဂါ၊
• Bradycardia နှလုံးခုန်နှုန်းနှေးခြင်း၊
• Heart block နှလုံးပိတ်ရောဂါ၊
• Tachycardia နှလုံးခုန်နှုန်းမြန်ခြင်း၊
• Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း၊
• Digoxin နှလုံးဆေး၊
• Angiotensin converting enzyme, ACE inhibitors, Angiotensin receptor blockers, Beta blockers, Calcium channel blockers, and Alpha blockers သွေးတိုးဆေးတွေ၊
• Hydrochlorothiazide and Furosemide (Lasix) ဆီးသွားဆေးတွေ၊
• Amitriptyline (Elavil) စိတ်မကျဆေး၊
• Sildenafil (Viagra), Vardenafil (Levitra), and Tadalafil (Cialis) ပန်းညှိုးသက်သာဆေးတွေကို Nitroglycerin ဆေးနဲ့တွဲသုံးခြင်း၊
• Alcohol အရက်နဲ့ Narcotics မူးယစ်ဆေးတွေ၊
• Septicemia သွေးထဲပိုးဝင်ခြင်း၊
• Anaphylaxis (ရှော့ခ်) ရခြင်း

Postural hypotension ရရင်ရော မူးလဲတဲ့ထိဖြစ်တတ်တယ်။ ဒါတွေခံစားရမယ်။
• Feeling lightheaded or dizzy after standing up ထလိုက်ရင် ခေါင်းမူး၊
• Blurry vision မျက်စိဝေဝါး၊
• Weakness အားယုတ်၊
• Fainting (syncope) သတိလစ်ချင်၊
• Confusion စိတ်ရှုတ်ထွေး၊
• Nausea ပျို့။

ဘယ်လိုကုသမလဲ
• ရေဓါတ်နည်းနေရင် ORS ဓါတ်ဆားထုပ်သောက်ပါ။ လိုသေးရင် RL Drip သွင်းပါ။
• သွေးယိုတာရှိရင် သွေးထိတ်အောင်လုပ်ပါ။ သွေးသွင်းပါ။
• Septic shock ဖြစ်နေရင် ချက်ချင်း ပိုးသေဆေး သွေးကြောထဲထိုးပါ။ Drip သွင်းပါ။
• သွေးတိုးဆေးတွေနဲ့ ဆီးသွားဆေးတွေကြောင့်ဆိုရင် ဆေးချိန်ဆ ပြုပြင်ပေးမယ်။
• နှလုံးခုန်နှေးလွန်းနေရင်၊ နှလုံးပိတ်ရောဂါဖြစ်နေရင် Pacemaker တပ်ပေးမယ်။
• နှလုံးရောင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အဆုပ်သွေးကြော ပိတ်ခြင်းတွေကို ဆေးကုသရမယ်။
• Postural hypotension လူအနေအထားကြောင့်ဖြစ်ရတာဆိုရင် အစားအသောက်ပြုပြင်ရမယ်။ ရေ + ဆား များစေရမယ်။ ကေဖင်းပါတဲ့သောက်စရာတွေ သောက်နိုင်တယ်။ Compression stockings ခြေပိုင်းကို ပတ်တီးစီးပေးနိုင်တယ်။ တချို့ကို Midodrine (ProAmatine) ဆေးပေးမယ်။ တချို့ကို Pyridostigmine ဆေးပေးမယ်။
• သွေးဖိအားနည်းပေမဲ့လူကနေကောင်းရင် ဆေးကုဘို့မလိုပါ။ အစာအဟာရ မျှတလုံလောက်အောင်သာစားပါ။

(ဒရစ်) သွင်းတာ၊ ပုလင်းချိတ်တာကို လိုမှသာလုပ်ရတယ်။ သွင်းလိုက်တဲ့ ပုလင်းက ၅ဝဝ စီစီရှိရင် သွေးထုထည် ၅ဝဝ စီစီ ချက်ချင်းတိုးလာမယ်။ ထုထည်အပိုဖြစ်နေတာကို ကိုယ်ခန္ဓာကနေ ဆီးအဖြစ်ပြောင်းလိုက်မယ်။ သွင်းပြီးတာနဲ့ (တချို့ဆို သွင်းနေရင်း) ဆီးသွားချင်လာမယ်။ သွေးထုတည်နည်းနေသူတွေက အဲလို (ဒရစ်) သွင်းတာကောင်းတယ်။ အဲလို မလိုအပ်ပဲ (ဒရစ်) သွင်းရင် ဆေးရည်ထဲက ၅% သကြားဓါတ်သာရမယ်။ ဗီတာမင်ထည့်ရင်လည်းရမယ်။ ဒါပဲ အမြတ်ရမယ်။ စိတ်သက်သာရသွားတာလည်း ကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၃-၂ဝ၁၆

April Fools' Day အရူးလုပ်တဲ့နေ့

(ဧပရယ်လ်ဖူးလ်) နေ့ကို အဘိဓာန်မှာ လက်တွေ့ကျတဲ့ ရီစရာလုပ်တဲ့နေ့လို့ရေးတယ်။ ဒီနေ့သမိုင်းက အမျိုးမျိုးရှိတယ်။ ၁၅ဝဝ ကျော်ကတည်းကလို့ ဆိုတာလည်းရှိတယ်။ ဒါပေမယ့် ရှိတ်စပီးယားရဲ့ စာတွေထဲမှာ တစိုးတစိမှမပါဘူးလို့ မယုံသူတွေကဆိုတယ်။

ပြက္ခဒိန်ပြောင်းသီအိုရီ ၁၅၆၄ ခုနှစ်တုံးက ပြင်သစ်ကစတယ်လို့ ယူဆနိုင်တယ်။ အရင်ခေတ်ပြက္ခဒိန်တွေမှာ နှစ်အစဟာ မတ်လဖြစ်လာတယ်။ ဂရီဂိုးရီးယန်းပြက္ခဒိန်ကို ပြောင်းလိုက်တော့ နှစ်သစ်ကူးနေ့က ဇန္နဝါရီလ (၁) ရက် ဖြစ်လာတယ်။ ခရစ်ယန်တွေက နှစ်သစ်ကူးနေ့ကို တန်ဘိုးထားကြတယ်။ တချို့လူတွေက ဧပြီ (၁) ရက်မှာ နှစ်သစ်ကူးနေ့ကျင်းပလို့ အဲတာကို April fools ဧပြီအရူးတွေနေ့လို့ ပြောင်ခေါ်ကြတယ်။

ကျောင်းသားတွေက အချင်းချင်းကို နောက်ကျောမှာ ငါးရုပ်စတာတွေကပ်ပြီး နောက်ပြောင်ကြတယ်။ စကော့တလန် မှာတော့ ၂ ရက်ကြာတယ်။ အရူးလုပ်ခံရသူတွေကို Gowks (Cuckoo birds) ဥသြငှက်တွေလို့ ပြောလေ့ရှိတယ်။ ဒုတိယနေ့ကို Taily Day လို့ခေါ်တယ်။ Pranks အရူးလုပ်သူ၊ ဒုက္ခပေးသူ၊ နောက်ပြောင်သူတွေက နောက်ဖက်ကနေ လုပ်ကြတယ်။ Kick me signs ဆိုတာ အဲဒီကနေလာတယ်။ အင်္ဂလန်နဲ့ ကနေဒါမှာ ဧပြီလ (၁) ရက်နေ့ မနက်ခင်းမှာသာ နောက်ပြောင်ကြတယ်။

အထင်ကရ ဧပရယ်ဖူးလ် အရူးလုပ်ခြင်းများ
• ၁-၄-၁၉၅၇ တုံးက BBC ကနေ Panorama အစီအစဉ်မှာ စပါဂတီ Spaghetti harvest (အီတလီခေါက်ဆွဲ) ကို ဆွစ်ဇာလန်မှာ စိုက်ပျိုးနေပြီလို့ သတင်းကြေညာခဲ့တယ်။ (ပုံ)
• ၁-၄-၁၉၇၈ တုံးက ဆစ်ဒနီမှာ ပင်လယ်ထဲက ရေခဲတောင်ပေါ်တယ်ဆိုတဲ့သတင်း လုပ်ခဲ့တယ်။
• ၁-၄-၁၉၈၃ တုံးက အေပီသတင်းတခုမှာ ဧပရယ်ဖူးလ်ရာဇဝင်သိပြီလို့ ရေးခဲ့တယ်။
• ၁-၄-၁၉၈၆ တုံးက မီဒီယာကြိုတင်သတင်းချက် အတုတခုကို နယူးယောက်မှာ ထုတ်တယ်။
• ၁-၄-၁၉၈၉ တုံးက ပန်းကံပြားပျံသတင်း လန်ဒန်မှာ ထုတ်ခဲ့တယ်။
• ၁-၄-၁၉၉၃ တရုပ်လူငယ်သတင်းစာမျက်နှာဖုံးမှာ တရုပ်အစိုးရရဲ့ ကလေးတယောက်တည်းပေါ်လစီထဲမှာ ပီအိတ်ခ်ျဒီ ဘွဲ့ရသူတွေကို ချွင်းချက်ပေးမယ်လို့ ရေးခဲ့တယ်။
• ၁-၄-၁၉၉၆ တုံးက Liberty Bell ကိုဝယ်ယူလိုက်ပြီး Taco Liberty Bell လို့နာမည်ပြောင်းတယ်လို့ ရေးတယ်။
• ၁-၄-၂ဝဝ၈ တုံးက BBC တီဗွီကနေ Miracles of Evolution ဗီဒီယိုအတုတခု ထုတ်လွှင့်တယ်။
• ၁-၄-၂ဝ၁ဝ တုံးက National Republican Senatorial Committee ကနေ သမတအိုဘားမားကို တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ကတိစကားတွေကိုပြီးအောင်လုပ်နိုင်တဲ့ သမတလို့ ဗီဒီယိုအတုထုတ်လွှင့်တယ်။

ဧပြီ (၁) ရက်နေ့ အထင်ကရအဖြစ်အပျက်များ
• ၁-၄-၁၈၇၆ (မလေး + ပီနန် + စင်္ကာပူ) ကို ဗြိတိသျှက သိမ်းယူလိုက်တယ်။
• ၁-၄-၁၉၄၆ အမေရိကမှာ အလုပ်သမားပေါင်း ၄ သိန်းဆန္ဒပြကြတယ်။
• ၁-၄-၁၉၆ဝ ဦးနုဝန်ကြီးချုပ်ပြန်ဖြစ်လာတယ်။
• ၁-၄-၁၉၆၃ ဗိုလ်ချုပ်နေဝင်းကနေ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကြေညာတယ်။
• ၁-၄-၂ဝ၁၂ နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့တယ်။

ဒေါက်တာတင့်ဆွေ

April ဧပြီလ

ဒီနှစ်ဧပြီလဟာ မြန်မာပြက္ခဒိန်မှာ တပေါင်းလပြည့်ကျော် (၉) ရက်ကနေ တန်ခူးလပြည့်ကျော် (၈) ရက်နေ့အထိဖြစ်တယ်။ ရာသီပန်းမှာ တန်ခူးလအတွက် ကံ့ကော်ပန်း၊ ပိတောက်ပန်းနဲ့ ကဆုန်လအတွက် စကားဝါပန်းဖြစ်ပါတယ်။ ဧပြီလကို သင်္ကြန်လလို့လည်းဆိုနိုင်တယ်။

လက်တင်လို Aprilis ကနေယူပြီး၊ ရိုမန် (ရောမ) ပြက္ခဒိန်မှာ April ဧပြီနာမည်ပေးထားတယ်။ ဖွင့်ရန်လို့ အဓိပ္ပါယ်ရှိတယ်။ သစ်ပင်တွေကနေ နွေဦးရာသီကိုဖွင့်လှစ်ပေးတယ်လို့ ဆိုလိုတယ်။ ဖင်လန်မှာ တောင်ယာတွေကို မီးရှို့တာစတင်တဲ့လ ဖြစ်တယ်။ တရုပ်ဧကရာဇ်တွေက လယ်ထွန်မင်္ဂလာပွဲဆင်နွဲတဲ့လလို့ဆိုပါတယ်။ မြန်မာပြည်မှာက မိုးဖြိုင်ဖြိုင်ကျမှ လယ်ထွန်မင်္ဂလာပွဲကို ကျင်းပလေ့ရှိတယ်။

ဧပြီဟာ ရောမ Venus (ဗီးနပ်စ်) နတ်သမီးနဲ့ ဆက်စပ်နေတယ်။ ဂရိမှာတော့ Aphrodite (Aphros) နတ်သမီးဖြစ်တယ်။ (အဖရိုဒိုက်) ဆိုတာ အချစ်၊ အလှ၊ သာယာမှုနဲ့ မျိုးပွါးခြင်းနတ်သမီးဖြစ်တယ်။ (ဗီးနပ်စ်) ဟာ ရောမဒဏ္ဍာရီမှာတော့ အချစ်၊ အလှ၊ လိင်၊ မျိုးပွါးခြင်းနဲ့ ချမ်းသာခြင်းတွေကို ကိုယ်စားပြုတယ်။ အမေးများလို့ Aphrodisiac လိင်စိတ်အားပေး အစာနဲ့ဆေးများကို ရေးထားပါတယ်။

ဧပြီလ အသိပညာပေးများ
• Rape Awareness Month အဓမ္မပြုကျင့်မှု အသိပညာပေးလ၊
• Jazz Appreciation Month ဂျက်ဇ် တေးဂီတလ (ယူအက်စ်)၊
• National Poetry Month အမျိုးသား ကဗျာလ (ယူအက်စ်)၊
• Parkinson's Disease Awareness Month နိုင်ငံတကာ ပါကင်ဆန်ရောဂါ အသိပညာပေးလ၊
• National Child Abuse Prevention Month အမျိုးသား ကလေးသူငယ် အလွဲပြုမှု အသိညာပေးလ (ယူအက်စ်)၊
• Sexual Assault Awareness Month လိင်ပိုင်းဆိုင်ရာ စော်ကားမှု အသိညာပေးလ (ယူအက်စ်)၊
• Arbor Day သစ်ပင်သစ်တော ထိန်းသိမ်းရေးနေ့ (ရက်သတ်မှတ်မှု မတူပါ)၊
• Cuckoo festivals ဥသြပွဲတော် (အင်္ဂလန်)၊

ဧပြီလ သတ်သတ်မှတ်မှတ်နေ့များ
• April Fools' Day – April 1 ဧပရယ်ဖူးလ် (လက်တွေ့ကျတဲ့ ရီစရာလုပ်တဲ့နေ့)၊
• World Autism Day Awareness Day - April 2 ကမ္ဘာ့ အာရုံကြောဖွံ့ဖြိုးမှုချွတ်ယွင်းတဲ့ရောဂါ အသိပညာပေးနေ့
• Holy Thursday – April 2 မြင့်မြတ်သော ကြာသပတေးနေ့၊
• Good Friday – April 3 ကောင်းမြတ်သော သောကြာနေ့၊
• Easter Day – April 5 အီစတာနေ့၊
• World Health Day – April 7 ကမ္ဘာ့ကျန်းမာရေးနေ့၊ Food safety အစားအသောက် လုံခြုံစိတ်ချရရေး၊
• Thai New Year – April 13 ထိုင်း နှစ်သစ်ကူးနေ့၊
• Lao New Year – April 13 လာအို နှစ်သစ်ကူးနေ့၊
• Khmer New Year – April 13 ကမ္ဘောဒီးယား ခမာနှစ်သစ်ကူးနေ့၊
• Bengali New Year - April 14 ဘင်္ဂလားဒက်ရှ် ဘင်္ဂါလီနှစ်သစ်ကူးနေ့၊
• Vaisakh - April 14 (နီပေါ + အိန္ဒိယ) ဗိုင်ဆတ်ခ်နေ့၊
• Myanmar Water festival – April 14, 15, 16 မြန်မာသင်္ကြန်နေ့များ၊
• Myanmar New Year – April 17 မြန်မာနှစ်သစ်ကူးနေ့၊
• Holocaust Remembrance Day – April 16 ဟိုလိုကော့စ် (နာဇီ) အမှတ်တရနေ့၊
• National Healthcare Decisions Day - April 16 အမျိုးသားကျန်းမာရေးအဆုံးအဖြတ်များနေ့ (ယူအက်စ်)၊
• Independence Day of Syria – April 17 ဆီးရီးယား လွတ်လပ်ရေးနေ့၊
• Zimbabwean Independence Day – April 18 ဇင်္ဘာဗွေ လွတ်လပ်ရေးနေ့၊
• Earth Day – April 22 ကမ္ဘာဂြိုလ်နေ့၊
• Liberation Day in Italy - April 25 အီတလီ နာဇီလက်အောက်က လွတ်မြောက်တဲ့နေ့၊
• Freedom Day in South Africa – April 27 တောင်အာဖရိက လွတ်လပ်ခြင်းနေ့၊

ဧပြီလ သမိုင်းဝင်နေ့များ
• ၁၉၆၈ ဧပြီလ ၄ ရက်နေ့မှာ မာတင်လူသာကင်း ဂျူနီယာ လုပ်ကြံခံရတယ်။
• ၁၈၉၆ ဧပြီလ ၆ ရက်နေ့မှာ ခေတ်မီ အိုလံပစ်အားကစားပွဲ ဂရိစ်နိုင်ငံ အေသင်မြို့မှာ စတင်တယ်။
• ၁၉၁၇ ဧပြီလ ၆ ရက်နေ့မှာ ပထမကမ္ဘာစစ်တုံးက ယူအက်စ်အေကနေ ဂျာမဏီကို စစ်ကြေညာခဲ့တယ်။
• ၁၉၄၈ ဧပြီလ ၇ ရက်နေ့မှာ (WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ထူထောင်တယ်။
• ၁၈၆၅ ဧပြီလ ၁၄ ရက်နေ့မှာ အမေရိကန်သမတ လင်ကွန်း သေနတ်နဲ့ပြစ်ခံရပြီး နောက်နေ့မှာ ကွယ်လွန်တယ်။
• ၁၉၁၇ ဧပြီလ ၁၅ ရက်နေ့မှာ တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့တယ်။
• ၁၈၈၉ ဧပြီလ ၂ဝ ရက်နေ့မှာ ဟစ်တလာမွေးတယ်။ ၁၉၄၅ ဧပြီလ၂၉ ရက်နေ့မှာ အီဗာ နဲ့ လက်ထပ်ပြီး ဧပြီလ ၃ဝ ရက်နေ့မှာ သူ့မိန်းမနဲ့အတူ ကိုယ့်ကိုယ်ကိုသတ်သေတယ်။
• ၂ဝ၁၄ ဧပြီလ ၂၁ ရက်နေ့မှာ NLD ဦးဝင်းတင်ကွယ်လွန်တယ်။
• ၁၉၇၅ ဧပြီလ ၃ဝ ရက်နေ့မှာ ဆိုင်ဂုံ (ဟိုချီမင်း) မြို့ကျသွားပြီးနောက် ဗီယက်နမ်စစ်ကြီး ပြီးဆုံးတယ်။

ဒီနှစ်ဧပြီလထဲ မြန်မာပြည်မှာ ၁၃-၄-၂ဝ၁၆ နေ့က သင်္ကြန်အကျနေ့၊ ၁၆-၄-၂ဝ၁၆ နေ့က သင်္ကြန်တက်နေ့နဲ့ ၁၇-၄-၂ဝ၁၆ နေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တယ်။

ဧပြီလ သင်္ကေတများ
• Birthstone ကျောက်မျက်ရတနာ = စိန်၊
• Birth flower ပန်း = Daisy (Bellis perennis) ဒေစီပန်းနှင့် Sweet Pea ပန်း၊
• Zodiac signs ဆယ်နှစ်ရာသီခွင် = Aries မိဿ (ဧပြီ ၂ဝ အထိ) + Taurus ပြိဿ (ဧပြီ ၂၁ မှ)

• January ဇန္နဝါရီလ http://doctortintswe.blogspot.com/2014/12/january.html
• February ဖေဖေါ်ဝါရီလ http://doctortintswe.blogspot.com/2015/02/february.html
• March မတ်လ http://doctortintswe.blogspot.com/2015/02/march.html
• April ဧပြီလ http://doctortintswe.blogspot.com/2015/03/april.html
• August သြဂုတ်လ http://doctortintswe.blogspot.com/2014/11/august.html
• September စက်တင်္ဘာလ http://doctortintswe.blogspot.com/2014/11/september.html
• October အောက်တိုဘာလ http://doctortintswe.blogspot.com/2014/11/october.html
• November နိုဝင်္ဘာလ http://doctortintswe.blogspot.com/2014/10/november.html
• December ဒီဇင်္ဘာလ http://doctortintswe.blogspot.com/2014/11/december.html

ဒေါက်တာတင့်ဆွေ

Body odor ကိုယ်နံ့

Body odor ကိုယ်နံ့

၁။ ဆရာရှင့် သမီးမှာဖြစ်နေတဲ့ပြဿနာကို လူသိရှင်ကြားမမေးရဲလို့ပါရှင့်။ သမီးမှာ အရမ်းပြင်းတဲ့ ကိုယ်နံ့ရှိပါတယ်ရှင်။ ဘေးကလူတွေ အနှောက်အယှက်ဖြစ်ရလောက်အောင်ပါ။ သမီး ၁၅ နှစ်လောက်ကစပြီး အခု ၂၄ နှစ်ရှိပါပြီရှင်။ တခါတရံ သက်သာသလိုရှိပေမယ့် တခါတခါအရမ်းဆိုးပါတယ်ရှင်။ ချွေးနံပျောက်ဆေး roll on များသုံးလို့မရပါ။ ပိုဆိုးစေပါတယ်ရှင်။ ဒါနဲ့ ကျောက်ချဉ် ထုံးရည်ကြည် စတဲ့သဘာဝပစ္စည်းများ အသုံးပြုသော်လည်း ခဏသာထိမ်းနိုင်ပြီး ချွေးထွက်လာရင် ပြန်ဆိုးသွားပါတယ်ရှင်။ ရေလည်းပုံမှန်ချိုးပါရဲ့ဘာလို့မှန်းမသိပါရှင်။ အစားအသောက်ကြောင့် ဖြစ်မှာဆိုးလို့ အနံပြင်းတဲ့ ကြက်သွန်နီဖြူမျိုးတွေ မစားပါရှင်။ မိန်းကလေးတယောက်အတွက် အရမ်းကိုအနှောက်အယှက် ဖြစ်ရပါတယ်ရှင်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုမရှိတော့ပါရှင်။ သောက်ရမည့်ဆေးနဲ့ သင့်တော်တဲ့ ဆရာဝန်ရှိရင် ညွှန်ကြားပေးပါရှင်။

၂။ ကျနော် နာမည်က (့) ပါ။ ကျနော့် ကောင်မလေးနာမည်က (့) ပါ။ အသက်က ၂၆ နှစ်ရှိပါပြီ အပျိုပါဆရာ။ ခန္ဓာကိုယ်အနံ့နဲ့ပက်သတ်ပြီး သိချင်လို့ပါ။ သူ့မှာ ဘာမှန်းမသိတဲ့ အနံတစ်ခုရနေလို့ပါ။ သူနဲ့ ရည်းစားမဖြစ်ခင် အချိန်တွေတုန်းကတော့ သိပ်ပြီးအနံ့မရမိဘူး။ ရည်းစားဖြစ်ပြီးတော့ ပူးပူးကပ်ကပ်လဲ ရှိလာတော့ သူ့ဆီက အနံ့တစ်ခုကို သတိထားမိလားတယ်။ ကျနော်ထင်တာ သူခံတွင်းနံ့ ဆိုးတယ်လို့ပဲ ထင်ခဲ့မိပါတယ်။ သူ့ကို Listerine နဲ့လဲ ပလုပ်ကျင်းခိုင်းပါတယ်။ အနံ့ကပျောက်မသွားပါဘူး။ နောက်တော့မှ သူအိပ်နေတဲ့အချိန် ပါးစပ်ပိတ်နေတုန်း နှာခေါင်းကလေကို အထုတ်အသွင်းလုပ်တိုင်း အဲဒီအနံဆိုး ထွက်နေတာပါ။ သူ့ခံတွင်းအနံ့က လုံးဝမဆိုးပါဘူး။ အသက်ရှူတဲ့အချိန် ခန္ဓာကိုယ်တွင်းက ထုတ်တဲ့လေက အနံ့ဆိုးပါလားတယ်လို့ ထင်ပါတယ်။ အနံစပြီး ရခါစက မြင်းရဲ့ မစင်အနံနဲ့ တူပါတယ်။ နောက် တစ်ဖြေးဖြေးနဲ့တော့ မျှစ်ချဉ်နံ့လိုလို ဘာလိုလိုနဲ့ ချဉ်စူးစူး အနံရပါတယ်။ ကျနော်ပဲ အနံ့ ယဉ်လာတာလား သူအနံ့ကပဲ ပြောင်းတာလားတော့ မသိပါခင်ဗျာ။ ဘယ်လိုကုသရင် ပျောက်ကင်းနိုင်မယ်ဆိုတာကို လမ်းညွန်ပေးပါခင်ဗျာ။

လူ့ကိုယ်နံ့အဆိုးကို ဗက်တီးရီးယားနံ့လို့ ပြောနိုင်တယ်။ ချွေးထွက်ရင် ဒီအကောင်တွေက ပေါက်ပွါးတယ်။ ချွေးနံ့ သက်သက်မှာ အနံ့မရှိပါ။ ကိုယ်နံ့တွေကို Bromhidrosis, Apocrine Bromhidrosis, Bromidrosis, Osmidrosis, Ozochrotia, Fetid sweat လို့ ဆေးပညာအရ အမျိုးမျိုးခွဲထားတယ်။

- Diet စားတဲ့အစားအသောက်၊
- Lifestyle လူနေမှုပုံစံ၊
- Gender ကျား-မ၊
- Genetics မျိုးဗီဇ၊
- Health ကျန်းမာရေးအခြေအနေ၊
- ဆေးဝါးတွေကနေ သက်ရောက်စေတယ်။

• ကိုယ်ကနေ ချင်စူးစူး၊ Vinegar-like smell (ဗနီဂါ) နံ့လိုရတာဟာ Propionic acid ဖြစ်လာ-ရှိလာလို့ပါ။ ဗက်တီးရီးယားကနေလာတယ်။
• Staphylococcus ဗက်တီးရီးယားကနေဖြစ်ရင် Isovaleric acid ဆိုတာမျိုး ရှိနေမယ်။ cheese types ဒိန်ခဲနံ့လို ဖြစ်နေမယ်။
• Skin flora အရေပြားမှာနေကြတဲ့ ပိုးတွေထဲမှာ Corynebacterium တွေပါတယ်။ Lipases enzymes (အင်ဇိုင်းမ်) တွေထွက်စေတယ်။ ဒါတွေကနေ ချွေးထဲကအဆီနဲ့ ဓါတ်ပြုမယ်။ ထွက်လာတာတွေကနေ Body odor ကိုယ်နံ့ရဲ့ Characteristic aroma အနံ့ထူးခြားမှုကို ရစေတယ်။
• Genetics မျိုးဗီဇ ကနေလဲ သက်ရောက်တယ်။ Major histocompatibility complex (MHC) (မော်လီကျူး) တွေကနေ ဖြစ်စေတယ်။ ရောဂါပြီးစနစ်နဲ့ဆိုင်တယ်။ စမ်းသပ်တဲ့အခါ လူတွေမှာရော အကောင်တွေမှာပါ MHC composition ကွဲပြားမှုများရင် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်စွမ်းရှိတာ တွေ့ရတယ်။ သုတေသနတခုအလိုအရ မျိုးဗီဇတခုဟာ Earwax နားဖါလိုဘဲ အနံ့ကိုဖြစ်စေတဲ့ Codes မျိုးရှိတယ်။

ကိုယ်နံ့ရှိရင် (၁) Propionic acid (ပရိုပိုင်ယောနစ်အက်စစ်) နဲ့ (၂) Isovaleric acid (အိုင်ဆိုဗယ်လဲနစ်အက်စစ်) နှစ်မျိုးကြောင့်ဖြစ်တယ်။ ဗနီဂါနံ့ရရင် ပဌမအက်စစ်ဖြစ်မယ်။ ဒိန်ခဲနံ့ဆိုရင် ဒုတိယအက်စစ်ဖြစ်မယ်။ လူတိုင်းမှာ ချွေထွက် (ဂလင်း) ပေါင်း ၃-၄ သန်းရှိတယ်။ အမျိုးအစား (၂) ခုရှိတယ်။ (၁) Eccrine glands အမျိုးအစားကအများဆုံး။ ကိုယ်အပူချိန်ကိုထိန်းပေးနေတယ်။ (၂) Apocrine glands ကတော့ ချိုင်းနဲ့ ပေါင်ခြံလိုနေရာတွေမှာရှိတယ်။ ရင်သား၊ မျက်ခွံ၊ နားရွက်တွေမှာလည်းရှိတယ်။ အနံ့တမျိုးရှိတယ်။ လိင်စိတ်နဲ့ဆက်စပ်မှုရှိတယ်။ Pheromones ပါနေရင် တဖက်သားကို ဆွဲဆောင်မှုဖြစ်စေတယ်။ ခြေဆီနံ့ဆိုးတာလည်း ဗက်တီးရီးယားတွေကြောင့်ဖြစ်တယ်။ မှိုပိုးလည်းပါနိုင်တယ်။

၁။ နေ့စဉ် ရေခပ်နွေးနွေးနဲ့ရေချိုးပါ။
၂။ အဝတ်အစားကို သဘာဝထုတ်လုပ်တာကိုကောင်းတယ်။ ချည်ထည်၊ ပိုး၊ သားမွှေး။
၃။ အစားအသောက်ရွေးပါ။
၎။ Aluminum chloride ကနေ ချွေးထွက်သက်သာစေတယ်။
၅။ ချိုင်းသန့်အောင်ဂရုစိုက်ပါ။ ဗက်တီးရီးယားသေစေတဲ့ဆပ်ပြာသုံးနိုင်တယ်။ (မှတ်ချက် အဲလိုဆပ်ပြာနဲ့ မိန်မကိုယ်ကို အမြဲဆေးသန့်ဘို့မသင့်ပါ။)
၆။ ကိုယ်မွှေးရိတ်သင့်တဲ့နေရာကို အချိန်ကျရင်ရိတ်ပေးပါ။
၇။ Botulinum toxin ထိုးဆေးကို တချို့နေရာတွေမှာသုံးတယ်။
၈။ ခြေအိတ်ကို ခြည်ထည်သုံးပါ။ လဲလဲပေးပါ။ ခရီးကြာသွားရရင် နားလို့ရချိန်မှာ လေသလပ်ပေးပါ။ ခြောက်သွေ့စေပါ။ အသစ်လဲပါ။ ခြေထောက်ကိုမကြာမကြာဆေးပါ။ လက်ဖက်ပင်ဆီသုံးနိုင်တယ်။ တမာသုံးနိုင်တယ်။ ခြေထောက်ကို Pumice stone ကျောက်နဲ့ပွတ်တိုက်ဆေးကြောပါ။
၉။ Deodorants အနံ့ပျောက်ဆေး၊ Antiperspirants ချွေးထွက်သက်သာဆေး၊ Disinfectants (Triclosan) ပိုးသတ်ဆေး၊ ပိုးသေဆေးတွေပါတဲ့ သဘာဝထွက်ကနေလုပ်ထားတဲ့ အထူးဆပ်ပြာ (Ribwort and Liquorice)၊ Chlorophyllin ointments လိမ်းဆေး၊ ဖျန်းဆေး။ Chlorophyllin supplements စားဆေးတွေကို သုံးနိုင်တယ်။
၁ဝ။ တကိုယ်ရေသန့်ရှင်းရေး ပိုလုပ်ရမယ်။

Hyperhidrosis ချွေးထွက်များလွန်းလို့ http://dts-medicaleducation.blogspot.com/2010/11/hyperhidrosis.html
ခံတွင်းနံ့မကောင်းရင် http://doctortintswe.blogspot.com/2014/11/bad-breath.html

ဒေါက်တာတင့်ဆွေ